မြန်မာစစ်တပ်ကို အားပေးကူညီနေတယ်လို့ အိန္ဒိယဝေဖန်ခံရ

ပလက်ဝအခြေစိုက် စစ်တပ်စခန်းတွေကို အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ပလက်ဝအခြေစိုက် စစ်တပ်စခန်းတွေကို အေအေသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် ဘက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာစစ်သား ရာနဲ့ချီ ရှိလာပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ငါးရာကျော်အထိ ရှိခဲ့တယ်လို့ အိန္ဒိယ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

အနီးဆုံးဖြစ်စဥ်အနေနဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထပ်မံဝင်ရောက်ခိုလှုံလာခဲ့ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ထံ လက်နက်ချခဲ့ကြတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြနေပါတယ်။

အဲ့ဒီစစ်သားတွေဟာ ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးသွားကြသူတွေလို့ သိရပါတယ်။

ပလက်ဝအခြေစိုက် စစ်တပ်စခန်းတွေကို အေအေသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ပလက်ဝအခြေစိုက် စစ်တပ်စခန်းတွေကို အေအေသိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ဝင်ရောက်လာတဲ့စစ်သားတွေကို အိန္ဒိယအစိုးရက မြန်မာစစ်ကောင်စီလက်ထဲ လုံခြုံရေးအပြည့်အဝနဲ့ ပြန်လည်ပို့ဆောင်အပ်နှံပေးနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီဇိုရမ်ပြည်နယ်ထဲရောက်နေကြတဲ့အကြောင်း ချင်းနိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဋ္ဌ ဆလိုင်းမျိုးထက်က အတည်ပြုပါတယ်။

‘’အခုအချိန်ထိတော့ သူတို့ နားလည်မှု နဲ့ သွားနေတဲ့အနေအထားတော့ဖြစ်မှာပေါ့’’ လို့ သူက ပြောပါတယ်။

အိန္ဒိယအာဏာပိုင်အဖွဲ့အစည်းတွေဟာ မြန်မာပြည်ဘက်က တိုက်ပွဲရှောင်လာခဲ့ကြတဲ့ လက်နက်မဲ့အရပ်သားပြည်သူတွေ အပေါ် လုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေပြုလုပ်တဲ့အပေါ် အစောပိုင်းကတည်းက ဝေဖန်မှုတွေရှိခဲ့တာပါ။

အရပ်သားတွေကို အဲဒီလိုဆက်ဆံခဲ့ပြီး အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွတ်လပ်စွာဝင်ရောက်ခွင့်ပြီး ပြန်လည်လွှဲပြောင်းပေးနေတာက အိန္ဒိယအစိုးရရဲ့ စစ်ကောင်စီအပေါ်အားပေးကူညီနေတာ အတိအလင်းပြသနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရအကြား ခိုင်မာတဲ့ကတိကဝတ်တွေရှိနေနိုင်တယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Vikram Misri

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, နေပြည်တော်ကNCA ပွဲလာတက်တဲ့ အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Vikram Misri
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံအတွင်းဝင်ရောက်ခိုလှုံလာကြတဲ့ မြန်မာစစ်သားတွေကို လက်ခံထားပြီး မြန်မာစစ်ကောင်စီထံပြန်လည် လွှဲပြောင်းပေးတာ၊ နယ်စပ်အထိလုံခြုံရေးအပြည့်အဝပေးပြီး လိုက်လံပို့ဆောင်တာတွေဟာ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီအပေါ် စစ်ရေးအရ တနည်းတဖုံ အကူအညီပေးနေတာ လို့ စစ်ရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

‘’ပထမအသုတ်ဝင်လာတဲ့အခါ လက်နက်မဲ့ဝင်လာကြတယ်။ အခုနောက်ပိုင်းဆိုရင်တော့ လုံးဝလက်နက်အပြည့်အစုံနဲ့ကိုဝင်လာတယ်။ ဒါတွကို အိန္ဒိယအစိုးရက လုံခြုံရေးအပြည့်အစုံနဲ့ မြန်မာပြည်ဘက်ကို ပြန်ပြီးတော့မှ အင်အားပြန်ဖြည့်ပေးတဲ့အနေအထားဖြစ်တယ်။ ဆိုတော့ ဒီဟာက အိန္ဒိယဘက်က အပြည့်အဝအကူအညီပေးနေတဲ့အနေအထားမျိုးဖြစ်တယ်။’’ လို့ India for Myanmar အဖွဲ့က ဆလိုင်းဒိုဟာ က ပြောပါတယ်။

အိန္ဒိယကြည်းတပ် ဦးစီးချုပ်ကတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ PDF တွေကြား တိုက်ပွဲတွေကြောင့် အိန္ဒိယ မြန်မာနယ်စပ် အခြေအနေက အလေးအနက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဇန်နဝါရီ ၁၁ ရက်က ပြောထားပါတယ်။

တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာစစ်သား ၄၁၆ ဦးနဲ့ အရပ်သားတချို့လည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

မြန်မာစစ်သားတွေကို နေရပ်ပြန်ပို့ခဲ့ကြောင်းနဲ့ အရပ်သားတွေကတော့ မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တို့မှာ ခိုလှုံနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုဖြစ်စဥ်တွေကြောင့် အိန္ဒိယဘက်က နယ်စပ်တစ်လျှောက် လုံခြုံရေး ပိုမိုတိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ သူက ပြောသွားခဲ့ပါတယ်။

အိန္ဒိယ မြန်မာနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ်ရင်း ၂၀ လောက် တပ်ဖြန့်ထားတယ်လို့ အိန္ဒိယစစ်တပ်ကပြောပါတယ်။

အခုလို တိုက်ပွဲတွေကြား ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေကိုမြန်မာစစ်တပ်ထံပြန်လည်လွှဲပြောင်းပေးအပ်ဖို့ မြန်မာနဲ့အိန္ဒိယကြား ညှိနှိုင်းသဘောတူညီမှုရှိထားသလားဆိုတာသိရဖို့ မြန်မာစစ်ကောင်စီနဲ့ အိန္ဒိယအာဏာပိုင်တွေထံ ဆက်သွယ်မေးမြန်းထားပေမဲ့ ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။