တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာ့အခြေအနေတစုံလုံး လုံခြုံရေးကောင်စီကတဆင့် ICC လွှဲဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့် ICC ကို လွှဲပြောင်းပေးဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မြန်မာက အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့် ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်
  • ရိုဟင်ဂျာတွေအရေးကို မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ဆွေးနွေးထားတယ်လို့ဆိုပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုရှီ ဆာဆာ ကာ၀ါက ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ပြော
  • တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြည်သူ့ပါတီအမတ် ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ပိုင်ခွင့် မရှိတော့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြောက်ကိုရီးယားနဲ့ ရုရှားတို့ ပထမဆုံး ကားလမ်းတံတားဖွင့်

    တူမန်မြစ်ကို ဖြတ်သန်းပြီး နယ်စပ်မြို့တွေဖြစ်တဲ့ ရာဆန်နဲ့ ခါဆန်တို့ကို ချိတ်ဆက်ထားသည့် လမ်းတံတားဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, တူမန်မြစ်ကို ဖြတ်သန်းပြီး နယ်စပ်မြို့တွေဖြစ်တဲ့ ရာဆန်နဲ့ ခါဆန်တို့ကို ချိတ်ဆက်ထားသည့် လမ်းတံတားဖြစ်ပါတယ်

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံကို ဆက်သွယ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို ဖွင့်လှစ်လိုက်ပါတယ်။

    တူမန်မြစ်ကိုဖြတ်နိုင်မယ့်ဒီတံတားကြောင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် ကုန်စည်နဲ့ ခရီးသည်တွေ ပိုပြီး လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

    ပြုံယမ်းအစိုးရပိုင်သတင်းမီဒီယာကတော့ ဒီတံတားကို “အရပ်သားတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေး” အတွက် အသုံးပြုမှာလို့ပြောပါတယ်။

    ဒါပေမဲ့ ယူကရိန်း စုံစမ်းဖော်ထုတ်အဖွဲ့ Truth Hounds ကတော့ ဒီတံတားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ထောက်ပံ့ဖို့ “လျှို့ဝှက် စစ်ဘက်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်တာ”လို့ ပြောပါတယ်။

    ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပြီး အခုလိုနှစ်နိုင်ငံချိတ်ဆက်တံတား ဖွင့်တဲ့အထိဖြစ်လာတာပါ။

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ နိုင်ငံတစ်နိုင်ငံအပေါ် “ရန်လိုတိုက်ခိုက်မှု” ဖြစ်ပွားမယ်ဆိုရင် တစ်နိုင်ငံက အပြန်အလှန် ကူညီမယ်လို့ ကတိပြုထားခဲ့ကြတာဖြစ်ပါတယ်။

    ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုတင်ကတော့ အခု ဖွင့်လိုက်တဲ့တံတားဟာ “ချစ်ကြည်ရေးသင်္ကေတအသစ်”လို့ ပြောပြီး မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်ထေးဆောင်ကလည်း “သမိုင်းဝင် ဖြစ်ရပ်” လို့ ပြောထားပါတယ်။

    ရုရှားအစိုးရပိုင် TASS သတင်းဌာနကတော့ ဒီတံတားကနေ နေ့စဉ် ယာဉ်အစီးရေ ၃၀၀ နဲ့ လူဦးရေ ၂,၃၂၃ ဦးအထိ ဖြတ်သန်းနိုင်မယ်လို့ ဆိုပါတယ်။

    ဒီနှစ် မေလမှာ BBC က ကြည့်ရှုခဲ့တဲ့ဂြိုဟ်တုဓာတ်ပုံတွေအရ အရှည် တစ်ကီလိုမီတာရှိတဲ့ တံတားနဲ့အတူ ချဉ်းကပ်လမ်းအသစ်တွေ၊ နယ်စပ်စစ်ဆေးရေးဂိတ်၊ အထောက်အကူပြု အခြေခံအဆောက်အအုံနဲ့ ကားရပ်နားဖို့နေရာတွေကို တွေ့ရပါတယ်။

    ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ လေကြောင်းခရီးစဉ်တွေနဲ့ ရထားလမ်း ဆက်သွယ်မှုတွေပဲ ရှိနေပေမဲ့ ကားလမ်းချိတ်ဆက်မှုလို့ပြောရင် အထူးအစီအစဉ်အဖြစ် ရထားတံတားပေါ်မှာ သစ်သားပြားတွေ တင်ပြီး ကားတွေကို ဖြတ်စေတဲ့ ယာယီလမ်းဖေါ်တာမျိုးသာရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးပါတယ်။

    ရုရှား၀န်ကြီးချုပ်တော့ အခုတံတားဟာ “ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်စေရန် အားကောင်းတဲ့တွန်းအားတစ်ရပ် ဖြစ်စေလိမ့်မယ်”လို့ ပြောပါတယ်။

    ဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုချိတ်ဆက်မှုကနေတဆင့် မိန့်ခွန်းပြောကြားရာမှာလည်း သူက မော်စကိုနဲ့ ပြုံယမ်းကြား ဆက်ဆံရေးဟာ “မကြုံစဖူး မြင့်မားတဲ့အဆင့်”မှာ ရှိနေတယ်လို့ ဆိုပါတယ်။

    တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ရဲ့ သုတေသီတွေကတော့ မြောက်ကိုရီးယားဟာ သင်္ဘောတွေကို အသုံးပြုပြီး ဒေါ်လာ ၇ ဘီလျံကနေ ၁၄ ဘီလျံကြား တန်ဖိုးရှိတဲ့ဒုံးကျည်တွေ၊ မစ်ဆိုင်းတွေနဲ့ အမြောက်ကျည်တွေကို ရုရှားကို လွှဲပြောင်းပေးခဲ့ပြီးပြီလို့ ခန့်မှန်းပါတယ်။

    တစ်ချိန်တည်းမှာပဲ ယူကရိန်းနဲ့ဖြစ်တဲ့ ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယားဟာ တပ်ဖွဲ့ဝင် ၁၁,၀၀၀ ခန့် လက်ရှိတွင် ရုရှားနိုင်ငံအတွင်းရောက်နေပြီး ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ ခန့်မှန်းထားပါတယ်။

  2. ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအမတ် ၂ ဦး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရ

    တနင်္သာရီတိုင်းလွှတ်တော်မှာ ပြည်သူ့ပါတီအမတ် ဦးခိုင်ဦး(ယာစွန်း)နဲ့ ဦးတင်စိုး (ယာဘက်ဒုတိယမြောက်)

    ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ

    ဓာတ်ပုံ ပုံစာ, တနင်္သာရီတိုင်းလွှတ်တော်မှာ ပြည်သူ့ပါတီအမတ် ဦးခိုင်ဦး(ယာစွန်း)နဲ့ ဦးတင်စိုး (ယာဘက်ဒုတိယမြောက်) (ပုံဟောင်း)

    တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြည်သူ့ပါတီအမတ် ဦးခိုင်ဦးနဲ့ ဦးတင်စိုးတို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာပါတယ်။

    စက်တင်ဘာ ၇ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်အရ ဒီအမတ်တွေနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဦးဝင်းကြူနဲ့ ဒေါ်မြမြစိမ်းတို့ နေရာရလာတာပါ။

    မြိတ်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် ၁ အဖြစ် ရွေးကောက်ခံရတဲ့ဦးခိုင်ဦးကို သူ့ရဲ့ပြိုင်ဘက် USDP ပါတီက ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်ခဲ့ပါတာပါ။

    ဒီကန့်ကွက်လွှာကို ရွေးကောက်ပွဲကော်မရှင်က ကြားနာစစ်ဆေးပြီးနောက် ဦးခိုင်ဦးကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဟာ ဥပဒေအရ ပျက်ပြယ်တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၇၅(က)အရ ဦးဝင်းကြူက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကော်မရှင်က ဆုံးဖြတ်လိုက်တာပါ။

    ဦးခိုင်ဦးဟာ ၂၀၂၅ ရွေး‌ကောက်ပွဲမှာ ပြည်သူ့ပါတီက တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်ဖြစ်ပါတယ်။

    ဦးခိုင်ဦးရရှိတဲ့မဲရလဒ်ကို နုတ်ပယ်ပြီး ကျန်တဲ့ ခိုင်လုံမဲတွေကို ပြန်လည်တွက်ချက်ရာမှာလည်း လောင်းလုံမြို့နယ်က ပြည်သူ့ပါတီအမတ် ဦးတင်စိုးဟာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

    ဦးတင်စိုးနေရာမှာ USDP က ဒေါ်မြမြစိမ်းက နေရာရလာတာကို ရွေးကောက်ပွဲကော်မရှင် ကြေညာချက်မှာ တွေ့ရပါတယ်။

  3. ရိုဟင်ဂျာအရေးကို ဦးမင်းအောင်လှိုင်နဲ့ ဆွေးနွေးထားတယ်လို့ ဆာဆာကာဝါပြော

    ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နဲ့ ဒေါက်တာ ဆာဆာကာ၀ါတို့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ပါတီဘက်က စက်တင်ဘာ ၇ ရက်မှာ သတင်းထုတ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, BNP

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နဲ့ ဒေါက်တာ ဆာဆာကာ၀ါတို့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ပါတီဘက်က စက်တင်ဘာ ၇ ရက်မှာ သတင်းထုတ်ပါတယ်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအရေးကို မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ဆွေးနွေးထားတယ်လို့ဆိုပြီး ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုရှီ ဆာဆာ ကာ၀ါက ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ပြောထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းထုတ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် တာရစ် ရာမန်နဲ့ ဒေါက်တာ ဆာဆာကာ၀ါတို့ ဒါကာမြို့မှာ စက်တင်ဘာလ ၅ ရက်တုန်းက တွေ့ဆုံပြီး ရိုဟင်ဂျာအကြောင်းဆွေးနွေးချိန် ဆာဆာကာ၀ါက အခုလိုပြောခဲ့တာလို့ ဆိုပါတယ်။

    ဒေါက်တာ ဆာဆာကာ၀ါဟာ မြန်မာအမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရအထူးသံတမန်လည်း ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး မြန်မာဘက်ကို တိုက်တွန်းဖို့ ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ဆာဆာကာ၀ါဘက်က အခုလိုတုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

    ဒေါက်တာ ဆာဆာကာ၀ါကတော့ မြန်မာဟာ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းလိုစိတ်ရှိပေမဲ့ ဒါပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဥ်ဟာ လက်ရှိရခိုင်ပြည်နယ်ထဲက ရှုပ်ထွေးနေတဲ့အခြေအနေတွေကြောင့် အချိန်ယူရနိုင်တယ်ဆိုတာကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်ကတော့ ဘင်္ဂလားဒေ့ရှ်ဟာ မူလကတည်းက လူဦးရေထူထပ်တဲ့နိုင်ငံဖြစ်တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြည်တွင်းမှာ အချိန်တစ်ခုအထိ လက်ခံထားရပြီးဖြစ်တာကြောင့် နိုင်ငံ့စီးပွားရေး၊ အခြေခံအဆောက်အဦနဲ့ စီမံမှုတစ်စုံလုံးမှာ ရိုက်ခတ်မှုရှိနေတဲ့အကြောင်းကိုလည်း ဒေါက်တာ ဆာဆာကာ၀ါကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

    မြေပြင်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ အများဆုံးထွက်ပြေးခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်ထားပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်က ၂၀၁၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဥ်အောက်မှာ ရိုဟင်ဂျာ သိန်းချီဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

    ကုလသမဂ္ဂကတော့ အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ရိုဟင်ဂျာ စုစုပေါင်း ၇ သိန်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့နှစ်ပတ်လည်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့မှာ ၉ နှစ်ပြည့်ပြီဖြစ်ပါတယ်။

    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်ပါတယ်။

  4. မြန်မာ့အခြေအနေတစုံလုံး လုံခြုံရေးကောင်စီကတဆင့် ICC လွှဲဖို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

    စက်တင်ဘာ ၇ ရက်၊ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ တွေ့ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၇ ရက်၊ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ တွေ့ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ စက်တင်ဘာ ၇ ရက်တုန်းက ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ သူက အခုလို တိုက်တွန်းလိုက်တာပါ။

    ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ဖို့ အသုံးချနိုင်တဲ့ လက်နက်၊ ခဲယမ်းမီးကျောက်၊ လေယာဉ်ဆီနဲ့ အရပ်ဘက်/စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်တာကို ရပ်တန့်ဖို့ ပြောပါတယ်။

    မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာကိစ္စရပ်ဖြစ်တယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေရဲ့ အတည်ပြုချက်အရ အစီရင်ခံကာလအတွင်း အရပ်သား ၁,၂၀၀ ကျော် သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းအဖြစ် ဆက်ရှိနေပြီး စစ်တပ်ဟာ တိုက်ခိုက်တွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ တောင်းဆိုချက်တွေကို လျစ်လျူရှုထားတယ်ဆိုတဲ့သက်သေပဲလို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပြောပါတယ်။

    ကုလလူ့အခွင့်အရေးအစည်းအဝေးမှာ မြန်မာက စစ်မှုထမ်းခေါ်ယူမှုတွေ၊ ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ မူးယစ်ဆေးဝါး၊ ငွေလိမ်လုပ်ငန်း၊ တရားမဝင်သတ္တုတူးဖော်မှုတွေကိုပါ မဟာမင်းကြီးက တင်ပြသွားပါတယ်။

    အာဏာသိမ်းပြီးကတည်းက မြေရှားတူးဖော်မှုဟာ ၁၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး လေထုညစ်ညမ်းမှုအပြင် ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်စလုံးက မြစ်တွေကို ညစ်ညမ်းစေခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီလိုသတ္တုတွင်းလုပ်ငန်းတွေမှာ လုပ်အားခေါင်းပုံဖြတ်မှုတွေလည်းရှိနေတယ်လို့ သူက ဆိုပါတယ်။

    အထူးသဖြင့် အမျိုးသမီးတွေကို အသက်ဘေးအန္တရာယ်တွေ၊ လုပ်ငန်းခွင် အလွဲသုံးစားပြုတွေ စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြုံရစေတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပြောပါတယ်။ ဒါကြောင့်မြန်မာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ICC လွှဲပြောင်းဖို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

  5. မင်္ဂလာပါ။ စက်တင်ဘာ ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။