တအာင်းတပ်(TNLA) ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေးဖိအားနဲ့ စိန်ခေါ်ချက်တွေ

TNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ဦးဆောင်မှုနဲ့ TNLA နဲ့ စစ်တပ်တို့ ဩဂုတ်လကုန်ပိုင်းမှာ ထပ်ပြီးတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး တစ်နှစ်ကျော်လာချိန်မှာ တအာင်းတပ် (TNLA) က နောင်ချိုမြို့ကို ပြန်ပြီးလက်လွှတ်ခဲ့ရသလို မိုးကုတ်မြို့တဝိုက်မှာလည်း စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဒါတင်မက သြဂုတ်လတတိယပတ်မှာ စစ်တပ်ဟာ TNLA သိမ်းထားတဲ့ ကျောက်မဲမြို့ကို မြေပြင်ကစစ်ကြောင်းထိုးလာသလို ဝေဟင်လေကြောင်းတိုက်ခိုက်မှုနဲ့ ဖိအားပေးနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ TNLA က မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြို့ ၁၁ မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။

TNLA ရဲ့ ထိန်းချုပ်ဒေသတချို့မှာ စစ်ရေးအရ မြေပြင်မှာ စစ်တပ်ရဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရသလို နိုင်ငံရေးအရ တရုတ်ရဲ့ ဖိအားပေးမှုတွေလည်း ကြုံနေရတယ်လို့ TNLA ကလည်း မကြာခဏထုတ် ပြောပါတယ်။

တရုတ်၊ စစ်တပ်တို့ကြားမှာ TNLA အတွက်ဖိအားတွေကဘာတွေလဲ။ အကျပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ TNLA ရဲ့ ကံကြမ္မာ ဘယ်အခြေဆိုက်နိုင်လဲ။

TNLA ကိုလက်နက်အကူအညီမပေးတော့ဘူးလို့ '' ဝ'' ပြော

"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA က ဦးဆောင်ပြီး တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နဲ့ ရှမ်းတပ် (SSPP ) အစရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင် ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုကို ပန်ဆန်းမြို့မှာလုပ်ခဲ့တယ်လို့ သြဂုတ် ၂၀ ရက်ညပိုင်းမှာ ''ဝ''အဖွဲ့ရဲ့ WSTV က ထုတ်ပြန်ပါတယ်။

UWSA ကနေ MNDAA၊TNLAနဲ့ SSPP တို့နဲ့တွေ့ဆုံပြီး တရားဝင်စစ်ရေးဆုံးဖြတ်ချက်ကို ကြေညာတယ်လို့ သုံးနှုန်းပါတယ်။ UWSA အဓိကပြောတဲ့ ၂ ချက်ရှိပါတယ်။

  • မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည်မဟုတ်
  • စစ်ရေးအရအတွက် မည်သည့် အဖွဲ့အစည်းကိုမှ ငွေကြေးအကူအညီ ပေးမည်မဟုတ်

"ဝ" ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ပဆက်ဆံရေးဝန်ကြီး ကျောက်ကော်အန်း က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့်တပ်၊ တအာင်းတပ်နဲ့ ရှမ်းတပ် တို့ကို လက်ရှိစစ်ပွဲနဲ့ မငြိမ်မသက်မှု ကိစ္စရပ်အား ဦးစွာအသိပေးပြီး "ဝ" ပြည်နယ်ဘက်က နောက်ဆုံးအဆုံးအဖြတ်ကို အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့လုံးက အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒုဥက္ကဋ္ဌ ကျောက်ကော်အန်း ရဲ့ ဆွေးနွေးချက်အဖွင့်မှာ ''ဝ'' ဒေသရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေများကို အသိပေးလိုတယ်လို့ စတင်ပြောကြားကြောင်း ဖော်ပြထားပါတယ်။

အဖွဲ့အစည်းများအနေနဲ့ လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ ဒါမှမဟုတ် အလားတူ ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းက ရှောင်ကြဉ်ဖို့ တိုက်တွန်းတယ်လို့ ဖော်ပြပါတယ်။

UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို MNDAA၊TNLAနဲ့ SSPP တို့က နားလည် သဘော ပေါက်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ WSTV က ရေးသားပါတယ်။

UWSA ရဲ့ ဒီလိုထုတ်ပြန်မှုမတိုင်ခင်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ က ''ဝ '' အထူးဒေသ ၂ နဲ့ မိုင်းလား ကို သြဂုတ်လဆန်းပိုင်းမှာ သွားရောက်ခဲ့ပါတယ်။

ဒါက မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ''ဝ'' ကို ပထမဆုံးအကြိမ် သွားခဲ့တာဖြစ်ပါတယ်။

ဦးအောင်အောင်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းပြည်နယ်စစ်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူပါ။

ရှမ်းဝန်ကြီးချုပ်ဟာ အထူးဒေသ နှစ်ခုကို ဖွံ့ဖြိုးရေးခေါင်းစဥ်နဲ့သွားခဲ့ပေမဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အထူးတာဝန်ပေးချက်အရ သွားခဲ့တာလို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ရှမ်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းအပြင် မိုင်းပေါက်အထိ သွားခဲ့တာ တွေ့ရပါတယ်။

ဦးအောင်အောင်ကို UWSP ဒုတိယဥက္ကဋ္ဌလည်းဖြစ် ပြင်ပဆက်ဆံရေးဌာနကြီးမှူး လည်းဖြစ်တဲ့ ဦးကျောက်ကော်အန်းက လက်ခံတွေ့ဆုံပါတယ်။

UWSA ထိန်းချုပ်နယ်မြေထဲက ဟိုပန်နဲ့ NDAA ထိန်းချုပ်နယ်မြေ မိုင်းလား ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာတဲ့မြို့တွေထဲ ထည့်သွင်းထားပါတယ်။

ရှမ်းမြောက် စစ်ရေးအကဲခတ်တစ်ဦးကတော့ UWSA ရဲ့ ဒီသတိပေးချက်က မြောက်ပိုင်းအဖွဲ့တိုင်းရဲ့ အပေါ်မှာ တရုတ်ရဲ့ ဖိအား အတော်ပြင်းထန်နေပြီလို့ ကောက်ချက်ချပါတယ်။

'' ဝ ရဲ့ မဟာမိတ်တွေ အပေါ် မူဝါဒ ပြောင်းလဲမူ ဟာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအတွက် အရှိုက်ကို အထိုးခံလိုက်ရသလို အလွန် အရေးကြီးတဲ့ အလှည့်အပြောင်းပါ''

တရုတ်သံရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းရင်းမြစ်တစ်ဦးရဲ့ အစောပိုင်းပြောပြထားချက်အရ UWSA ရဲ့ ဒေသတွင်းကုန်သွယ်ရေးဂိတ်တွေမှာ တရုတ်ထောက်လှမ်းရေးတွေ အထိုင်ချစိစစ်တာတွေရှိခဲ့တယ်လို့ သိရှိထားရပါတယ်။ ဒါဟာ ''ဝ'' ကတဆင့် သူ့ရဲ့ မဟာမိတ်တပ်တွေအပေါ် စစ်လက်နက်နဲ့ တခြားစစ်ရေးအကူအညီမပေးနိုင်ဖို့ တရုတ်ရဲ့ တင်းကျပ်ခဲ့မှုလို့ သူကဆိုပါတယ်။

တစ်ဖက်မှာလည်း မြောက်ပိုင်းအဖွဲ့တွေအပေါ် တရုတ်ဘက်က ဖိအားပေးထားတာကို သိရှိထားတဲ့ စစ်တပ်ဟာ ဒီအခွင့်အရေးကို ရယူပြီး ရွေးကောက်ပွဲမတိုင်ခင် သူ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ TNLA ရဲ့ စစ်မြေပြင်မှာရှိနေတဲ့ အကြီးတန်းစစ်ဖက်ဆိုင်ရာအရာရှိတစ်ဦးက ပြောပါတယ်။

တရုတ်ဖိအားနဲ့ TNLA

TNLA စစ်ယူနီဖောင်းရဲ့ လက်မောင်း ဘက်တံဆိပ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ တအာင်းတပ်ဖွဲ့

တရုတ်ကြားဝင်မှုနဲ့ စစ်တပ်နဲ့ TNLA တို့ ၂၀၂၅ ခုနှစ် ဩဂုတ် လကုန်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားမယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က သြဂုတ်လ ပထမပတ်ကလုပ်ခဲ့တဲ့ TNLA သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တကယ်တော့ တရုတ် စီစဥ်မှုနဲ့ စစ်တပ်နဲ့ TNLA တို့ တွေ့ဆုံထားတာ ၂၀၂၅ ခုနှစ်အတွင်း ၃ ကြိမ်ထက်မနည်းရှိပါတယ်။ ဒါပေမဲ့ ပြေလည်မှု လုံးဝမရခဲ့တာကြောင့် သြဂုတ်လအထိ ဆွေးနွေးပွဲရောက်လာတာပါ။ TNLA ဘက်ကတော့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိတာကြောင့် ဆွေးနွေးပွဲတက်မယ်လို့ ဆိုပါတယ်။

လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ စစ်တပ်ရဲ့ ထိုးစစ်တွေရပ်ဖို့၊ လေကြောင်းကနေ ထိုးစစ်မလုပ်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့နဲ့ အရပ်သားတွေလိုအပ်တဲ့ ကူးသန်းသွားလာခွင့်တွေကိုပေးဖို့ ဆိုတဲ့ ရပ်တည်ချက်တွေအတိုင်း ဆက်ရှိမယ်လို့ TNLA က ပြောထားပါတယ်။

အသစ်ဖြည့်စွက်ချက် - သြဂုတ် ၂၈ ရက်မှာ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်တပ်နဲ့ TNLA တို့ကြား ကူမင်းမှာတွေ့ဆုံမှုရှိတယ်လို့ ဖြေဆိုပေမဲ့ အစည်းအဝေးကဆွေးနွေးချက်တွေကို အသေးစိတ်ဖြေကြားတာမရှိပါဘူး။

တရုတ်ကမကထလုပ်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA တို့ ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။

မြန်မာစစ်တပ်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA သိမ်းထားတဲ့ မြို့တွေထဲက ၅ မြို့ကို ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လကုန်ပိုင်း စစ်တပ်နဲ့ ထပ်တွေ့မယ့်‌ဆွေးနွေးပွဲမှာလည်း စစ်တပ်ဘက်က ဒီ ၅ မြို့ကို ထပ်ပြီးတောင်းနေမယ်ဆိုရင် ဆွေးနွေးပွဲကနေ ရလဒ်ထွက်လာနိုင်မှာမဟုတ်ဘူးလို့ TNLA က ပြောပါတယ်။

"တနည်းတဖုံပြောင်းလဲသွားရင်တော့ တစ်မျိုးဖြစ်သွားမှာပေါ့လေ။ ယတိပြတ်ပြောဖို့ခက်ပါတယ်" လို့ လွေးယေဦးက ပြောပါတယ်။

ရှမ်းမြောက်အပြင် မန္တလေးတိုင်းထဲက မြို့တချို့ပါတဲ့ ထိုးစစ်တွေကြောင့် ရှမ်း-မန်းစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA က မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မန္တလေးတိုင်းထဲက မိုးကုတ် စတဲ့ ၇ မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

နောင်ချိုမြို့ကိုတော့ TNLA က ထိန်းချုပ်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ် ဇူလိုင်လထဲမှာ ပြန်လက်လွှတ်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာတော့ TNLA က ရှမ်းမြောက်က ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ကို ထိန်းချုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဒီမြို့တွေကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

TNLA က ထိန်းချုပ်ထားတဲ့မြို့တွေမှာ စစ်ဘက်၊ အရပ်ဘက်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ အချိုးကျပါဝင်တဲ့ တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားအသစ်တစ်ခုကိုလည်း ထူထောင်ခဲ့ပါတယ်။

TLC ရဲ့ အုပ်ချုပ်‌ရေးလည်ပတ်မှုအခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းဖိအားတွေကြား TLC ရဲ့ လူထုကိုအကာအကွယ်ပေးဖို့ ပြင်ဆင်ထားချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက TNLA ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ TNLA ‌တောင်းဆို

TNLA ဟာ စစ်တပ်ရဲ့ စစ်ရေးဖိအားအပြင် တရုတ်ဘက်ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ လောင်စာဆီ၊ စားနပ်ရိက္ခာအပါအဝင် တို့ကို ဖြတ်လေးဖြတ်မူနဲ့ ဖိအားပေးမှုတွေကိုလည်း ကြုံနေရတယ်လို့ TNLA ထိန်းချုပ်ဒေသမှာ နေထိုင်သူတချို့က ပြောပါတယ်။

အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့ မြို့ခံတချို့က ရင်ဖွင့်ပါတယ်။

"စားသောက်ကုန် ဆန်၊ ဆီ၊ ဆားနဲ့ စက်သုံးဆီတွေက မြေပြန့်နဲ့ တန်ဖိုး ၂ ဆ ကျော်ကွာနေတယ်" လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ပြီးနောက် ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ တရုတ်က မြန်မာနဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေကို ပိတ်ထားခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင်တပ်တွေကို အပစ်ရပ်ဖို့ ဖိအားပေးချင်တာကြောင့် တရုတ်ဘက်က နယ်စပ်ကုန်သွယ်ပေါက်တွေကို ပိတ်ခဲ့တာလို့ TNLAနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

PSLF/ TNLA ရဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လှ ကလည်း တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေရှိနေပြီး ဂိတ်တွေပြန်ဖွင့်ပေးဖို့ မေလကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ရှမ်းမြောက်က ဒေသတွေထဲ မန္တလေးတိုင်းအပြင် မူဆယ်-လားရှိုးဘက်ကနေ ကုန်စည်တွေ ဝင်ရောက်နေတာရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကုန်စည်ဝင်ရောက်မှု မလုံလောက်တာကြောင့် TNLA ထိန်းချုပ်ဒေသတွေမှာ ဈေးကွက်ထဲ ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို လူထုတွေက ဈေးကြီးပေးပြီး ဝယ်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တစ်ဖက်မှာလည်း သီပေါနဲ့ ကျောက်မဲက ကုန်သည်တချို့ကလည်း မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းတလျှောက်မှာ ထိန်းချုပ်ထားကြတဲ့ လက်နက်ကိုင်တပ်တွေကို ကုန်သွယ်အခွန်အခအဖြစ် ကျပ်သိန်းဆယ်နဲ့ချီပေးနေရတယ်လို့ ဘီဘီစီကို ဖွင့်ပြောပါတယ်။

"စစ်တပ်ကိုလည်း ပေးရတယ်၊ ကိုးကန့်တပ်ကိုလည်း ပေးရတယ်။ ဈေးမတင်ရင် အရင်းတောင်ကျန်မှာမဟုတ်ဘူး" လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

အလားတူ မိုးကုတ်မြို့မှာလည်း TNLA က လမ်းတွေပိတ်လိုက်တာကြောင့် ကုန်စည်ဝင်ရောက်မှုနည်းလွန်းပြီး ကုန်ဈေးနှုန်းတွေတက်နေတယ်လို့ မိုးကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

"ပစ္စည်းပြတ်လပ်တာတော့ မရှိပေမယ့် ဘယ်ပစ္စည်းမဆို ဈေးကြီးပေးဝယ်နေရတယ်" လို့ သူက ဆိုပါတယ်။

TNLA ကတော့ လမ်း၊ တံတားတွေပြန်လည်ပြုပြင်ဖို့နဲ့ ယာဉ်ကြောတွေရှင်းလင်းဖို့ဆိုပြီး မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်း ၆ ခုကို ယာယီပိတ်တာမျိုး ရှိခဲ့ပါတယ်။

မိုးကုတ် - စဉ့်ကူးလမ်း၊ မိုးကုတ် - သပိတ်ကျင်းလမ်း၊ မိုးကုတ် - ကျောက်မဲလမ်း၊ မိုးကုတ် - မိုးမိတ် လမ်း၊ မေမြို့ - အုမ္မတီး - အုမ္မခါး - မိုင်းလုံလမ်းနဲ့ တကောင်း - တွင်းငယ် - မိုးမိတ်လမ်း စတဲ့လမ်းပိုင်းတွေကို ပိတ်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ်ပထမပတ် နောက်ပိုင်းမှာတော့ TNLA က လမ်းပိုင်းတွေပြန်ဖွင့်ထားပေမယ့် မိုးကုတ်မြို့ထဲ အဝင်နဲ့ အထွက်ကားတွေကို အကန့်အသတ်နဲ့ တစ်ရက်ခြားစီပဲ ဝင် ထွက်ခွင့်ပေးထားတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဒီလိုလမ်းပိတ်မှုတွေအပြင် ရှမ်းမြောက်က TNLA ထိန်းချုပ်ဒေသတချို့မှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ကုန်စည်စီးဆင်းမှုကိုလည်း ရက်ပိုကြာစေတယ်လို့ ကုန်သည်တစ်ဦးက ပြောထားပါတယ်။

စစ်တပ်ဖိအားနဲ့ TNLA

ဒရုန်းလွှတ်နေတဲ့ စစ်သားတွေနဲ့ စစ်ဆင်ရေးကို လမ်းဘေးမှာ အတူတူကြည့်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

စစ်တပ်က နောင်ချိုမြို့ပြန်ရပြီးနောက် နောင်ချိုအနီးက မိုးကုတ်မြို့ကို ဝေဟင်ရော မြေပြင်ပါ ဖိအားပေးပြီး စစ်ကြောင်းဆက်ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။

မိုးကုတ်မြို့မှာတော့ စစ်တပ်ရဲ့လေကြောင်းတိုက်မှုကြောင့် ဩဂုတ်လ ရက် ၂၀ အတွင်း လူပေါင်း ၄၀ နီးပါး သေဆုံးထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ အကြိမ် ၇၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ၅၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ အကြိမ် ၁,၆၀၀ ကျော် ပစ်ခတ်ထိုးစစ်ဆင်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဇူလိုင်လဝက်လောက်မှာပဲ စစ်တပ်က နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။

TNLA ကတော့ နောင်ချိုမြို့လက်လွှတ်လိုက်ရတဲ့အပေါ် "စစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတွေ သုံးပါတယ်။ အရပ်သားတွေ ဒီထက်ပိုပြီး သေကြေပျက်စီးမှုမရှိအောင်၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက်၊ ဆုံးရှုံးမှုမရှိစေဖို့အတွက် နောင်ချိုကနေ ဆုတ်ခွာခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

တစ်ဖက်မှာလည်း နောင်ချို-မိုးကုတ်လမ်းပိုင်းကြား နှစ်ဖက်တိုက်ပွဲတွေကလည်း တစတစနဲ့ ပိုပြင်းထန်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။

အလားတူ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့ကို စစ်တပ်က ပြန်ရသွားတာကလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ရေးအရ ဖိအားပိုပေးသလိုဖြစ်သွားတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ခဲ့တဲ့ သပိတ်ကျင်းမြို့ဟာ မိုးကုတ်-စဉ့်ကူးလမ်းပိုင်းပေါ်မှာရှိပြီး မိုးကုတ်နဲ့ ၅၅ မိုင်ဝန်းကျင် ကွာဝေးပါတယ်။

စစ်တပ်က ဒီမြို့ကိုပြန်ရဖို့ တန်ပြန်တိုက်စစ်အတွက် လေကြောင်းအထောက်အပံ့ယူပြီး စစ်ရေးပြန်ပြင်ဆင်တာနဲ့ အင်အားဖြည့်တင်းတာတွေကို သပိတ်ကျင်း၊ ၇ မိုင်တပ်စခန်းမှာ ခံစစ်ပြင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် မိုးကုတ်အနီးက သပိတ်ကျင်းမြို့မှာ စစ်တပ်က ခြေကုတ်ယူအထိုင်ချပြီး မိုးကုတ်မြို့ကို တန်ပြန်စစ်ကြောင်းတွေ တက်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တချို့က ထောက်ပြကြတာပါ။

ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ကတော့ စစ်တပ်က သပိတ်ကျင်းကနေ မိုးကုတ်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာ မရှိသေးဘူးလို့ ဩဂုတ်လ ဒုတိယအပတ်မှာ ပြောထားပါတယ်။

ကိုးကန့်အပစ်ရပ်က TNLA ကို ဘယ်လိုသက်ရောက်လဲ

၂၀၂၅ ခုနှစ် ဩဂုတ်လအစပိုင်းတုန်းက ရှမ်းမြောက်က စစ်ဆေးရေးဂိတ်တစ်ခုမှာ တွေ့ရတဲ့ MNDAA တပ်ဖွဲ့ဝင််တချို့

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဩဂုတ်လအစပိုင်းတုန်းက ရှမ်းမြောက်က စစ်ဆေးရေးဂိတ်တစ်ခုမှာ တွေ့ရတဲ့ MNDAA တပ်ဖွဲ့ဝင််တချို့

ကိုးကန့်တပ် (MNDAA) နဲ့ စစ်တပ်တို့ တရုတ်ကမကထလုပ်မှုနဲ့ အပစ်ရပ်သဘောတူညီခဲ့ပြီးနောက် ကိုးကန့်တပ်အနေနဲ့ TNLA ကို စစ်ရေးအရ ကူညီဖို့ အကန့်အသတ်တွေဖြစ်လာတယ်လို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

မြောာက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ထဲမှာ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA) နဲ့ အာရက္ခတပ်တော် (အေအေ‌) တို့ ပါဝင်ပါတယ်။

စစ်တပ်နဲ့ ကိုးကန့်ရဲ့ အပစ်ရပ်စာချုပ်ထဲမှာ ပါဝင်တဲ့ မဟာမိတ်နဲ့ သက်ဆိုင်တဲ့ အချက် ၃ ချက်ကြောင့် TNLA ကို ကူညီဖို့ အကန့်အသတ်တွေဖြစ်စေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်အနေနဲ့ မဟာမိတ်တပ်တွေအတွက်

  • စစ်ရေးအရ ကျည်တစ်ချက်ဖောက်ခွင့်မရှိတာ
  • လက်နက်နဲ့ ရိက္ခာပစ္စည်းတွေ ကူညီခွင့်မရှိတာ
  • လိုအပ်တဲ့ အကူအညီတွေကို ပေးခွင့်မရှိတာ

စတဲ့ အချက် ၃ ချက်ကို တရုတ်က တင်းတင်းကျပ်ကျပ် လိုက်နာခိုင်းထားတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောထားပါတယ်။

ကိုးကန့်တပ်အနေနဲ့လည်း ဒီအပစ်ရပ်သဘောတူညီချက်ထွက်လာပြီးနောက်ပိုင်း ရှမ်းမြောက်တကြောမှာ ထိုးစစ်တွေ ရပ်ခဲ့ရတဲ့အပြင် လားရှိုးမြို့ကိုပါ လက်လွှတ်ခဲ့ရပါတယ်။

TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ "လက်နက်နဲ့ ရိက္ခာတွေအတွက် မဟာမိတ်တပ်တချို့က တိတ်တဆိတ်နဲ့ ကူညီနေတာတွေရှိတယ်ဆိုပေမယ့် အကန့်အသတ်တွေ ဖြစ်လာတယ်"လို့ ပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ ကိုးကန့်တပ် MNDAA ဟာ သူ့ရဲ့ မြောက်ပိုင်းညီနောင်ဖြစ်တဲ့ တအာင်းတပ် TNLA ကို အကူအညီပေးဖို့ ခက်ခဲလာချိန်မှာပဲ MNDAA ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ''ဝ'' တပ်ကပါ သူ့ရဲ့ မဟာမိတ်တွေကို အကူအညီမပေးနိုင်တော့ကြောင်း ထုတ်ပြောလာတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ကြားဝင်မှုရဲ့ နောက်မှာ TNLA ဟာ အဖက်ဖက်က ဖိအားတွေကိုရင်ဆိုင်နေရတဲ့ အခြေဆိုက်နေပါတယ်။

အထူးသဖြင့် ဒီလို ဟန့်တားခံရမှုရဲ့ နိုင်ငံရေးအကျိုးဆက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ NUG/PDF တွေအကြားမှာ သွေးကွဲမူတွေဖြစ်လာစေနိုင်တယ်လို့ ဝါရင့် မြောက်ပိုင်းအရေး အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

'' အခုလို လက်နက်ခဲယမ်းမီးကျောက် ထောက်ပံ့မှုအခက်အခဲဖြစ်မှုအပေါ် ထွက်ပေါက် မရှာနိုင်ရင် တော်လှန်ရေးရဲ့ အားသာချက်က တဖြည်းဖြည်း နည်းပါးသွားမယ်။ အချင်းချင်းလည်း သွေးကွဲသွားမယ်ဆိုရင် အရှုံးဘက်ကို ဦးတည်သွားနိုင်တာကြောင့်ပါ''

'' TNLA အတွက်က လမ်းဆုံလမ်းခွ ရောက်နေတာပေါ့။ နဂိုမူလ အတိုင်း တနိုင်ငံလုံး အောင်ပွဲရအောင် NUG/PDF တွေနဲ့ ဆက်ပေါင်းပြီး တိုက်မလား၊ ဒါမှမဟုတ် တရုတ်အလိုကျ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းပြီး တအန်းပြည်ယူပြီး ကိုးကန့် တို့ ''ဝ'' တို့လို နေမလား စဉ်းစားရမယ့် အခြေအနေဖြစ်လာမယ်။ သူ့အတွက် တကယ့်အကျပ်အတည်းပါပဲ '' လို့ ဝါရင့် မြောက်ပိုင်းအရေး အကဲခတ် က သုံးသပ်ပါတယ်။

တအာင်းတပ် (PSLF/TNLA) ရဲ့ အထွေထွေအတွင်း‌ရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုဟာ တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ လူသိရှင်ကြား ထုတ်ပြောထားပါတယ်။