အိုက်ဟော့ - တရုတ်က ဝရမ်းထုတ်တဲ့ ‘ဝ’ အရာရှိ

မိုင်းလင်းခရိုင်မှူး အိုက်ဟော့ နဲ့ ‘ဝ’ ပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, မိုင်းလင်းခရိုင်မှူး အိုက်ဟော့ နဲ့ ‘ဝ’ ပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အရာရှိနှစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံ က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

သူတို့က ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ပဲ ဖြစ်ပါတယ်။

UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနဲ့ ဆွေမျိုးတော်ကြတဲ့ သူတို့ နှစ်ဦးကို ဆုကြေးဒဏ်ငွေ ယွမ် ငါးသိန်းအထိ ဆုငွေထုတ်ထားပါတယ်။

ဒီ’ဝ’အရာရှိ နှစ်ဦးဟာ မြန်မာစစ်တပ်နဲ့ ဇာတ်လမ်းဟောင်းတွေ ရှိခဲ့ကြပေမဲ့ အိုက်ဟော့ကတော့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ထောက်လှမ်းရေးခေတ်ကောင်းစဉ်က ထိပ်တန်းလုပ်ငန်းရှင်တွေကြားမှာ မသိသူမရှိသလောက် ထင်ပေါ်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးတစ်ခေတ်မှာ UWSA ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြည်မ ကို ရောက်လာတဲ့အခါ အိုက်ဟော့ဟာ UWSA ရဲ့ ရှေ့ထွက် ဖြစ်ပါတယ်။

အဲဒီတုန်းက နာမည်ကြီးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ၊ ဇေကမ္ဘာ ဦးခင်ရွှေ နဲ့ ယုဇန ဦးဌေးမြင့်တို့ အပါအဝင် လုပ်ငန်းရှင်တိုင်းလိုလို နဲ့ ရင်းနှီးပြီး သူတို့ရဲ့ ပါးစပ်ဖျားမှာ ‘ကိုအိုက်ဟော့’ လို့ နာမည်ကြီးပါတယ်။

အိုက်ဟော့ဟာ ပျော်ပျော်နေတတ်ပြီး သူ့ရဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ လောင်းကစားမှုတွေကြောင့် နာမည်ကျော်ပါတယ်။

‘’ဘောလုံးပွဲကို ဒေါ်လာနဲ့ လောင်းတယ်။ ဖဲရိုက်ရင်လည်း ဒေါ်လာနဲ့ပဲ ရိုက်တယ်’’ လို့ လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်က သူ့အကြောင်းကို သိကြသူတွေက ပြန်ပြောပြကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းရဲ့ သားမက် တော်စပ်ခဲ့ဖူးသူဟာ အဲဒီခေတ်က နာမည်ကြီးမင်းသမီးတချို့နဲ့လည်း တွဲပါတယ်။

သူဟာ အဲဒီတုန်းကအလွန်တန်ခိုးထွားတဲ့ ထောက်လှမ်းရေးတွေ နဲ့ ရင်းနှီးသူဖြစ်ပြီး သူနဲ့အရင်းနှီးဆုံးက ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်း ဖြစ်ပါတယ်။

‘’၂၀၀၄ ခုနှစ်မှာ ဦးခင်ညွန့် အဖမ်းခံရတော့ ဝ တွေ လန့်သွားပုံရတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဲဒီနောက် UWSA ရဲ့ စီးပွားရေး တွေ နောက်ပြန်ဆုတ် သွားပြီး အိုက်ဟော့လည်း ဝ ဒေသကို ပြန်သွားခဲ့ပါတယ်။

ဝ ဟာ သူ့ စီးပွားရေးတွေကိုလည်း ဖြန့်ခွဲပြီး စီးပွားရေးတာဝန်ခံတွေကိုလည်း အိုက်ဟော့ တစ်ယောက်တည်းကို လွှဲထားတဲ့ ပုံစံလည်း မကျင့်သုံးတော့ပါဘူး။

‘’သူကတော့ ရန်ကုန်ကို သွားလိုက်လာလိုက်ပါပဲ’’ လို့ အိုက်ဟော့ နဲ့ အဆက်အသွယ်ရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်က ဘီဘီစီ ကိုပြောပါတယ်။

အခုတော့ ခေတ်စားလာတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့အတူ အိုက်ဟော့ လည်း တကျော့ပြန် ပေါ်လာပါတော့တယ်။

အိုက်ဟော့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း ကိစ္စ တစ်ခုတည်း နဲ့ မဟုတ်ဘဲ တရုတ်နိုင်ငံသား ဝ စာပေနဲ့ယဉ်ကျေးမှုဥက္ကဋ္ဌ နဲ့ မိသားစုကို သတ်မှု နဲ့လည်း တရုတ်ဘက်က အလိုရှိနေတယ် လို့ ပန်ဆန်းနဲ့ အဆက်အသွယ်ရှိတဲ့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာက ဝ နယ်မြေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို လွှဲပေးခဲ့ပါတယ်။

 ဝ နယ်မြေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို လွှဲပေး

ဓာတ်ပုံ ရင်းမြစ်, WSTV

ဓာတ်ပုံ ပုံစာ, ဝ နယ်မြေထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို လွှဲပေး

‘’လွှဲပေးလိုက်တဲ့ လူတွေရဲ့ ထွက်ဆိုချက်တွေအရ အခုလို ဝရမ်းထုတ်တာ ဖြစ်နိုင်တယ်’’ လို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အိုက်ဟော့နဲ့အတူ ဝရမ်းထုတ်ခံရသူ ပေါက်အိုက်ပန်း ကလည်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုနဲ့ နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။

ပေါက်ယူချန်း ရဲ့ တူတော်စပ်သူ ပေါက်အိုက်ပန်း ဟာ ၂၀၁၂ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်ပါလာပြီး ထောင်ထဲမှာ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံရေးသမားတွေနဲ့ ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။

တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်သူတွေရဲ့ သတင်းတွေအရ ပေါက်ယူချန်းရဲ့ နောက်ထပ်တူတစ်ဦးဖြစ်တဲ့ UWSP ရဲ့ အတွင်းရေးမှူး ပေါက်ကျွင်းဖုန်း ကိုလည်း တရုတ်ဘက်က ထိန်းသိမ်းထားတယ် သိရပါတယ်။

ပေါက်ကျွင်းဖုန်း ထိန်းသိမ်းခံရတယ်ဆိုတဲ့သတင်းနဲ့ UWSA အရာရှိနှစ်ဦး ဝရမ်းထုတ်ခံရတဲ့ကိစ္စကို လားရှိုးအခြေစိုက် UWSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အသေးစိတ်မသိရသေးလို့ ပန်ဆန်းကို မေးထားတယ်လို့ ဘီဘီစီကို ပြန်လည်ဖြေကြားပါတယ်။

တရုတ်အစိုးရဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပြီး ကိုးကန့်က လုပ်ငန်းရှင် ၁၁ ဦးကိုလည်း အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံထဲမှာ ဖမ်းဆီးထားပြီး နှစ်ပတ် နီးပါးကြာတဲ့အထိ သူတို့ရဲ့ သတင်းအစအနကိုတောင် မရပါဘူး။

မြန်မာနယ်စပ်က လက်နက်ကိုင်နယ်မြေတွေမှာအခြေပြုလှုပ်ရှားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ ကိုင်တွယ်ပုံကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု USIP က မြန်မာနိုင်ငံဆိုင်ရာအရာရှိ Billy Ford က အခုလို သုံးသပ်ပါတယ်။

‘’တရုတ် အစိုးရက ဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီကို တွန်းအားပေးနေတာ လနဲ့ချီနေပြီ။ နောက်ဆုံး စစ်ကောင်စီက ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားလို့ သူတို့ကိုယ်တိုင် နှိမ်နှင်းလာတာ’’ လို့ သူက ဆိုပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်ချက်နဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ သုတေသနတွေကို ကိုးကားပြီး Billy Ford က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် တရုတ်မှာ ဘယ်လောက် နစ်နာဆုံးရှုံးနေရသလဲဆိုတာကို စစ်ကောင်စီက အပြည့်အဝ နားလည်ပုံမရဘူး လို့ နိုင်ငံရေးအကဲခတ် တစ်ဦးကပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေသူတွေကို တရုတ်ပြန်လွှဲပေးတာ စုစုပေါင်း ၂,၀၀၀ ကျော်အထိရှိလာတဲ့အထဲမှာ UWSA က အများဆုံး လွှဲပေးခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA ဟာ အင်အားကြီး တရုတ်ရဲ့ ဖိအားနဲ့ ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေကြားမှာ အကျပ်ရိုက်နေပြီလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။