စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကို ဘယ်သူတွေက အမိန့်ပေးသလဲ

စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်ကျေးရွာစာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်ကျေးရွာစာသင်ကျောင်း

၂၀၂၁ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲဝင်သူတွေနဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကြား သေဆုံးသူတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုလည်း အများအပြားရှိနေပါတယ်။

တော်လှန်သူတွေကို စစ်တပ်က မြေပြင်ကနေ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေ ရှိသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဒီနှစ်ပိုင်းတွေထဲ​တိုးပြီး လုပ်လာတာ တွေ့ရပါတယ်။

အထူးသဖြင့် စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်လာချိန် မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်မှုများလာတဲ့ စစ်တပ်က စစ်ဆင်ရေးတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး အားပြုတိုက်ခိုက်လာတယ်လို့ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု

လေကြောင်းတိုက်ခိုက်မှုအတွက် စစ်တပ်က ဘယ်လိုပြင်ဆင်သလဲ

လေကြောင်းတိုက်ခိုက်မှုကို မြေပြင်စစ်ကြောင်းတွေအတွက် ကူညီရှင်းလင်း ပစ်ခတ်ပေးဖို့ အဓိက လုပ်လေ့ရှိတယ်လို့ လေတပ်အရာရှိဟောင်း တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ ရန်သူရဲ့ နယ်မြေထဲက စစ်ရေးပစ်မှတ်တွေကို ခြေလျင်ကနေထိုးစစ်ဆင်ပြီး သတ်မှတ်ချိန်အတွင်း အပြီးအပိုင်သိမ်းပိုက်နိုင်အောင် ကုန်းကြောင်းက စစ်ကြောင်းထိုးနေချိန်၊ လေကြောင်းကလည်း အဲဒီ အဖွဲ့တွေရဲ့ ရှေ့တက်မယ့် လမ်းကြောင်းတွေကို ကူညီရှင်းလင်း ပစ်ခတ်တာမျိုးလို့ လေသူရဲဟောင်းတွေက ပြောကြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ခြေလျင်အင်အား ချိနဲ့လာတာနဲ့အမျှ ဝေဟင်က တိုက်ရိုက်တိုက်ခိုက်ချေမှုန်းတာနဲ့ ပစ်ကူပေးတာတွေ ဖြစ်လာနေတာပါ။

အာဏာမသိမ်းခင်တုန်းကတော့ လေကြောင်းကနေ ပစ်ကူပေးဖို့၊ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ပစ်မိန့်ခွင့်ပြုတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ရပါတယ်။ ဒီအတွက် ပစ်ခတ်မိန့်ရဖို့အတွက်ကိုတော့ အဆင့်ဆင့်တင်ပြပြီးခွင့်ပြုချက်ယူရတာရှိပါတယ်လို့ လေကြောင်းစစ်ဆင်ရေးတွေပြုလုပ်ခဲ့ဖူးတဲ့ စီဒီအမ်ဗိုလ်ကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

မြေပြင်မှာ တိုက်ခိုက်နေတဲ့ စစ်ကြောင်းတွေရဲ့ အကြီးအကဲ စစ်ကြောင်းမှူး အရာရှိ သို့မဟုတ် သက်ဆိုင်ရာတပ်ရဲ့ တပ်မမှူးက လေကြောင်းနဲ့ ပစ်ကူ တိုက်ခိုက်ပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) နဲ့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ တိုင်းမှူးတို့ဆီကို ပထမဆုံး စတင် တင်ပြရပါတယ်။

ကစထမှူးနဲ့ တိုင်းမှူးတို့က လေကြောင်းပစ်မိန့်ရဖို့အတွက် စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ကတဆင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ကို သတင်းပေးပို့ တောင်းဆိုရပါတယ်။ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)က တင်ပြလာတဲ့ သတင်းအချက်အလက်တွေကို စိစစ်ပြီး ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ကို ပြန်လည်တင်ပြကာ အမိန့်ဆုံးဖြတ်နိုင်ရေး အထောက်အကူပေးရတဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံး အဆုံးအဖြတ်ပေးသူကတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကြည်းချုပ်က ခွင့်ပြုတာနဲ့တပြိုင်နက်မှာ လေတပ်ဦးစီးချုပ်က အဆင့်ဆင့်သော လေတပ်တပ်ဖွဲ့ဝင်တွေကို ထပ်မံခွင့်ပြုမိန့်နဲ့ သုံးစွဲမယ့်လေယာဥ်၊ လက်နက်၊ လူ စတာတွေကို အဆင့်သင့်ဖြစ်အောင် ညွှန်ကြားပါတယ်။

တိုင်းမှူးဆီကို လေကြောင်းပစ်ကူ တောင်းဆိုလာတဲ့ အချိန်ကစလို့ တောင်းဆိုတဲ့ ခန့်မှန်းနေရာ၊ တိုက်ပွဲအခြေအနေ အပါအဝင် အသေးစိတ်အချက်အလက်တွေကို စစ်ဆင်ရေးမှာ ပါဝင်ရမယ့် သက်ဆိုင်ရာ လေတပ်နဲ့ တပ်အသီးသီးထံကိုလည်း နောက်ဆုံး အမိန့်မရခင်ကတည်းက ဖြန့်ဝေထားရတယ်လို့ ဆိုပါတယ်။

အမိန့်ရရှိတာနဲ့တပြိုင်နက် ပစ်မှတ်ကို လေကြောင်းကူနိုင်ဖို့ ချက်ချင်းအသင့်ပြင်ထားတဲ့ လေယာဥ်၊ လက်နက်ကို အသုံးပြုကာ လေကြောင်းကနေ တိုက်ခိုက်ကြပါတယ်။ များသောအားဖြင့် စစ်တိုင်းမှူးတွေမှာ အဆင်သင့် အသုံးပြုနိုင်ဖို့ Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ အမြဲရှိနေတတ်တယ်လို့ လေသူရဲ CDM ဗိုလ်ကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“တိုက်ပွဲကို ထူးခြားဖြစ်စဥ်အဖြစ် တင်ရတယ်။ အောက်အဆင့်တွေက ကြေးနန်းပို့တဲ့အဆင့်နဲ့ သွားတယ်။ တိုင်းမှူးအပါအဝင် အရာရှိကြီးအဆင့်တွေမှာတော့ တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်ဆောင်ကြတယ်။ တခြားအဆင့်အရာရှိတွေက အမိန့်ကိုအကောင်ထည်ဖော်နိုင်ရေး တပြိုင်နက် လုပ်ကြပါတယ်” လို့ သူကရှင်းပြပါတယ်။

အမိန့်ရရှိပြီး ပစ်မှတ်ကိုရွေးချယ်ဆုံးဖြတ်တာ၊ သုံးစွဲမယ့် လက်နက်လေယာဥ် ရွေးချယ်တာတွေကိုတော့ ကစထမှူးနဲ့ တိုင်းမှူးတို့က အဓိကဆုံးဖြတ်ပေးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ အချို့စစ်မြေပြင်တွေမှာ ဒကစမှူးတွေကိုယ်တိုင်က ကွပ်ကွဲမှုတွေလုပ်လေ့ရှိတယ်လို့ သိရပြီး သာမန်အခြေအနေတွေမှာတော့ စစ်တိုင်းမှူးတွေပဲ ကိုယ်တိုင်ကွပ်ကဲပါတယ်။

စစ်တိုင်းမှူး အနည်းဆုံး ၃ ဦးကို ကစထမှူး ၁ ဦးက ပြန်လည်ကွပ်ကဲတဲ့အဆင့်နဲ့ တပ်ပိုင်းဆိုင်ရာမှာ အုပ်ချုပ် ကွပ်ကဲတာပါ။

စစ်ပွဲဖြစ်နေတဲ့ စစ်ဌာနချုပ်တစ်ခုရဲ့ နယ်မြေအတွင်း စစ်ရေးကိုကွပ်ကဲရာမှာ အစုအဖွဲ့လိုက် ဖွဲ့စည်းပြီး တိုက်ပွဲတွေကို ကွပ်ကဲကြပါတယ်။ ဆုံးဖြတ်ချက်တွေကိုတော့ ကစထမှူးနဲ့၊ တိုင်းမှူး တွေကချမှတ်ကြပါတယ်။

အဲဒီလို ဆုံးဖြတ်နိုင်ဖို့ တိုင်းမှူးတစ်ယောက်အတွက်သူ့ဘေးမှာ စစ်ရေးဆိုင်ရာ သတင်းအချက်အလက် ပံ့ပိုးနိုင်ဖို့ ဗိုလ်ကြီးအယောက် ၂၀ကျော်နဲ့၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးကြီး အများအပြား ဝန်းရံရှိနေကြပါတယ်။ စစ်ဆင်ရေးအပါ အဝင်၊ ပြန်တမ်း၊ အမှုအခင်းဆိုင်ရာကိစ္စအဝဝကို အဲဒီလိုအရာရှိတွေက ထောက်ပို့လုပ်ဆောင်ပေးတာ မျိုးဖြစ်ပါတယ်။

အဲဒီအရာရှိတွေထဲမှာမှ ဗိုလ်မှူးကြီးအဆင့်ရှိသူ လေတပ်အရာရှိ၊ အမြောက်တပ်အရာရှိ၊ သံချပ်ကာတပ်အရာရှိ၊ ဒုံးတပ်အရာရှိတွေလည်း ဝန်းရံပြီး အကြံပြုစေပါတယ်။ သူတို့က သက်ဆိုင်ရာပညာရပ်ပိုင်းတွေကို အကြံပြုသူတွေဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ချိန်မှာ အဲဒီလိုဝန်းရံထားတဲ့ထဲက လေတပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူက ဒကစမှူး ဒါမှမဟုတ် တိုင်းမှူး ဆုံးဖြတ်နိုင်ဖို့ သင့်တော်တဲ့ လေယာဥ်၊ လက်နက်အမျိုးအစားတွေကို အကြံပြုကြပါ တယ်။

အဲဒီအပေါ်မူတည်ပြီး ရွေးချယ်ကာဆုံးဖြတ်ထားတဲ့ပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ကြ တာပါ။

အမိန့်ပေးအဆင့်တွေ လျှော့ထား

Deputy Army Chief

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုတွေကို ခွင့်ပြုပေးရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

“အရင်က ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စစ်ရေးစစ်ရာအားလုံးကို စဥ်းစားတယ်။ အဲဒီအတွက် လေကြောင်း သုံးဖို့ ပစ်မိန့်ပေးတာအားလုံး ဗိုလ်ချုပ်ကြီးစိုးဝင်း ပြီးမှပြီးတယ်။ ဒါပေမဲ့ အခုတော့အဆင့်တွေ အများကြီး လျှော့ထားလိုက်ပြီ” လို့ စစ်အရာရှိဟောင်းတွေက ခန့်မှန်းထားကြပါတယ်။

ဒါကလည်း လပိုင်းအတွင်း အကြိမ်ရေ ရာကျော်အထိကို လေကြောင်းတိုက်ခိုက်မှုတွေရှိလာတာကြောင့် စစ်ရေးအမိန့်ပေးကွပ်ကဲတဲ့စနစ်မှာ အမိန့်စီးဆင်းမှုအဆင့်ကို လျှော့ချလိုက်တာကြောင့် လို့ သူတို့က ခန့်မှန်းပြောဆိုတာဖြစ်ပါတယ်။

အဲဒီအတွက် ကစထမှူး ဒါမှမဟုတ် တိုင်းမှူးအဆင့်မှာတင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကို ဆုံးဖြတ် ချက်ပေးထားနိုင်တဲ့ အခြေအနေမျိုးလို့ စစ်တပ်အရာရှိဟောင်းတွေက ထင်ကြေးပေးကြပါတယ်။

“မင်းအဖေတွေ မော့ကြည့်မနေနဲ့ ။ ရှေ့တန်းကျ လာကူမှာမဟုတ်ဘူး” ဆိုတဲ့ စကားကို အရာရှိဟောင်းတစ်ဦးကတော့ ဒီနေ့ အချိန်ထိအမှတ်ရနေတယ်လို့ ပြောပြပါတယ်။

၁၉၈၀ ခုနှစ်နောက်ပိုင်းတုန်းက ဗိုလ်သင်တန်းဆင်းပွဲအတွက် စစ်ရေးလေ့ကျင်နေစဥ် ကောင်းကင်မှာ ပျံသန်းချိန်သက်တမ်းယူနေတဲ့ တိုက်လေယာဥ်ကို မော့ကြည့်မိတဲ့ ဗိုလ်လောင်းတစ်ဦးကို သင်တန်းဆရာက ပြန်လည်ပြောဆိုခဲ့တာလို့ သူကပြောပါတယ်။

အဲဒီနောက်ပိုင်း ၁၉၉၅ ခုနှစ်မှာတော့ မာနယ်ပလောလို့ လူသိများတဲ့ ကေအန်ယူနဲ့ တိုက်တဲ့တိုက်ပွဲအတွင်းမှာ အဲဒီအရာရှိလည်း စစ်ကြောင်းကို ဦးဆောင်တိုက်ခိုက်ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက သူဦးဆောင်တဲ့ စစ်ကြောင်းအတွက် လေကြောင်းပစ်ကူတစ်ကြိမ်မှမရခဲ့ဖူးဘူး လို့ သူက ဘီဘီစီကိုပြောပြ ပါတယ်။

သူ့နည်းတူ အဲဒီအချိန်တုန်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကရင်၊ ကချင်နဲ့ ရှမ်းတို့နဲ့ တိုက်ပွဲတွေမှာ လေကြောင်းပစ်ကူ ဖောဖောသီသီလုပ်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အရပ်သားလား ရန်သူလား ကြိုတင်သိရှိနိုင်လား၊ ပစ်မှတ်ဘယ်လောက်တိကျနိုင်လဲ

လေကြောင်းကနေ ပစ်ကူပေးဖို့ တောင်းဆိုလာတဲ့အချိန်ကစလို့ တိုက်ပွဲနေရာ၊ ပစ်မှတ်နဲ့ စစ်ရေးဆိုင်ရာ အချက်အလက်တွေကို သက်ဆိုင်ရာစစ်တိုင်းအတွင်း သက်ဆိုင်ရာအရာရှိတွေထံကို အသိပေးတာမျိုး ရှိပါ တယ်။ အဲဒီလိုအသိပေးလာတဲ့အပေါ် လေသူရဲတွေက ခန့်မှန်းနေရာတွေကို ရှာဖွေကာ မှတ်သားလေ့လာထားရပါ တယ်။

“မြေပုံညွှန်းပေးတဲ့အပေါ် မူတည်တယ်။ ရုတ်တရက်ပေးတဲ့ မြေပုံညွှန်းအရ ပစ်မှတ်ကိုမှန်နိုင်ဖို့ ခက်ခဲတယ်။ ဝေဟင်ကတွေ့ရတဲ့ မြင်ကွင်း၊ လမ်းညွှန်စနစ်တွေကပြသတဲ့ ပုံစံမျိုးတွေကို ချိန်ဆနှိုင်းယှဥ်ပြီးပစ်ခတ်ရတဲ့ အတွက် ပစ်မှတ်ကို ရာနှုန်းပြည့်မထိကြပါဘူး” လို့ ကိုယ်တိုင်ပစ်ခတ်တိုက်ခိုက်ဖူးတဲ့ လေသူရဲဟောင်း တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် ပစ်မှတ်သိနိုင်ဖို့ မြေပုံညွှန်းတွေကို ကြိုတင်ပေးလေ့ ရှိပါတယ်။ ဒါမှလည်း ရန်သူနဲ့ မြေပြင်က ကိုယ့်တပ်ဖွဲ့နဲ့ ကွဲကွဲပြားပြားသိရှိနိုင်မှာ လို့ အဲဒီအရာရှိကပြောပါတယ်။

ဒါကြောင့် အချိန်ရကာ ကြိုတင်ပြင်ဆင်နိုင်တဲ့ လေကြောင်းစစ်ဆင်ရေးတွေနဲ့ တိုက်ပွဲပေါ်မူတည်ပြီး အချိန်နဲ့ တပြေးညီ လုပ်ဆောင်ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်ကိုထိရောက်အောင် ပစ်နိုင်မှုတွေ ကွဲပြား တာမျိုးရှိတယ်လို့ အတွေ့အကြုံရှိ လေသူရဲဟောင်းတွေက ပြောကြပါတယ်။

“ပဇီကြီးပစ်မှတ်ကိုပစ်တာက အရမ်းတိကျတယ်။ အဲဒီပစ်ခတ်မှုတွေက မတူဘူး။ ပဇီကြီးတို့ အနန့်ပါတို့က ပစ်မှတ်ကိုတည့်တည့်ပစ်တာ၊ ပြောရရင် တိုင်းမှူးကိုယ်တိုင်ကိုက အဲဒီနေရာကိုပစ်ချင်တာ ဆိုတဲ့အတွက် သေသေချာချာပြင်ဆင်ထားတာ၊ ဘာလို့လဲဆိုတော့ ခေါင်ကိုမှန်ရင် အကုန်စားဆိုတဲ့ အယူအဆရှိတယ်” လို့ ကိုယ်တိုယ် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာမှာ ရပ်ရွာစုပေါင်းရုံးဖွင့်ပွဲ အကြွေးအမွေးပြုလုပ်နေတုန်း ဧပြီလ ၁၁ ရက်မနက်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃၀ ကျော်အပါအဝင် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့ပါတယ်။

ပဇီကြီးရွာမှာပြုလုပ်တဲ့ အဲဒီပွဲကို NUG၊ PDF နဲ့ CRPH က ဒေသခံခေါင်းဆောင်တွေ လာနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့ အဲဒီနေရာကို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ်တိုက်ခိုက်တာလို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပြီး စစ်တပ်ကလည်း အဲဒီကျေးရွာမှာ NUG/CRPH လက်အောက်ခံ PDF ရဲ့ရုံးခန်းဖွင့်ပွဲ ပြုလုပ်တာဖြစ်ပြီး အဲဒါကိုတိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီဘက်က ဝန်ခံထားပါတယ်။

ပဇီကြီးကျေးရွာဘက်ကတော့ ပဇီကြီးမှာ ရပ်ရေးရွာရေးဆောင်ရွက်တဲ့ ရုံးသစ်ကို ဒေသခံအားလုံးရဲ့ ထည့်ဝင်မှုနဲ့ ရွာလယ်ကနေ ရွာအပြင်မှာပြောင်းရွှေ့ဆောက်လုပ်ပြီး ဖွင့်ပွဲလုပ်နေချိန်မှာ ပစ်ခတ်ခံရလို့ လူ ရာချီသေဆုံးခဲ့တာလို့ အသက်ရှင်ကျန်ရစ်သူ ပဇီကြီးဒေသခံတွေက ပြောကြပါတယ်။

“သေချာတာတစ်ခုက တစ်ရက် နှစ်ရက်တည်း ကြိုသိတာမျိုးမဟုတ်ဘူး။ အဲဒီလိုတွေလုပ်ဖို့ရှိတယ်ဆိုတာကို အနည်းဆုံး တစ်ပတ်နှစ်ပတ်လောက်ကို ကြိုသိရတာမျိုးဖြစ်နိုင်တယ်။ အဲဒီအတွက် သေချာထိုင်ပြီး ပစ်မှတ်ကို ရွေးချယ်တယ်။ ဘာနဲ့ပစ်မှာလဲ။ သေချာအောင်ပစ်မှတ်ကိုမှန်မယ့် Guided ဗုံးလိုသုံးမယ်ဆိုတာမျိုးကို တိုင်းမှူးအပါအဝင် လူကြီးတွေကနေ လေတပ်ကသက်ဆိုင်ရာအဆင့်ဆင့်ကို အမိန့်ပေးတာမျိုး” လို့ အာဏာမသိမ်းမီက လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ဖူးသူ လေသူရဲတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအများစုမှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ MiG- 29 တို့လို တိုက်လေယာဥ်တွေကို အများစုအသုံးပြုနေတယ်လို့ လေတပ်သားဟောင်းတွေကပြောကြပါတယ်။

စစ်ကောင်စီလေတပ်မှာတော့ လက်ရှိအချိန်ထိ Su 30, MiG-29, F7, A5, Yak 130, K8, PC9, PC7, PC6 စတဲ့ တိုက်လေယာဥ်တွေကိုအသုံးပြုနေတာပါ။ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေမှာတော့ 206, Mi 2, Euro ကော်ပတာ၊ Mi 17, Mi 35 တို့ကိုအသုံးပြုတယ်လို့ သိရပါတယ်။

စစ်ဘက်သယ်ယူပို့ဆောင်ရေးအတွက်ကိုတော့ PC6, အိုက်စလန်နာ၊ Y12, ၊ ATR 42, ATR 72, Y8, Fokker 17, Airbus စတာတွေကို အသုံးပြုနေတာပါ။

“တပ်မတော်ရဲ့ လေတပ်သမိုင်းမှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတာကတော့ တစ်ခါမှမရှိဘူး။ အဲဒါကိုမှအရပ်သားတွေကိုပစ်တယ်လို့ ပြောတာဆိုရင်တော့ အဲဒါ တပ်မတော်ကို တိုက်ခိုက်တာပဲ” လို့ အငြိမ်းစားစစ်တပ်အရာရှိတစ်ဦးကတော့ သူသိမီဖြတ်သန်းခဲ့တဲ့ စစ်တပ်လေတပ်ကို ကိုးကားပြီး ငြင်းချက်ထုတ်ပါတယ်။

ရန်သူကို ပစ်ခတ်ထားတိုက်ခိုက်မှုတွေထဲ ပြည်သူတွေ ထိခိုက်မှုရှိတာကလည်း ရန်သူကပြည်သူတွေကြားက ချောင်းမြောင်းတိုက်ခိုက်တာမျိုးတွေကြောင့်‌ ပြည်သူတွေကို ထိခိုက်တာမျိုး‌တွေဖြစ်နေရတာလို့ သူက ယူဆပြောဆိုပါတယ်။

စစ်တပ်ဘက်ကတော့ ပဇီကြီးသာမက၊ ပစ်ခတ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအားလုံးဟာလက်နက်ကိုင်ဆန့်ကျင်သူတွေရှိတဲ့နေရာတွေသာဖြစ်တယ်လို့ ပြောထားပါတယ်။

လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ ပဇီကြီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ ပဇီကြီးရွာ တိုက်ခိုက်မှု

စစ်တိုင်းအလိုက် အုပ်ချုပ်ကွပ်ကဲမှု

စစ်တိုင်းကြီး ၁၄ ခုနဲ့ စစ်တပ်က နယ်မြေအလိုက် စစ်ရေး၊ အုပ်ချုပ်စိုးမိုးရေးနဲ့ လုံခြုံရေးကို လုပ်ဆောင်တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း သက်ဆိုင်ရာ စစ်တိုင်း‌အလိုက် ခွဲခြားကာ နယ်မြေအတွင်းအခြေစိုက်တဲ့ လေတပ်တွေနဲ့ ပူးပေါင်း တိုက်ခိုက်ကြတာပါ။

စစ်ကိုင်း၊ ကချင်၊ ချင်း၊ ကရင်၊ ပဲခူး၊ ကရင်နီ စတဲ့နေရာတွေကတော့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အများဆုံးခံနေရတဲ့နေရာတွေဖြစ်ပါတယ်။

ကချင်ပြည်နယ်ကို မြစ်ကြီးနားအခြေစိုက်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ယူသလို၊ ရှမ်းပြည်နယ်ကိုတော့ အရှေ့မြောက်၊ အရှေ့အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း စတဲ့ စစ်ဌာနချုပ် ၃ ခုနဲ့၊ လားရှိုး၊ ခိုလမ်၊ တောင်ကြီးတို့မှာ အခြေစိုက်ကာ တာဝန်ယူပါတယ်။

နမခ လို့လူသိများတဲ့ အနောက်မြောက်တိုင်းကတော့ စစ်ကိုင်းတိုင်း၊ မုံရွာမှာအခြေစိုက်ပါတယ်။ စစ်ကိုင်းတိုင်းထဲနဲ့ မကွေးကနယ်မြေ အချို့ကို တာဝန်ယူပါတယ်။ မန္တလေးမြို့မှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ အလယ်ပိုင်းဒေသ မန္တလေးနဲ့ မကွေးက နယ်မြေအချို့ကို တာဝန်ယူကွပ်ကဲတာပါ။

အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ပဲခူးတိုင်း တောင်ငူကစလို့ မွန်၊ ကရင်၊ ကရင်နီ စတဲ့နေရာတွေကို တာဝန်ယူတယ်လို့ သိရပါတယ်။အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကတော့ မွန်ပြည်နယ်၊ မော်လမြိုင်မှာ အခြေစိုက်ပြီး၊ တောင်ပိုင်းတိုင်းကတော့ တောင်ငူမှာအခြေစိုက်ပါတယ်။

အနောက်တောင်တိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မှာအခြေစိုက်ပြီး ဧရာဝတီတိုင်းကို တာဝန်ယူတာပါ။ ရခိုင်ပြည်နယ် အမ်းမှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ကာ ရခိုင်ကိုတာဝန်ယူပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာတော့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ပြီး မြန်မာပြည်အောက် ပိုင်း တနင်္သာရီကို တာဝန်ယူကွပ်ကဲတယ်လို့ သိရပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်က နေပြည်တော်မှာအခြေစိုက်သလို၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကလည်း ရန်ကုန်မှာအခြေစိုက်တည်ရှိနေပါတယ်။

မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေး၊ လမ်းကြောင်းနဲ့ အာရှနဲ့ ကမ္ဘာနိုင်ငံအများအပြားကို ဖြန့်ဖြူးရာမှာ နာမည်ကျော်တဲ့ လာအို၊ ထိုင်း နဲ့ မြန်မာ သုံးနိုင်ငံ နယ်စပ်ဖြစ်တဲ့ တြိဂံတိုင်း စစ်ဌာနချုပ်ကတော့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်တော့ အဲဒီလို စစ်ဒေသအလိုက်တာဝန်ယူတဲ့ စစ်တိုင်းမှူးတွေရဲ့ သြဇာအာဏာဟာ အထွဋ်အထိပ်ထိကို ရောက်နေပြီလို့ စစ်ဘက်ရေးရာကျွမ်းကျင်သူတွေ၊ စစ်သားဟောင်းတွေနဲ့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

အသိသာဆုံးနဲ့ အမြင်သာဆုံးကတော့ လေကြောင်းပစ်ကူကို သိသိသာသာ တိုးသုံးလာရချိန်မှာ အရင်လိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အထိကို အမိန့်စောင့်တဲ့အဆင့် မရှိတော့တာမျိုး၊ လေကြောင်း ပစ်ကူတွေကို တိုင်းမှူးအဆင့်တွေက ဆုံးဖြတ်နိုင်တဲ့ပုံစံမျိုးတွေကို သုံးသပ်တွေ့ရှိရနိုင်တာကြောင့်လို့ ဆိုကြ ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေက လူသေဆုံးမှုအများဆုံးဖြစ်တဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်လာသလို၊ တော်လှန်ရေးအဖွဲ့တွေအတွက်လည်း ကြီးမားတဲ့ခြိမ်းခြောက်မှုအဖြစ် လက်ရှိကာလအထိ ရှိနေဆဲပါ။

ကလေး၊ အမျိုးသမီး၊ အမျိုးသားမကျန် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီရဲ့ လေသူရဲတွေ ဘာကြောင့်လိုက်နာလုပ်ဆောင်ကြတာလဲဆိုတဲ့ မေးခွန်းကိုတော့ လေသူရဲဟောင်းတစ်ဦးက အခုလို ဖြေပါတယ်။

“လေကြောင်းကနေ ပစ်နေတိုက်နေတာက ဘာလို့လဲ ဆိုရင် စစ်သားဖြစ်လို့ တိုက်နေတာလို့ပဲ ပြောရမှာပဲ။ စစ်တိုက်တယ်ဆိုတာ ဓမ္မတွေ၊ အဓမ္မတွေမရှိဘူး”

အာဏာသိမ်းကာလအတွင်း လေကြောင်းတိုက်ခိုက်မှုဘယ်လောက်ရှိထားလဲ

၂၀၂၃ ခုနှစ် ဇန်နဝါရီ ကနေ သြဂုတ်လအထိ ၈ လအတွင်းမှာ စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၀၀၆ ကြိမ်ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ၉၉၄ ကြိမ်သာရှိတာကြောင့် စစ်အာဏာသိမ်းထားတဲ့ ၃၂ လအတွင်း စုစုပေါင်း အကြိမ်ရေ ၂,၀၀၀ လေကြောင်းသုံး တိုက်ခိုက် ထားတယ်လို့ မြန်မာနိုင်ငံရေးလေ့လာသုတေသနပြုတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ လေ့လာတွေ့ရှိချက်အရ သိထားရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ရာနဲ့ချီသေဆုံးခဲ့တယ်လို့ နောက်ထပ်သုတေသနပြု လေ့လာ စောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ အချက်အလက်တွေအရလည်း သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတိုက်ခိုက်ခံရမှု၊ နောက် စာသင်ကျောင်းကိုလေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့ ဒီပဲယင်းက လက်ယက်ကုန်းရွာ ဖြစ်စဥ်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကေအိုင်အို ထိန်းချုပ်နယ်မြေထဲက အနန့်ပါက လေကြောင်းတိုက်ခိုက်ခံရမှုတို့ဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်မှာတော့ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ချိန် အဲဒီက ကလေး၊ အမျိုးသားနဲ့၊ အမျိုးသမီးစုစုပေါင်း ၁၇၁ ဦးအထိ သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းက တိုက်ခိုက်ခံရမှုတွေထဲ လူသေအများဆုံးဖြစ်စဥ်ဖြစ်ပါတယ်။

အခုအောက်တိုဘာလထဲမှာတော့ ပဇီကြီးရွာ တိုက်ခိုက်ခံရမှုက ၆ လ ပြည်ခဲ့ပါပြီ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေထဲက အနန့်ပါက ဖျော်ဖြေပွဲကိုတိုက်ခိုက်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကလည်း အောက်တိုဘာလ ၂၃ ရက်မှာ ၁ နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီမှာတော့ သေဆုံးသူ အမျိုးသား အမျိုးသမီးစုစုပေါင်း ၆၂ ဦးအထိရှိခဲ့ပါတယ်။

ဒီယဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စာသင်ကျောင်းကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေး ၉ ဦးအပါအဝင် အမျိုးသားအမျိုးသမီးစုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီမတိုင်ခင်ကလည်း လူ ၁၈ ဦးလောက်သေဆုံးခဲ့ရတဲ့ ရင်ပေါင်တိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက ပြုလုပ်ခဲ့တာပါ။

အခုနှစ် ၂၀၂၃ ခုနှစ် မှတော့ နှစ်တစ်ဝက်မကျိုးခင်မှာတင် အဲဒီထက်များပြားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေဆဲပါ။

“အသက်ပေါင်းများစွာကို ဒီလိုကြီးတစ်ချိန်တည်း တစ်နေရာတည်းမှာ ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ကြပြီးတော့၊ သတင်းပေးတဲ့သူရော၊ ကျူးလွန်တဲ့သူရော နောင်တတွေဘာတွေရော မရကြဘူးလား၊ သူတို့မှာ ပြင်ဆင်ဖို့ စိတ်ကူးများမရှိကြဘူးလား” လို့ ပဇီကြီးပစ်ခတ်မှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့သူ ကိုရဲက ဘီဘီစီကို မှတ်ချက်ပြုပြောပါတယ်။

ပဇီကြီးပစ်ခတ်မှုအတွင်းမှာ ကိုရဲဟာ သူ့ရဲ့ ဝမ်းကွဲညီကိုမောင်နှမ၊ ဦးလေး၊ အဒေါ် စတဲ့ အသက်အရွယ်အစုံ ဆွေမျိုး ၃၀ ကျော်အထိ သေဆုံးခဲ့တာပါ။

စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေထဲ အခုလိုသေဆုံးမှုများပြားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုတာဝန်ရှိသူတွေက တာဝန်ယူပြီး ပစ်မှတ်ရွေးချယ်အမိန့်ပေးတာမျိုးတွေကို လုပ်နေလဲဆိုတာကိုတော့ ကိုရဲအပါအဝင် အများစုက မသိရှိကြပါဘူး။

ဒါပေမဲ့ အခုလို လေကြောင်းကနေပစ်ခတ် သတ်ဖြတ်မှုတွေကိုကျူးလွန်သူတွေအပေါ် မျှတတဲ့ ဆုံးဖြတ်စီရင်အရေးယူပေးမှုရဖို့ ကိုရဲနဲ့ ပဇီကြီးအပါအဝင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းသေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။