ဇန်နဝါရီ ၁၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- မယ်စဲ့ထောင်ကနေ စစ်သုံ့ပန်း ၈၀ နီးပါး ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Min Thar/ Kantarawaddy Times
ကရင်နီတပ်ဖွဲ့တွေ ပူးပေါင်းအုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဥ်းသား ၈၀ နီးပါးရှိတယ်လို့ ကြားကာလ ကရင်နီအုပ်ချုပ်ရေးကောင်စီက (IEC) သတင်းထုတ်ပါတယ်။
ထုတ်ပြန်ချက်မှာ အကျဥ်းသားတွေလို့ပဲ သုံးပေမဲ့ အားလုံးဟာ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေမှာ ပူးပေါင်းတပ်တွေဘက်က ဖမ်းဆီးမိခဲ့တဲ့ စစ်ကော်မရှင်တပ်သား စစ်သုံ့ပန်းတွေဖြစ်ကြတယ်လို့ IEC ရဲ့အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
အကျဥ်းထောင်ကနေ ထွက်ပြေးမှုဟာ ဒီနေ့မနက် ၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီလူတွေနဲ့အတူ လက်နက်ငယ် ၉ လက်လည်း ပါသွားတယ်လို့ IEC ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ထောင်ဝန်ထမ်းတွေ သတ်ခံရတာ၊ ဖမ်းဆီးခံရတာဆိုတဲ့ သတင်းတွေက မမှန်ကန်ဘူးလို့ IEC က ငြင်းဆိုပါတယ်။
ဒီအခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့လည်း IEC က လွန်ခဲ့တဲ့မိနစ် ပိုင်းက ထုတ်ပြန်လာတာဖြစ်ပါတယ်။
ပုဂံက သဗ္ဗညုဘုရားကြီးမှာ ထုံးသုတ်ထားတဲ့အလွှာအောက်ကနေ နံရံဆေးရေးပန်းချီတွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, MOI
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေထဲက နာမည်ကြီး ဘုရားတစ်ဆူဖြစ်တဲ့ သဗ္ဗညုဘုရားကြီးရဲ့ ထုံးသုတ်ထားတဲ့ နံရံကို သန့်စင်ရာကနေ နံရံဆေးရေးပန်းချီတွေ တွေ့ရှိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
ဘုရားကြီးကို တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး လုပ်ရာကနေ တွေ့ရှိတာလို့ စစ်ကော်မရှင် ပြန်ကြားရေးဌာနက အခုလဆန်းပိုင်းမှာ သတင်းထုတ်တာဖြစ်ပါတယ်။
ဘုရားကြီးရဲ့ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်မှာသာ နံရံပန်းချီရှိတယ်လို့ သိထားရာကနေ တရုတ်ပညာရှင်အဖွဲ့က စမ်းသပ် အစိတ်အပိုင်းငယ်နေရာ (၄၀)ကို သန့်စင်ကြည့်ရာကနေ နံရံဆေးရေးပန်းချီတွေ တွေ့ရှိခဲ့တာပါ။
သဗ္ဗညုဘုရားကြီးရဲ့ တတိယထပ် အာရုံခံတောင်ဘက်နံရံနဲ့ တတိယထပ်တိုက်မ အဝင် မုခ်ပေါက်ဘေးနံရံ နှစ် နေရာမှာ တွေ့ရတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်၊ ချောက်ငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ သဗ္ဗညုဘုရားကြီးရဲ့ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းတာ၊ နံရံပန်းချီ ထိန်းသိမ်းတာနဲ့ တူးဖော်သုတေသနပြုတာတွေကို တရုတ်ပညာရှင်အဖွဲ့နဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတို့ ပူးပေါင်းပြီး လုပ်ဆောင်နေတာပါ။
ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် ပုဂံကရှေးဟောင်းစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒီထဲက ၃၆၅ ဆူကို ပြုပြင်ထိန်းသိမ်းပြီးစီပြီလို့ ၂၀၂၀ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ ၁၃ ဆူကိုလည်း ထိန်းသိမ်းမှုလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ အဲဒီတုန်းက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာလေတပ် စစ်ဦးစီးအရာရှိချုပ်ဟောင်းကို သံအမတ်အဖြစ် သမ္မတရှီလက်ခံ

ဓာတ်ပုံ ရင်းမြစ်, CCTV
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာလေတပ်ရဲ့စစ်ဦးစီးအရာရှိချုပ်ရာထူးကနေ အနားပေးခံရပြီးတဲ့နောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်လာတဲ့ဦးဇော်ဝင်းမြင့်ကို တရုတ်ဆိုင်ရာ မြန်မာသံအမတ်အဖြစ် တရုတ်သမ္မတရှီကျင့်ဖျင်က လက်ခံလိုက်ပြီဖြစ်ပါတယ်။
စစ်ကော်မရှင်ခန့် သံအမတ် ဦးဇော်ဝင်းမြင့်ဟာ သူ့ရဲ့သံတမန် ခန့်အပ်လွှာကို တခြားနိုင်ငံပေါင်း ၁၇ နိုင်ငံက သံအမတ်တွေနည်းတူ ဇန်နဝါရီ ၁၆ ရက်မှာ ဘေကျင်းမှာ သမ္မတရှီကျင့်ဖျင်ဆီ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်သမ္မတကတော့ "သံအမတ်တွေအနေနဲ့ နိုင်ငံထဲက နေရာဒေသအသီးသီးကို သွားရောက် လည်ပတ်ကြည့်ရှုပြီး တရုတ်နိုင်ငံရဲ့ စစ်မှန်တဲ့အခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းအောင် ကူညီမယ်လို့ မျှော်လင့်ပါတယ်" လို့ အခမ်းအနားမှာ ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။
တရုတ်နိုင်ငံဆိုင်ရာသံအမတ်ဖြစ်လာတဲ့ ဦးဇော်ဝင်းမြင့်ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ လေတပ်ရဲ့ စစ်ဦးစီးအရာရှိချုပ်ရာထူးကနေ အနားပေးခံရပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။
သူ အနားပေးခံခဲ့ရတဲ့ စစ်ဦးစီးချုပ်ရာထူးဟာ လေတပ်မှာ စစ်ဦးစီးချုပ်ပြီးရင် ဒုတိယမြောက် အမြင့်ဆုံးရာထူးလည်း ဖြစ်ပါတယ်။
သူနဲ့အတူ စစ်တက္ကသိုလ် အပတ်စဥ် ၃၂ ဆင်း၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကိုလည်း တပ်က အနားပေးပြီး ရုရှား နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။
အလုပ်ဗီဇာ၊ ပါမစ်မရှိတဲ့ PJ ပတ်စ်ပို့ ကိုင်သူတွေ PV ပြောင်းကိုင်ဖို့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ်(PJ)နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ကိုင်ဆောင်ထားပေမဲ့ အလုပ်ဗီဇာ၊ ပါမစ်မရှိဘဲ နိုင်ငံခြားထွက်မယ့်သူတွေအနေနဲ့ အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)အမျိုးအစားကို ပြောင်းကိုင်ဖို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
အလုပ်အတွက်မဟုတ်ဘဲ တခြားကိစ္စအတွက် ပြည်ပထွက်မယ်ဆိုရင် PV ပြောင်းဖို့ တိုက်တွန်းချက်ကို ပြည်ပထွက်ခွာခွင့်ပြုတဲ့စာရင်းကြေညာပေးနေတဲ့ အလုပ်သမားဝန်ကြီးဌာန လက်အောက်က Safe Migration တယ်လီဂရမ်ကနေ ဇန်နဝါရီ ၁၇ ရက်မှာ ပြောလာတာဖြစ်ပါတယ်။
ဒါဟာ စစ်ကော်မရှင်လက်ထက် ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး အဆင့်ဆင့်တင်းကျပ်လာတဲ့ သတ်မှတ်ချက်တွေထဲ နောက်ဆုံးပြုလုပ်ထားတဲ့ တင်းကျပ်မှုဖြစ်လာပါတယ်။
"Work visa/work permit မရှိဘဲ OWIC ကိုင်ဆောင်ထားသူတွေကတော့ ပြည်ပကို အလည်၊ ဘုရားဖူး၊ ဆေးကု သွားကြမယ်ဆိုရင် နိုင်ငံကူးလက်မှတ်ကို PV အမျိုးအစား ပြောင်းကိုင်ဖို့ အကြံပြုလိုတယ်" လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ PJ ကနေ PV ပြောင်းဖို့ လုပ်တဲ့အခါ နိုင်ငံကူးလက်မှတ်ရုံးက ဘယ်လို ဝန်ဆောင်မှုပေးပြီး လုပ်ပေးမယ်ဆိုတာကိုတော့ အဲဒီကြေညာချက်ထဲမှာ မထည့်ထားပါဘူး။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာတော့ စစ်မှုထမ်းအသက် ကန့်သတ်ချက် အကျုံးဝင်နေသူတွေရဲ့ PJ ကနေ PV နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲတာကို ရပ်နားထားတယ်လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကော်မရှင်က PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ်ကိုင်ဆောင်ထားသူတွေရဲ့ ပြည်ပထွက်ခွာခွင့် ကိုလည်း အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမှ ထွက်ခွင့်ပေးမယ်လို့ ဇန်နဝါရီ ၁၄ ရက်ကစလို့ တင်း ကျပ်လိုက်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနကို ပြည်ပထွက်ခွာခွင့်လျှောက်တဲ့စာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ OWIC ကတ်မိတ္တူ၊ အလုပ်သွားရောက်လုပ်ကိုင်မယ့်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာ(သို့) နေထိုင်ခွင့်ဗီဇာ (သို့) သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လေယာဥ်လက်မှတ်မိတ္တူတွေကို တင်ပြရမယ်လို့ ထုတ်ပြန် ထားပါတယ်။
ဒီစာရွက်စာတမ်းတွေကို စာတိုက်၊ အမြန်ချော၊ ကိုယ်စားလှယ် ဒါမှမဟုတ် လူကိုယ်တိုင် နေပြည်တော်က အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမယ်လို့ ဆိုထားပါတယ်။
ပြည်ပထွက်ခွင့်ရတဲ့စာရင်းကို Safe Migration တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။
လေကြောင်းကနေ ထွက်ခွာမယ့်သူတွေသာမက ကုန်းလမ်းကထွက်ခွာမယ့်သူတွေကိုပါ ခွင့်ပြုချက် ရမှထွက်ရမယ်လို့ တင်းကျပ်လိုက်တာဖြစ်တယ်လို့ နယ်စပ်မှာ ကုန်းလမ်းပို့ဆောင်ရေးလုပ်နေသူ တချို့ကပြောပါတယ်။
ကရင်နီပူးပေါင်းတပ်တွေ ဖမ်းထားတဲ့ စစ်သုံ့ပန်း ဆယ်ချီ ထောင်ဖောက်ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကယား(ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက အကျဥ်းထောင်မှာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့ စစ်ကော်မရှင်တပ်သား ဆယ်ချီ ထွက်ပြေးမှု ဒီနေ့မနက်ပိုင်းတုန်းက ဖြစ်ခဲ့တယ်လို့ ကြားကာလ ကရင်နီအုပ်ချုပ်ရေးဘက်က ဘီဘီစီကို အတည်ပြုပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ထွက်ပြေးသွားတာလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့အတွင်းရေးမှူး ၂ ကိုဗညားက ဘီဘီစီကို ပြောပါတယ်။
ကရင်နီစစ်ရှောင်ကူညီနေသူတစ်ဦးကတော့ ထွက်ပြေးသွားတဲ့ အကျဥ်းသား ၅၉ ဦး လွတ်သွားတယ်လို့ လူမှုကွန်ရက်မှာ ပြောထားပေမဲ့ IEC ရဲ့ ကိုဗညားကတော့"အကျဥ်းသားဦးရေတော့ အတည်ပြု လို့ မရသေးဘူး" လို့ ပြောပါတယ်။
အကျဥ်းသားတွေက ထောင်စောင့်ကို သတ်ပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတာဖြစ်လို့ လူထုအတွက် လုံခြုံရေးစိုးရိမ်တာကြောင့် အခုလို ထုတ်ပြောရတာဖြစ်တယ်လို့ ကရင်နီစစ်ရှောင်ကူညီနေသူက သူ့ရဲ့လူမှုကွန်ရက်ပို့စ်မှာ ရေးထားပါတယ်။
IEC ဘက်ကတော့ ဒီအခြေအနေအသေးစိတ်ကို ဖြေကြားတာမရှိသေးပါဘူး။
"ပြည်သူ့လုံခြုံရေး စိတ်ပူစရာမရှိပါဘူး" လို့ ကိုဗညားက ပြောပါတယ်။
IEC ကနေ ထောင်ပေါက်တဲ့ ကိစ္စကို အသိပေးထုတ်ပြန်သွားမယ်လို့ သူကပြောပါတယ်။
မယ်စဲ့ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့က ပူးပေါင်းအုပ်ချုပ်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်။
နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
နိုင်ငံရေးမှာ စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များနိုင်တာသိပေမဲ့ နိုင်ငံရေးပေါကား မရိုက်ချင်တာကြောင့် မပြောတာလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက်က ပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ မဲဆွယ်စည်းရုံးရေး ရုပ်သံမှာသူက အခုလို ပြောတာဖြစ်ပါတယ်။
မြန်မာဇာတ်ကားတွေကို ပရိသတ်ရေချိန်နဲ့ ကိုက်ပြီး ရိုက်ထူးထုတ်လုပ်တဲ့အခါ အရည်အသွေးအပိုင်းမှာ ဝေဖန်ခံရလေ့ရှိတာကို သူက အဲဒီရုပ်သံမှာ နှိုင်းယှဥ်ပြောရင်း အခုလို သုံးနှုန်းသွားတာဖြစ်ပါတယ်။
"စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များတယ်။ ဒါပေမဲ့ ကျွန်တော်မပြောဘူး။ စစ်တပ်ချစ်တဲ့သူတွေက မချစ်ရကောင်းလားဆိုပြီး ကျွန်တော်ကို တိုက်ခိုက်တာရှိတယ်။ ခေတ်တစ်ခေတ်မှာ လူကောင်းရှိတယ်။ လူဆိုးရှိတယ်။ ဒါကို လက်တွေ့ကျကျဘယ်လိုပြုပြင် မလဲလို့ ပြောတဲ့အခါမှာ စစ်တပ်မုန်းတဲ့သူကလည်းမကြိုက်ဘူး။ ချစ်တဲ့သူကလည်းမကြိုက်ဘူး" လို့ ဦးကိုကိုကြီးက ပြောပါတယ်။
လက်ရှိစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ဖို့ နိုင်ငံရေးပေါကားမရိုက်ဘူးလို့ သူကပြောပါတယ်။
"ဟိုတုန်းက ဖယောင်းတိုင်ထွန်းပြီး အစည်းအဝေးလုပ်ပြတာတို့၊ စက်ဘီးနဲ့ရုံးတက်ပြတာတို့၊ သန့်ရှင်းရေးလုပ်ပြတာတို့ဆိုတဲ့ အဲဒါမျိုးနိုင်ငံရေး ပေါကားတော့မရိုက်ဘူး" လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
ပြည်သူ့ပါတီဥက္ကဋ္ဌဟာ နောက်တစ်ပတ် ဇန်နဝါရီ ၂၅ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းထဲက လမ်းမတော်မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းပြုလုပ်ခဲ့တဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ် လာရာမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော်တွေအတွက် ဝင်ရောက်ယှဥ်ပြိုင်ကြတဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတွေကို လူထုက ထောက်ခံမဲပေးခဲ့ပေမဲ့ ကြံ့ခိုင်ရေးအမတ်တွေကိုတော့ မကျော်နိုင်သေးပါဘူး။
ဒါကြောင့် ရွေးကောက်ပွဲနှစ်ပိုင်းစလုံးမှာ စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းတွေပဲ မဲအများစုနိုင်နေပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲ ၂ ပိုင်းစလုံးမှာ ပြည်သူ့ပါတီ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရန်ကုန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတို့က မဲဆန္ဒနယ်တွေမှာ မဲစက်ပျက်ယွင်းမှု၊ မဲရေတွက်တဲ့အပိုင်းမှာ ပွင့်လင်းမြင်သာမှုမရှိမှုတွေကို ပါတီ ဗဟိုအဆင့် တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက်မှာ ဒီကိစ္စတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမေးမြန်းဖို့ရှိတယ်လို့ တိုင်းအဆင့်ပါတီတာဝန်ရှိသူတွေက ရွေးကောက်ပွဲအပိုင်း ၂ အပြီးမှာ ဘီဘီစီကို ဖြေထားပါတယ်။










