မြန်မာစစ်တပ်က အိန္ဒိယရဲ့ ရေဒါကိုဝယ်ဖို့ပြင်နေလား

မြန်မာစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ရုံးတံဆိပ်ပါ ရုံးစာတစ်စောင် ဩဂုတ်လထဲမှာ အွန်လိုင်းပေါ်ကို ပေါက်ကြားလာပါတယ်။
အဲဒီ စာထဲမှာ အိန္ဒိယအခြေစိုက် ကုမ္ပဏီ Astra Microwave Products Ltd (Astra MWP) က ထုတ်တဲ့ အပေါ့စား (light weight) ရေဒါ တပ်ဆင်ထုတ်လုပ်တဲ့နည်းပညာနဲ့ပတ်သက်ပြီး နေပြည်တော်မှာ ရှင်းလင်းတင်ပြ ခွင့်ပြုတဲ့အကြောင်း ရေးသားထားပါတယ်။
အပေါ့စားရေဒါဆိုင်ရာ နည်းပညာအကြောင်း ရှင်းပြတဲ့ပွဲကို ပြည်တွင်းကုမ္ပဏီတစ်ခုရဲ့ ချိတ်ဆက်ပေးမှုနဲ့ စစ်ရုံးထဲက ပစ္စည်းဝယ်ယူရေး (ကကဝယ်) ညွှန်ကြားရေးမှူးရုံးမှာ ဩဂုတ် ဒုတိယပတ်က ပြုလုပ်ခဲ့တယ်လို့ စာပါ အချက်အလက်အရ သိရှိရပါတယ်။
CDM စစ်တပ်အရာရှိတချို့ကတော့ မြန်မာစစ်တပ်ဟာ လေကြောင်းရန်ကာကွယ်ရေးတပ်အတွက် အိန္ဒိယကနေ စစ်ဘက်သုံးရေဒါတွေပါ ဝယ်ယူဖို့ ပြင်ဆင်နေတာလို့ သူတို့ သိရှိထားတဲ့အချက်ကို ကိုးကားပြီး ပြောပါတယ်။
မြန်မာစစ်တပ်ကို ရေဒါရောင်းချင်တဲ့ အိန္ဒိယကုမ္ပဏီ
Drishti-MR Low Level Light Weight Radar (LLLWR) ရေဒါအမျိုးအစား ရဲ့ နည်းပညာပိုင်းကို ရှင်းပြဖို့ Astra Microwave Products (Astra MWP) ကုမ္ပဏီဘက်က ကိုယ်စားလှယ် ၄ ဦးကို နေပြည်တော်က ကကဝယ်ရုံးကို စေလွှတ်ခဲ့တဲ့အကြောင်း စာမှာဖော်ပြထားပါတယ်။
စာအရ ကုမ္ပဏီဘက်က နေပြည်တော်အထိ သွားရောက်ရှင်းလင်းတင်ပြတာတွေလုပ်ခွင့် ကာကွယ်ရေးဦးစီးချုပ်ရုံးက ခွင့်ပြုထားတာတွေ့ရပါတယ်။
မြန်မာစစ်တပ်ရဲ့ ပစ္စည်းဝယ်ယူရေးဆိုင်ရာလမ်းကြောင်းအခြေအနေကို သိထားတဲ့ CDM အရာရှိတစ်ဦးကတော့ ဒီလို အခြေအနေအထိ ခွင့်ပြုခဲ့တာကြောင့် စစ်ဘက်သုံးရေဒါတွေ ဝယ်ယူဖို့ ရာခိုင်နှုန်းများတယ်လို့ ကောက်ချက်ချပါတယ်။
"အရင်ကတည်းက အိန္ဒိယကနေ စစ်တပ်က ရေဒါတွေ ဝယ်ခဲ့ဖူးတယ်။ အိန္ဒိယကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ဘယ်လိုချဉ်းကပ်ပြီး လုပ်ခွင့်ရအောင်လုပ်ရမယ်ဆိုတာ နောကျေကြတယ်" လို့ အဲဒီ CDM အရာရှိက သူ့အတွေ့အကြုံကို ပြောပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ Justice for Myanmar (JFM) ကလည်း မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေအရ စစ်ဘက်သုံး ပစ္စည်းတွေရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြား တွေ့ဆုံမှုရှိလာပြီဆိုရင် အရောင်းအဝယ်ဖြစ်တဲ့ သဘောမျိုးယူဆနိုင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
JFM အဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းလေ့လာသုတေသနပြုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အပေါ့စားရေဒါက မြေပြင်စစ်ဆင်ရေးတွေကို အထောက်အကူပြုလား

ဓာတ်ပုံ ရင်းမြစ်, BEL
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယထုတ် Drishti-MR LLLWR ဆိုတဲ့ ရေဒါအမျိုးအစားဟာ စစ်ဘက်သုံးနိုင်တဲ့ အပေါ့စားရေဒါဖြစ်တာကြောင့် မြေပြင်တိုက်ပွဲတွေကို အလွယ်တကူ သယ်ဆောင်နိုင်တယ်လို့ MDSI က ဘီဘီစီကို ရှင်းပြပါတယ်။
MDSI ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့ဖြစ်ပါတယ်။
အထူးသဖြင့် မြေပြင်တိုက်ပွဲတွေမှာ အပေါ့စားရေဒါတွေ တပ်ဆင်အသုံးပြု ထားတယ်ဆိုရင် တစ်ဖက်အဖွဲ့ က သုံးတဲ့ အနိမ့်ပိုင်းပျံသန်းမှုတွေအားလုံးကို အသေးစိတ်စောင့်ကြည့်နိုင်တဲ့ သဘောဖြစ်ပါတယ်။
အပေါ့စားရေဒါ (LLLWR) တွေက "ဒရုန်းနဲ့ အနိမ့်ပျံ ဝေဟင်ပစ်မှတ်တွေကို ရှာဖွေထောက်လှမ်းနိုင်တယ်" လို့ အမည်မသုံးစေလိုတဲ့ CDM လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။
အလားတူ အပေါ့စားရေဒါအမျိုးအစားတွေဟာ မြေပြင်စစ်ဆင်ရေးတွေမှာ အရေးကြီးတဲ့ စောင့်ကြည့်ထောက်လှမ်းရေးတွေအတွက် အဆင့်မြင့်နည်းပညာတွေနဲ့ ဒီဇိုင်းထုတ်လုပ်ထားတာလို့ JFM က ထပ်ပြောပါတယ်။
ဒါကြောင့် ဒီလိုရေဒါစက်တွေနဲ့ ဆက်စပ်တဲ့နည်းပညာတွေကို အိန္ဒိယကုမ္ပဏီဆီကနေ မြန်မာစစ်တပ်ဝယ်ယူလိုက်မယ်ဆိုရင် စစ်တပ်ရဲ့ ဒရုန်းကာကွယ်ရေး စွမ်းရည် ပိုပြီးမြင့်လာနိုင်တယ်လို့ JFM က မှတ်ချက်ပြုပါတယ်။
JFM က တော့ LLLWR ရေဒါက မောင်းသူမဲ့ဝေဟင်ယာဉ်များ (UAVs) တွေနဲ့ အခြားသော အနိမ့်ပျံဝေဟင်အန္တရာယ်များကို ခြေရာခံရှာဖွေနိုင်စွမ်းရှိတဲ့ ဒရုန်းရန်ကာကွယ်ရေးရေဒါ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အပေါ့စားရေဒါတွေဟာ သယ်ဆောင်၊ ရွှေ့ပြောင်းရလွယ်ကူပြီး ပေါ့ပါးတာကြောင့် တောင်ပေါ်ဒေသတွေအပြင် ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ရေးပစ်မှတ်တွေကို သေချာထောက်လှမ်းနိုင်မယ်လို့ CDM တပ်အရာရှိတစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယထုတ် အပေါ့စားရေဒါတွေရဲ့ နည်းပညာပိုင်းထိရောက်မှုကိုတော့ အတိအကျပြောနိုင်ဖို့ ခက်တယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက တရုတ်ထုတ် ရေဒါတချို့နဲ့ ဥပမာပေးပြီး ပြောပါတယ်။
ဗိုလ်မှူးနောင်ရိုး ဟာ MDSI မှာ စစ်ဘက်သုတေသနတာဝန်ခံလည်းဖြစ်ပါတယ်။
"တရုတ်က ဝယ်တဲ့ TWS-312 ရေဒါဆိုရင် လေယာဉ်မြင်နေရတာတောင် ရေဒါက မတွေ့တာတွေရှိတယ်" လို့ တရုတ်က ဝယ်ယူတဲ့ ရေဒါတချို့မှာ နည်းပညာပိုင်းချို့ယွင်းမှုရှိတဲ့အကြောင်း သူက ရှင်းပြပါတယ်။
အာာဏာသိမ်းကာလအတွင်း စစ်တပ်ရဲ့ လေတပ်၊ ရေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေအတွက် ရေဒါနဲ့ ဆက်စပ်နည်းပညာတွေကို ရုရှား၊ ဘယ်လာရုစ်နဲ့ တရုတ်နိုင်ငံတို့ကနေ အထောက်အပံ့ပေးနေတယ်လို့ MDSI က ဆိုပါတယ်။
ဒါပေမဲ့ ရုရှားနဲ့ ဆက်ဆံရေး အခုလောက် မတိုးတက်ခင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတချို့က မြန်မာစစ်တပ်ရဲ့ လေတပ်နဲ့ ကြည်းတပ်သုံး ရေဒါတွေကို ယူကရိန်းနိုင်ငံကနေ အများဆုံးဝယ်ယူထားတယ်လို့ လေတပ်မှာ နှစ်၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM အုတ်ခွဲတပ်ကြပ်ကြီး ဦးနေဝင်းအောင်က ပြောပါတယ်။
အိန္ဒိယက မြန်မာစစ်တပ်ကို ဘယ်လိုကူညီနေလဲ

ဓာတ်ပုံ ရင်းမြစ်, Astra MWP
အိန္ဒိယနိုင်ငံကနေ မြန်မာစစ်တပ်ကို စစ်လက်နက်ဆိုင်ရာ အစိတ်အပိုင်းတချို့ ရောင်းချတာရှိသလို စစ်ဘက်ဆိုင်ရာ နည်းပညာသင်တန်းပေးတာတွေလည်းရှိတယ်လို့ MDSI ရဲ့ သုတေသနပြုချက်အရ သိရှိရပါတယ်။
မြန်မာစစ်တပ်ကို အိန္ဒိယကုမ္ပဏီတချို့က "စစ်လက်နက်နဲ့ စစ်လက်နက်မှာတပ်ဆင်ရတဲ့ အစိတ်အပိုင်းရောင်းဝယ်တာနဲ့ စစ်လက်နက်ဆိုင်ရာ နည်းပညာတွေ ရောင်းချပေးတယ်" လို့ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ခြေလျင်တပ်တွေမှာ သုံးတဲ့ ၈၄ မမ ပခုံးတင်လောင်ချာမှာ တပ်ဆင်ရတဲ့ နည်းပညာမြင့်ဖျူ့စ် အစိတ်အပိုင်းကိုလည်း အိန္ဒိယကုမ္ပဏီတချို့ကပဲ ထောက်ပံ့ပေးထားတယ်လို့ သူက ဆိုပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုကနေ မြန်မာစစ်တပ်ကို ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါနည်းပညာအပြင် ဆက်စပ်ပစ္စည်း ထောက်ပံ့နေတဲ့အကြောင်း Justice for Myanmar(JFM) အဖွဲ့ကနေ ဖော်ထုတ်ခဲ့ပါတယ်။
အိန္ဒိယအခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ Bharat Electronics Limited(BEL) ကနေ ရေဒါနဲ့ ဆက်စပ်ပစ္စည်းတွေ မြန်မာစစ်တပ်ဆီ ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yantra India Limitedကနေ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချထားတယ်လို့ JFM က ထုတ်ပြန်ခဲ့ပါတယ်။
Yantra က ဟောင်ဝစ်ဇာအမြောက်မှာတွေ တပ်ဆင်အသုံးပြုရတဲ့ အစိတ်အပိုင်းတွေ ပေးပို့ခဲ့တာလို့ JFM က ထုတ်ဖော်ခဲ့ပါတယ်။
ဒါအပြင် အခုခြေလှမ်းပြင်လာတဲ့ Astra ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Defence Research and Development Organization နဲ့ ရေဒါနှင့် ဒုံးကျည်စနစ်များ တီထွင်ထုတ်လုပ်ရေးမှာ မိတ်ဖက်ဆောင်ရွက်တယ်လို့လည်း ပြောပါတယ်။
ရေဒါရောင်းချင်တဲ့ Astra MWP နဲ့ မြန်မာကုမ္ပဏီရဲ့ ဆက်နွှယ်မှု
အပေါ့စားရေဒါဆိုင်ရာ နည်းပညာအကြောင်း ရှင်းပြတဲ့ပွဲမှာ အိန္ဒိယရဲ့ ရေဒါကုမ္ပဏီ Astra MWP နဲ့ မြန်မာစစ်တပ်ကို ချိတ်ဆက်ပေးတဲ့ ပြည်တွင်းကုမ္ပဏီနာမည်က Light Head ကုမ္ပဏီအုပ်စုဖြစ်တယ်ဆိုတာကို အွန်လိုင်းပေါ် ရောက်လာတဲ့ စာမှာ တွေ့ရပါတယ်။
Astra MWP နဲ့ Light Head ကုမ္ပဏီအုပ်စုတို့ဟာ မိတ်ဖက်ကုမ္ပဏီတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
JFM ကတော့ Light Head ကုမ္ပဏီအုပ်စုက မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ပွဲစားကုမ္ပဏီကြီးတစ်ခု ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဘီဘီစီက အိန္ဒိယရဲ့ ရေဒါကုမ္ပဏီ Astra MWP ကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ ရေဒါရောင်းချဖို့ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အီးမေးလ်ကတဆင့်ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်ကြားချက်မရသေးပါဘူး။
အလားတူ Light Head ကုမ္ပဏီဟာ စစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချနေတဲ့ အိန္ဒိယ BEL ကုမ္ပဏီနဲ့လည်း ကြားခံအကျိုးဆောင်(ပွဲစား)အဖြစ် ဆောင်ရွက်ပေးနေတယ်လို့ JFM က ပြောပါတယ်။
အိန္ဒိယကုမ္ပဏီတွေဖြစ်တဲ့ BEL နဲ့ Astra MWP တို့ကလည်း မိတ်ဖက်ကုမ္ပဏီတွေဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်ရဲ့ အရာရှိတွေကို ရေဒါနည်းပညာနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ပြည်ပနိုင်ငံတချို့မှာ လေ့လာသင်ယူစေခဲ့ပေမယ့် ပြည်တွင်းမှာတော့ မထုတ်နိုင်သေးဘူးလို့ CDM အုတ်ခွဲတပ်ကြပ်ကြီး ဦးနေဝင်းအောင်က ပြောပါတယ်။
"ရေဒါကို ပြည်တွင်းမှာ ထုတ်နိုင်ဖို့ စစ်တပ်က ကြိုးစားနေတယ်"လို့ သူက ထပ်ပြောပါတယ်။
မန္တလေးတိုင်းထဲက ပြင်ဦးလွင်အခြေစိုက် တပ်မတော်ဆက်သွယ်ရေးသင်တန်းကျောင်းအပြင် ကျောက်ဆည်က ဆက်သွယ်ရေးအီလက်ထရောနစ် သုတေသနတပ်တွေမှာလည်း စစ်တပ်က တပ်ဖွဲ့ဝင်တွေကို ရေဒါနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတယ်လို့ MDSI က ပြောပါတယ်။
"ဆက်သွယ်ရေးတပ်၊ လေကြောင်းရန်တပ်နဲ့ လေတပ်တွေမှာ ရေဒါပညာရှင် အင်ဂျင်နီယာအရာရှိတွေရှိပေမယ့် ပြည်တွင်းမှာတော့ မထုတ်နိုင်သေးဘူး" လို့ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
စစ်လက်နက်ပစ္စည်းဆိုင်ရာ အကဲခတ်တစ်ဦးကတော့ အခု အိန္ဒိယကုမ္ပဏီက ရောင်းဖို့ ပြင်နေတဲ့ ရေဒါအမျိုးအစားက ထုတ်လုပ်တာမကြာသေးသလို စစ်မြေပြင်မှာ အသုံးပြုမှုမတွင်ကျယ်သေးတဲ့ အမျိုးအစားဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒီ အပေါ့စားရေဒါတွေကို အိန္ဒိယစစ်တပ်မှာ အသုံးပြုတာ မကြာသေးလို့ စစ်မြေပြင်မှာ ဘယ်လောက်ထိ အသုံးဝင်နိုင်တယ်ဆိုတာ ခန့်မှန်းရခက်တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယထုတ် ရေဒါတွေကိုမြန်မာစစ်တပ်ထံ ဘာကြောင့်ရောင်းချဖို့ ကြိုးစားသလဲဆိုတဲ့အပေါ် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံး ပြောခွင့်ရသူကတော့ အိန္ဒိယရဲ့ မြန်မာနဲ့ ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းရည်မြှင့်တင်ခြင်းနဲ့ သင်တန်းပေးခြင်း၊ နယ်စပ်ဒေသလုံခြုံရေး စတဲ့ကဏ္ဍတွေမှာ အာရုံစိုက် ပူးပေါင်းဆောင်ရွက်နေတယ်လို့သာ တုံ့ပြန်ဖြေကြားပါတယ်။
ဒါပေမဲ့ ဘီဘီစီက ထပ်မံမေးမြန်းတဲ့ စစ်တပ်ကို နည်းပညာအထောက်အကူပေးခြင်းကို ကန့်သတ်တားမြစ်ချက်တွေကို လိုက်နာဖို့ရှိမရှိ ဆိုတာကိုတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
JFM ကတော့ အိန္ဒိယအစိုးရရဲ့ မြန်မာစစ်တပ်အပေါ် အားပေးကူညီမှုတွေနဲ့ ဆက်နွှယ်ပတ်သက်မှုတွေနဲ့ ပတ်သက်ပြီး တောက်လျှောက် ဝေဖန်မှုတွေလုပ်နေပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချမှုအားလုံးကို ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ကဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကိုလည်း ရပ်ဆိုင်းပေးဖို့ Justic For Myanmar (JFM) က ပြီးခဲ့တဲ့နှစ်က ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။











