မန္တလေး PDF ထိန်းချုပ်နယ်ထဲက ရွှေလုပ်ကွက်တွေနဲ့ အကျိုးစီးပွားတွေ

၂၀၁၄ ခုနှစ်တုန်းက ကချင်ပြည်နယ် လိုင်ဇာမှာ မြင်ရတဲ့ ရွှေလုပ်ကွက်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၄ ခုနှစ်တုန်းက ကချင်ပြည်နယ်၊ လိုင်ဇာမှာ မြင်ရတဲ့ ရွှေလုပ်ကွက်တစ်ခု

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY - PDF)နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ စဉ့်ကူးနယ်ထဲက ရွှေလုပ်ကွက်တွေ ပြန်လည်ပတ်နေပါတယ်။ လုပ်ကွက်ရထားသူတချို့ရဲ့ပြောဆိုချက်အရ တစ်ပတ်ကို အနည်းဆုံးရွှေပိဿာချီထွက်ပါတယ်။

ရှမ်း -မန်း စစ်ဆင်ရေးလို့ ခေါ်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ အဲဒီဒေသတွေကို MDY PDF က သိမ်းယူခဲ့ပါတယ်။ MDY PDF ကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက တအာင်းတပ် (TNLA) ကျောထောက်နောက်ခံပြုပြီး အထူးသဖြင့် လက်နက်တပ်ဆင် အင်အားဖြည့်ပေးတယ်လို့ နားလည်ရပါတယ်။

ဒါကြောင့် ဒီဒေသတွေရဲ့ရွှေလုပ်ကွက်အကြီးစား အများစုကို MDY-PDF က ထိန်းချုပ် စီမံ နေသလို ရရှိတဲ့အကျိုးအမြတ်ကို MDY-PDF နဲ့ TNLA တို့ကြား ခွဲဝေယူနေတယ်လို့ မြေပြင်အခြေအနေကို သိထားတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

NUG ရဲ့ စီမံခန့်ခွဲမှုအောက်က ပသုံးလုံးအဖွဲ့တွေပါ ဒီဒေသကို တစိတ်တပိုင်းထိန်းချုပ်ထားတာကြောင့် တော်လှန်ရေးအဖွဲ့တွေကြား ဒီဒေသရဲ့ သယံဇာတအကျိုးအမြတ်ခွဲဝေမှု ဘယ်လိုရှိနေလဲ။

မန္တလေး PDF ထိန်းချုပ်ထားတဲ့ ရွှေလုပ်ကွက်တွေ

MDY PDF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, MDY PDF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

သပိတ်ကျင်းမြို့နယ်ထဲမှာ မြေနီတောင်၊ ဂိုးဒင်းပွိုင့် (Golden Point)၊ မန်းစိန်၊ ရွှေပြည်သာ၊ လက်ပံပြန့်၊ ရေထွက်နဲ့ ဦးမောင်ကို(မန္တလေးဝန်ကြီးချုပ်ဟောင်း)ရဲ့ လုပ်ကွက်စတဲ့ အကြီးစား ရွှေလုပ်ကွက် ၇ ခုရှိပါတယ်။

ရွှေထွက်အများဆုံးဖြစ်တဲ့ ဒီလုပ်ကွက်အကြီး အများစုကို မန္တလေး PDF က ထိန်းချုပ်ထားတယ်လို့ မြေပြင်က သတင်းရင်းမြစ်နဲ့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

"လုပ်ကွက်အကြီး ၇ ခုမှာ ၆ ခုကို မန္တလေး PDF က ထိန်းချုပ်ထားတာ။ ကျန်တဲ့လုပ်ကွက် ၁ ခုကိုတော့ MDY-PDF က မဟာမိတ်တပ်ဖွဲ့တစ်ခုကို လုပ်ခွင့်ချပေးထားတယ်" လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လုပ်ကွက်အကြီးတချို့ရဲ့ တစ်ပတ် ရွှေထွက်နှုန်းဟာ အလေးချိန် ၇ ပိဿာလောက်အထိရှိတယ်လို့ လက်ရှိ ရွှေတူးဖော်နေသူ တစ်ဦးက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွှေလုပ်ကွက်အကြီးမဟုတ်တဲ့ တနိုင်တပိုင်လုပ်ကွက်တွေမှာ တူးလို့ရတဲ့ ရွှေတွေကိုတော့ လုပ်ကွက်ပိုင်ရှင် ဒေသခံကို ၄ ပုံ ၁ ပုံပေးပြီး ကျန်တဲ့ ၃ ပုံကို MDY-PDF က သိမ်းယူတယ်ဆိုတဲ့ ပြောဆိုချက်လည်းရှိပါတယ်။

ဒါကြောင့် အဲဒီအချိုးချခွဲဝေမှု အပေါ် ကျေနပ်မှုမရှိတဲ့ ပြဿနာတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုစွပ်စွဲချက်တွေအပေါ် ဘီဘီစီက MDY-PDF ကို မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် အရပ်သားအစိုးရလက်ထက်မှာ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးဒေသက မြေ ၄၆၄ ဒသမ ၇ ဧကရှိတဲ့ ရွှေလုပ်ကွက် ၂၅ ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအမည်နဲ့ တူးဖော်ခွင့်ပြုထားတယ်လို့ သတ္တုတွင်းဦးစီးဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီကာလတွေက ဦးပိုင်ကုမ္ပဏီက သူ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ရွှေကွက်တွေကို ပုဂ္ဂလိကရွှေတူးဖော်ရေးကုမ္ပဏီတွေကို အလုပ်အပ် တဆင့်အငှားချပြီး တူးဖော်ရေးလုပ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သပိတ်ကျင်းတကြောက ကျန်တဲ့လုပ်ကွက်တွေကိုတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပုဂ္ဂလိကလုပ်ငန်းရှင်တချို့ကို အလတ်စားနဲ့ အကြီးစား လုပ်ကွက်တွေ ချပေးခဲ့တာလည်းတွေ့ရပါတယ်။

ဒါတင်မက တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကိုလည်း တနိုင်တပိုင်ရွှေတူးဖော်ရေးလုပ်ကွက်တွေ ချပေးခဲ့ပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီဒေသက လုပ်ကွက်အားလုံးကို စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်း-မန်းစစ်ဆင်ရေး မှာ မန္တလေး PDF က သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့တွေသိမ်းပိုက်ခဲ့တာကြောင့် ရွှေလုပ်ကွက်အများစုကိုလည်း စစ်တပ်က လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မြို့တွေကို အလုံးစုံထိန်းချုပ်ထားတဲ့ MDY PDF ရွှေတူးဖော်လုပ်ကွက်တွေကို တိုက်ရိုက်စီမံသလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့တွေကလည်း တနိုင်တပိုင်ရွှေတူးဖော်တဲ့အကွက်တွေကို အပြတ်ဝယ်ပြီး ကိုယ်ပိုင်လုပ်သားနဲ့လည်ပတ်တယ်လို့ သိရပါတယ်။

တနိုင်တပိုင်ရွှေလုပ်ကွက်တွေနဲ့ မန်း PDF

တနိုင်တပိုင် ရွှေလုပ်ကွက်တွေဟာ သပိတ်ကျင်းနယ်တကြောမှာ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း လုပ်ကိုင်လာကြတဲ့လုပ်ကွက်တွေဖြစ်ပါတယ်။

အခုတော့ ဒီနယ်တကြောကို ထိန်းချုပ်လိုက်တဲ့ မန်း PDF ဟာ တနိုင်တပိုင်ရွှေလုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်တွေကို သိမ်းယူထားတာတွေရှိတယ်လို့ ဒေသခံ ၃ ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

"မန်း PDF က အမြင်မကြည်တဲ့သူ၊ အမြတ်ခွဲဝေတာကို မလိုက်နာတဲ့ မြို့ခံဆိုရင် ရွှေကျင်းကို ပေးမလုပ်ဘဲ သိမ်းပစ်တယ်" လို့ ကိုယ်တွေ့ကြုံတဲ့သပိတ်ကျင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ရွှေလုပ်ကွက်တွေကြား အငြင်းပွားမှုဖြစ်လို့ မန္တလေး PDF ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားတဲ့အခါမှာလည်း တပ်ဖွဲ့ဝင်တွေက လက်နက်နဲ့ ထိန်းချုပ်ထားတာကြောင့် ရွှေလုပ်ကွက် လုပ်ကိုင်သူတွေအနေနဲ့ တန်ပြန်အငြင်းပွားရတာတွေ မလုပ်နိုင်ဘူးလို့ ဖွင့်ဟပါတယ်။

တနိုင်တပိုင်လုပ်ကွက်ရထားသူတွေရဲ့ လုပ်ကွက်အကျိုးအမြတ်ခွဲဝေမှုကိုလည်း မန္တလေး PDF က အမြတ်ဝေစုအများစုကို ထိန်းချုပ်ထားတယ်လို့ အမည်မဖော်လိုတဲ့လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ရွှေကျင်းကိုလုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ကွက်တစ်ကွက်ကို တစ်လ ကျပ် ၁၀ သိန်း မန္တလေး PDF ဆီ အခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။

တူးလို့ရလာတဲ့ ရွှေအခဲတွေကို အရည်ဖျော်တဲ့အခါမှာ သုံးရတဲ့ ဓာတုဆေးရည်ဝယ်ယူတဲ့အခါမှာလည်း မန္တလေး PDF ကို အခွန်အနေနဲ့ ဆေးရည်ခွဲပေးရတယ်လို့ အဲဒီ အမည်မဖော်လိုတဲ့လုပ်ငန်းရှင်က ပြောပါတယ်။

"ဆေးရည် တစ်တန်သယ်ရင် ဆေးရည်ပုံး ၃ ပုံးကို အခွန်အဖြစ် သူတို့ (MDY-PDF) ကို ပေးဆောင်ရတယ်"

ဆေးရည် တစ်တန်ကို ကျပ်ငွေ သိန်း ၉၀၀ လောက် စျေးပေါက်တာကြောင့် ဆေးရည် တစ်တန်ဝယ်ယူရင် MDY-PDF ကို ကျပ်သိန်း ၁၃၀ ကျော်ပေးဆောင်ရတဲ့ အခြေအနေပါ။

ရွှေလုပ်ကွက်တွေကနေရတဲ့ ဘဏ္ဍာငွေအကျိုးအမြတ်ကိုလည်း "သူတို့ (TNLA နဲ့ မန္တလေး PDF) က ခွဲယူကြတယ်" လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တွေအပြင် အကျိုးအမြတ် ခွဲဝေပုံနဲ့ပတ်သက်ပြီး ဘီဘီစီက TNLA ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက "TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ဒေသက ကျောက်မျက်တူးဖော်မှုတွေအတွက် ကျောက်မျက်ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်"လို့သာ ပြောပါတယ်။

မန္တလေးတိုင်းထဲက ရွှေလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး သူက ''အဲဒီအတွက်ဖြေကြားနိုင်တာမရှိပါဘူး'' လို့ ဇူလိုင် ၅ ရက်သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီကိုပြောပါတယ်။

ရွှေလုပ်ကွက်က လုပ်သားတွေ ဘာတွေကြုံနေရလဲ

သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တစ်ခု လေကြောင်းတိုက်ခိုက်ခံထားရတဲ့ပုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ကွက်တစ်ခု လေကြောင်းတိုက်ခိုက်ခံထားရတဲ့ပုံ (ပုံဟောင်း)

သပိတ်ကျင်းဘက်ကို တိုက်ပွဲတွေမရောက်လာခင်အချိန်တုန်းက ရွှေတူးဖော်တဲ့လုပ်သားတွေဟာ လုပ်ကွက်ပိုင်ရှင်တွေနဲ့ သဘောတူညီမှုယူပြီး လုပ်ကွက်အသေး၊ အကြီးအလိုက် ရွှေပေါက်ဈေးအတိုင်း ရာခိုင်နှုန်းတစ်ခုနဲ့ ခွဲဝေယူခဲ့ကြတာဖြစ်ပါတယ်။

အခုတော့ ဒီအခြေအနေအတိုင်းလုပ်ကိုင်ခွင့်မရကြတော့ဘူးလို့ပြောကြပါတယ်။

အခုဆိုရင် ရွှေတူးဖော်တဲ့အလုပ်သမားတွေဟာ တစ်ရက်ကို လုပ်ခ ကျပ် ၆ သောင်းနဲ့ ၇ သောင်းကြား ရကြပါတယ်။ လုပ်သားတချို့ကတော့ ဒီပမာဏဟာ ရသင့်တဲ့နှုန်းထားထက် နည်းနေတယ်လို့ ပြောပါတယ်။

မန္တလေး PDF ထိန်းချုပ်လည်ပတ်နေတဲ့ ရွှေလုပ်ကွက်တွေမှာ လုပ်ကိုင်နေကြတဲ့လုပ်သားတွေဟာ နားချိန်အပြည့်အဝ မရရှိတာ၊ ရွှေခိုးတယ်လို့ စွပ်စွဲခံရတဲ့လုပ်သားတွေကို ငွေဒဏ်အပြင် ထောင်ဒဏ်နဲ့ပါ အရေးယူတာတွေရှိတယ်လို့ သပိတ်ကျင်းနဲ့ စဉ့်ကူးနယ်တကြောက လုပ်သား၂ ဦးထက်မနည်းက ပြောပါတယ်။

ရွှေလုပ်ကွက်တွေမှာ အလုပ်သမားတွေကို မန္တလေး PDF က စောင့်ကြည့်တင်းကျပ်ထားပြီး ရွှေခိုးယူတဲ့အလုပ်သမားတွေကို ကြိမ်ဒဏ်အပြင် ထောင်ဒဏ်‌၊ ငွေဒဏ်ချမှတ်တာတွေလည်း လုပ်တယ်လို့လည်းဆိုပါတယ်။

"ကြိမ်ဒဏ်ပေးရုံနဲ့လည်း မကျေနပ်ဘူး။ ထောင်ဆိုရင် တစ်လဆိုရင် ၃ လအထိ ချပြီး ငွေဒဏ် ကျပ် ၅ သိန်း ထပ်ပေးဆောင်ခိုင်းတယ်" လို့ ရွှေကွက်တစ်ခုထဲ လုပ်ကိုင်နေသူတစ်ဦးက အတည်ပြုပြောပါတယ်။

တစ်ဖက်မှာလည်း ရွှေလုပ်ကွက်တွေမှာ ပုံထားတဲ့ ဗြုံးအပုံတွေက ကျောက်တွေကို ခိုးထုတ်တဲ့သူ (ရွှေခိုးတဲ့သူ)တွေကို မန္တလေး PDF က သေနတ်နဲ့ ခြိမ်းခြောက်ဟန့်တားတွေရှိတယ်လို့ MDY- PDF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပေမဲ့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ရွှေတွင်းတူးဖော်တဲ့အခါ ကျောက်သားထု အထပ်ထပ်ကို ယမ်းနဲ့ ဖောက်ခွဲတူးဖော်ရပြီး ထွက်လာတဲ့ ကျောက်သားစတွေပုံထားတဲ့နေရာကို ဗြုန်းပုံလို့ ခေါ်တာဖြစ်ပါတယ်။ ဒီဗြုန်းပုံထဲမှာ သလင်းပွကျောက်နဲ့ ရွှေပါဝင်တဲ့ သလင်းကျောက်တွေလည်း ရောနှောနေပါတယ်။

"စားဝတ်နေရေးမပြေလည်တော့ ညဘက်ဆိုရင် ဗြုန်းပုံတွေကနေ ရွှေလာခိုးတဲ့သူတွေရှိတာပေါ့" လို့ သူကပြောပါတယ်။

ဗြန်းအဖြစ် ထွက်လာတဲ့ သလင်းကျောက်ထဲမှာ ရွှေစ ရွှေနတွေကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြန်းအဖြစ် ထွက်လာတဲ့ သလင်းကျောက်ထဲမှာ ရွှေစ ရွှေနတွေကို တွေ့ရ

လိုင်စင်ကြေးနဲ့ အခွန် ၂ ဆင့်ပေးဆောင်နေရ

MDY PDF ရဲ့ လုပ်ငန်းလိုင်စင်ကြေးကောက်ခံထားတဲ့ ပြေစာ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, MDY-PDF ရဲ့ လောင်စာဆီလုပ်ငန်းလိုင်စင်ကြေးကောက်ခံထားတဲ့ ပြေစာ

၁၀၂၇ ပထမစစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် စစ်ရှောင်အများစုဟာ မန္တလေးတိုင်းထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီး ရွှေလုပ်ကွက်တွေကြောင့် လုပ်ကိုင်စားသောက်ရတာ အဆင်ပြေတဲ့ သပိတ်ကျင်းနဲ့ စဥ့်ကူးကို ပြောင်းရွှေ့ လာကြတဲ့ စစ်ကိုင်းနဲ့ မကွေးက စစ်ရှောင်တွေလည်း ရှိကြပါတယ်။

ဒေသခံအများစုဟာ ရွှေရှာတဲ့လုပ်ငန်းတွေနဲ့ပဲ အသက်မွေးကြတာပါ။ စစ်ရှောင်တွေကတော့ မုန့်ဆိုင်၊ ကုန်ခြောက်ဆိုင်နဲ့ စားသောက်ဆိုင်လုပ်ငန်းအပြင် ကုန်ရောင်း၊ ကုန်ဝယ်အလုပ်နဲ့ ရပ်တည်ကြပါတယ်။

စဉ့်ကူးနဲ့ သပိတ်ကျင်းဒေသတွေမှာ မန္တလေး PDF က နယ်မြေအများစုကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အပြင် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေပါ ပေါင်းဆုံပြီး အဲဒီမှာ စစ်ရေးလှုပ်ရှားပါတယ်။

ဒါပေမဲ့ ရွှေတူးဖော်တဲ့ လုပ်ကွက်၊ အခွန်ကောက်ခံတဲ့စနစ်အပြင် မြို့အုပ်ချုပ်ရေး စတဲ့အပိုင်းတွေမှာ မန္တလေး PDF ကပဲ အမိန့်ပေးပြီး တိုက်ရိုက်ကွပ်‌ကဲနေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးတိုင်းထဲက MDY PDF ထိန်းချုပ်ထားတဲ့ နယ်မြေထဲက ရွှေလုပ်ငန်းရှင်တွေအပါအဝင် အခြားလုပ်ငန်းရှင်နဲ့ ကုန်သည်တွေဟာ လုပ်ငန်းလိုင်စင်နဲ့ အခွန်ငွေ အဆမတန်ပေးဆောင်နေရတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။

လုပ်ငန်းလိုင်စင်ကြေး သိန်း ဆယ်နဲ့ချီ ပေးဆောင်နေရသလို လုပ်ငန်းအတွက်ကိုလည်း အခွန်အနေနဲ့ ၄ လခြားတစ်ခါ ကျပ် သိန်း ၁၀၀ အထိ ပေးဆောင်နေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လုပ်ငန်းလိုင်စင်ကြေးအပြင် ကုန်သွယ်တဲ့အခါမှာလည်း မန္တလေး PDF စောင့်ကြပ်နေတဲ့ ဂိတ်တွေဖြတ်သန်းသွားလာခွင့်ရဖို့ အခွန်ထပ်ပြီးပေးဆောင်နေရတယ်လို့ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့က ကုန်သည်တချို့က ရှင်းပြပါတယ်။

MDY-PDF ထိန်းချုပ်ထားတဲ့ ဒေသတွင်းက ရွှေလုပ်ကွက်တွေ၊ အခွန်ကောက်ခံတဲ့စနစ်တွေအပါအဝင် အုပ်ချုပ်ရေးလည်ပတ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီက MDY PDF ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

NUG အရေးပေါ် အုပ်ချုပ်နေတဲ့စဥ့်ကူး

ဘီဘီစီကို ပေးပို့လာတဲ့ NUG စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဘီဘီစီကို ပေးပို့လာတဲ့ NUG စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်

စဉ့်ကူးဒေသအတွက် NUG ဖွဲ့စည်းထားတဲ့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရှိပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးစတဲ့ ကဏ္ဍတွေကိုလည်း အဲဒီအဖွဲ့က ကိုင်တွယ်ပါတယ်။

အဲဒီအဖွဲ့ကနေ လုပ်ငန်းရှင်တွေကို လုပ်ငန်းအမျိုးအစားအလိုက် လိုင်စင်လျှောက်ခွင့်သတ်မှတ်ထားတယ်ဆိုပြီးရေးသားထားတဲ့ ထုတ်ပြန်ချက်ကို ပကဖအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပေးပို့လာပါတယ်။

၂၀၂၅ ခုနှစ် မေလကစပြီး လုပ်ငန်းလိုင်စင်မရှိဘဲ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးကြပ်မတ်မယ်လို့ အဲဒီထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း စဉ့်ကူးမြို့က လူထု ပေးဆောင်နေရတဲ့အခွန်တွေနဲ့ပတ်သက်လို့ NUG ရဲ့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က မန္တလေး PDF နဲ့ ညှိနှိုင်းဖြေရှင်းပေးတာမျိုးမရှိဘူးလို့ မြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ရွှေလုပ်ငန်းအပြင် စားသောက်ဆိုင်နဲ့ အဝတ်အထည်လုပ်ငန်းရှင်တွေဟာ ၃ လတစ်ခါ ဒါမှမဟုတ် ၄ လခြားတစ်ခါ သိန်း ဆယ်နဲ့ချီကနေ သိန်း ၁၀၀ ဝန်းကျင်အထိ အခွန်ပေးဆောင်နေရတာဖြစ်ပါတယ်။

"NUG က လက်ပိုက်ကြည့်နေတယ်၊ NUG ရဲ့ ပကဖအဖွဲ့ဝင်တချို့လည်း တချို့နေရာတွေမှာ အခွန်ကောက်တယ်။ မရရင် ဆိုင်တွေကို အကြောင်းမဲ့ ပိတ်ခိုင်းတယ်။ ကုန်သည်တွေဆိုရင်လည်း ဂိတ်ဖြတ်သန်းခ ပေးမှပဲ ဖြတ်သန်းခွင့်ပြုတယ်။ ဒုက္ခရောက်ရတာက ပြည်သူပါပဲ" လို့ စဉ့်ကူးမြို့ခံတစ်ဦးက ရင်ဖွင့်ပြောပါတယ်။

MDY-PDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်ပေမဲ့ MOD အောက်မှာ ရှိမနေပါဘူး။

မြို့နယ်စီး ပွားရေးနဲ့ အုပ်ချုပ်ရေးအပိုင်းတွေမှာ NUG က ထိန်းညှိနိုင်တဲ့အနေအထားမရှိဘူးလို့ စဉ့်ကူးမြို့ထဲမှာ လှုပ်ရှားနေတဲ့တော်လှန်ရေးအဖွဲ့တချို့က ပြောကြပါတယ်။

NUG အနေနဲ့ စဉ့်ကူးနဲ့ သပိတ်ကျင်းက လူထုတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို တာဝန်ယူစီမံနိုင်တာမျိုးမရှိတာကြောင့် MDY-PDF နဲ့ လူထုကြား ရွှေလုပ်ကွက်အပြင် လုပ်ငန်းအခွန်ကောက်ခံတာနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေဖြစ်နေတာ လနဲ့ချီရှိနေပြီလို့ မြို့ခံတချို့က ပြောပါတယ်။

NUG ပကဖအဖွဲ့တွေနဲ့ MDY-PDF ကြားမှာလည်း နယ်မြေထိန်းချုပ်တင်းကြပ်တဲ့ အငြင်းပွားမှုတွေရှိနေပါတယ်။

နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ MDY-PDF က သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ NUG ပကဖအဖွဲ့တွေအပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေကို နယ်မြေထဲဝင်ပြီး အလှူကောက်ခံခွင့်မပြုတာ၊ လက်နက်ကိုင်ဆောင်လာရင် ဖြတ်သန်းခွင့်မပေးတာကြောင့် မြေပြင်မှာ မကြာခဏ အငြင်းပွားမှုတွေဖြစ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

စဉ့်ကူးနဲ့ သပိတ်ကျင်းတကြောကို အပိုင်းလိုက်ထိန်းချုပ်ထားကြသူတွေအနေနဲ့ ရွှေကျင်းတူးဖော်တဲ့ လုပ်ငန်းတွေအပါအဝင် တခြားလုပ်ငန်းတွေလည်ပတ်တဲ့စနစ်၊ အခွန်ကောက်ခံတဲ့စနစ်တွေကို တသမတ်တည်း လုပ်ကိုင်သင့်တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်တချို့က ထောက်ပြကြပါတယ်။