မန္တလေးတိုင်းကို တိုက်ပွဲတွေမရောက်လာအောင် စစ်တပ် ဘယ်လိုတန်ပြန်ထိုးစစ်ဆင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, MDY-PDF
မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်းတကြောကို စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်နေပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းကစတင်ခဲ့တဲ့ စစ်တပ်ရဲ့တစ်ကျော့ပြန်ထိုးစစ်ဟာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတကြောကို ပြန်ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီး အဲဒီလမ်းပိုင်းက စစ်တပ်စခန်းတွေကို အခိုင်အမာကာကွယ်ဖို့ဖြစ်ပါတယ်။
စစ်ရေးဗျူဟာအရ အရေးပါတဲ့ သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာကြီးမှာ အခြေချပြီး မန္တလေး-မြစ်ကြီးနားလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ဖို့ စစ်တပ်က ထိုးစစ်ပြင်နေတာဖြစ်ပါတယ်။
ကချင်၊စစ်ကိုင်းက တိုက်ပွဲတွေ မန္တလေးအထိ မရောက်လာအောင် ဖြတ်တောက်ထားချင်တဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။
တွင်းငယ်ကို စစ်တပ်ဘယ်လိုပြန်ယူခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, PLA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာကို တအာင်းတပ် (TNLA)က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့အတူ မနှစ်က ဩဂုတ်လမှာ သိမ်းပိုက်ခဲ့ပါတယ်။
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ရှမ်း-မန်းစစ်ဆင်ရေးလို့ အမည်ပေးပြီး နိုင်ငံအလယ်ပိုင်းမှာ ၂၀၂၄ ဇွန်လကစလို့ ထိုးစစ်တွေ စတင်ခဲ့ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်တဲ့ MDY-PDF ကတော့ ရွှေဘိုခရိုင်တပ်ရင်းတွေ၊ မြင်းခြံ၊ ညောင်ဦး၊ ကျောက်ဆည်က တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။
ဒီ ရှမ်း-မန်းစစ်ဆင်ရေးအတွင်းမှာပဲ တွင်းငယ်ရွာကို စစ်တပ်ဘက်က လက်လွှတ်ခဲ့ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တွင်းငယ်အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) ကိုဆက်သိမ်းဖို့ တော်လှန်ရေးတပ်တွေဘက်က ပိတ်ဆို့ပြီး စစ်တပ်ကို ဖိအားပေးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
တစ်ဖက်မှာလည်း ရှမ်း-မန်းစစ်ဆင်ရေးဖော်ဆောင်နေချိန်မှာပဲ တရုတ်က မြောက်ပိုင်းညီနောင် ၃ ဖွဲ့အပေါ် ဖိအားပေးတာကြောင့် ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ရပ်တန့်သွားခဲ့ပါတယ်။
ဒါ့အပြင် မနှစ်က နိုဝင်ဘာလထဲမှာပဲ ရှမ်းမြောက်အပါအဝင် မန္တလေးတိုင်းထဲက တိုက်ပွဲတွေမှာ ဦးဆောင်ပြီးတိုက်နေတဲ့ တအာင်းတပ် (TNLA)က တိုက်ပွဲတွေကို ရပ်ဖို့အသင့်ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ပြီးတဲ့နောက် TNLA ဟာ တကက-၁၃ ကိုတိုက်နေတဲ့အချိန် "ထိုးစစ်တွေကို ရပ်ပစ်လိုက်ပြီး ရထားတဲ့နေရာတွေကိုပဲ ဆက်ထိန်းဖို့လုပ်ခဲ့တယ်" လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကတော့"တရုတ်ဖိအားကြောင့် တွင်းငယ်ဘက်မှာ ထိုးစစ်ရပ်သွားချိန် စစ်တပ်က အခွင့်ကောင်းယူပြီး ထိုးစစ်တွေ ပြန်စခဲ့တာ" လို့ ဘီဘီစီကို ပြောပါတယ်။
တွင်းငယ်အပြင် မန္တလေး-မြစ်ကြီးနားလမ်းပေါ်က တော်လှန်ရေးတပ်တွေ ခြေကုပ်ယူထားတဲ့ မတ္တရာ၊ သပိတ်ကျင်းဒေသတွေကို စစ်တပ်က ထိုးစစ်တွေစခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာ တတိယအပတ်မှာတော့ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးအပါအဝင် ကြည်း၊ ရေ၊ လေကြောင်းတွေသုံးပြီး ထိုးစစ်မြှင့်ခဲ့ပါတယ်။
လနဲ့ချီ နှစ်ဖက်စစ်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီဇင်ဘာမှာတော့ တွင်းငယ်ရွာကို တော်လှန်ရေးတပ်တွေဘက်က ပြန်ပြီးလက်လွှတ်ခဲ့ရပါတယ်။
"ထိုးစစ်မရှိဘဲ ထိန်းပဲထိန်းနေရတာဆိုတော့ စစ်ပန်းပြီး ဆုတ်ခွာခဲ့ရတယ်" လို့ ရဲဘော် နီနီကျော်က ပြောပါတယ်။
တွင်းငယ်ကနေ ဆုတ်ခွာလိုက်ရပေမယ့် သပိတ်ကျင်းနဲ့ မန္တလေး-မိုးကုတ်လမ်းပိုင်းတကြောမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားတယ်လို့ မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ပြောပါတယ်။
စစ်ရေးအရ အရေးပါတဲ့ တွင်းငယ်ရွာအပါအဝင် တကက-၁၃ စတဲ့ အချက်အခြာနေရာတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းမြို့တောက်လျှောက်က နေရာတွေကို ပြန်ရဖို့ စစ်တပ်က စစ်ကြောင်းတောက်လျှောက်ထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးအတွင်း TNLA၊ PLA၊ MDY-PDF နဲ့ ပူးပေါင်းတပ်တွေက သပိတ်ကျင်းခရိုင်ထဲက စဉ့်ကူးမြို့ကို ပထမဆုံးသိမ်းပိုက်ခဲ့ပြီး တကောင်းမြို့ကိုပါ ထပ်မံသိမ်းပိုက်ထားပါတယ်။
မန္တလေးတိုင်းထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။
တွင်းငယ်ရွာ စစ်ရေးအရ ဘယ်လိုအရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, The Kachin Net
သပိတ်ကျင်းမြို့ထဲက တွင်းငယ်ရွာက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အခြေစိုက်တဲ့ မန္တလေးမြို့နဲ့ မိုင် ၁၀၀ ကျော်ဝေးပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ရွာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ မြောက်ဘက် ၂၅ မိုင်ကျော်မှာ ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးက ရွာကြီးတစ်ရွာဖြစ်ပါတယ်။
စစ်ကိုင်း-မန္တလေးအစပ်က တွင်းငယ်ရွာဟာ သပိတ်ကျင်းမြို့နယ်ရဲ့ အချက်အချာကျတဲ့ လမ်းဆုံမှာတည်ရှိပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်မှာရှိတာကြောင့် စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ စစ်ရေးအကဲခတ်တချို့က သုံးသပ်ထားကြပါတယ်။
တွင်းငယ်ရဲ့ မြောက်ဘက်တကြောမှာ တကောင်းမြို့နဲ့ ထီးချိုင့်မြို့တို့ရှိပြီး တောင်ဘက်မှာ စဉ့်ကူးအပြင် အရှေ့ဘက်ခြမ်းမှာလည်း TNLA နဲ့ ပူးပေါင်းတပ်တို့ထိန်းချုပ်ထားတဲ့ မိုးမိတ်၊ မိုးကုတ်မြို့တို့ရှိပါတယ်။
တကောင်းမြို့ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လမှာ လက်လွှတ်ခဲ့ရပြီး တရုတ်အကျိုးစီးပွားရှိတဲ့ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံကိုလည်း တော်လှန်ရေးတပ်ဘက်က ထိန်းချုပ်ထားတဲ့အခြေအနေပါ။
ထီးချိုင့်မြို့မှာလည်း ရဲစခန်းနဲ့ တံတားအပါအဝင် မြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်က တပ်စွဲထိန်းချုပ်ထားပြီး ဘန်ကာအထပ်ထပ်နဲ့ ခံစစ်ပြင်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
"မြို့တဝိုက်က ကျေးရွာတွေမှာတော့ PDF တွေက ထိန်းချုပ်ထားတယ်" လို့ သူက ဆက်ပြောပါတယ်။
တွင်းငယ်ရွာနဲ့ နီးစပ်တဲ့တချို့နေရာတွေကို တော်လှန်ရေးတပ်တွေက သိမ်းထားပြီး တချို့နေရာတွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် တွင်းငယ်ရွာကို စစ်တပ်က ပြန်လက်မလွှတ်ရဖို့ အင်အားတွေဖြည့်တင်းနေတယ်လို့ PDF ဘက်က ပြောပါတယ်။
"တကက-၁၃ မှာ အထိုင်ချပြီး ကျန်တဲ့နေရာတွေကို ဆက်သိမ်းဖို့ ထိုးစစ်ဆင်နေတာ" လို့ သတင်းရင်းမြစ်က ပြောထားပါတယ်။
တွင်းငယ်ရွာနဲ့ စစ်တပ်ရဲ့ တကက-၁၃ က ကပ်လျက်တည်ရှိပြီး တကက-၁၃ နဲ့ ကျောက်ကြီးစခန်း၊ ၇ မိုင်တပ်စခန်းတို့ကတော့ ၆ မိုင်ကျော်လောက်သာ ကွာဝေးတာဖြစ်ပါတယ်။
၇ မိုင်ရွာအနီးမှာ စစ်တပ်ရဲ့ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၂) ရှိပါတယ်။
သပိတ်ကျင်းမြို့ထဲက တကက ၁၃ အပြင် ၇ မိုင်တပ်စခန်းရှိတဲ့ ၇ မိုင်ကျေးရွာနဲ့ ကျောက်ကြီးတပ်စခန်းတို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား မတ်လ တတိယအပတ်အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက အတည်ပြုပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးကို ဟန့်တားဖို့ စစ်တပ်ဘယ်လိုလုပ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, MDY PDF
စစ်တပ်က တကက-၁၃ ထဲကို ထောက်ပို့လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက တကက-၁၃ ကို ရဖို့ ဘေးပတ်ပတ်လည်ကနေ ဝိုင်းရံပိတ်ဆို့ထားပြီး တပ်ထဲကိုသွားတဲ့ ရေအရင်းအမြစ်တွေကိုလည်း ဖြတ်တောက်ထားတဲ့အခြေအနေလို့ သူက ဆိုပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖြစ်တဲ့ မတ္တရာကနေ ထီးချိုင့်မြို့အထိ တောက်လျှောက် တော်လှန်ရေးပူးပေါင်းတပ်တွေက အင်အားဖြန့်ကြက်ထားတာကြောင့် စစ်တပ်က လေကြောင်းကိုပဲ အားထားပြီး တိုက်ခိုက်နေတယ်လို့ PLA က ပြောပါတယ်။
"ကင်းထောက်လေယာဉ်တွေ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ အစုံပဲ" လို့ ရဲဘော်နီနီကျော်က ရှင်းပြပါတယ်။
သပိတ်ကျင်းဒေသကို လေကြောင်းတိုက်ခိုက်ဖို့နဲ့ အင်အားဖြည့်ဖို့ စစ်ကောင်စီတပ်က မန္တလေးမြို့ တံတားဦးလေတပ်နဲ့ မိတ္ထီလာလေတပ်ကို အဓိကသုံးနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ တကက-၁၃ ဝင်းထဲမှာလည်း လေယာဉ်ပြေးလမ်းတချို့ ဖောက်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
"လပိုင်းလေးအတွင်း တိုက်လေယာဉ်တွေအတွက် ပြေးလမ်းဖောက်တယ်ဆိုတာကတော့ အတည်ပြုဖို့ခက်တယ်။ စက်တပ်လေထီးဆင်းဖို့အတွက် ပြေးလမ်းဖြစ်ဖို့များတယ်" လို့ ရဲဘော်နီနီကျော်က သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း မတ်လအတွင်း မန္တလေးတိုင်း၊ မတ္တရာ အရှေ့ခြမ်းက ရွာတွေကို စစ်တပ်က လေကြောင်းအပါအဝင် မြေပြင်စစ်ကြောင်းနဲ့ပါတိုက်ခိုက်ပြီး စဉ့်ကူးမြို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ္တရာမြို့အစပ်မှာနေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"မတ္တရာမြို့ မြောက်ဘက် ပန်းယျရွာမှာ စစ်တပ်က အထိုင်ချပြီး အင်အားဖြည့်တင်းတာတွေလည်း လုပ်နေတယ်"လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မတ္တရာအရှေ့ခြမ်းဘက်မှာ MDY-PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ MDY-PDF က ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာထဲက ဈေးဆိုင်တန်းတွေကို စစ်တပ်က မတ် ၁၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ထိုးစစ်က ရှမ်း-မန်းစစ်ဆင်ရေးကို ဘာတွေသက်ရောက်မလဲ

ဓာတ်ပုံ ရင်းမြစ်, MDY PDF
မန္တလေးတိုင်းကို ဦးတည်လာမယ့် စစ်ကြောင်းတွေကို ကာကွယ်ချင်တာကြောင့် စစ်တပ်က တွင်းငယ်ဘက်မှာ ခြေကုတ်အခိုင်အမာ ဆက်ယူဖို့ ထိုးစစ်ဆင်နေတာလို့ ရဲဘော်နီနီကျော်က ဘီဘီစီကိုပြောပါတယ်။
တွင်းငယ်မှာ စစ်တပ်ခြေကုတ်ယူထားတဲ့ တကက-၁၃၊ ၇ မိုင်တပ်စခန်းနဲ့ ကျောက်ကြီးတပ်စခန်းတွေကို ရအောင်တိုက်ပြီးမှ မန္တလေးကို ဦးတည်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
"မန္တလေးတိုင်းမြောက်ဘက်ခြမ်း ထီးချိုင့်၊ တကောင်းကနေ မတ္တရာမြို့အထိ မြေပြင်အနေအထားအရ ဆက်စပ်နေတာကြောင့်ပါ" လို့ သူက ရှင်းပြထားပါတယ်။
မန္တလေးတိုင်းထဲက သပိတ်ကျင်းနဲ့ မတ္တရာမြို့တွေအပါအဝင် နေရာတော်တော်များများမှာ စစ်တပ်က ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ MDY-PDF ကလည်း ထုတ်ပြောလာပါတယ်။
"တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိုးစစ်ဆင်ပြီး စစ်ကစားနေတဲ့ အနေအထားမျိုးပဲ ရှိပါသေးတယ်"လို့ MDY-PDF က ဆိုပါတယ်။
စစ်တပ်ထိုးစစ်မြှင့်နေတဲ့ သပိတ်ကျင်းထဲက တွင်းငယ်ရွာဟာ စဉ့်ကူး၊ မတ္တရာမြို့တို့နဲ့ ထိစပ်ဆက်စပ်နေသလို TNLA သိမ်းယူထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့အပြင် မြစ်ကြီးနားအထိ လမ်းပေါက်နေတာကြောင့် ဗျူဟာကျတဲ့နေရာတစ်ခုလို့ နိုင်ငံရေးအကဲခတ်တချို့က ပြောပါတယ်။
စစ်တပ်က တွင်းငယ်မှာ ခြေကုပ်ဆက်ယူပြီး ထိုးစစ်တွေ ဆက်ဆင်ရင် "မန္တလေးအပြင် ကချင်၊ စစ်ကိုင်းကိုပါ စစ်တပ်က ထိုးစစ်ပွင့်လာဖို့ လွယ်သွားမယ်" လို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောထားပါတယ်။
တွင်းငယ်ကို ထိန်းချုပ်နိုင်ရင် စစ်တပ်က မြစ်ကြီးနားဘက် စစ်ကူပို့တာတွေ မလုပ်နိုင်သလို စဉ့်ကူး-မတ္တရာနဲ့ သပိတ်ကျင်းမြို့ဘက်ခြမ်းတွေကိုလည်း လွတ်လွတ်လပ်သွားလို့မရတဲ့ အခြေအနေလို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးဘက်က ထိန်းထားတဲ့ " မိုးမိတ်နဲ့ မိုးကုတ်မြို့တွေအတွက်လည်း စိတ်အေးရမယ်" လို့ သူကဆိုပါတယ်။
မန္တလေးတိုင်းထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ဝန်းကျင်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းထားနိုင်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးခွင် ဒီထက်ပိုမကျယ်အောင် "အရှေ့ကိုပဲမကြည့်ဘဲနဲ့ အနောက်ဘက်က တပ်တွေကို အကုန်ကုန်အောင် တိုက်ဖို့လိုတယ်"လို့ စစ်ရေးအကဲခတ်တချို့ကလည်း မှတ်ချက်ပြုပါတယ်။










