မြန်မာကို လက်နက်ရောင်းတယ်ဆိုတဲ့စွပ်စွဲချက် အင်ဒိုကုမ္ပဏီအချို့ ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ကုမ္ပဏီ ၂ ခုက ငြင်းဆိုလိုက်ပြီး နောက်တစ်ခုကတော့ ပြန်လည်အကြောင်းပြန်တာမရှိသေးပါဘူး။
အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ကုမ္ပဏီ ၃ ခုဖြစ်တဲ့ PT Pindad၊ PT PAL၊ PT Dirgrantara Indonesia ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ရောင်းချခဲ့တယ်လို့ စွပ်စွဲခံရပြီး အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်တန်းခံရတာဖြစ်ပါတယ်။
တိုင်တန်းမှုကိုတော့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၊ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်(Myanmar Accountability Project) တို့ကပြုလုပ်ထားတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းအပါအဝင် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်ကို ပစ္စတိုသေနတ်တွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဥ်တွေနဲ့ တခြားပစ္စည်းတွေကို အရောင်းမြှင့်တင်တာ နဲ့ ရောင်းချခဲ့တဲ့သံသယဖြစ်ဖွယ်အချက်တွေကို တွေ့ထားရတာကြောင့် အခုလိုတိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာကို လက်နက်ရောင်းချနေခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို PT Pindad ကုမ္ပဏီရဲ့ အကြီးအကဲက ငြင်းဆိုလိုက်ပြီး ၂၀၁၆ ခုနှစ်မှာ လက်နက်တစ်ကြိမ်သာရောင်းချခဲ့ဖူးတယ်လို့ ဂျာကာတာနေ့စဥ်သတင်းစာကိုပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ မြန်မာဟာ PT Pindad ဆီကနေ နောက်တစ်ကြိမ်ဝယ်ယူဖို့ စုံစမ်းတာရှိပေမဲ့ နောက်ပိုင်းမှာ ဖျက်သွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
PT Pal ကုမ္ပဏီကလည်း မြန်မာနဲ့ ကုမ္ပဏီကြား တိုက်ရိုက်ဆက်ဆံရေးရော၊ သွယ်ဝိုက်ဆက်ဆံရေးပါ မရှိဘူးလို့ ဂျာကာတာနေ့စဥ်သတင်းစာကို ပြောထားပါတယ်။
PT Dirgrantara Indonesia ကုမ္ပဏီကတော့ အောက်တိုဘာလ ၄ ရက် ဒီနေ့ သတင်းဖော်ပြတဲ့အချိန်အထိ မှတ်ချက်တစုံတရာ တုံ့ပြန်လာတာမရှိသေးဘူးလို့ ဘီဘီစီ အင်ဒိုနီးရှားဌာနက ရေးသားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီလက်နက်ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေမှာ ဦးထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ True North Company Limited က ကြားခံပွဲစားလုပ်ကာ ဆောင်ရွက်ခဲ့တဲ့အကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့စာရွက် စာတမ်းတွေနဲ့ အများပြည်သူ သိရှိနိုင်တဲ့သတင်းအချက်အလက်တွေကတဆင့် စုံစမ်းလေ့လာနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဦးထူးထူးရှိန်ဦးဟာ အမေရိကန်၊ ကနေဒါနဲ့ အီးယူရဲ့ ဒဏ်ခံပိတ်ဆို့မှု ခံထားရတဲ့ မြန်မာစစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ရဲ့သားဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားသူတွေကတော့ True North Company နဲ့ ကုမ္ပဏီပိုင်ရှင်တွေအပေါ် စစ်လက်နက်ပွဲစားတွေအဖြစ် ဒဏ်ခတ်ပိတ်ဆိုမှုတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
စွပ်စွဲထားတဲ့လက်နက်ရောင်းချမှုတွေ ပြုလုပ်နေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်နေခဲ့ပြီး မြန်မာနိုင်ငံကို စစ်လက်နက်စီးဆင်းမှုကို ကာကွယ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုတဲ့ ကုလအထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တဲ့ အာဆီယံလေးနိုင်ငံထဲက တစ်နိုင်ငံဖြစ်နေတာကိုလည်း မြန်မာ့အရေးဆောင်ရွက်သူတွေက ထောက်ပြပြောဆိုပါတယ်။
စွပ်စွဲချက်တွေအတွက် အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်မှာ တိုင်တန်းမခံရခင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ သမ္မတ ဂျိုကိုဝီဒိုဒို PT Pindad ကုမ္ပဏီကို သွားရောက်ကြည့်ရှုနိုင်ချိန်တုန်းက မြန်မာကို ခဲယမ်းမီးကျောက် တင်ပို့ခဲ့ဖူးတဲ့အကြောင်း ကုမ္ပဏီဘက်က ပြောထားဖူးတယ်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာနက သတင်းဖော်ပြပါတယ်။
PT Pal ကုမ္ပဏီဟာ မြန်မာရေတပ်ပိုင် မုတ္တမစစ်ရေယာဥ်ဆောက်လုပ်ရေးမှာ ပါဝင် ခဲ့ဖူးတယ်ဆိုတဲ့သတင်းတွေ ၂၀၁၄ ခုနှစ်မှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဘန်ဒေါင်းမြို့ Padjadjaran တက္ကသိုလ်က ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သုတေတီ မူရာဒီကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၀၆ ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ နိုင်ငံပိုင်လုပ်ငန်းများဥပဒေနဲ့ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ ကာကွယ်ရေးနယ်ပယ်ဆိုင်ရာဥပဒေတွေအရ ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေကို လက်နက်ရောင်းချမှုကို ပိတ်ပင်မထားတဲ့အချက်ကို ထောက်ပြပြောဆိုပါတယ်။
‘‘အင်ဒိုနီးရှားဟာ ဆော်ဒီအာရေးဗျနိုင်ငံကို ကျည်ဆန် ၃ သန်း ရောင်းချဖူးပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဒီကျည်ဆန်တွေကို ယီမင်မှာဖြစ်တဲ့တိုက်ပွဲမှာ မသုံးဖို့ တားဖြစ်ဖို့ရာ မဖြစ်နိုင်ပါဘူး။ အင်ဒိုနီးရှားဟာ N-231 တင့်ကားတွေကိုလည်း ပါကစ္စတန်ကို ရောင်းချနေပါတယ်။ ဒါပေမဲ့ အစိုးရဟာ ဒီအတွက်တော့ မသုံးပါနဲ့၊ ဒီအတွက်တော့သုံးပါဆိုပြီး ပြောလို့ မရပါဘူး’’ လို့ သူက ပြောထားပါတယ်။









