တရုတ်ဆန့်ကျင်ရေးပေါ်လာအောင် ဖန်တီးနေတယ်လို့ NUG နဲ့ စစ်ကောင်စီ အပြန်အလှန်ပြော

ဓာတ်ပုံ ရင်းမြစ်, Telegram
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းတနိုင်ငံလုံးအနှံ့ တိုက်ပွဲပြင်းထန်လာပြီး စစ်ရေးဖိအားကြုံတွေ့နေရတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်နဲ့ မြန်မာအကြား လူမျိုးရေးအမုန်းမီးပွားအောင် မှိုင်းတိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောလိုက်တာဖြစ်ပြီး NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးဆောင်ရွက်တဲ့အခါ ဒီအချက်ကို ထည့်သွင်းပြောကြားဖို့လိုတဲ့အကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ဒီလို မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးသွေးထိုးလှုံ့ဆော်တာတွေကို နိုင်ငံရေးသတိရှိရှိနဲ့ တုံ့ပြန်ကြဖို့ဆိုပြီးတော့လည်း ယာယီသမ္မတက တိုက်တွန်းပါတယ်။
ဒါပေမဲ့လည်း NUG အနေနဲ့ ဘယ်အချက် ကို ကိုင်စွဲပြီး ဒီလိုပြောလဲဆိုတာကိုတော့ ယာယီသမ္မတရဲ့ မိန့်ခွန်းထဲမတွေ့ရပါဘူး၊
ဘယ်လိုအချက်တွေကို ထောက်ပြပြီး NUG ယာယီသမ္မတက အခုလိုပြောဆိုတယ်ဆိုတာကို သိရအောင် NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဦးကျော်ဇောကတော့ စစ်ကောင်စီဟာ တရုတ်ဆန့်ကျင်ရေး အမုန်းစကားတွေဖြစ်လာအောင် ဖန်တီးလာတာကိုတွေ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
‘‘တိုင်းရင်းသား အင်အားစုတွေကြားမှာ သွေးကွဲအောင် လုပ်လို့မရတဲ့အတူတူ ပြည်သူနဲ့လက်နက်ကိုင်တော်လှန်ရေးကြားမှာ လုပ်လို့မရမယ့်အတူတူ ဒီ တရုတ်မုန်းတီးရေးကို ဖန်တီးပြီး ကြိုးစားလာလာတကိုတွေ့ရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သမ္မတ ကြီးက နေပြီးတော့ ဒီစစ်တပ်ရဲ့အကွက်တွေ မဟုတ်အမှန် လိမ်ညာပြောဆိုပြီး ပြည်သူလူထုရဲ့ အာရုံပြောင်းအောင် လူမျိုးရေး မုန်းတီးရေး ဖန်တီးတာမျိုးကို သတိပြုဖို့အတွက် သတိပေးစကား အမှာစကားပြောတာဖြစ်ပါတယ်’’ လို့ ဦးကျော်ဇောက ပြောပါတယ်။
ဦးနေဝင်းလက်ထက်က မြန်မာမှာ ဆန်စပါး ရှားပါးမှုဖြစ်ပြီး အငတ်တွေကြုံရတဲ့အခါ စစ်တွေမှာ ဆန်ရဖို့ ဆန္ဒပြတဲ့လူထုကို စစ်တပ်ကနေ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ဒီဖြစ်ရပ်ကို အာရုံလွှဲဖို့ တရုတ်မုန်းတီးရေး ဝါဒဖြန့်ပြီး တရုတ်-ဗမာ အရေးအခင်း ဆိုပြီးတော့ အာရုံလွှဲခဲ့တယ်လို့လည်း သူကပြောဆိုပါတယ်။
‘‘ဘာလဲဆိုတော့ ဒီတော်လှန်ရေး အင်အားစုတွေဟာ တရုတ်ရဲ့သြဇာခံ ဖြစ်သယောင်ယောင်၊ အတွေးအခေါ် ပေါက်သွားအောင် ပြည်သူတွေကနေပဲ ဒီတော်လှန်ရေး အင်အားစုတွေအပေါ် အမြင်ပြောင်းအောင် နောက်ပြီးတော့ အဲဒီလို လုပ်ခြင်းအားဖြင့်တော်လှန်ရေးအင်အား အရှိန်အဟုန်၊ တော်လှန်ရေး အင်အားလျော့သွားအောင် ထောက်ခံမှု လျော့သွားအောင် ကြိုးစားတာ တစ်ခုပေါ့’’ လို့ ဦးကျော်ဇောက ပြောပါတယ်။
ဦးကျော်ဇောကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ တရုတ်နွယ်ဖွားတွေနဲ့ ဗမာလူမျိုးတွေကြား မုန်းတီးမှုဖြစ်အောင် ဖန်တီးမှုတွေရှိလာနေပေမဲ့ မြန်မာပြည်ဖွားတရုတ်နွယ်ဖွားတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတာကို သူက အလေးထားပြောသလို နွေဦးတော်လှန်ရေးအောင်မြင်ဖို့လည်း ကူညီထောက်ခံပေးနေကြတာတွေရှိတယ်လို့လည်း ပြောပါတယ်။
တဖက်မှာလည်း အမျိုးသားရေးလှုပ်ရှားသူအချို့က ရန်ကုန်က တရုတ်သံရုံးရှေ့နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒထုတ်ဖော်တာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီနဲ့နီးစပ်တဲ့တယ်လီဂရန်ချန်နယ်တွေမှာဖော်ပြချက်အရ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်မလုပ်ဖို့ ဆန္ဒထုတ်ဖော်တာလို့ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းဌာနတွေကနေ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ နောက်ကွယ်က ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေ နေပြည်တော်မှာကျင်းပခဲ့တဲ့အကြောင်း သတင်းကြေညာသွားခဲ့ပါသေးတယ်။
ဒါအပြင် ၁၀၂၇ စစ်ဆင်ရေးအဖြစ်တိုက်ခိုက်နေကြတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ် (MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဟာ တရုတ် - မြန်မာ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်စေအောင်ရည်ရွယ်လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီဘက်က လိုအပ်တဲ့ ပြင်ဆင်ရေးတွေလုပ်ပေးနေရတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေမှာ ထည့်ပြောနေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနဲ့ တရုတ်ဟာ မဟာဗျူဟာ မိတ်ဖက်နဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို လေးစားလိုက်နာသလို နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်တယ်လို့ နိုဝင်ဘာလ ၂၈ ရက် ပုံမှန်သတင်းထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
နောက် ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ကြားမှာ အထင်အမြင်လွဲမှားအောင် ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုး လှုံ့ဆော်နေတဲ့အဖွဲ့အစည်းတွေရှိနေပြီး အနောက်နိုင်ငံ အထောက်အပံ့နဲ့ ရပ်တည်တဲ့ မီဒီယာတွေက ဦးတည်ဆောင်ရွက်လာနေတယ်လို့ သူက နိုဝင်ဘာလ ၂၉ ရက်မှာ ထပ်ပြောပါတယ်။
ဒါပေမဲ့ ဒါဟာ NUG ယာယီသမ္မတရဲ့ စွပ်စွဲပြောဆိုချက်ကို တုံ့ပြန်ပြောဆိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်းထည့်ပြောမထားပါဘူး။
တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြားစစ်ရေးပြင်းထန်နေချိန်မှာ တရုတ်ဘက်ကလည်း စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးတွေရှိနေပါတယ်။
စစ်ကောင်စီနဲ့ တရုတ်ကြားမှာတော့ စစ်ကောင်စီဝန်ကြီးတွေ တရုတ်နိုင်ငံကို မကြာခဏခရီးသွားရောက်တာ၊ ရန်ကုန်က တရုတ်သံအမတ်က နေပြည်တော်က စစ်ကောင်စီနဲ့တွေ့ဆုံတာ၊ မကြာသေးခင်တုန်းကပဲ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းအတွက် တရုတ်ရေတပ်ရဲ့ ရေယာဥ် ၃ စင်း မြန်မာနိုင်ငံကို လာရောက်တာလို ဆက်ဆံမှုတွေရှိနေပါတယ်။
နှစ်ဖက်လုံးက ဒီလို အပြန်အလှန် ပြောနေပေမဲ့ အမျိုးသားရေးဦးဆောင်သူ ဆန္ဒပြအချို့ကလွဲလို့ လူထုကြားမှာ ထင်ရှားတဲ့ မြင်သာတဲ့ တရုတ်ဆန့်ကျင်ရေးပုံစံကို မတွေ့ရဘူးလို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြပါတယ်။








