မြန်မာစစ်တပ်ကို တရားစွဲဆိုတိုင်ကြားမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောလက်စ်တေနိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးအားမြှောက်ပြုတာဟာ မြန်မာပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာလို့ စစ်ကော်မရှင်က ထုတ်ပြန်ပြောဆိုပါတယ်။
ဒါအပြင် တီမောနိုင်ငံရဲ့လုပ်ရပ်က အာဆီယံပဋိညာဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမော သမ္မတတွေ့ဆုံပြီးနောက် တီမောလက်စ်တေ နိုင်ငံအစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့အပြီးမှာ စစ်ကော်မရှင်ဘက်က ဒီပြောဆိုမှုထွက်ပေါ် လာတာပါ။
မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံး ရဲ့ သံရုံးယာယီတာဝန်ခံကိုလည်း ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ကို ဆင့်ခေါ်ပြီး ဒီတွေ့ဆုံမှုကို ကန့်ကွက်ရှုတ်ချကြောင်း နဲ့ ဖြေရှင်းရန်တောင်းဆိုတဲ့ သတိထောက်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့တီမောလက်စ်တေနိုင်ငံရဲ့ သမ္မတ မစ္စတာ ဟိုဆေးရာမို့စ် ဟော်တာ က ချင်းလူ့အခွင့် အရေး အဖွဲ့ (Chin Human Rights Organization) ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) က မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကို တီမောလက်စ်တေ နိုင်ငံမှာ တရားစွဲဆိုခဲ့ပြီး အမှုကို တီမောတရားရုံးက လက်ခံထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ တီမောလက်စ်တေ အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်တဲ့အခမ်းအနားမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အဖွဲ့ကိုဖိတ်ကြားခဲ့တာသိရှိရကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒီဖိတ်ကြားမှုအပြီး တီမောလက်စ်တေ သံရုံး ရဲ့ ယာယီတာဝန်ခံကိုလည်း ကနဦး ဆင့်ခေါ်ပြီး ကန့်ကွက်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တီမောလက်စ်တေနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါအခြေခံမူတွေ ကို လိုက်နာခြင်းမရှိလို့ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ရာမှာ တီမောနိုင်ငံအနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ပါကြောင်း နဲ့ အာဆီယံပဋိညာဉ် ပါ အခြေခံမူတွေကို အပြည့်အဝလေးစားလိုက်နာမယ်လို့ အကြိမ်ကြိမ် ကတိပြုခဲ့တဲ့ အတွက် အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကို မြန်မာနိုင်ငံက ကန့်ကွက်မှုတွေ ဆက်မလုပ်ခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခုတခါ တီမောလက်စ်တေနိုင်ငံရဲ့ ထိတွေ့ဆက်ဆံမှု ကိုလည်း တရားဝင်ဆန့်ကျင်ကြောင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်တမ်းတင်လိုက်ပါတယ်။
တီမော နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အစိုးရရုံးဘက်ကတော့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်မှုတွေနဲ့ ပတ်သက်လို့ တစုံတရာတုံ့ပြန်တာမတွေ့ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CHRO
ဓာတ်ပုံ ပုံစာ, ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမော သမ္မတတွေ့ဆုံပြီးနောက် တီမောလက်စ်တေ နိုင်ငံအစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်