ကိုးကန့် ဘီလီယံနာမိသားစုတွေ သောကပွေချိန်

ပယ် မိသားစု၊ ဝေ မိသားစု ၊ လျို မိသားစု နဲ့ မြီ မိသားစု
ဓာတ်ပုံ ပုံစာ, ပယ် မိသားစု၊ ဝေ မိသားစု ၊ လျို မိသားစု နဲ့ မြီ မိသားစု

ကိုးကန့်ရဲ့ အထင်ကရမိသားစုတွေထဲ ကိုးကန့်စော်ဘွား ရန်ကျင့်ဆိုင် ကစလို့ အေးရှားဝေါ တည်ထောင်သူ ဘိန်းဘုရင် လော်စစ်ဟန် နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုရော စစ်တပ်ကိုပါ ပုန်ကန်တဲ့ ဖုန်ကြားရှင် တို့က ထင်ရှားပါတယ်။

ဒါပေမဲ့ လက်ရှိ ကိုးကန့်ရဲ့ အချမ်းသာဆုံးမိသားစုဘွဲ့ကို ခံယူထားသူတွေကတော့ အဲဒီ မိသားစုတွေထဲက မဟုတ်ပါဘူး။

ဖုန်ကြားရှင်ရဲ့ သြဇာခံဟောင်းတွေဖြစ်တဲ့ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ဟာ ဖုန်မိသားစု ခေတ်အလွန်မှာ သြဇာရော ဓနပါ အင်အားကြီးထွားလာကြတာပါ။

ဒီမိသားစု လေးစု ပိုင်တဲ့ ကာစီနိုဝိုင်းတွေရဲ့ နှစ်ချုပ်စာရင်းဟာ ယွမ်သန်းချီ အထိ အလျော်အစား ရှိနိုင်တယ်လို့ ကိုးကန့်စီးပွားရေးအသိုင်းအဝိုင်းကခန့်မှန်းကြပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) နှိမ်နင်းမှုနဲ့အတူ အချမ်းသာဆုံးမိသားစု လေးစုအတွက် အခြေအနေတွေဟာ မျက်လှည့်ပြလိုက်သလို ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အခက်ခဲဆုံးအခြေအနေထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဖုန်ခေတ်အလွန် မိသားစု ၄ စု

မဲဆွယ်စည်းရုံးရေးကာလမှာ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နဲ့အတူတွေ့ရတဲ့ မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, KKN

ဓာတ်ပုံ ပုံစာ, မဲဆွယ်စည်းရုံးရေးကာလမှာ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (လေးယောက်မြောက်) နဲ့အတူတွေ့ရတဲ့ မိသားစုတွေ

ဒီမိသားစု လေးစု သြဇာကြီးမားလာမှုဟာ ၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲကနေ မြစ်ဖျားခံပါတယ်။

ကိုးကန့်ရဲ့ အုပ်ချုပ်သူ ဖုန်မိသားစုကို မြန်မာစစ်တပ်က တိုက်ထုတ်လိုက်ချိန်မှာ ဖုန်ကြားရှင်ရဲ့ တပည့် ပယ်ဆောက်ချိန် နဲ့ မြီရှောက်ချင်း တို့ဟာ ဖုန်ကြားရှင် နဲ့ လိုက်မသွားဘဲ စစ်တပ်ရဲ့ အရိပ်ကို ခိုခဲ့ကြပါတယ်။

ဒါကြောင့် ပယ်အိမ် နဲ့ မြီ အိမ်ဟာ ဝေအိမ် နဲ့ လျို အိမ်ထက် ဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်က ရန်ငြှိုးဖွဲ့ခြင်းကို ပိုခံကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၀ ရွေးကောက်ပွဲမှာ ပယ်ဆောက်ချိန် အမတ်ဝင်အရွေးခံခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

မြီရှောက်ချင်းကတော့ လောက်ကိုင်ရဲ့ပြည်နယ်အမတ်ဖြစ်လာပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဦးစီးအဖွဲ့ဝင် ဖြစ်လာပါတယ်။

ဝေ အိမ်က ဝေစန်းက အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ် ရဲ့ ဗိုလ်မှူးကြီးဝေစန်း ဖြစ်လာပါတယ်။

လျိုအိမ်က လျိုအားပေါက်ကတော့ လက်နက်ကိုင်ရာထူး နဲ့ နိုင်ငံရေးရာထူးတွေထက် စီးပွားရေးကိုပဲ အားသန်ခဲ့ပြီး လက်ရှိမှာ လောက်ကိုင်မြို့ရဲ့ အချမ်းသာဆုံး ဖူလီလိုက်စီးပွားရေးအင်ပါယာ ကို ထူထောင်ထားနိုင်ပါတယ်။

ပယ်ဆောက်ချိန်၊မြီရှောက်ချင်း၊ဝေစန်း နဲ့ လျိုအားပေါက် တို့ဟာ သူတို့ရဲ့ မျိုးဆက်တွေ ကို လက်နက်ကိုင်ရာထူးနဲ့ နိုင်ငံရေးရာထူးတစ်ခုမဟုတ်တစ်ခုမှာ ထည့်သွင်းထားပြီး ကိုးကန့်မှာ သြဇာဆက်လက်ထူထောင်စေပါတယ်။

နိုင်ငံရေးမှာလွှတ်တော်ထဲအထိရောက်ခဲ့ကြတဲ့ ဒီမိသားစုဝင်တွေဟာ တရုတ်နိုင်ငံသားမှတ်ပုံတင်ကတ်ရော မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်တွေပါ ကိုင်ဆောင်ထားကြတာက အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။

ဒါကိုတော့ တရုတ်ဘက်ကရော စစ်တပ်ဘက်ကပါ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

ပယ် မိသားစုက ပယ်စိမ်း လုပ်ငန်းစု၊ မြီ မိသားစုက ယွီရှန်ကုမ္ပဏီအုပ်စု၊ လျို မိသားစုက ဖူလီလိုက် လုပ်ငန်းစု နဲ့ ဝေ မိသားစု က ဟိန်းလီ လုပ်ငန်းစုတို့ကိုပိုင်ဆိုင်ပြီး တခြားနာမည်တွေ နဲ့ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းခွဲတွေအများအပြားလည်း ရှိနေပါတယ်။

တရားဝင်ရော တရားမဝင်ငွေကြေးတွေပါ ဘီလီယံချီလှည့်ပတ်စီးဆင်းနေတဲ့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုအတိုင်းအဆကို ဘယ်သူမှမခန့်မှန်းနိုင်ကြပါဘူး။

ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ နဲ့ ဝန်ထမ်း ထောင်ချီကို အလုပ်ပေးထားတာကို ကြည့်တာနဲ့တင် ဒီမိသားစု လေးစုက ဘီလီယံနာတွေ ဆိုတာ သိသာစေပါတယ်။

မူးယစ်ဆေးဝါးကနေ မြစ်ဖျားခံလာတဲ့ သူတို့ရဲ့ ကြွယ်ဝမှုတွေကို ကာစီနိုလုပ်ငန်းတွေက ဆပွား ပေးခဲ့တယ်လို့ မိသားစုလေးစုရဲ့ မိတ်ဆွေတွေက ဘီဘီစီကိုပြောပါတယ်။

မြေပြန့်က သူဌေးတွေထက် ထူးခြားတာကတော့ သူတို့ဟာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေရှိပြီး ပြည်မမှာ မရနိုင်တဲ့ လွတ်လပ်ခွင့်တွေ ရနေကြတာပါ။

အိမ်တစ်အိမ်စီက မိသားစုဝင်တွေ အပြင်ထွက်ရင် ပွိုင့်ကား နဲ့ လုံခြုံရေးယာဉ်တန်းတွေ ခြံရံထွက်ကြပါတယ်။

သူတို့ရဲ့ မွေးနေ့ပွဲတွေ၊ မင်္ဂလာဆောင်တွေ နဲ့ ကုမ္ပဏီနှစ်ပတ်လည်ပွဲတွေကို အကြီးအကျယ် ဆင်နွှဲလေ့ရှိပြီး တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံက ထင်ရှားကျော်ကြားသူတွေ နဲ့ အနုပညာရှင်တွေကို ခေါ်ယူဧည့်ခံလေ့ရှိပါတယ်။

သူတို့ရဲ့ ခမ်းနားတဲ့ စံအိမ်တော်တွေအပြင် များပြားလှတဲ့ သူတို့ပိုင်ဆိုင်တဲ့ ဟိုတယ်တွေမှာ မူးယစ်ဆေးဝါး၊ လောင်းကစား နဲ့ ပျော်ပါးစရာတွေ စုံလင်ပါတယ်။

လောက်ကိုင်မြို့ကို ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ရောက်ရှိလာပြီးတဲ့အချိန်မှာတော့ တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုနဲ့အတူ ဒီလို ဝင့်ကြွားပျော်ရွှင်စရာဟာ ငြိမ်သက်သွားပါတော့တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံထဲက ကုန်စည်ပြပွဲ တစ်ခုကို ဖိတ်ခေါ်ခံရပြီး နောက် ဖမ်းဆီးခံလိုက်ရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးထဲမှာ မြီ အိမ်၊ ဝေအိမ် နဲ့ လျို အိမ် က မိသားစုဝင်တွေပါ အဖမ်းခံရပါတယ်။

ပယ်အိမ် ကိုပါ ဖိတ်ကြားခဲ့ပေမဲ့ လိုက်မသွားခဲ့လို့ သက်သာရာရခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်နွှယ်တဲ့ ဒီဖမ်းဆီးမှုဟာ မိသားစုလေးခုအတွက် ကနဦးမျှသာဖြစ်ပြီး နောက်ဆက်တွဲဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီထဲ ကံအဆိုးဆုံးက မြီမိသားစု ပဲဖြစ်ပါတယ်။

၁၀၂၀ ဖြစ်စဉ် နဲ့ မြီ မိသားစုရဲ့ ကြမ္မာဆိုး

မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်းတို့ကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ တရုတ်အာဏာပိုင်တွေကခေါ်ဆောင်သွားစဉ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်းတို့ကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ တရုတ်အာဏာပိုင်တွေခေါ်ဆောင်သွားစဉ်။

ကျားဖြန့်နဲ့ ဆက်နွှယ်ပြီး တရုတ်ဘက်က အလိုရှိနေတဲ့ သူဌေးကြီး မြီရှောက်ချန်း ဟာ ကိုယ့်ကိုကိုယ် ပစ္စတို နဲ့ အဆုံးစီရင်သွားတယ် လို့ စစ်ကောင်စီက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မြီ မိသားစုအကြောင်းဟာ ရုပ်ရှင်ဆန်တဲ့ ဖြစ်ရပ်တစ်ခုအဖွယ် လူ ပြောများခဲ့ပါတယ်။

တကယ်တော့ မြီရှောက်ချန်းရဲ့ ဘဝကလည်း ရုပ်ရှင်ဆန်သလို သူ့သားသမီးတွေရဲ့ထူးဆန်းတဲ့ အမူအကျင့်တွေကြောင့်လည်း မိသားစုလေးစု ကြားထဲသာမက ကိုကန့် ကမ္ဘာမှာပါ ပြောစမှတ်ဖြစ်ပါတယ်။

ကွမ်းလုံမြို့နယ်ထဲက နမ့်ဟူးရွာမှာမွေးတဲ့ မြီရှောက်ချန်းရဲ့ အစောပိုင်းကာလ စီးပွားရေးက ဘိန်းကုန်ကူးတာဖြစ်ပါတယ်။

ဝ ဒေသ ပန်လုံ နဲ့ ဟိုပန် တဝိုက်က ဘိန်းစိုက်ခင်းတွေအထိကိုယ်တိုင်သွားဝယ်ပြီး လောက်ကိုင်မှာ ဘိန်းဖြူအဆင့်အထိရောက်အောင် ထုတ်လုပ်ပြီး စျေးကွက်ထဲ ဖြန့်ဖြူးပါတယ်။

သူဟာ ကိုးကန့်တွေကြားမှာ စကားပြောကောင်းသူအဖြစ် ကျော်ကြားပေမယ့် ဗမာစကားကို တော့ ထမင်းစားရေသောက်လောက်ပဲ ပြောတတ်ပါတယ်။

မြီရှောက်ချန်း

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, မြီရှောက်ချန်း

ကိုးကန့်ခေါင်းဆောင်ဖြစ်လာတဲ့ ဖုန်ကြားရှင်ကို သစ္စာခံခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်က စစ်တပ်နဲ့ တိုက်ပွဲမှာ မြီရှောက်ချန်းက လက်နက်တွေထုတ်မပေးလို့ ၃ ရက်ထဲနဲ့ စစ်ရှုံးရတာလို့ ဖုန်အုပ်စု က ယုံကြည်ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မှာ မြီရှောက်ချန်း ဟာ လောက်ကိုင်ရဲ့ ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်အမတ်ဖြစ်လာပြီး ကိုးကန့်မှာ သူ့သြဇာကို တည်ထောင်လာခဲ့ပါတယ်။

မြီရှောက်ချန်းမှာ သားသမီးသုံးယောက်ရှိပြီး မြီရှောက်အန်း၊ မြီကော်ဖျင် နဲ့ သမီးဖြစ်သူ မြီကျူးလန့် တို့ဖြစ်ပါတယ်။

သားအကြီး မြီရှောက်အန်းဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ခံ အမှတ် (၂၁) လုံခြုံရေးရဲတပ်ရင်းရဲ့ ရဲမှူးဖြစ်ပါတယ်။

သားအငယ် မြီကော်ဖျင်က ရွှေယင်စီး ပြည်သူ့စစ်ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

မြီရှောက်အန်းရဲ့ ထူးဆန်းတဲ့ ဝါသနာ အရ ကျားတွေ၊ခြင်္သေ့တွေ နဲ့ ဝက်ဝံတွေသာမက ဆင်ပါ မွေးထားပါတယ်။

တိရစ္ဆာန်ရုံအငယ်စားလေးလို ဖြစ်နေတဲ့ အဲဒီခြံဝန်းကို ကိုးကန့်ဘာသာစကား နဲ့ ‘’ဝေါ့ဟူရှမ်းကျွမ်း’’ (ကျားစံအိမ်) လို့ မြို့ခံတွေက ခေါ်ဝေါ်ကြပါတယ်။

မြီရှောက်အန်းဟာ မြင်းတွေလည်း မွေးထားပြီး သူ့ရဲ့လုံခြုံရေးတပ်ဖွဲ့ တွေ ခြံရံပြီး လောက်ကိုင်မြို့ရဲ့ လမ်းတွေပေါ်မှာ မြင်းစီးထွက်လေ့ရှိပါတယ်။

 မြီရှောက်အန်း

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, မြီရှောက်အန်း

၂၀၂၂ ခုနှစ်ထဲမှာ ညဘက် မြင်းစီးထွက်ရင်း မတော်တဆမှု ဖြစ်ရာကနေ မြီရှောက်အန်း ဟာ ဒဏ်ရအပြင်းအထန်ရခဲ့ပါတယ်။

ထိုင်းနဲ့ စင်္ကာပူအထိ သွားရောက်ကုသခဲ့ပေမဲ့ ပြန်မကောင်းလာတော့ဘူး လို့ မိသားစု နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒါက မြီမိသားစုအတွက် ကံဆိုးမှု အစပျိုးကာလပဲ ဖြစ်ပါတယ်။

မြီအိမ်အတွက် နောက်ထပ် သောကပွေစရာတွေက ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာ ဆက်တိုက်ရောက်လာပါတယ်။

တရုတ်နိုင်ငံက ကုန်စည်ပြပွဲကို သွားရောက်ရင်း အောက်တိုဘာ ၁ ရက်မှာ အဖမ်းခံရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲ မြီကျူးလန့်ရဲ့ ခင်ပွန်း ရန်လောက်ဟွာ လည်း ပါဝင်ခဲ့ပါတယ်။

၁၀၂၀ ဖြစ်ရပ်လို့ ခေါ်ကြတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက် က မြီမိသားစုပိုင်ဆိုင်တဲ့ ‘’ဝေါ့ဟူရှမ်းကျွမ်း’’ က ကျားဖြန့်လုပ်ငန်းမှာ ပစ်ခတ်မှုအပြီးမှာတော့ မြီ မိသားစုဟာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့အမျက်ဒေါသ နဲ့ ရင်ဆိုင်ရပါတော့တယ်။

အဲဒီညက‘’ဝေါ့ဟူရှမ်းကျွမ်း’’ က ကျားဖြန့် ဝန်ထမ်း ရာဂဏန်းကို ရွှေ့ပြောင်းနေတုန်း ထွက်ပြေးကြလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ဆယ်ဂဏန်းအထိ သေဆုံးတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

‘’အဲဒီတုန်းက ကျားဖြန့်တွေဝင်စစ်နေတဲ့အချိန် ၊ ဝေါ့ဟူရှမ်းကျွမ်း ကို လာစစ်တော့မယ့်အချိန်မှာ စစ်ပြီးသားနေရာတွေကို ရွှေ့တာ။ ရွှေ့တဲ့အချိန် ထွက်ပြေးကြတာ’’ လို့ လောက်ကိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲ အသွင်ယူထားတဲ့ တရုတ်ထောက်လှမ်းရေးတွေပါ ပါဝင်တယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကပြောပြီး ဒီဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ မြန်မာဘက်ခြမ်းက အာဏာပိုင်တွေကိုသာမကဘဲ မြီရှောက်ချန်းကိုပါ တရုတ်ကဖိအားခဲ့ပါတယ်။

နိုဝင်ဘာ ဒုတိယအပတ်ထဲမှာတော့ တရုတ်က မြီရှောက်ချန်းအပါအဝင် မြီကော်အန်း၊ မြီကျူးလန့် နဲ့ မြီရှောက်အန်းရဲ့ သမီး မြီကြိမ်းကြိမ်း တို့ကို ဝရမ်းထုတ်ခဲ့ပါတယ်။

မြီရှောက်အန်း အိပ်ယာထဲလဲနေချိန်မှာ သမီး မြီကြိမ်းကြိမ်းက သူ့အဖေတာဝန်ယူထားတဲ့ စီးပွားရေးတွေကို ဝင်ရောက်ဦးစီးခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နိုဝင်ဘာ ၁၁ ရက်မှာ ညမှာ မြီကျူးလန့်ရဲ့ ခင်ပွန်း ရန်လောက်ဟွာရဲ့ ထွက်ဆိုချက်ရုပ်သံကို တရုတ်ဘက်က ထုတ်လွှင့်ခဲ့ပြီး လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့် )လုပ်နေတဲ့ တရုတ်လူမျိုးတွေကို တရုတ်အစိုးရ ဆီ လွှဲပေးဖို့ မိသားစုဝင်တွေကို တိုက်တွန်းစေခဲ့ပါတယ်။

မြီမိသားစုကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် နိုဝင်ဘာ ၁၄ ရက်မှာတော့ လောက်ကိုင်မြို့၊ ပါစင်ကျော်ရွာအနီးက မြီ အိမ် မီးလောင်ခဲ့ပါတယ်။

လောက်ကိုင်မြို့မှာ မြီ မိသားစုပိုင်ဆိုင်တဲ့ အဆောက်အဦတွေ များပြားပေမဲ့ မြီရှောက်ချန်းရဲ့ ကတော့ ပါစင်ကျော်အိမ်မှာပဲ နေပါတယ်။

မြီရှောက်ချန်း ရဲ့ မွေးနေ့တွေကို အဲဒီအိမ်မှာပဲ ပြုလုပ်ခဲ့ပြီး ကျားဖြန့်သူဌေးတွေက မွေးနေ့လက်ဆောင်အဖြစ် တရုတ်ငွေတစ်ရာတန်တွေကို ပီနံအိတ်လိုက်ပေးခဲ့တဲ့အကြောင်း မွေးနေ့ပွဲတက်ရောက်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဘီဘီစီက ရရှိတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ မြီအိမ်ဝင်း ထဲမှာ အပျက်အစီးတွေ နဲ့ လူသူကင်းမဲ့နေတဲ့ အိမ်တစ်လုံးအဖြစ်ရောက်ရှိသွားတာ တွေ့ရပါတယ်။

ဆက်တိုက်ဆိုသလို စစ်ကောင်စီဘက်ကလည်း မြီအိမ်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှာ မြီရှောက်ချန်း သေဆုံးခဲ့သလို မြီမိသားစုဝင် သုံးဦးလုံးကိုလည်းဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲအပ်ခဲ့ပါတယ်။

လက်ထိပ်ရော ခြေကျင်းပါ ခတ်ထားတဲ့ မြီကော်ဖျင် နဲ့ မြီကြိမ်းကြိမ်းတို့ကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ ခေါင်းစွပ်နက်တွေစွပ်ပြီး တရုတ်အာဏာပိုင်တွေကခေါ်သွားခဲ့ပါတယ်။

မြီကျူးလန့် ကိုတော့ ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ နမ့်တစ်မှာ ဖမ်းမိပြီး တရုတ်ဘက်ကိုလွှဲအပ်လိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မြီရှောက်ချန်း ရဲ့အလောင်းကိုလည်း အရေးပေါ်လူနာတင်ယာဉ်နဲ့ တင်ဆောင်လာခဲ့ပြီး ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ တရုတ်ရဲတွေက စစ်ဆေးခဲ့ပါတယ်။

တရုတ်ဘက်က အလောင်းကို ယူမသွားဘူး လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဘိန်းကုန်ကူးသူ၊ လက်နက်ကိုင်ဆန့်ကျင်သူ၊နိုင်ငံရေးသမား စဖြင့် ဘဝစုံခဲ့တဲ့ လောင်းကစားသူဌေးကြီးရဲ့ ဇာတ်သိမ်းလည်းဖြစ်ပါတယ်။

‘’ ဝဋ် လည်တဲ့ သဘော’’ လို့ မြီအိမ်နဲ့ ရင်းနှီးသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖုန်မော်ကျွင်း ကို ခံတိုက်မယ့် ပယ်အိမ်

ပယ်ဆောက်ချိန်ရဲ့သား ပယ်ရင်ချန်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ပယ်ဆောက်ချိန်ရဲ့သား ပယ်ရင်ချန်

ဖုန်ကြားရှင်ရဲ့ ဒုတိယလူယုံ ဖြစ်ခဲ့တဲ့ ပယ်ဆောက်ချိန်ဟာ နေပြည်တော်ကို သစ္စာခံလိုက်တာကြောင့် ကိုးကန့်ဒေသကို ပြန်လည်ရရှိဖို့ MNDAA က ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေမှာ ပယ် အိမ်ဟာ အမြဲလိုလို ပစ်မှတ်ထားတိုက်ခိုက်ခံရပါတယ်။

ဖုန်ကြားရှင်အလွန် ကိုးကန့်အုပ်စိုးသူ ဖြစ်လာတဲ့ ပယ်ဆောက်ချိန်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ကိုးကန့်တိုက်ပွဲတွေမှာ ဖုန်ကြားရှင်ရဲ့ MNDAA ကို စစ်တပ်နဲ့ အတူ တိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကာလတွေတုန်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး နဲ့ ပယ်အိမ်ကို MNDAA ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပယ်ဆောက်ချိန်ကို စစ်ရဟတ်ယာဥ် နဲ့ နေပြည်တော်ကိုရွှေ့ပေးခဲ့ဖူးပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာလည်း MNDAA ဟာ ချင်းရွှေဟော်မှာရှိတဲ့ ပယ်စိမ်းဟိုတယ်က ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပယ်အိမ်ကို ရန်ငြိုးမပြယ်သေးကြောင်း သတိပေးခဲ့ပါတယ်။

ကြံ့ခိုင်ရေးအစိုးရ လက်ထက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ပယ်ဆောက်ချိန်ဟာ NLD အစိုးရလက်ထက်မှာတော့ ဥက္ကဋ္ဌ နေရာက ဖယ်ပေးခဲ့ရပါတယ်။

ပယ်ဆောက်ချိန်

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, ပယ်ဆောက်ချိန်

ပယ်ဆောက်ချိန် အလွန်မှာ ကျောက်တယ်ချန် နဲ့ လီကျိန်းဖူ (ခ) ဦးမြင့်ဆွေ တို့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပေမယ့် ပယ် အိမ်ရဲ့ သြဇာက လျော့မသွားပါဘူး။

နိုင်ငံရေးရာထူးကနေ စွန့်ခွာခဲ့ရတဲ့ ပယ်ဆောက်ချိန်ဟာ သားနှစ်ဦးကို နိုင်ငံရေး နဲ့ လက်နက်ကိုင် ရာထူးတွေ ဖန်တီးပေးခဲ့ပြီး သူကတော့ နောက်ကွယ်မှာပဲ ရှိနေခဲ့ပါတယ်။

ပယ်ဆောက်ချိန်ဟာ သူ့သားတွေကို မြန်မာနာမည်တွေ မှည့်ထားပြီး သားအကြီး ဦးခင်မောင်လွင်က လောက်ကိုင်ရဲ့ ရှမ်းပြည်နယ်လွှတ်တော်အမတ်ဖြစ်ပါတယ်။

သူက NLD အစိုးရလက်ထက်ကတည်းက လက်ရှိ အာဏာသိမ်းကာလအထိ ကိုးကန့်ဦးစီးအဖွဲ့ထဲမှာ အရေးပါတဲ့နေရာကနေ ရှိနေသူပါ။

စစ်ကောင်စီလက်ထက်မှာ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတုန်းက လားရှိုးမှာဆေးကုပြီး လောက်ကိုင်ကိုပြန်လာတဲ့ ဦးခင်မောင်လွင် ရဲ့ ယာဉ်တန်းကို MNDAA က တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတွေအပါအဝင် လူကိုးဦး အထိသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဦးခင်မောင်လွင် ဟာ လက်ရှိ ကိုးကန့်ဦးစီးအဖွဲ့ရဲ့ ကျားဖြန့်နှိမ်နင်းရေးစီမံချက်မှာလည်း ပါဝင်နေသူဖြစ်ပါတယ်။

ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ သူ့ရဲ့ ညီ ဦးခင်မောင်ဝင်းဟာ ကျားဖြန့်လုပ်ငန်းတွေမှာ ဆက်နွှယ်နေလို့ ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ သတင်းအမှားလို့ ပြန်ပြီးကြေညာပေးခဲ့ပါတယ်။

‘’တရုတ်ဘက်ကလည်း ဝရမ်းထုတ်ထားတာမရှိဘူး။ ဒီသတင်းအမှားက MNDAA က လုပ်ခဲ့တာ’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဦးခင်မောင်ဝင်း ရဲ့ ကိုးကန့်နာမည်ဟာ ပယ်ရင်ချန် ဖြစ်ပြီး လောက်ကိုင်မှာရှိတဲ့ ပြည်သူ့စစ်တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ပယ်ရင်ချန် လက်အောက်မှာ ပြည်သူ့စစ် (၁၅) ဖွဲ့ဝန်းကျင်ရှိပြီး အင်အား ထောင်ဂဏန်း ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ပယ်ရင်ချန်ရဲ့ အဆက်အသွယ်ဟာ ယူနန်ကိုရော နေပြည်တော်ကိုပါ ပေါက်ရောက်ပါတယ်။

ပယ်ရင်ချန်ရဲ့ မွေးနေ့မှာ တရုတ်နိုင်ငံက လူမှုကွန်ရက်မှာထင်ရှားသူတွေ နဲ့ အနုပညာရှင်တွေက အွန်လိုင်း ကနေ မွေးနေ့ဆုတောင်းတွေ လုပ်ပေးခဲ့ကြပါတယ်။

သူက နေပြည်တော်က အခမ်းအနားတွေလည်း သွားတက်လေ့ရှိပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ကြားတဲ့ ညစာစားပွဲတွေမှာ တွေ့ရလေ့ရှိပါတယ်။

ကျဉ်ကာကားတွေအပါအဝင် အကောင်းစား စစ်ဘက်သုံး ပစ္စည်းတွေ ကိုင်လေ့ရှိတဲ့ ပယ်ရင်ချန် ရဲ့ နောက်ထပ်ဝါသနာတစ်ခုက ကားအကောင်းစားတွေစုဆောင်းတာ ဝါသနာပါသူဖြစ်ပါတယ်။

ပယ်ရင်ချန် နဲ့ သူ့ကားတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ပယ်ရင်ချန် နဲ့ သူ့ကားတွေ

အီလွန်မတ်ရဲ့ တက်စလာ ကားကစလို့ Lamborghini ၊ Ferrari ၊ Bentley၊ Rolls-royce၊ Cadillac အစရှိတဲ့ ကားအကောင်းစားတွေ ဝယ်စုထားပါတယ်။

‘’ Lamborghini ကို တော်တော်ကြိုက်ပုံရတယ်။ အရောင်စုံ မော်ဒယ်စုံတွေ့ရတယ်။ သူ့ကားတွေများလွန်းတော့ သိမ်းထားရတဲ့ကားကလည်းများတယ်။ သူက တခြားသူဌေးတွေ လို ကားအကောင်းစားတွေကို ပစ်ထားတတ်တဲ့သူမဟုတ်ဘူး။ သူ့ကားတွေကို ဖုန်မတက်အောင်ထားတယ် ’’ လို့ ပယ် အိမ်နဲ့ ရင်းနှီးသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်သူ့စစ်တွေကို ဦးဆောင်ထားရတဲ့ ပယ်ရင်ချန်ဟာ သူ့တန်ဖိုးကြီးကားတွေထက် သေနတ်တွေကို ပို အာရုံစိုက်နေရပြီ ဖြစ်ပါတယ်။

‘’ပယ်ရင်ချန်က ဖုန်မော်ကျွင်း(MNDAA) ကို အဓိက ခံတိုက်မယ့်လူ’’ လို့ ပယ် အိမ်နဲ့ ရင်းနှီးသူ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

နယ်ခြားစောင့်တပ် စီးပွားတစ်ဘက် နဲ့ ဝေ မိသားစု

အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဝေစန်း

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဝေစန်း

ဖုန်ကြားရှင်ကို ကိုးကန့်ဒေသကနေ ဖယ်ရှားပြီးတဲ့နောက် စစ်တပ်ဟာ အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ကို လောက်ကိုင်မြို့မှာ ဖွဲ့စည်းခဲ့ပြီး ဝေ အိမ်က ဗိုလ်မှူးကြီးဝေစန်းက ဦးစီးပါတယ်။

အငြိမ်းစားယူပြီးနောက်မှာလည်း အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ နေရာကိုဖန်တီးပြီး ဝေစန်းက ဆက်ယူထားပါတယ်။

သူ့ရဲ့ သားဖြစ်သူ ဝေမောင်မောင်က အဖွဲ့ဝင် ဖြစ်ပါတယ်။

အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်မှာ ဝေစန်းက သြဇာအရှိဆုံးဖြစ်ပေမယ့် သူ့ရဲ့ အစ်ကိုဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေရှောက်ရင်ကတော့ သူ့ထက် ပိုပြီး ကြွယ်ဝချမ်းသာပါတယ်။

ဝေရှောက်ရင် ရဲ့ ဟိန်းလီလုပ်ငန်းစုဟာ ဖူလီလိုက် လုပ်ငန်းစုပြီးရင် လောက်ကိုင်မြို့မှာ ထိပ်တန်းကာစီနို တစ်ခုအဖြစ် နာမည်ကြီးပါတယ်။

ဟိန်းလီကို ဦးစီးနေတာကတော့ ဝေရှောက်ရင် ရဲ့ သမီး ဒေါ်ချောချောအေး ဖြစ်ပါတယ်။

ဒေါ်ချောချောအေး

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, ဒေါ်ချောချောအေး

ဒေါ်ချောချောအေးဟာ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရာထူးကိုလည်း ရယူထားသူဖြစ်ပေမဲ့ နိုင်ငံရေးထက် စီးပွားရေး နဲ့ လူမှုရေးကိစ္စတွေကိုပဲ အားသန်သူဖြစ်ပါတယ်။

ဝေရှောက်ရင် ရဲ့ သားက ဝေဖြိုးအောင် ဖြစ်ပြီး Tik Tot မှာ လူသိများသူဖြစ်သလို ယူနန်ပြည်နယ်ထဲ အထိ ပရိသတ်အခိုင်အမာ ရှိသူဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ အဖမ်းခံရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲမှာ ဝေဖြိုးအောင် လည်း ပါဝင်ပြီး သူ့ရဲ့ရုပ်သံကို မြီအိမ်ကသားမက် ရန်လောက်ဟွာ နဲ့ တစ်ရက်တည်း တရုတ်ဘက်က ထုတ်လွှင့်ခဲ့ပါတယ်။

ဝေရှောက်ရင် ရဲ့ သား ဝေဖြိုးအောင်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဝေရှောက်ရင် ရဲ့ သား ဝေဖြိုးအောင်

လက်ရှိအချိန်မှာတော့ ဝေ မိသားစုဝင်တွေဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြတယ် လို့ မိသားစု နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကိုးကန့်ရဲ့ အချမ်းသာဆုံးဖြစ်လာတဲ့ လျိုမိသားစု

လောက်ကိုင်မြို့၊ တုံချိန်ဧရိယာက ဖူလီလိုက် ရုံးချုပ်

ဓာတ်ပုံ ရင်းမြစ်, ဖူလီလိုက်

ဓာတ်ပုံ ပုံစာ, လောက်ကိုင်မြို့၊ တုံချိန်ဧရိယာက ဖူလီလိုက် ရုံးချုပ်

ဘီဘီစီရဲ့ စုံစမ်းမှုအရ ဖူလီလိုက်လုပ်ငန်းစုဟာလုပ်ငန်းအမျိုးအစားပေါင်း အနည်းဆုံး ၃၆ မျိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ဂဏန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတိုင်းအဆကို မမှန်းဆနိုင်ပါဘူး။

ကုမ္ပဏီရဲ့တရားဝင်စာရင်းတွေအရ ဝန်ထမ်းပေါင်း တစ်သောင်းကျော်ရှိနေလို့ လစဉ် သိန်းပေါင်းသောင်းချီပြီး ဝန်ထမ်းလစာပေးနေတဲ့ ကုမ္ပဏီ အုပ်စုကြီးဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်က စတင်ထူထောင်တဲ့ ဖူလီလိုက်လုပ်ငန်းစုဟာ အိမ်ရာစီမံကိန်း၊ ဟိုတယ်နဲ့ခရီးသွား၊စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေး လုပ်ငန်းတွေ အထိ မျိုးစုံပြထားပေမဲ့ သူတို့ရဲ့ပင်မငွေစီးကြောင်း က ကာစီနို လုပ်ငန်းဖြစ်ပါတယ်။

ဒါပေမဲ့ မြို့ပြအိမ်ရာစီမံကိန်းတွေ နဲ့ ဆိပ်ကမ်း လုပ်ငန်းတွေအထိ လုပ်ကိုင်နိုင်တာကိုကြည့်ရင် သူတို့ရဲ့ ကြွယ်ဝမှု ကို မှန်းဆလို့ရနိုင်မှာ ဖြစ်ပါတယ်။

ဖူလီလိုက်ရုံးချုပ်မိုးမျှော်ဟိုတယ်ကြီး အနီးမှာ စီးပွားရေးအဆောက်အအုံ ၁၈ လုံး နဲ့ ဆိုင်ခန်း ၁၆၇ ခန်းအထိရှိတဲ့ ကိုးကန့်ကမ္ဘာသစ် လို့ အမည်ရတဲ့ စင်တာကြီးတစ်ခုကို ဖော်ဆောင်ထားပါတယ်။

ဖူလီလိုက်ရုံးချုပ်အရှေ့မှာပဲ ‘’တုံဟူစိန့်ကျင်’’ လို့ အမည်ပေးထားတဲ့ အပန်းဖြေအိမ်ရာစီမံကိန်းတစ်ခုကို ဖော်ဆောင်နေပြီး ယွမ် သန်း နှစ်ထောင် ရင်းနှီးမြှုပ်နှံထားပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၇၂၀ အထိ ရင်းနှီးမြှုပ်နှံထားတဲ့ မန္တလေးက ရေတံခွန်တောင် မြို့ပြအိမ်ရာ စီမံကိန်းရဲ့ နောက်ကွယ်မှာ ဖူလီလိုက်ရှိနေပါတယ်။

၃၆ ကျင်း အထိရှိတဲ့ဂေါက်ကွင်း နဲ့ တွဲနေတဲ့ အဲဒီအိမ်ရာစီမံကိန်းကို ဖွံ့ဖြိုးသစ် ကုမ္ပဏီဆိုတဲ့အမည်နဲ့ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ကျောက်ဖြူ မဒဲကျွန်းမှာ LNG သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောတွေဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတစ်ခုမှာလည်း ဖူလီလိုက်က ကုမ္ပဏီတချို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဖူလီလိုက်ဟာ ဖွံ့ဖြိုးသစ်ဆိုတဲ့ နာမည်နဲ့ပဲ ဖားကန့်မှာ သတ္တုတွင်းကုမ္ပဏီဖွင့်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းက ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီတစ်ခုကို ဖူလီလိုက်က ဝယ်ယူထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က မြဝတီမြို့မှာလည်း မြဝတီအရှေ့တိုင်းကုမ္ပဏီထောင်ထားပြီး ဖူလီလိုက်ရဲ့ လက်တံကို ဆန့်တန်းထားပါတယ်။

ဖူလီလိုက်ဟာ တရုတ် နဲ့ ကမ္ဘောဒီးယားအထိပါ ခြေဆန့်လာပြီး ကုမ္ပဏီရုံးခွဲတွေ ဖွင့်ထားပါတယ်။

ကမ္ဘောဒီးယားမှာ Best Day အမည်နဲ့ ခရီးသွားအေဂျင်စီထောင်ထားပြီး ကမ္ဘောဒီးယားရဲ့ သီဟာနု ဆိပ်ကမ်းမှာ ရှိတဲ့ GOBO East Entertainment ဟာလည်း ဖူလီလိုက်က ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် ချီးမြှင့်တဲ့ အစိမ်းရောင်ခရီးသွားလာရေးဆုကို ဖူလီလိုက်က ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

ဖူလီလိုက်ဟာ ရော်ဘာ၊ ကြံ၊ ဖရဲ နဲ့ သခွား တွေလည်း စိုက်ပြီး တရုတ်ပြည်ကို တင်ပို့ပါတယ်။

အဲဒီစိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဒေါ်လာ သန်းဂဏန်းအထိ ဝင်တယ်လို့ ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

များပြားလှတဲ့ လုပ်ငန်းတွေကို နာမည်ပေါင်းများစွာနဲ့ ဖြန့်ခွဲလုပ်ကိုင်နေတဲ့ ဖူလီလိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ က လီကျိန်းချန် (ခ) လျိုအားပေါက် ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျိုအားပေါက် ကို‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ ချီးမြှင့်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျိုအားပေါက် ကို‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ ချီးမြှင့်

ဖူလီလိုက်လုပ်ငန်းစုမှာ လျိုအားပေါက် ပြီးရင် သူ့ရဲ့ ညီအရင်းဖြစ်တဲ့ ဦးမောင်မောင် နဲ့ သားဖြစ်သူ ဦးရန်နိုင်တို့က အရေးပါပါတယ်။

ဦးမောင်မောင် ရဲ့ အမည်က လျိုကြိမ်းချီ ဖြစ်ပေမဲ့ ဦးမောင်မောင်ဆိုတဲ့ နာမည်ကိုပဲ အသုံးပြုပါတယ်။

ဖူလီလိုက်ဟာ အစိုးရအဆက်ဆက်ကို သိန်းပေါင်း သိန်းချီလှူဒါန်းခဲ့ပြီး လျို ညီအစ်ကို နှစ်ယောက်လုံးဟာ NLD အစိုးရလက်ထက်ကနေ စစ်ကောင်စီလက်ထက်အထိ ဘွဲ့ထူးဂုဏ်ထူးတွေ ရခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လျို ညီအစ်ကိုကို လူပုဂ္ဂိုလ်တွေကိုချီးမြှင့်တဲ့ အမြင့်ဆုံးဘွဲ့ တံဆိပ်တစ်ခုဖြစ်တဲ့ ‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ ကို ချီးမြှင့်ခဲ့ပါတယ်။

လျို ညီအစ်ကိုနှစ်ယောက်မှာ ဦးမောင်မောင်က အစ်ကိုဖြစ်သူထက် မြန်မာစကားကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။

‘’သူတို့ ညီအစ်ကိုက စစ်ဘက်ရော အရပ်ဘက်က လူကြီးတွေအကုန်လုံးလိုလို နဲ့ ရင်းနှီးတယ်’’ လို့ စစ်ရုံးက အရာရှိတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံရေးဘက်ကိုကြည့်ရင်တော့ ဦးမောင်မောင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ကုန်းကြမ်းမြို့နယ် အမတ် ဖြစ်ပါတယ်။ လက်ရှိ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

တရုတ်က ဖမ်းဆီးထားတဲ့ ဦးမောင်မောင်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, တရုတ်က ဖမ်းဆီးထားတဲ့ ဦးမောင်မောင်

ဒါပေမဲ့ လျိုညီအစ်ကိုဟာ နိုင်ငံရေးဘက်မှာ ပါဝင်ပတ်သက်လေ့မရှိဘဲ စီးပွားရေးကိုပဲ အာရုံစိုက်သူတွေ ဖြစ်ပါတယ်။

သူတို့ညီအစ်ကိုတွေဟာ လုံခြုံရေးအပြည့်အစုံပါတဲ့ ယာဉ်တန်းနဲ့ အပြင်ထွက်ကြပါတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ ကိုးကန့် ညီအစ်ကိုဟာ သူတို့ရဲ့လုံခြုံရေးအတွက် ဂျပန်ကမှာယူထားတဲ့ ကျည်ကာကားတွေပါ ဆောင်ထားကြပါတယ်။

ဖူလီလိုက်ရဲ့ မိုးမျှော်ဟိုတယ်မှာဖွင့်ထားတဲ့ ကာစီနိုဝိုင်းတွေဟာ ယွမ်သိန်းချီအနိုင်အရှုံး ရှိလို့ မြန်မာနိုင်ငံသားတွေမကပ်နိုင်ဘဲ တရုတ်သူဌေးတွေ လာကစားကြပါတယ်။

ဖူလီလိုက်ကုမ္ပဏီဟာ ကာစီနိုလုပ်ငန်းနဲ့အကျိုးပေးပြီး လောက်ကိုင်မြို့က တခြားလောင်းကစားဝိုင်းတွေထက် အလျှင်အမြန်ပဲ ချမ်းသာကြွယ်ဝလာပါတယ်။

ဖူလီလိုက် ရုံးချုပ်

ဓာတ်ပုံ ရင်းမြစ်, ဖူလီလိုက်

ဓာတ်ပုံ ပုံစာ, ဖူလီလိုက် ရုံးချုပ်

ဖူလီလိုက်ဟာ သူ့ရဲ့ လောင်းကစားအင်ပါယာကို တရုတ်နိုင်ငံက မြို့ပေါင်း ၂၀ ကျော်နဲ့ တိုက်ရိုက်လေကြောင်းခရီးစဉ်ရှိတဲ့ ကမ္ဘောဒီးယားက သီဟာနုကမ်းခြေအထိ ချဲ့ထွင်ပါတယ်။

ဖူလီလိုက်ပိုင်တဲ့ သီဟာနုကမ်းခြေမှာ ရှိတဲ့ GOBO East Entertainment ဟာ အဲဒီဆိပ်ကမ်းက အကြီးဆုံးကာစီနိုတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဖူလီလိုက်ဟာ လောင်းကစားကို ကာစီနိုဝိုင်းဆီလာစရာမလိုဘဲ အင်တာနက်ရတဲ့ဘယ်နေရာကမဆို ဆော့ကစားလို့ ရအောင် ချဲ့ထွင်လာခဲ့ပါတယ်။

ဒါကြောင့် လောက်ကိုင်နဲ့ သူရဲ့တစ်ဘက်ခြမ်း တရုတ်နိုင်ငံ နန်ဆန်မြို့မှာရှိတဲ့ တရုတ်ထောက်လှမ်ရေးသတင်းတွေအရ လောင်းကစားနဲ့ဆက်စပ်နေတဲ့ ဖူလီလိုက်က အွန်လိုင်း‌ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ မတွင်ကျယ်ခင်ကတည်းက တရုတ်ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ကျားဖြန့် လို့ခေါ် တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုကတော့ Cryptocurrency နဲ့ Bitcoin လို့ခေါ်တဲ့ အွန်လိုင်းငွေကြေး နဲ့ ရှယ်ယာအရောင်းအဝယ်လုပ်တဲ့ ဂိမ်းတစ်ခု ဒါမှမဟုတ် ဝက်ဘ်ဆိုက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွဲ‌ဆောင်တာအပြင် နည်းမျိုးစုံနဲ့ ငွေကြေးလိမ်လည်တာမျိုးဖြစ်ပါတယ်။

ကျားဖြန့်ဟာ တရုတ်ဘာသာစကားနဲ့ ‘ကျား’ အကွက်ချစီစဥ်ပြီး ‘ဖြန့်’ လိမ်လည်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

မြန်မာအပါအဝင် တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ခြေကုပ်ယူထားတဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေက အွန်လိုင်းကတစ်ဆင့် ပြည်မက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။

မြန်မာ - တရုတ်နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေ ခေတ်စားလာတဲ့အခါ ဖူလီလိုက်ရုံးချုပ်ရှိတဲ့ တုံချိန်နယ်မြေထဲမှာပါ ကျားဖြန့်လုပ်ငန်းတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်က တရုတ်မှာ ဖမ်းဆီးလိုက်တဲ့ လုပ်ငန်းရှင် ၁၁ ဦးထဲမှာ ဦးမောင်မောင် အပါအဝင် ဖူလီလိုက်က သုံးဦးအထိ ပါဝင်ခဲ့ပါတယ်။

နိုဝင်ဘာလထဲ တရုတ်ကထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ဦးမောင်မောင် က လျိုမိသားစုဟာ ကျားဖြန့်လုပ်တဲ့အကြောင်း ဝန်ခံထားပါတယ်။

ဖူလီလိုက်က ကျားဖြန့်လုပ်ငန်းလုပ်သလားလို့ ဘီဘီစီက ကနဦးကတည်းက မေးမြန်းထားပြီး ကျားဖြန့်မလုပ်ဘဲ ကာစီနိုသာ လုပ်ကြောင်း ကုမ္ပဏီဘက်က တရားဝင်ဖြေကြားထားပါတယ်။

ဦးမောင်မောင်ရဲ့ ဝန်ခံချက် ထွက်ပေါ်လာပြီးတဲ့နောက် ထပ်မံမေးမြန်းတဲ့အခါမှာလည်း ဆက်လက်ငြင်းဆိုမြဲဖြစ်ပါတယ်။

မိသားစုတွေရဲ့ အနာဂတ်ဘယ်လိုဆက်ဖြစ်မလဲ

လျို၊မြီ နဲ့ ဝေ မိသားစုဝင်တွေ တရုတ်လက်ထဲမှာ ဖမ်းဆီးခံထားရပြီးကျားဖြန့်လုပ်တယ်လို့ ဝန်ခံထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, kkn

ဓာတ်ပုံ ပုံစာ, လျို၊မြီ နဲ့ ဝေ မိသားစုဝင်တွေ တရုတ်လက်ထဲမှာ ဖမ်းဆီးခံထားရပြီးကျားဖြန့်လုပ်တယ်လို့ ဝန်ခံထားကြပါတယ်။

လျို၊မြီ နဲ့ ဝေ မိသားစုဝင်တွေ တရုတ်လက်ထဲမှာ ဖမ်းဆီးခံရပြီး အိမ်သုံးအိမ်လုံးက သူတို့အိမ်တွေ ကျားဖြန့်လုပ်တယ်လို့ ဝန်ခံထားကြပါတယ်။

‘’ဒါကြီးက တရုတ်ရဲရေး‌ပေးတာကိုဖတ်နေရတာကြီး၊ အဲဒီစာရွက်ကိုပဲ အိမ်သုံးအိမ်လုံးက ဖတ်တာ ၏ သည် မလွဲဘူး’’ လို့ ဖူလီလိုက်တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တရုတ်ဘက်က မြီ အိမ်ကိုပဲ ဝရမ်းထုတ်ထားပြီး လျို၊ ပယ် နဲ့ ဝေ အိမ်တွေကို နိုဝင်ဘာ ၂၁ ရက်အထိ ဝရမ်းမထုတ်သေးပါဘူး။

ဒီမိသားစုတွေကိုယ်တိုင် ကျားဖြန့်မလုပ်ဘူးလို့ ငြင်းနေကြပေမဲ့ သူတို့ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ကျားဖြန့် သူဌေးတွေက ဌားရမ်းအသုံးပြုခဲ့တာကိုတော့ ဖုံးကွယ်မရပါဘူး။

လောက်ကိုင် နဲ့ ချင်းရွှေဟော်မှာ ဟိုတယ်အလုံး ၁၅၀ ကျော်ရှိပြီး ၁၂ လုံးပဲ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး ကျန်တဲ့ဟိုတယ်တွေက လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့အစီအစဉ် နဲ့ လုပ်ပိုင်ခွင့်မရှိဘဲ ဆောက်ထားကြတာ လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီဟိုတယ်တွေကို တရုတ်နိုင်ငံသားတွေကပိုင်ဆိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း တွေလုပ်နေကြတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီမိသားစုလေးစု ရဲ့ အရိပ်ကို ခိုနေကြတဲ့ သူဌေးတွေထဲမှာတော့ ကျားဖြန့် ကို ဦးဆောင်လုပ်နေသူတွေ ရှိတယ်လို့ ကိုးကန့်လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’ဦးမြီတို့၊ ဦးလျိုတို့ ဦးပယ်တို့ ဦးဝေတို့ကိုယ်တိုင် ကျားဖြန့်ကို ဦးဆောင်ပြီးလုပ်မှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ ကျားဖြန့်ရဲ့ ဆိုးကျိုးနဲ့ သက်ရောက်မှုကိုတော့ သူတို့ မှန်မှန်ကန်ကန်မတွက်ဆနိုင်ခဲ့ကြဘူး။’’လို့ အဲဒီ ကိုးကန့် လုပ်ငန်းရှင်က ပြောပါတယ်။

ဒါကြောင့်ပဲ သူတို့ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသားတွေကို ဌားရမ်းခဲ့ကြတာလို့ သူကပြောပါတယ်။

ကျားဖြန့်ရဲ့ နောက်ဆက်တွဲအနေနဲ့ တရုတ်နိုင်ငံရဲ့ တုန့်ပြန်မှုအောက်မှာ မြီအိမ်ကတော့ နလန်ပြန်ထူဖို့ ခက်သွားပါပြီ။

ကျန်တဲ့ မိသားစု သုံးစုလည်း မရေရာ မသေချာမှုတွေ နဲ့ စိုးရိမ်ထိတ်လန့်နေရတယ် လို့ မိသားစုတွေနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

တရုတ်က ဖမ်းထားတဲ့ လျို၊မြီ နဲ့ ဝေ မိသားစုဝင်တွေကတော့ ဒီတစ်ခေါက်ဖြစ်နေတဲ့ အရေးကြီးတဲ့ အခင်းအကျင်းဟာ ဘယ်တုန်းကမှနဲ့မတူဘဲ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သတိပေးထားပါတယ်။

မိသားစုတွေရဲ့ စည်းစိမ်ဥစ္စာတွေလည်း လက်ရှိဖြစ်နေတဲ့ တိုက်ပွဲနဲ့အတူ ပျက်စီးသွားနိုင်တယ်လို့ အဖမ်းခံထားရသူသုံးဦးလုံးက သတိပေးထားပါတယ်။

သူတို့ သတိပေးပြီးမကြာခင်မှာပဲ မြီအိမ်ရဲ့ အခြေအနေဆိုးတွေ ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

သူတို့ရဲ့မိသားစုတွေအပေါ် အကြံပြုချက်ကတော့ ကိုယ့်ကုမ္ပဏီဧရိယာထဲက ကျားဖြန့်လုပ်နေတဲ့ တရုတ်တွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးဖို့ ဖြစ်ပါတယ်။

‘’နောက်ဆုံးအခွင့်ရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ပါစေ’’ လို့ တရုတ်က ဖမ်းထားတဲ့ လျို၊မြီ နဲ့ ဝေ မိသားစုဝင်တွေက ပြောပါတယ်။