“ကောလင်းဟာ နွေဦးတော်လှန်ရေးမှာ မြို့သိမ်းတိုက်ပွဲအနေနဲ့ ပထမဆုံးဆင်နွှဲနိုင်တဲ့မြို့ဖြစ်တယ်” – NUG ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အောင်အောင်မြင်မြင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်နေ့မှာပဲ သတင်းထုတ်ပြန်လာပါတယ်။
အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးအစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
ကောလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအခြေစိုက်ထားတဲ့ ကောလင်းရဲစခန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ရရှိခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားခဲ့ကာ မြို့ကို ရရှိခဲ့ကြောင်း NUG က ပြောပါတယ်။
မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဘီဘီစီမေးမြန်းကြည့်ချက်အရလည်း ကောလင်းမြို့ကို စိုးမိုးထားနိုင်ပြီလို့ သိရှိရပြီး တိုက်ပွဲ သုံးရက်တာအတွင်း စစ်ကောင်စီရဲ့ နေ့စဉ်လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် လူနေအိမ်တွေထိခိုက်ပျက်စီးတာ၊ တိုက်ပွဲအတွင်း အရပ်သားတွေထိခိုက်မှုရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုအရေအတွက်အသေးစိတ်ကိုတော့ မသိနိုင်သေးလို့ ဆိုပါတယ်။
ကောလင်းမြို့ နောက်ဆုံးရအခြေအနေအပါအဝင် NUG နဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းလှုပ်ရှားမှုတွေအကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို ဘီဘီစီက နိုဝင်ဘာ ၆ ရက်နေ့မှာပဲ ဆက်သွယ်မေးမြန်းထားပါတယ်။
ကောလင်းမြို့သိမ်းတိုက်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
ဘီဘီစီ - ကောလင်းမြို့ကို သိမ်းနိုင်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တာတွေ့ရပါတယ်။ ကောလင်းမြို့ကို ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်ပါသလဲ၊ နောက်ဆုံးရအခြေအနေ သိပါရစေ။
ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ - ကောလင်းမြို့က ခရိုင်မြို့ကြီး တစ်မြို့ဖြစ်တယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ မြို့သိမ်းတိုက်ပွဲအနေနဲ့ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့လည်းဖြစ်တယ်။ ဒီကောလင်းမြို့ကို ၃ ရက်နေ့ကတည်းက အမှတ် (၁) စစ်ဒေသ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မြို့နယ်ပြည်သူကာကွယ်ရေး (ပကဖ)၊ ခရိုင်(ပကဖ) အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ဒီမနက်မှာတော့ မြို့နယ်ရဲ့ အုပ်ချုပ်ရေးယန္တရားအကုန်လုံးကို ကျွန်တော်တို့က ထိန်းချုပ်နိုင်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ လက်နက်မျိုးစုံဆိုရင်လည်း ၅၄ လက်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများရတယ်။ သူတို့ဆီက တချို့လည်း လက်နက်ချပြီးတော့ အညံ့ခံကြတာတွေ ရှိတယ်။ လောလောဆယ်အခြေအနေက မြို့ထဲမှာ သူတို့(စစ်ကောင်စီ) ရဲ့ လက်နက်ကိုင်တပ်ရင်း တပ်ဖွဲ့ စစ်သားရော၊ ရဲရော ဘယ်သူမှမရှိတော့ဘူး။ အုပ်ချုပ်ရေးယန္တရားတွေဖြစ်တဲ့ ဌာနဆိုင်ရာတွေလည်း မရှိတော့ဘူး။ ကောလင်းမြို့ပေါ်က ပြည်သူအချို့လည်း စစ်ရှောင်နေကြတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေကတော့ ကောလင်းမြို့အနှံ့မှာ နေရာယူ စိုးမိုးထိန်းချုပ်ထားပါတယ်။
ဘီဘီစီ - ကောလင်းမြို့ကိုတိုက်ခိုက်တာမှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရက္ခိုင့်တပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပါဝင်တယ်လို့ သိထားရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုဆက်ရှိနေပါသလဲ။
ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ - ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိတဲ့ဒေသက အမှတ် (၁) စစ်ဒေသ လို့ခေါ်ပါတယ်။ အမှတ် (၁) စစ်ဒေသကို မဟာမိတ်ဆက်ဆံရေးအရက ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ရဲ့ ကြီးကြပ်မှုနဲ့ ဒါမျိုး တော်လှန်ရေးတိုက်ပွဲတွေကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတိုက်ပွဲမှာ မဟာမိတ်အင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအားလုံး ဝိုင်းဝန်းဖော်ဆောင်တဲ့ တိုက်ပွဲလို့ ပြောချင်ပါတယ်။
ဘီဘီစီ - ကောလင်းမြို့ကို သိမ်းပိုက်နိုင်တဲ့အချိန်မှာ ရဲစခန်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။ ဟုတ်ပါသလား။
ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ - ရဲစခန်းကို ပထမဆုံးဝင်တိုက်တော့ သိမ်းနိုင်တယ်။ ရဲစခန်းအချုပ်ခန်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်နယ်မြေတွေ၊ သက်ဆိုင်တဲ့ သူတို့ရဲ့ သွားလိုတဲ့မိသားစု ဆွေမျိုး ရှိတဲ့နယ်မြေတွေကို ပို့ဆောင်လိုက်ပါတယ်။ လောလောဆယ်အခြေအနေက တော့ ဘယ်သူဘယ်ကို ပို့တယ်ဆိုတာက လုံခြုံရေးအခြေအနေနဲ့ ပြောလို့မရသေးတာကြောင့် ကျွန်တော်တို့ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကြားက ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ - ကောလင်းမြို့ပေါ် တိုက်ပွဲတွေ ပြုလုပ်တဲ့အချိန် ဒေသခံတွေအခြေအနေရော ဘယ်လိုရှိပါသလဲ။ ထိခိုက်သေဆုံးမှုတွေရှိကြောင်း သိရပါတယ်၊ အရေအတွက်အားဖြင့် သိပါရစေ။
ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ - စသိမ်းတဲ့ ၃ ရက်နေ့ကတည်းကကို စစ်ကောင်စီဘက်က လေကြောင်းတွေနဲ့ လာပြီးတော့ပစ်တယ်။ ဝန်းသိုတပ်ဘက်ကနေ လက်နက်ကြီးပစ်ကူပေးတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေက အများကြီးလုပ်တယ်။ ဒါဘာကြောင့်လဲဆိုတော့ မြေပြင်ကနေပြီးတော့ စစ်ကြောင်းထိုးလာဖို့အတွက်ကို အခြေအနေက မပေးတော့ဘူး။ သူတို့ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေ ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းတာတွေလုပ်တယ်။ အဓိက ဒီလိုလုပ်တာက စစ်ရေးအဖြေမပြောင်းလဲနိုင်ဘူးဆိုတာ သူတို့လည်း သိတယ်။ ဒါပေမဲ့လည်း ပြည်သူလူထုကို အကြောက်တရားသွင်းနိုင်အောင် လူထုကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တယ်လို့ ပြောရမယ်။ အဲဒါကြောင့်ပဲ ပြည်သူလူထု သေကြေပျက်စီးတာရှိတယ်။ ဒါပေမဲ့ စာရင်းအတိအကျကိုတော့ အခုချိန်မှာပြောဖို့က အခက်အခဲရှိပါ သေးတယ်။ စာရင်းတွေစုနေတုန်းမလို့ အတိအကျပြောနိုင်ခြင်းမရှိသေးပါဘူး။
ဘီဘီစီ - မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဟန်ချက်ညီ စစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်မယ့်အကြောင်း NUG က အောက်တိုဘာလကုန်ပိုင်းလောက်မှာပဲထုတ်ပြောထားပါတယ်။ တပြိုင်နက်တည်းမှာပဲ ကောလင်းအပြင် ထီးချိုင့်၊ တမူး၊ ကလေး စတဲ့ နေရာတွေမှာ တိုက်ပွဲဖော်ဆောင်တာ တွေ့ရပါတယ်။ တမူးဘက်မှာဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပူးပေါင်းတိုက်ခိုက်တာလည်း တွေ့ရတာကြောင့် AA ၊ KIA အပြင် မဟာမိတ်တွေနဲ့ အခုကာလပူးပေါင်း ဆောင်ရွက်ထားတဲ့ အခြေအနေ ပြောပြပေးပါဦး။
ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ - ဒီဟန်ချက်ညီစစ်ဆင်ရေးစတင်တယ်ဆိုတာကလည်းလေ နွေဦးတော်လှန်ရေးအစက မဟာမိတ်တွေအားလုံးရဲ့ သဘောညီမျှမှုနဲ့ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရတယ်။ မဟာမိတ်တွေရော၊ ပြည်သူကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ရော ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ရော အားလုံးရဲ့ ရည်မှန်းချက်၊ ဘုံသဘောတူချက်က ဘာလဲဆိုတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းဖို့။ ဆိုတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက်က “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့ မူဝါဒကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ချမှတ်နိုင်ခဲ့တယ်။ “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့ အတိုင်းပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေရော၊ မဟာမိတ်တွေရော ပြည်သူ့တော်လှန်ရေးအင်အားစုအားလုံးကရော ဟန်ချက်ညီနေရာအနှံ့မှာ ပူးပေါင်းပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောချင်တယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၃ နာရီထုတ်ပြန်ချက်အရ ကောလင်းမြို့ပေါ်မှာ ပြည်သူ့တော်လှန်ရေးအလံ လွှင့်ထူထားနိုင်ပြီလို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။








