ပျူစောထီးအဖွဲ့ဟာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ၊ ဘယ်သူတွေနဲ့ ပတ်သက်နေသလဲ

လူပေါင်းသိန်းသန်းချီပါဝင်တဲ့ ဆန္ဒပြပွဲကြီးတွေ မြန်မာနိုင်ငံမှာ နေရာအနှံ့အပြား ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြတာပါ။ အလွန်ကြီးမားတဲ့လူထုဆန္ဒပြပွဲကြီးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ဖိနှိပ်နှိမ်နင်းခဲ့ပါတယ်။ လူငယ်အများအပြားဟာ ဦးခေါင်းတည့်တည့်မှာ သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြပါတယ်။
အဲသလိုသေဆုံးမှုတွေဖြစ်ပွားပြီးနောက် မြန်မာ့သမိုင်းမှာ အရင်က တခါမှ မပေါ်ပေါက်ဖူးတဲ့ လက်နက်ကိုင်ပဋိပက္ခ အသွင်သဏ္ဌာန်သစ်တရပ် ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ တောခိုလက်နက်ကိုင်တော်လှန်တာမဟုတ်ဘဲ မြို့ကြီးပြကြီးတွေပေါ်မှာ အလစ်အငိုက်တိုက်ခိုက်တဲ့ မြို့ပြပြောက်ကျားဆိုတဲ့ တိုက်ပွဲသဏ္ဌာန်ဖြစ်ပါတယ်။
မြို့ပြပြောက်ကျားတိုက်ခိုက်သူတွေဟာ စစ်တပ်သတင်းပေးဆိုသူတွေကို အဓိကလိုက်လံတိုက်ခိုက် သတ်ဖြတ်ကြပါတယ်။ အဲသလိုသတင်းပေးလို့ စွပ်စွဲအသတ်ဖြတ်ခံရသူတွေရဲ့အများစုဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ မဘသလို့ခေါ်တဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ပျူစောထီးအဖွဲ့ထူထောင်ခြင်း
ပျူစောထီးအဖွဲ့ကို မတ်လ ၅ ရက်နေ့က မန္တလေးမြို့မှာ လျှို့ဝှက်ဖွဲ့စည်းလိုက်တယ်လို့ ပျူစောထီးအဖွဲ့ (ဗဟို) ကထုတ်ပြန်ကြေညာပါတယ်။ ပျူစောထီးအဖွဲ့ (ဗဟို) ရဲ့ အဲဒီကြေညာချက်ကို မေလ ၁၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်တာပါ။ စတင်ထူထောင်ချိန်မှာ မန္တလေးတိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အထက်မြန်မာပြည်)နဲ့ ရန်ကုန်တိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အောက်မြန်မာပြည်) အဖွဲ့နှစ်ဖွဲ့ကိုသာ စတင်ထူထောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ် ကျန်တဲ့ ပြည်နယ်တွေ တိုင်းတွေနဲ့ မြို့နယ် ပျူစောထီးအဖွဲ့တွေကို အဲဒီအထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်အဖွဲ့က လမ်းညွှန်ချက်တွေပေးပြီး တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။
သူတို့ရဲ့ပျူစောထီးအဖွဲ့မှာ စစ်မှုထမ်းဟောင်းအများစုနဲ့ မဘသတွေပါဝင်တယ်လို့လည်း အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။
ပျူစောထီးအဖွဲ့ရဲ့ ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေမှာ အမြဲအသုံးပြုတဲ့ အဖွဲ့အမှတ်တံဆိပ်ကတော့ ဗုဒ္ဓဘာသာ သာသနာ့အလံပေါ်မှာ ပျူစောထီးရုပ်ကို တံဆိပ်ဝိုင်းနဲ့ထည့်ထားတဲ့ပုံဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့စာကိုလည်း ရေးသားထားပါတယ်။

ပျူစောထီးရဲ့ လုပ်ငန်းတာဝန်
ပျူစောထီးရဲ့ လုပ်ငန်းတာဝန်တွေမှာ အချက် ၅ ချက်ပါဝင်ပါတယ်။ အဲဒီအချက် ၅ ချက်ရဲ့ အဓိက အနှစ်သာရကတော့ စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သတင်းကိုထောက်လှမ်းစုံစမ်းဖို့နဲ့ ဒလန်အစွပ်စွဲခံရသူ၊ social punishment အလုပ်ခံရသူတွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတွေရဲ့ စာရင်းနဲ့ သတင်းစုဆောင်းပေးဖို့ဆိုတဲ့ အချက်တချက်ပါဝင်ပါတယ်။ လက်နက်လုပ်တဲ့သူတွေ၊ စစ်သင်တန်းသွားတက်သူတွေရဲ့ စာရင်းကို စုဆောင်းပေးဖို့ဆိုတဲ့အချက်လည်း ပါဝင်သလို စစ်မှုထမ်းဟောင်းမိသားစုတွေကို အကူအညီပေးဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
ပျူစောထီးအဖွဲ့ရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို ကြည့်ရင်လည်း သတင်းထောက်လှမ်းရေးဟာ အဓိကအချက်တခုအနေနဲ့ ပါဝင်တာတွေ့ရပါတယ်။ ဒါ့အပြင် NLD နဲ့ပတ်သက်သူတော်တော်များများကို စာထုတ်ခြိမ်းခြောက်သတိပေးတာတွေလုပ်ခဲ့တာ တွေ့ရပါတယ်။ တချို့သတ်ဖြတ်တဲ့အလုပ်တွေကိုလည်း ပျူစောထီးတွေရဲ့ လက်ချက်လို့ ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲမှုတွေရှိခဲ့ကြပါတယ်။
စာထုတ်ခြိမ်းခြောက်ခြင်း
ပျူစောထီးအဖွဲ့ဟာ လူအများအပြားကို နာမည်စာရင်းတပ်ပြီး သတိပေးခြိမ်းခြောက်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။ သတိပေးအခြိမ်းခြောက်ခံရတဲ့စာရင်းထဲမှာ ပါဝင်သူ အားလုံးနီးပါးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဇူလိုင်လအထိ ပျူစောထီးအဖွဲ့က ထုတ်ပြန်တဲ့ခြိမ်းခြောက်စာရင်းထဲမှာ မန္တလေးနဲ့ ကျောက်ဆည်မြို့က ၁၀၄ ဦး၊ ထားဝယ်နဲ့လောင်းလုံက ၁၀၁ ဦး၊ မြင်းခြံမြို့က ၈၅ ဦး၊ မိတ္ထီလာက ၆၅ ဦး၊ မုံရွာက ၄၈ ဦး၊ ဟုမ္မလင်းက ၄၂ ဦးပါဝင်ပါတယ်။ ပုသိမ်နဲ့ တခြားမြို့ကြီးတချို့မှာလည်း အလားတူခြိမ်းခြောက်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အပြန်အလှန်သတ်ဖြတ်မှုများ
မြန်မာနိုင်ငံတဝန်းမှာ ပျူစောထီးတွေကို သတ်ဖြတ်မှုနဲ့ ပျူစောထီးက သတ်ဖြတ်မှုတွေ အများအပြားဖြစ်ပွားခဲ့ပါတယ်။
ပျူစောထီးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုဆိုတဲ့ထဲမှာ အထင်ရှားဆုံးဖြစ်ရပ်ကတော့ မေလ ၂၅ ရက်နေ့ကဖြစ်ရပ်ပါ။ သင်္ဃန်းကျွန်းမှာ ပျူစောထီးလို့ လူအများယုံကြည်သူတယောက်ရဲ့ မင်္ဂလာဆောင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သတိုးသမီးအပါအဝင် ၃ ယောက်သေဆုံံးပြီး ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သတိုးသားဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တယောက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအစည်းအရုံး MNO၊ အခြေခံလူတန်းစားဘဝမြင့်မား တိုးတက်ရေးပါတီ YDP တို့နဲ့ ဆက်စပ်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။ "လူမှုကွန်ရက်မှာ ပျူစောထီးလို့ မိမိကိုယ်မိမိအမည်ခံထားသူတွေ"က သတိုးသားဟာ ပျူစောထီးအဖွဲ့ဝင်တယောက်လို့ ပြောဆိုကြပေမဲ့ သတိုးသားကိုယ်တိုင်ကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်း အတည်ပြုခွင့်မရခဲ့ပါဘူး။
အဲဒီမင်္ဂလာပွဲမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဆရာတော်နှစ်ပါး ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆရာတော်နှစ်ပါးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒပြသူတွေရဲ့ကားကို ဗဟန်း ၃ လမ်း ဦးသာသာနာကျောင်းတိုက်နဲ့ ရွှေကျင်ကျောင်းတိုက်အနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကားမှန်ရိုက်ခွဲဖူးသူတွေဖြစ်ကြောင်း မျက်မြင်သက်သေ အထောက်အထားအများအပြားရှိသလို ဓာတ်ပုံသက်သေတွေကိုလည်း တွေ့ရှိထားရပါတယ်။
ပျူစောထီးတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေထဲမှာ ထင်ရှားတဲ့ ဖြစ်ရပ်တခုကတော့ မြင်းခြံမြို့က ကျူရှင်ဆရာ ဦးမိုးဟိန်းနဲ့ ဇနီးဒေါ်စုစုလှိုင်ကိုအိမ်ထဲဝင်ရောက် သတ်ဖြတ်မှုဖြစ်ပါတယ်။ အိမ်ထဲဝင်ရောက်ပစ်ခတ်ပြီးနောက်မှာ ပစ်ခတ်သူတွေက "ပျူစောထီးအဖွဲ့ကပစ်တာကွ" လို့ကြွေးကြော်သွားခဲ့ပါတယ်။ အလားတူမြင်းခြံမြို့မှာ ချစ်တီးထမင်းဆိုင်ဖွင့်ထားတဲ့ ကိုကောင်းမြတ်သူနဲ့ ဇနီးမဝတ်ရည်တို့ကိုတော့ မြင်းခြံမန္တလေး ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးခရီးသွားနေစဉ်သေနတ်ကိုင်ဆောင်ထားသူတွေက လိုက်လံပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။
ပျူစောထီးအဖွဲ့မှာ ဘယ်သူတွေ ပတ်သက်နေသလဲ
ပျူစောထီးအဖွဲ့ရဲ့ ကြေညာချက်မှာ စစ်မှုထမ်းဟောင်းနဲ့ မဘသတွေကို အခြေခံဖွဲ့စည်းထားတယ်လို့ ကြေညာထားပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပါဝင်ပတ်သက်တယ်လို့ ယုံကြည်ယူဆသူတွေ အများအပြားရှိသလို စစ်တပ်က ကျောထောက်နောက်ခံပေးနေတယ်လို့ ယုံကြည်သူကတော့ ပိုလို့တောင်များပါတယ်။
မြင်းခြံမြို့ဟာ ပျူစောထီးတွေ အဓိကပစ်မှတ်ထားခံရတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့ဟာလည်း အလားတူပစ်မှတ်အထားခံရတဲ့အထဲမှာ ပါဝင်ပါတယ်။ ဟုမ္မလင်းမြို့က ကိုကျော်စိုးဝင်းဟာ သူကိုယ်တိုင် ပျူစောထီးက နာမည်တပ်ခြိမ်းခြောက်တာခံရသူ တယောက်ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့မှာ ပထမအကြိမ် လူ ၁၂ ယောက် ဒုတိယအကြိမ်မှာ အယောက် ၃၀ ကို ပျူစောထီးက နာမည်တပ်ခြိမ်းခြောက်ခဲ့ပါတယ်။
မြင်းခြံမြို့မှာလို ပျူစောထီးက တိုက်ရိုက် သတ်ဖြတ်လုပ်ကြံမှုမျိုးတော့ ဟုမ္မလင်းမြို့မှာ မဖြစ်ပွားခဲ့ပါဘူး။ ဒါပေမဲ့ ပျူစောထီးက စာထုတ်ခြိမ်းခြောက်ခံရသူတွေကို နောက်နေ့မှာ စစ်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ ကိုကျော်စိုးဝင်းက ဘီဘီစီကိုပြောပါတယ်။ ကိုကျော်စိုးဝင်းကိုယ်တိုင်ဟာ အခုအခါမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပျူစောထီးတွေဟာ မြို့ပေါ်မှာ သေနတ်ကိုင်သွားလာလှုပ်ရှားနေတာကိုလည်း ကိုကျော်စိုးဝင်းက မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလူတွေဟာ သူတို့အရပ်သားတွေဖြစ်ပြီး လူချင်းသေသေချာချာ သိကျွမ်းရင်းနှီးသူတွေဖြစ်တဲ့ အတွက် အရပ်ဝတ်စစ်သားတွေ မဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီဝင် အရပ်သားတွေဖြစ်ကြောင်း သိရတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့ကထုတ်တဲ့ ကြေညာချက်ထဲမှာလည်း "ဥပဒေအကာအကွယ်ကို အပြည့်အဝ အားကိုးအားထားမပြုနိုင်ပါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးခြင်းသည် တဦးချင်းလုံခြုံရေးအတွက် ရှောင်လွှဲမရသော ရွေးချယ်ရန်နည်းလမ်းဖြစ်လာပါသည်" လို့ရေးသားခဲ့ပါတယ်။ ဒါ့အပြင် "ပါတီဝင်များဖြစ်သည့်အားလျော်စွာ ညီညွတ်မှုအင်အားဖြင့် စုစည်းတုံ့ပြန်နိုင်ရေးအတွက် လိုအပ်သည့် ပါတီတွင်းလမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ဖြစ်ပါသည်" လို့လည်း ရေးသားထားပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်ကတော့ "(ပျူစောထီးကို) ပြည်ခိုင်းဖြိုးကဖွဲ့တာတော့ မဟုတ်တာ အသေအချာပဲ။ ဥပဒေမဲ့လုပ်ရပ်တွေ မည်သည့်လုပ်ရပ်ကိုမှ ကျွန်တော်တို့ အားလည်း မပေးဘူး။ သဘောလည်း မတူဘူး။ လုပ်လည်း လုံးဝမလုပ်ဘူးလို့ပြောချင်တယ်" လို့ RFA သတင်းဌာနနဲ့ အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။
သြဂုတ်လအတွင်း ဟုမ္မလင်းမြို့မှာ ပျူစောထီးတွေကို စစ်တပ်က သင်တန်းပေးခဲ့တယ်လို့လည်း ကိုကျော်စိုးဝင်းက ဆိုပါတယ်။ မြို့ပေါ်မှာလည်း သင်တန်းပေးသလို နယ်တွေဘက်မှာလည်း သင်တန်းပေးနေတယ်လို့ဆိုပါတယ်။ ပျူစောထီး သင်တန်းတက်ထားသူတွေရဲ့ စာရင်းကိုတောင် ပေါက်ကြားရရှိထားတယ်လို့ဆိုပါတယ်။
မြို့အပြင် လေယာဉ်ကွင်းနားက သစ်ပင်ချုံပင်ထူထပ်ရာ လက်ဖက်စိုက်ခင်းအနီးအနားမှာ စစ်တပ်က ဘယ်သူမှ ဖြတ်သန်းသွားလာခွင့်မပြုလို့ပိတ်ပင်ပြီး ပျူစောထီးတွေကို သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။ လက်ဖက်တောင်သူတွေကိုလည်း လက်ဖက်ခူးခွင့် မပေးခဲ့ပါဘူး။ အဲဒီရက်ပိုင်းက အဲဒီအနီးအနားတဝိုက်မှာ သေနတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
သောင်သွပ်ရွာမှာ သင်တန်းပေးတာကိုတော့ ကိုယ်တိုင် သင်တန်းတက်ရောက်ခဲ့သူတဦးက ကိုကျော်စိုးဝင်းကို ပြန်ပြောပြခဲ့ပါတယ်။ ရဲတွေက သင်တန်းပေးခဲ့တာလို့ သင်တန်းတက်ရောက်သူကပြောဆိုပါတယ်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညနရုံး အနီးအနားမှာ နေထိုင်သူတွေကိုလည်း နေအိမ်ကနေ ဖယ်ရှားပေးဖို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာလဆန်းမှာ လာရောက်ညွှန်ကြားခဲ့ပါတယ်။ အဲသလို ညွှန်ကြားတာဟာ ကညနရုံးအတွင်းမှာ ပျူစောထီးသင်တန်းပေးဖို့အတွက်လို့ အနီးအနားနေထိုင်ကြသူတွေက ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြပါတယ်။
မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတချို့မှာ အခြေခံစစ်ပညာနဲ့ လက်နက်ငယ်ကိုင်တွယ် အသုံးပြုပုံကို စစ်တပ်က သင်ကြားပေးနေတယ်လို့လည်း Myanmar National Post က ဇွန်လ ၁၄ ရက်မှာ ရေးသားခဲ့ပါတယ်။ Myanmar National Post မှာ နောင်တော်လေးနဲ့ မျိုးချစ် ကလောင်ရှင်တွေ ရေးသားလေ့ရှိပြီး စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ သတင်းဌာနဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲအမှတ် ၆/၂၀၂၁ မှာ အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ရွှေစင်က ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးခွန်းတခုမေးခဲ့ပါတယ်။ "တပ်မတော်ထောက်ခံသူများဟာ မိမိကိုယ်ကိုယ် ခုခံခွင့်အရလက်နက်တပ်ဆင်ခွင့် ရှိ၊ မရှိ"ဆိုတဲ့ မေးခွန်းပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်းက "မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ လက်နက်ကိုင်ဆောင်ခွင့်ရှိကြောင်း" ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပျူစောထီးအဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက် အများအပြားရှိတဲ့အတွက် စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ကို ဘီဘီစီကလည်း ပျူစောထီးနဲ့ ပတ်သက်ပြီး မေးခွန်း ၃ ခုမေးခဲ့ပါတယ်။
အဲဒီမေးခွန်းတွေကတော့ ပျူစောထီးကို တပ်မတော်က သင်တန်းပေးမပေး၊ လက်နက်ထောက်ပံ့မှုရှိမရှိနဲ့ ပျူစောထီးအဖွဲ့အပေါ် တပ်မတော်ရဲ့ သဘောထားတို့ဖြစ်ပါတယ်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ကတော့ ပျူစောထီးအဖွဲ့ဆိုတာ မရှိဘူးလို့ ငြင်းခဲ့ပါတယ်။ သူတို့ရဲ့ ဖြေကြားချက်အပြည့်အစုံက ဒီလိုပါ။
"ပျူစောထီးနှင့်ပတ်သက်၍ ဖွဲ့စည်းထားခြင်းမရှိပါ။ ထို့ကြောင့် မည်သည့်သဘောထားမျှလည်း မရှိပါ။ မြန်မာနိုင်ငံတွင်းနေထိုင်သော မည်သူမဆို တည်ဆဲဥပဒေများကို လိုက်နာရမှာဖြစ်ပြီး ဥပဒေချိုးဖောက်ပါက ထိုက်သင့်သောအရေးယူမှုများ ရှိရမှာဖြစ်ပြီး ပြစ်ဒဏ်များ ခံစားရမှာ ဖြစ်ပါသည်။ သို့ဖြစ်၍ဖွဲ့စည်းထားခြင်း၊ သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ မရှိကြောင်းနှင့် ပျူစောထီးအဖွဲ့သတင်းသည် online media ပေါ်တွင် ရေးသားနေမှုသာတွေ့ရှိရပါသည်။"
အလားတူအဖွဲ့အစည်းတချို့
ပျူစောထီးနဲ့အလားသဏ္ဌာန်ဆင်တူတဲ့ အဖွဲ့အစည်းတချို့ကိုလည်းတွေ့ရပါတယ်။ ပထမအဖွဲ့အစည်းတခုက နဂရပါလလို့ခေါ်ပါတယ်။ ပါဠိဘာသာစကားနဲ့ မှည့်ခေါ်ထားတာဖြစ်ပြီး နဂရဆိုတာမြို့၊ ပါလဆိုတာစောင့်ရှောက်သူလို့ အဓိပ္ပာယ်ရကြောင်း သူတို့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နဂရပါလရဲ့ရည်ရွယ်ချက်တွေဟာ ပျူစောထီးနဲ့ တထပ်တည်းနီပါးမျှတူညီပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို အားပေးကူညီရန်လို့ ရည်ရွယ်ချက်မှာဆိုထားပါတယ်။ Social Punishment အလုပ်ခံရတဲ့သူတွေ Non-CDM သမားတွေကို ကူညီရန်လို့လည်း ဆိုထားပါတယ်။ တရားဥပဒေအရ အရေးယူနိုင်အောင် သက်ဆိုင်ရာကိုလည်း တိုင်ကြားမှာဖြစ်သလို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုထားပြန်ပါတယ်။
ရှမ်းပြည်နယ်မှာထူထောင်ထားတဲ့ အမျိုးသားလုံခြုံရေး လူမှုကွန်ရက် NSS ဟာလည်း တပ်မတော်ထောက်ခံရေးနဲ့ ၂၀၀၈ အခြေခံဥပဒေထောက်ခံရေးတွေကို ဆောင်ရွက်လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့နဲ့ ပျူစောထီးပူးပေါင်းထားကြောင်း NSS အဖွဲ့ဝင်ဆိုသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အစည်းအဝေးလုပ်နေတဲ့ ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။

သမိုင်းထဲကပျူစောထီး
ကြံ့ခိုင်ရေးအဖွဲ့ဆိုတာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းက ရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီနာမည်ဟာ နှစ်ပေါင်းများစွာတိမ်မြုပ်ပျောက်ကွယ်နေခဲ့ ပြီးနောက် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးဆိုပြီး လူမှုရေး အသင်းအဖွဲ့တခုအဖြစ်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဲဒီလူမှုရေး အသင်းကြီးကမှတဆင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုတာ ဖြစ်လာခဲ့တာပါ။
အလားတူပဲ ပျူစောထီးဆိုတာကလည်း ရှေးမဆွကတည်းက ရှိခဲ့ဖူးတဲ့ အဖွဲ့အစည်းပါ။ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာ့တပ်မတော်ရဲ့ တပ်မှူးများညီလာခံက ပျူစောထီးအဖွဲ့ကိုဖွဲ့ဖို့ စတင်အဆိုပြုခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဦးနု ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ အမျိုးသားကာကွယ်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပျူစောထီးအဖွဲ့ကို အတည်ပြုဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူအတည်ပြုပေးလိုက်ရပေမဲ့ ပျူစောထီးဟာ တည်မြဲပါတီရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်းဖြစ်ခဲ့ပါတယ်။
သမိုင်းထဲကပျူစောထီးဟာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ရွေးကောက်ပွဲတွေမှာ သူနိုင်လိုရာ အဖွဲ့အစည်းဘက်က ရပ်တည်ပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ခြိမ်းခြောက်သတ်ဖြတ်လေ့ရှိပါတယ်။ သာယာဝတီခရိုင် မင်းလှရွေးကောက်ပွဲ လေးလောင်းပြိုင်သတ်ဖြတ်မှု၊ မြိတ်ခရိုင် ဆီတောင်အိုင်ရွာ လူသတ်မှု၊ ငါန်းဇွန် ခြောက်လောင်းပြိုင်လူသတ်မှုများဟာ ပျူစောထီးတပ်ဖွဲ့ရဲ့ လူသိများကျော်ကြားတဲ့ လက်ရာတွေဖြစ်ပါတယ်။
သမိုင်းမှာပေါ်ပေါက်ခဲ့ဖူးတဲ့ ပျူစောထီးတပ်၊ လဲဗီးတပ်တို့ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။ သမိုင်းမှာ နာမည်ပျက်ခဲ့တဲ့ပျူစောထီးဟာ ဘာ့ကြောင့် ဒီနာမည်နဲ့ တခေတ်ပြန်ဆန်းသစ် လာခဲ့ရပါသလဲ။
ပျူစောထီးအဖွဲ့ဟာ မဘသတွေနဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးအေးနေဝင်းတို့ပူးပေါင်း တည်ထောင်တယ်ဆိုတဲ့ စွပ်စွဲချက်တခု မကြာခင်က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါကို ဦးအေးနေဝင်းက လူသိရှင်ကြား ဗီဒီယိုဖိုင်နဲ့ ငြင်းပါတယ်။ ပျူစောထီးဟာ ငှက်၊ ဝက်၊ ခြူးပျံ၊ ဘူးပင်ဆိုတဲ့ လေးမျိုးကို နှိမ်နင်းခဲ့တဲ့ သူရဲကောင်းဖြစ်တဲ့အကြောင်း၊ သူ့ကို ဝက်လို့ လူသိများတဲ့အတွက် ဝက်သတ်သမား နာမည်ယူထားတဲ့ အဖွဲ့အစည်းမျိုးကို သူကဖွဲ့မှာ မဟုတ်ကြောင်း ဟာသနှောပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အဲဒီစကားထဲကနေ သဲလွန်စကို တချို့က ကောက်ယူကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ခွပ်ဒေါင်းရုပ်ကို ပါတီအမှတ်အသားပြုတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို ငှက်တွေလို ဆန့်ကျင်သူတွေက ခေါ်ဝေါ်လေ့ရှိပါတယ်။ ပျူစောထီးဆိုတဲ့နာမည်ကလည်း ငှက်သတ်သမားဆိုတဲ့ အတိတ်နိမိတ်ကိုယူပြီး ပြန်လည်အသက်သွင်းတာဖြစ်နိုင်ကြောင်း လူအများက ယူဆပြောဆိုကြပါတယ်။




