‘‘စစ်ကျွံလာတဲ့အခါ တိုက်ရင်းနဲ့ပဲ တိုက်ပွဲတွေဖော်လိုက်တာဖြစ်ပါတယ်’’ - KIO ဒုဗိုလ်ချုပ်ကြီးဂွမ်မော်

KIC

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲပြီးနောက် အောင်ဂျာစခန်းကို KIC ဒုဥက္ကဋ္ဌ သွားရောက် စစ်ဆေးခဲ့

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဟာ အောက်တိုဘာလကုန်ပိုင်းအတွင်း စစ်ကောင်စီ လက်ထဲကနေ စခန်းတချို့ သိမ်းယူခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ ကေအိုင်အိုရဲ့ ရုံးချုပ်ရှိရာ လိုင်ဇာအနီးက မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရလို့ စစ်ရှောင်တွေအပါအဝင် လူအမြောက်အမြားသေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်အကြောင်း မေးမြန်းချက်အပြင် KIA က ဘာကြောင့် စစ်တပ်စခန်းတွေ သိမ်းယူခဲ့လဲ။ PDF တွေကို ဘယ်လို ကူညီနေလဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက ဘယ်လောက် ကြာနိုင်သေးလဲ စတာတွေအပေါ် KIO ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကို ဘီဘီစီက သီးသန့် မေးမြန်းထားပါတယ်။

KIO တည်ထောင်မှု ၆၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က မေးမြန်းထားတာ ဖြစ်ပါတယ်။

KIA သိမ်းခဲ့တဲ့ စစ်တပ်စခန်းများ

KIO

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလအတွင်း စခန်းကြီး ၃ ခုကို ကေအိုင်အေက စစ်ကောင်စီလက်ကနေ သိမ်းခဲ့

ဘီဘီစီ - KIA အနေနဲ့ လတ်တလော စစ်တပ်ရဲ့ ဘယ်စခန်းတွေကို သိမ်းခဲ့လဲ။ ဘာကြောင့်သိမ်းခဲ့လဲဆိုတာ ပြောပြပါဦး။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - အောက်တိုဘာ ၁၈ ရက်နေ့မှာ နဘတ်ကြီး စခန်းကို ၀င်တိုက်ပြီး သိမ်းတယ်။ ၁၉ ရက်နေ့မှာတော့ ရှမ်းမြောက်မှာရှိတဲ့ နမ့်ကွတ် စခန်းကို သိမ်းပြီး ကျွန်တော်တို့ အထိုင်ချထားတယ်၊ ၂၀ ရက်နေ့မှာတော့ လိုင်လွမ်စခန်းကို ကေအိုင်အေက အပြီးသိမ်းတာ ဖြစ်ပါတယ်။

လဲလုံ(လိုင်လွမ်) စခန်းကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကတည်းက စပြီး တိုက်ပွဲ ဖြစ်ခဲ့တာပါ။ နေရာကတော့ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်မှာ ရှိပါတယ်။ (ဒေသအခေါ်ကတော့ အောင်ဂျာ စခန်းလို့ ခေါ်ပါတယ်။) တိုက်ပွဲ စဖြစ်တာကတော့ စစ်ကောင်စီက ကေအိုင်အေကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်း တစ်ကြောင်း စ၀င်လာခဲ့ရာကနေ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ရာကနေ အောက်တိုဘာ ၂၀ ရက်နေ့မှာ အဲဒီ လဲလုံ (လိုင်လွမ်)လို့ခေါ်တဲ့ သူတို့ ၃ နေရာလောက် အထိုင်ချထားတဲ့ တောင်ကုန်းလေး ၃ခုရှိပါတယ်။ တောင်ကုန်း ၃ ခုစလုံးကို ကေအိုင်အေက သိမ်းလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့က ဘယ်စခန်းသိမ်းမယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့တော့ မရှိပါဘူး။ ဒါပေမဲ့ စစ်ကျွံလာတဲ့အခါမှာ ကျွန်တော်တို့က တိုက်ရင်းနဲ့ပဲ တိုက်ပွဲတွေ ဖော်လိုက်တာ ဖြစ်ပါတယ်။

မုန်လိုင်ခက် ဖြစ်စဥ်

KIO

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, မုန်လိုင်ခက် စခန်း တိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှု အနေအထား

ဘီဘီစီ - အခု အောက်တိုဘာ လဆန်းပိုင်းတုန်းက ကေအိုင်အို ဌာနချုပ် လိုင်ဇာနားက မုန်လိုင်ခက် ရွာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်။ ဒါကို စစ်တပ်ဘက်ကတော့ အနားက အမိုနီယမ် နိုက်ထရိတ် သိုလှောင်ရာ ယမ်းတိုက်ပေါက်တာလို့ ပြောတယ် ။ ကေအိုင်အို အနေနဲ့ ဒီဖြစ်စဥ် ဖြစ်ပြီး ၁ ရက် ၂ ရက်အတွင်း လက်ဆုပ်လက်ကိုင် မပြနိုင်သေးတော့ အခု ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးတဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ဘာတွေ တွေ့ရှိထားလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - ကျွန်တော်တို့က သက်သေ မပြနိုင်တာ မဟုတ်ပါဘူး။ သက်သေ ဘာမှ ပြစရာမလိုလို့ကို မပြတာပါ။ ထုတ်ပြန်ချက်တွေ ဘာတွေ မလုပ်တာပါ။ ဘာလို့လဲ ဆိုတော့ ဒီနေရာဟာ စစ်ဘက်ဆိုင်ရာ စခန်းတစ်ခု မဟုတ်ပါဘူး။ သင်တန်းကျောင်း ဆိုပေမဲ့ အကြပ်သင်တန်းကျောင်းပါ။ ၂၀၀၄ ကနေ ၂၀၁၇ အထိ ဖွင့်ခဲ့တာပါ။ သင်တန်းကျောင်းဆိုတာ ယမ်းတိုက်တွေ မရှိပါဘူး။ သာမန် လေ့ကျင့်တဲ့ လက်နက်တွေနဲ့ပဲ လေ့ကျင့်တာ ဖြစ်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာအထိပဲ အကြပ်သင်တန်းကျောင်း ဖွင့်ပြီးတော့ နောက်ပိုင်းမှာ စစ်ဘက်ဆိုင်ရာ စခန်းမဟုတ်တော့ဘဲနဲ့ ဆေးရုံ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံဖွင့်ပြီးမှ ကိုဗစ်ကာလမှာ ကိုဗစ်စင်တာအဖြစ် စက်ကြီးတွေ၊ အောက်စီဂျင်စက်တွေ ထားတာ ဖြစ်ပါတယ်။ ကိုဗစ်လူနာတွေ အကုန်လုံးလည်း ထားတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီတော့ လူတိုင်းသိပါတယ်။ ဒါကြောင့် ဒီနေရာဟာ စစ်ဘက်ဆိုင်ရာ စခန်းမဟုတ်ဘူး။ လေ့ကျင့်ရေး စခန်းလဲ မဟုတ်ဘူး ။ ပြီးတော့ အဲဒီဘေးမှာက အများပြည်သူ ကားအ၀င်အထွက်လုပ်တဲ့ ဂိတ်ဖြစ်ပါတယ်။ ဟင်းလင်းပြင်၊ ကွင်းပြင် ဖြစ်ပါတယ်။ ပြီးရင် ဘေးမှာက IDP Camp စစ်ရှောင်စခန်း ရှိပါတယ်။ စခန်းက စစ်ရှောင်မိသားစု ၁၆၉ စု ရှိပြီး လူဦးရေ ၈၅၆ ဦး ရှိပါတယ် ။ ဒါ့အပြင် အဲဒီပတ်၀န်းကျင်မှာ ရွာနဲ့ ဆက်နေပြီး ရွာက အိမ်ခြေ ၆၀ လောက် ရှိပါတယ်။ တကယ်လို့ စစ်ကောင်စီ ကြေညာသလို ကျွန်တော်တို့ကြောင့် ဖြစ်တယ်ဆိုရင် ဒီလူပေါင်း ၁ ထောင်နီးပါးဟာ ငြိမ်နေမှာ မဟုတ်ပါဘူး။ လူတွေအများကြီး အသက်ဆုံးရှုံးရတယ် ဒဏ်ရာရကြတယ်ဆိုတော့ ကျွန်တော်တို့ကို အပြစ်တင်မှာ ဖြစ်ပါတယ်။ ဒီမှာ သွားလာနေသူ အကုန်လုံးကလည်း ဒါဟာ စစ်ဘက်ဆိုင်ရာ နေရာမဟုတ်ဘူး ဆိုတာ သိကြပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ တကူးတကအနေနဲ့ ကေအိုင်အိုက ကြေညာချက် ထုတ်တာ မလုပ်ဘဲနဲ့ လိုအပ်တဲ့ အထောက်အထားတွေကို သံတမန်တွေကို ပေးတာ ဖြစ်ပါတယ်။

ဘီဘီစီ - ဒါဆို တကယ့် ဖြစ်ရပ်အမှန်က လေကြောင်း တိုက်ခိုက်မှုလား။ ဒုံးကျည် ကျရောက် ပေါက်ကွဲတာလား။ ဘယ်လို အနေအထားလဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - ဘယ်လိုလက်နက်မျိုး ဆိုတာတော့ ကျွန်တော်တို့က အသေအချာ မသိနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ဖြစ်တဲ့ညမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ လက်နက်ကြီးတွေပစ်ပြီးနောက် ပေါက်ကွဲမှုတွေ ဖြစ်တယ်။ အခုထိ မကွဲသေးတဲ့ ကျည်တွေ အဲဒီပတ်၀န်းကျင်မှာ ရှိပါတယ်။ ခုလောလောဆယ် ကျွန်တော်တို့ မဖော်ရသေးဘူး။ နှစ်နေရာလောက်မှာ မပေါက်တဲ့ကျည်တွေ ရှိပါတယ်။

ပြီးတော့ နောက်တစ်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အဲဒီအမြောက် တပ်ဖွဲ့တွေကို ဆုငွေ ချီးမြှင့်တယ်လို့ ကျွန်တော်တို့ မိတ်ဆွေများပေးတဲ့ သတင်းတွေ အရ ကျွန်တော်တို့ ခိုင်ခိုင်လုံလုံ သိရပါတယ်။ အဲဒီတော့ ဒီအမြောက်တွေ ပစ်ရင်းနဲ့ တခြား ဘယ်လို လက်နက်တွေနဲ့ ပစ်သလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ အဓိကကတော့ အဲဒီမှာ ယမ်းတွေဘာတွေ ပေါက်ကွဲတာ မဟုတ်ဘူး ဆိုတာ အခိုင်အမာ ပြောလို့ ရပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီညမှာ ကျွန်တော်တို့ စစ်ဆေးရေးတွေ လုပ်တယ်။ ယမ်းအနံ့တွေ မရှိဘူး။ ယမ်းနဲ့ မီးလောင်ထားတဲ့ နေရာတွေ မရှိဘူး။ သူ့ရဲ့ ပြင်းအားနဲ့ လွှင့်ထွက်သွားတဲ့ဟာမျိုး ဖြစ်ပါတယ်။

မုန်လိုင်ခက် ဒုက္ခသည်စခန်းက သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့အမျိုးသမီးတွေ ပါ၀င်

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, မုန်လိုင်ခက် ဒုက္ခသည်စခန်းက သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့အမျိုးသမီးတွေ ပါ၀င်

တရုတ်ရဲ့ အခန်းကဏ္ဍ

ဘီဘီစီ - ဒီဖြစ်စဥ်က တရုတ်နယ်စပ်မှာ ဖြစ်တာဆိုတော့၊ စစ်တပ် ထုတ်ပြန်ချက်မှာလဲ တရုတ်နယ်စပ်က ရဲတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ် ပြောထားတော့၊ တရုတ်အာဏာပိုင်တွေက KIO ကို တိုက်ရိုက် ပြောကြားတာတွေ ရှိလား ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - အခင်းဖြစ်ပြီးတာနဲ့ တရုတ်အစိုးရက ကျွန်တော်တို့ကို ချက်ချင်း အခြေအနေ မေးပါတယ်။ ကျွန်တော်တို့ကလဲ ရထားတဲ့ အထောက်အထားတွေ သူတို့ကို ပေးပါတယ်။ ပြီးတော့ တရုတ်နိုင်ငံဟာ အင်အားကြီး တစ်နိုင်ငံ ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက်မှာ သူ့ရဲ့ ရေဒါ စခန်းတွေ ရှိပါတယ်။ အဲဒီတော့ နယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တာတွေကို ကျွန်တော်တို့ကို မမေးဘဲနဲ့ အကုန်သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အဖြစ်မှန်တွေ ဘယ်လို ရှိသလဲ ဆိုတာ တင်ပြတယ်။ သူတို့ အနေနဲ့ကတော့ နယ်စပ်မှာ တည်ငြိမ်မှု ရှိစေချင်တယ်။ အဲတော့ သူတို့ စစ်ကောင်စီကိုလဲ ပြောမယ် ကျွန်တော်တို့ကိုလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါလို့ပဲ ပြောတယ် ။ အထူးအထွေတော့ ကျွန်တော်တို့ကို ပြောတာ မရှိပါဘူး။ သူတို့ နယ်စပ်မှာ ရှိတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အထူးသံတမန် မစ္စတာ တိန်ရှီကျွင်း ကိုယ်တိုင် တိုက်ရိုက်မေးပါတယ် ။ ကျွန်တော်ကလဲ သူ့ကို သေသေချာချာ ရှင်းပြပါတယ်။

တိန်ရှီကျွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျွင်း

ဘီဘီစီ - စစ်ကောင်စီတပ်တွေက လိုင်ဇာ ဌာနချုပ်နားအထိ လာတိုက်တာမျိုးတွေ ရှိလာတဲ့အပေါ် ကေအိုင်အေအနေနဲ့ ပြင်ဆင်ထားမှုတွေ ဘယ်လို ရှိထားလဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - လိုင်ဇာဘက်မှာတော့ လက်နက်ကြီးနဲ့ အမြဲတမ်း ပစ်နေတာပါ ။ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ် လက်နက်ကြီးတဲ့ ပစ်တာ ဖြစ်ပါတယ်။ အ၀ေးကနေ လက်နက်ကြီးနဲ့ ပစ်တာ တောက်လျှောက်ပါပဲ။ ခြေလျင်တပ် မရောက်တာ တစ်ခုပါပဲ ။ အဲဒါ အနီးဆုံး တိုက်ပွဲကတော့ ခုနက ပြောတဲ့ မြစ်ကြီးနာ-ဗန်းမော်လမ်းပေါ်က လဲလုံစခန်းကတော့ အနီးဆုံး တိုက်ပွဲ ဖြစ်ပါတယ်။ ဒီဘက်ကို ကူးလာတာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ လက်နက်ကြီးကတော့ အချိန်မရွေး ပစ်လို့ရနေတော့ တောက်လျှောက် ပစ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က သတင်းမထုတ်တာပဲ ရှိတာ တစ်ခါတလေ တစ်ပတ်မှာ လေးရက်၊ ငါးရက် ညတိုင်း ဆက်တိုက်ပစ်နေတာ ဖြစ်ပါတယ်။ ဒါက လိုင်ဇာ အခြေအနေပါ။

နယ်စပ်မှာကျတော့ အိမ်နီးချင်း တရုတ်နိုင်ငံ အစိုးရကလဲ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အမြဲတမ်းပြောပါတယ် ။ အဲဒီတော့ ကျွန်တော်တို့ဘက်က စပြီး နယ်စပ်မှာ တစ်ခုခု လုပ်တာမျိုးကို သတိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လဲလုံ-အောင်ဂျာစခန်းကတော့ သူစည်းကျော်လာတဲ့အခါမှာ ဒီနေရာကို ကျွန်တော်တို့က မရ ရအောင် ပြန်ယူလိုက်တဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကစပြီး နယ်စပ်ဒေသမှာ တိုက်ပွဲ မဖော်တာပဲ ဖြစ်ပါတယ်။

KIO
ဓာတ်ပုံ ပုံစာ, ချေမှုန်းရေး စကားကို ရှောင်သင့်ပြီး ချုပ်ငြိမ်းရေး ကို သုံးသင့်တယ် ဗိုလ်ချုပ်ဂွမ်မော် ပြော

အစိုးရအဆက်ဆက်နဲ့ KIO

ဘီဘီစီ - ကေအိုင်အို အနေနဲ့ အရင် စစ်အစိုးရနဲ့လည်း ဆက်ဆံခဲ့ဖူးတယ်။ အရပ်သား အစိုးရနဲ့လည်းကြုံခဲ့ဖူးတယ်၊ လက်ရှိ စစ်တပ် အုပ်ချုပ်နေသူတွေနဲ့လဲ ဆက်ဆံဖူးတော့ လက်ရှိ မြန်မာမှာ ကြုံနေရတဲ့ အခြေအနေကို ဘယ်လို သုံးသပ်လဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - ကျွန်တော်တို့က ၁၉၉၄ မှာ အပစ်အခတ် ရပ်ဆိုင်းရေးလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း တက်လာတဲ့ အစိုးရ အဆက်ဆက်က အပစ်ရပ်ဆိုင်းရေး အနေအထားကို နောက်ဆုံးပန်းတိုင် အဖြစ် လုပ်ချင်တာ ဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေးမှာ ကေအိုင်အိုကို ပြန်လည်ပူးပေါင်းခွင့် မပေးပါဘူး။ ဟိုဘက်ပိုင်း (အပစ်ရပ်ပြီးနောက်ပိုင်း)မှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက မရှိတော့ဘူးလို ဖြစ်ပါတယ်။ အဲဒါကတော့ အစိုးရတွေ အားလုံးတစ်လျှောက်လုံးပေါ့နော်။ နောက်ပိုင်း ဦးသိန်းစိန် အစိုးရ တက်လာတော့တောင် ဒါမျိုးက တစ်ပိုင်းတစ်စ ပါလာပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) ကို လက်မှတ်မထိုးတာ ဖြစ်တယ်။ အဲဒီနောက်ပိုင်း NLD အစိုးရ တက်လာတဲ့အခါ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အစိုးရနဲ့ တိုက်ရိုက်ပြောတာမျိုး မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ NCA ခေါင်းစဥ်နဲ့ သွားတဲ့အခါမှာ ကျွန်တော်တို့က အဲဒီမှာ ပြန်ပြီး ပါ၀င်ပတ်သက်မှု မရှိတော့ပါဘူး။

ဒါကြောင့်ခြုံပြီးပြောရရင် ကျွန်တော်တို့ ဆက်ဆံခဲ့တဲ့ အတွေ့အကြုံအရ အစိုးရ အဆက်ဆက်ဟာ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ ဒီတော်လှန်ရေး အဖွဲ့တွေကို ပါ၀င်ခွင့် မပေးချင်ဘူး။ ငြိမ်းချမ်းရေးလို့ပြောတာက အပစ်ရပ်ရေး စာချုပ် ချုပ်တဲ့ အထိပဲ။ ဒါဟာ End Game (အဆုံးသတ်ပွဲ) တစ်ခုပဲလို့ သူတို့က သတ်မှတ်လေ့ ရှိတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရှေ့မတိုး နိုင်တာ ဖြစ်ပါတယ်။

Gen GunMaw

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, "ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင် စနစ်၊ အာဏာရှင် စနစ် မှန်သမျှ အကုန်လုံး ချုပ်ငြိမ်းရမယ်။"

လက်ရှိအကျပ်အတည်း ဘယ်လောက်ကြာမလဲ။

ဘီဘီစီ - လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက ရှေ့မတိုး နောက်မဆုတ် အခြေအနေ မှာ ရှိနေပြီး ဒီအခြေအနေက ဘယ်လောက် ကြာမယ်ထင်လဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - ကျွန်တော်တို့က ၂၀၂၁ ဖေဖော်၀ါရီ ၁ ရက်နေ့ကစပြီး ကြားကာလလို့ ပြောနေကြတာပေါ့နော်။ နွေဦးတော်လှန်ရေး ဖြစ်တယ်။ ကြားကာလလည်း ဖြစ်တယ်။ ကြားကာလကို ကေအိုင်အိုက ဖွင့်ဆိုတာက ၂၀၂၁ ဖေဖော်၀ါရီ ၁ ရက်နေ့ကစပြီး ပြည်ထောင်စုတွင် ခိုင်မာသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့် အချိန်အထိ လို့ သတ်မှတ်ပါတယ်။ ပြည်ထောင်စုတွင်လို့ ကျွန်တော်တို့က သုံးပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံလို့ မသုံးပါဘူး။ ဒါဟာ ၅ နှစ်ထက် မကျော်သင့်ဘူးလို့ ကျွန်တော်တို့က ခံယူပါတယ်။ သို့သော်လည်း ဘယ်လောက်ကြာမလဲ ဆိုတာကတော့ ကျွန်တော်တို့ အားလုံးရဲ့ ကြိုးစားမှု၊ နားလည်မှု၊ ညှိနှိုင်းမှုတွေ၊ တိုက်ပွဲတွေ အပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လောက်ကြာမလဲ ခန့်မှန်းတာထက်၊ ဒီကြားကာလ အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်၊ စစ်နဲ့ လုံးပန်းနေတဲ့ အချိန်က ၅ နှစ်ထက် မကျော်သင့်ဘူးလို့ ကျွန်တော်က ပြောချင်ပါတယ်။

ဘီဘီစီ - ရှေ့ပြီးတော့ကော ဘာတွေဆက် ဖြစ်လာမယ် ထင်လဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - အဖြေတစ်ခု ရအောင် ရှာရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒါတွေကို အခုမှ ၂၀၂၁ ဖေဖော်၀ါရီမှ ဒီစကား ပြောတာ မဟုတ်ပါဘူး။ ၂၀၁၈ ကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကို ပွင့်ပွင့်လင်းလင်း ပြောထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောတာကတော့ ၂၀၂၅ နောက်ဆုံးထားပြီး အဖြေရှာသင့်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေ ပြောနေတာကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်လို့။ ဒါကြောင့်မို့ ဒီအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ဦးဆောင်ပါ။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မှုမှာ ကျွန်တော်တို့က ပါ၀င်မယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအယူအဆကို လက်မခံဘူး ဆိုရင် ၂၀၂၅ ကျော်သွားရင် ဒီအယူအဆကြီးက ပြောင်းသွားမယ်။ တပ်မတော်ဟာ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါမလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲတော့ ဒီလို Concept တွေ ပြောင်းသွားမယ်လို့ ၂၀၁၈ အကုန်ပိုင်း ကတည်းက ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း နဲ့ Message ပို့ထားပြီးသား ဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့ သဘောထား ဖြစ်ပါတယ်။

ဘီဘီစီ - လက်ရှိမှာ လူထုဟာ ဆိုးရွားတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတာ နှစ်နဲ့ချီ ရှိလာနေပြီ ဆိုတော့ အခုလို အခြေအနေမှာ လူထုကို ဘာများ ပန်ကြားလိုလဲ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - ပထမတစ်ချက် ကတော့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေးပြီးတော့ ပြတ်ပြတ်သားသား လုပ်ဖို့ လိုပါတယ်။ ဒုတိယ တစ်ချက်ကတော့ ကျွန်တော်တို့ အဖြေရှာတဲ့ နေရာမှာ နှစ်ဖက်မျှပြီး စဥ်းစားဖို့ လိုပါတယ်။ ကျွန်တော်တို့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ နွေဦးတော်လှန်ရေး အဖွဲ့တွေကိုကော စစ်ကောင်စီကိုကော ကျွန်တော်တို့ ပြောနေတာ နှစ်ချက် ရှိပါတယ်။

အဲဒါကတော့ (၁) အချက်ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချေမှုန်းရေးဆိုတဲ့ စကားလုံးကို ရှောင်သင့်တယ်။ ချုပ်ငြိမ်းရေး ဆိုတဲ့ စကားကို သုံးသင့်တယ်။ ဥပမာ အခု စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်။ တကယ်လို့ စစ်ကောင်စီက ရှုံးသွားတယ် ဆိုရင် သူက ဘယ်ကို ထွက်ပြေးမှာလဲ။ သူလဲမြန်မာနိုင်ငံသားတွေပဲလေ။ ဥပမာ ယူကရိန်းမှာ ဆိုရင် ရုရှားက သူ့ရုရှားကို ပြန်သွားမှာပဲ။ ဒါပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက ဘယ်ကို ထွက်ပြေးမှာလဲ။ မဟုတ်လို့ ရှိရင် အကုန်လုံးကို ကျွန်တော်တို့က ချေမှုန်းလိုက်မှာလား။ အဲတော့ ချေမှုန်းရေး ဆိုတဲ့ စကားကို ကျွန်တော်တို့က မသုံးဘဲနဲ့ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင် စနစ်၊ အာဏာရှင် စနစ် မှန်သမျှ အကုန်လုံး ချုပ်ငြိမ်းရမယ်။ ဒါကြောင့်မို့ ချုပ်ငြိမ်းရေး ဆိုတဲ့ စကားလုံးကို သုံးပါတယ်။ ကျွန်တော်တို့က နှစ်ဖက်စလုံးကို ပြောပါတယ်။

ဒုတိယအချက်ကတော့ ကျွန်တော်တို့ တိုက်ပွဲတွေ ဖြစ်တဲ့အခါ တကယ်ပဲ လူ့ အသက်တွေ အများကြီး ဆုံးရှုံးလာရတယ်။ အမှားတွေ အများကြီး ရှိလာနိုင်တယ်။ သို့သော်လည်းပဲ တစ်ချိန်ချိန်မှာ ခွင့်လွှတ်လို့ မရနိုင်တော့တဲ့ အမှားတွေ ရှောင်ကြဥ်နိုင်ရမယ် ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု အပါအ၀င် တော်လှန်ရေး အဖွဲ့တွေ အကုန်လုံး သဘောထား ရှိရမှာ ဖြစ်ပါတယ်။

တတိယ အချက်ကတော့ ဒီတော်လှန်ရေး အောင်မြင်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်ရမယ် ဆိုတဲ့ အခါမှာ အကုန်လုံးကို ချေမှုန်းလိုက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကလဲ စဥ်းစားဖို့ လိုပါတယ်။ ပြန်လည်ပေါင်းစည်းရေး ဘယ်လို လုပ်ကြမလဲ၊ ဒီအဖြေကို ရှာဖို့လိုပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အပြန်အလှန် အငြင်းပွားနေတာမဟုတ်ဘဲနဲ့ တစ်ဖက်က တိုက်ပွဲတွေ ဖြစ်နေပေမဲ့လည်း တကယ်ပဲ ကိုယ့်ရဲ့ အတွေးတွေကို ရှင်းရှင်း ထားပြီးမှ ရှေ့ရေးကို မြင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

PDF တွေဟာ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နေနိုင်ပြီလို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, PDF တွေဟာ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နေနိုင်ပြီလို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

PDF တွေကို ဘယ်လို ကူညီလဲ

ဘီဘီစီ - ကေအိုင်အို နယ်မြေမှာ စတင်ပေါက်ဖွားခဲ့တဲ့ အေအေဟာ အခုဆို ရခိုင်မှာ ဒေသခံတွေရဲ့ ထောက်ခံမှုနဲ့၊ သူတို့ဒေသတွင်း စိုးမိုးမှုလည်း ရှိလာတယ်။ အခုလက်ရှိ PDF တွေကိုကော ရေရှည်မှာ ကေအိုင်အို အနေနဲ့ ဘယ်လို အနေအထားနဲ့ အကူအညီပေးသွားဖို့ ရှိလဲ ။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော် - PDF က သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်နေနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ။ အစဦးပိုင်းမှာ ကျွန်တော်တို့က သင်တန်းတွေပေးတယ်။ ထောက်ပံ့မှု အနည်းငယ်ပေးတယ်၊ သိပ်များများတောင် မဟုတ်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့က PDF တွေနဲ့ စစ်ကိုင်းတိုင်းဘက်မှာ တိုက်ပွဲတွေ ၀င်တယ်။ သူတို့ တိုက်ပွဲ အတွေ့အကြုံ မရှိခင်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပြီးမှ တိုက်ပွဲတွေမှာ ပါဝင်ပြီးမှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့က အတွေ့အကြုံရှိနေပါပြီ ။ အသေးစား လက်နက် ပြုပြင်ရေး ကအစ လုပ်နိုင်နေပါပြီ ။ ကျွန်တော်တို့ ဒေသမှာ PDF အမြောက်အမြား လာပြီး နေတာ မရှိပါဘူး။ နည်းနည်းပါးပါးပဲ သင်တန်းတက်တာ ရှိပါတယ်။ PDF ကို ကျွန်တော်တို့က ကူညီတယ် ဆိုတာက အခုနောက်ပိုင်းမှာတော့ စိတ်ဓါတ်ရေးရာ အရပဲ အဓိက ကူညီနေတာ ဖြစ်ပါတယ်။ သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ အင်တာဗျူးအပြည့်အစုံကို BBC Burmese Youtube ချန်နယ်လ်မှာ မကြာခင် ထုတ်လွှင့်ပေးမှာမို့ ဝင်ရောက် ကြည့်ရှုနိုင်ကြပါတယ်။