စစ်ကောင်စီနဲ့ ဝ၊ မိုင်းလား၊ SSPP တို့ရဲ့ နေပြည်တော်ဆွေးနွေးပွဲ

ဝ၊ မိုင်းလား၊ SSPP ဒုတိယဥက္ကဋ္ဌတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဝ၊ မိုင်းလား၊ SSPP ဒုတိယဥက္ကဋ္ဌတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ နေပြည်တော်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဟာ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ဝ အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ နဲ့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကိုပါ စစ်ကောင်စီဘက်က ပထမဆုံး ထုတ်ပြောလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဒီအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တာရှိပြီး အဲဒီတုန်းက ဝ အဖွဲ့က ပြည်နယ်တောင်းခဲ့သလို မိုင်းလားကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသရရေး တောင်းဆိုခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် တွေ့ဆုံပွဲအပြီးမှာတော့ ဝ ပြည်နယ်တောင်းတာနဲ့ မိုင်းလားကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်းတာကို မူအားဖြင့်သဘောတူတယ်လို့ စစ်ကောင်စီဘက်က ပြောခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

နေပြည်တော် အခု ဆွေးနွေးပွဲမှာတော့ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ရဲ့ လိုလားချက်တွေ၊ ဒေသတည်ငြိမ်ဖွံ့ဖြိုးရေး နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကိစ္စတွေကိုပါ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ “ဝ” ပြည်နယ်ပေါ်ထွက်လာရေး နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပေါ်လာရေးအတွက် အဆင့်များစွာ ကျန်နေသေးတာပါ။

ပြည်နယ်အသစ် နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသစ်တွေ သတ်မှတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်လို့ ပြည်ထောင်စုလွှတ်တော်အထိ ဆက်လက်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီ တို့ လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်တွေဟာ ဘယ်လောက်အထိ အာမခံချက်ရှိမလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဒါနဲပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂၅ ရာခိုင်နှုန်း တပ်မတော်သားတွေ‌ထောက်ခံရင် ကျန်တဲ့ဟာတွေက ခဲယဥ်းမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်နေတဲ့ စနစ်သည် လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေ ကိုယ်စားပြုမှု ပိုမိုများပြားလာနိုင်ဖို့ ရှိတယ်၊တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ရှိရင် မည်သူကမှ ကန့်ကွက်မယ်မထင်ပါဘူးလို့” ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီက ဝ ပြည်နယ်တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မတွေဖြစ်တဲ့ ၄၃၆ က နဲ့ ၄၃၆ (ခ) တို့ကို ပြင်ဆင်ရေးပုဒ်မတွေကို ကိုးကားပြောခဲ့တာရှိပြီး တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အခု သဘောတူထားရင် နောက်လာမယ့် လွှတ်တော်မှာ ဒါတွေဟာ တပ်နဲ့ သဘောတူထားလို့ သဘောမတူစရာမရှိဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တပ်ရဲ့ သဘောကတော့ အခု အစိုးရရော၊ လွှတ်တော်ရော၊ တပ်ရောက စစ်ကောင်စီမှာပဲရှိနေတော့ အခုပြောထားသဘောတူထား၊ နောက်ရွေးကောက်ပွဲပြီးတက်လာမယ့် လွှတ်တော်ကလည်း တပ်ကိုထောက်ခံမယ့် လွှတ်တော်ဖြစ်လို့ သဘောမတူစရာမရှိဆို ပြီး ငြိမ်းချမ်းရေးကို ချဥ်းကပ်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

ဝ ဘက်က စဥ်းစားချက်ကတော့ ဘယ်အစိုးရပဲတက်တက် သူတို့ရဲ့ ဆက်ဆံရေး နဲ့ ပြည်နယ်တောင်းဆိုမှုကို ဆက်လက် ဆုပ်ကိုင်သွားမယ်ဆိုတာမျိုး ကို ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီနဲ့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ဒါပေမဲ့ လက်ရှိ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသတ်မှတ်ချက်တွေအရဆိုရင် ဝဟာ ပြည်နယ်ရဖို့အတွက် ရှမ်းပြည်နယ်က တိုင်းရင်းသားတွေက မဲပေးဆုံးဖြတ်ရမှာဖြစ်လို့ ထင်သလောက်မလွယ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

တစ်ချိန်တည်းမှာပဲ နေပြည်တော်ကိုရောက်မလာသေးတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ အလွတ်သဘောဆွေးနွေးမှုတွေ ရှိနေတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တချို့က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ လက်တွေ့မကျသလို အတိတ်ကဆွေးနွေးပွဲတွေကလည်း ရလဒ်ကောင်းတွေမထွက်ခဲ့ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေ တက်ရောက်ခဲ့ဖူးသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲ ကို ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ နေပြည်တော်ကို လာရောက်ပြီး စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖတို့ တက်ရောက်ပြီး စစ်ကောင်စီဘက်က NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ တက်ရောက် တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

လာမယ့်တပ်မတော်နေ့အပြီးမှာ NCA အပစ်ရပ်ထိုးထားတဲ့ EAO အဖွဲ့တွေ နေပြည်တော်မှာ စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။

ဒါပေမဲ့ မြေပြင်မှာတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ KNU တို့အပြင် NUG နဲ့ PDF တို့မပါတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက လက်တွေ့မကျနိုင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။