မတည်ငြိမ်မှုတွေရှိတဲ့ မြန်မာနယ်စပ်ကို အိန္ဒိယကဘာကြောင့် စည်းရိုးခတ်ချင်တာလဲ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်း မြန်မာ- အိန္ဒိယ နယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဘက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်ကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်း မြန်မာ- အိန္ဒိယ နယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာဘက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်ကြသူတွေ

အိန္ဒိယနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ နယ်စပ်မှာ စည်းရိုးခတ်မယ့်အစီအစဉ်ကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကြေညာခဲ့ပါတယ်။

“အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုလည်း စည်းရိုးခတ်ထားပါတယ်”လို့ သူက ဆက်ပြောပြီး တောင်ထူထပ်တဲ့ မြန်မာနဲ့ နယ်စပ် ၁,၆၄၃ ကီလိုမီတာ (မိုင်ပေါင်း ၁,၀၀၀ ကျော်) ကို လုံခြုံအောင်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ စည်းရိုးခတ်ထားတဲ့ နယ်နိမိတ်က အဲဒီထက် နှစ်ဆမက ပိုရှည်လျားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်တဲ့သူတွေကို ဗီဇာမလိုဘဲ နယ်မြေအတွင်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့်ပေးထားတဲ့ သက်တမ်း ခြောက်နှစ်ရှိပြီဖြစ်တဲ့ သဘောတူညီချက်ကိုလည်း အိန္ဒိယအစိုးရဘက်က ဖျက်သိမ်းဖို့စဉ်းစားသွားမယ်လို့ မစ္စတာ ရှားက ပြောပါတယ်။

စည်းရိုးကို ဘယ်လို တည်ဆောက်မယ်၊ ဘယ်အချိန်အပိုင်းအခြားအတွင်း တည်ဆောက်မယ်ဆိုတာတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူက ပြောမသွားပါဘူး။

ဒါပေမယ့် ဒီလိုစည်းရိုးခတ်တာအတွက် စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။ နယ်စပ်နယ်မြေက တောင်တန်းတွေပေါ်ဖြစ်နေတဲ့အတွက် ခြံစည်းရိုးခတ်ဖို့အတွက် မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

မဏိပူရ၊ မိုရေးမြို့က အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ်မှာ မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းတင်ဆောင်လာကြတဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မဏိပူရ၊ မိုရေးမြို့က အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ်မှာ မြန်မာနိုင်ငံကနေ ကုန်ပစ္စည်းတင်ဆောင်လာကြတဲ့သူတွေ

အိန္ဒိယရဲ့ အစီအစဉ်တွေက နယ်စပ်ဒေသမှာ ဆယ်စုနှစ်များစွာ နေထိုင်လာကြတဲ့ လူထုကြား မတည်မငြိမ်ဖြစ်စေနိုင်သလို အိမ်နီးချင်းနိုင်ငံနဲ့ဆက်ဆံရေးတင်းမာအောင် လှုံ့ဆော်ပေးသလိုဖြစ်နိုင်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။

စည်းရိုးခတ်မယ်ဆိုရင် အိန္ဒိယအရှေ့မြောက်ပိုင်းက ပြည်နယ်လေးခုဖြစ်တဲ့ အာရူနာချာ ပရာဒေ့ရှ်၊ နာဂလန်း၊ မဏိပူရနဲ့ မီဇိုရမ်နယ်စပ်တလျှောက်တို့ပါဝင်မှာ ဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ အစီအစဉ်ဟာ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်နှစ်ခုမှာ ဖြစ်ပေါ်လာခဲ့တာပါ။

ပထမတစ်ချက်အနေနဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာမှာ ပဋိပက္ခတွေ တိုးလာတာကြောင့် အိန္ဒိယအကျိုးစီးပွားအတွက် အန္တရာယ်ပိုများလာစေပါတယ်။ တိုက်ပွဲတွေကြောင့် လူ နှစ်သန်းလောက် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ ပလက်ဝမြို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မြန်မာ-အိန္ဒိယကြား ဆက်သွယ်ထားတဲ့ အဓိက လမ်းကြောင်းကို ထိခိုက်စေခဲ့ပါတယ်။

မဏိပူရပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၁၇၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မဏိပူရပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၁၇၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုတိယတစ်ချက်အနေနဲ့ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ နီးပါး နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူရမှာလည်း ၂၀၂၃ နှစ်ကုန်ပိုင်းတွေမှာ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အိန္ဒိယမှာ လူများစု မေ့ထေး တွေနဲ့ လူနည်းစု ကူကီး တွေကြား လူမျိုး‌ရေးပဋိပက္ခတွေကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့သလို ထောင်နဲ့ချီတဲ့လူတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ရဲ့ ဘီဂျေပီပါတီဦးဆောင်တဲ့ မဏိပူရအစိုးရကတော့ “တရားမဝင်ရွှေ့ပြောင်းနေထိုင်တဲ့သူတွေ အရေအတွက်များလာတဲ့အကြောင်း” ပြောဆိုခဲ့ပြီး “မြန်မာနိုင်ငံကနေ မဏိပူရကို လာရောက်အခြေချနေထိုင်နေကြတဲ့ မူးယစ်ရာဇာတွေနဲ့ဩဇာကြီးမားတဲ့တရားမဝင် ဘိန်းစိုက်ပျိုးတဲ့သူတွေနဲ့ ရဲ့ လှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်လာခဲ့တယ်”လို့ ဆိုပါတယ်။

အိန္ဒိယနယ်စပ်‌ဒေသတွေမှာ အနှောင့်အယှက်တွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အကြောင်းကြားခဲ့ပါတယ်။

“နယ်စပ်အခြေအနေကို ပိုမိုဆိုးရွားစေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ရှားသင့်တယ်” ဆိုတာအပြင် “လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု” တွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတယ်လို့ သူက ထည့်ပြောခဲ့ပါတယ်။

အမေရိကန် သုတေသနပညာရှင်များအဖွဲ့ Wilson Center က Michael Kugelman က နယ်စပ်စည်းရိုးခတ်ဖို့လုပ်တာက အိန္ဒိယအနေနဲ့ သူတို့ရဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာ နှစ်နေရာကနေ လုံခြုံရေးခြိမ်း‌ခြောက်မှုတွေ ပြင်းထန်လာတယ်လို့ အိန္ဒိယနိုင်ငံအနေနဲ့ ယူဆလာတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

“မြန်မာမှာ ပြင်းထန်တဲ့ပဋိပက္ခတွေက ဒီဘက်အထိကျော်လွန် သက်ရောက်လာမှာတွေကို ကန့်သတ်ဖို့နဲ့ မတည်မငြိမ်ဖြစ်နေတဲ့ မဏိပူရကို မြန်မာဘက်က စစ်ဘေးရှောင် ဒုက္ခသည်တွေ ထပ်တိုးဝင်ရောက်လာတာတွေကြောင့် မငြိမ်မသက်ဖြစ်စေတဲ့ အန္တရာယ်တွေကို လျှော့ချဖို့ လုပ်ချင်နေတာ”လို့ မစ္စတာ ကူဂဲလ်မန်းက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံကရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံကရွာတစ်ရွာ

တချို့ကတော့ ဒီအကြောင်းပြချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကြတာတွေရှိပါတယ်။ မဏိပူရအစိုးရကတော့ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက ကူကီးဒုက္ခသည်တွေ ဝင်ရောက်လာတယ်လို့ ယူဆထားပေမယ့် ပြီးခဲ့တဲ့နှစ် ဧပြီလကုန်အထိ မြန်မာဘက်ကနေ ရွှေ့ပြောင်းနေထိုင်သူ ၂,၁၈၇ ဦးသာရှိတယ်လို့ အိန္ဒိယဘက်က စာရင်းဇယားတွေမှာ ဖော်ပြနေပါတယ်။

“မြန်မာဘက်က တရားမဝင်ဝင်ရောက်သူတွေ အဆမတန်များနေတယ်ဆိုတဲ့ ပြောဆိုချက်က မှားပါတယ်။ အဲဒီလိုပြောတာက ကူကီးတွေဟာ 'နိုင်ငံခြားသားတွေ' ဖြစ်တယ်၊ မဏိပူရနဲ့ မသက်ဆိုင်သူတွေဖြစ်တယ်၊ မကြာသေးခင်က သူတို့ကို မြန်မာဘက်က ထောက်ပံ့ကူညီမှုတွေပေးနေ ရနေတယ်ဆိုတဲ့ ယူဆချက်တွေကို ပိုပြီး အားဖြည့်ပေးဖို့ ပြောတာမျိုးဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဂေါတမ်မူခူးပတ်ဒရာယေက ပြောပါတယ်။

"အဲဒီလို ပြောတာက ယုတ္တိနဲ့လည်း ကင်းကွာတယ်၊ သက်သေအထောက်အထားတွေလည်း မရှိပါဘူး။ ကူကီးတွေဟာ မဏိပူရမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုခဲ့တဲ့ စနစ်တွေက မေ့ထေးလူမျိုးစုတွေ အပါအဝင် လူ့အဖွဲ့အစည်းအားလုံးအတွက် စီးပွားရေးအရ အကျိုးပြုနိုင်ခဲ့တယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီဒေသတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး အမည်မဖော်လိုတဲ့ အငြိမ်းစား အကြီးတန်းစစ်အရာရှိတစ်ဦးကတော့ နယ်စပ်စည်းရိုးခတ်တာက အရပ်သားတွေပြောင်းရွှေ့မှုကြောင့် မဟုတ်ဘဲ အိန္ဒိယအရှေ့မြောက်ဘက်က လက်နက်ကိုင်အဖွဲ့တွေက မြန်မာနဲ့ နယ်စပ်က ကျေးရွာနယ်စပ်အပါအဝင် မြို့တွေမှာ စခန်းတွေအခြေချထူထောင်လာတာကြောင့်လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာက ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၄၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, မီဇိုရမ်ပြည်နယ်မှာ မြန်မာက ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၄၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားပါတယ်

အိန္ဒိယရဲ့ အရှေ့မြောက်ဘက်မှာ ခွဲထွက်ရေးနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေက ဆယ်စုနှစ်ကျော်ကြာအောင် တောက်လောင်နေခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေဖမ်းဆီးပိုင်ခွင့် အာဏာကို လုံခြုံရေးတပ်ဖွဲ့တွေကို အပ်နှင်းထားပြီး စစ်ဆင်ရေးအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကနေ စစ်သားတွေကို အကာအကွယ်ပေးထားတဲ့ လုံခြုံရေးတပ်ဖွဲ့များ အထူးအာဏာ အက်ဥပဒေ (AFSPA) က အငြင်းပွားဖွယ်တွေ ဖြစ်စေပါတယ်။

မြန်မာနိုင်ငံမှာ ပုန်းအောင်းနေတဲ့ အိန္ဒိယဘက်က သူပုန်တွေက နယ်စပ်ကိုလွယ်လင့်တကူ ဖြတ်ကျော်နိုင်သလို ငွေညှစ်တာနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်တယ်လို့ အရာရှိကထည့်ပြောပါတယ်။

ဒါပေမယ့် ဒီလိုနယ်စပ်စည်းရိုးခတ်မယ့်အရေးကတော့ အတားအဆီးတွေ ရှိလာနိုင်ပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ အတိတ်သမိုင်းကတည်းက ဘာသာရေး၊ ဘာသာစကားနဲ့ လူမျိုးရေးဆက်နွှယ်မှုတွေ ရှိပါတယ်။ အိန္ဒိယနွယ်ဖွား လူပေါင်း ၂ သန်း လောက်လည်း မြန်မာနိုင်ငံမှာ နေထိုင်ကြပါတယ်။

အဲဒီလို ဆက်နွှယ်မှုတွေကြောင့်လည်း အိန္ဒိယရဲ့ “အရှေ့မျှော်မူဝါဒ”နဲ့ စီးပွားရေးအရ ကြီးမားတဲ့ပေါင်းစည်းမှုတွေအတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဒီမူဝါဒအရ အိန္ဒိယနိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေဖြစ်တဲ့ လမ်းတည်ဆောက်တာ၊ အဆင့်မြင့်ပညာရေးအပါအဝင် ပျက်စီးသွားတဲ့ စေတီပုထိုးတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ‌ကျော် ပံ့ပိုးပေးထားပြီး အများစုကတော့ မြန်မာဘက်ကို ထောက်ပံ့ကြေးအနေနဲ့ပဲ ပေးတာ ဖြစ်ပါတယ်။

ပိုအရေးကြီးတာက တူညီတဲ့ လူမျိုးနဲ့ တူညီတဲ့ ယဥ်ကျေးမှုဓလေ့တွေရှိတဲ့ လူတွေကို နယ်နိမိတ်ပဲ ခြားထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။

အိန္ဒိယဘက်က မီဇိုနဲ့ မြန်မာက ချင်းလူမျိုးတွေက မျိုးနွယ်နီးစပ်တူညီကြသူတွေ ဖြစ်ပြီး ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ လူအများစုနေထိုင်တဲ့ ချင်းပြည်နယ်ဟာ မီဇိုရမ်နဲ့ နယ်နိမိတ်ထိစပ်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်နှစ်ဖက်စလုံးမှာ နာဂလူမျိုးတွေ ရှိကြပြီး မြန်မာဘက်က နာဂတွေကတော့ အိန္ဒိယမှာ အဆင့်မြင့်ပညာကို သင်ယူကြပါတယ်။ အာရုနာချာ ပရာ‌‌ဒေ့ရှ်ပြည်နယ်ထဲက ဗာလွန့်ဒေသက မုဆိုးတွေကတော့ ရာစုနှစ်များစွာ နယ်စပ်ဖြတ်ကျော်တာသွားလာနေခဲ့ကြတာပါ။

ဒါကြောင့် အိန္ဒိယ ဗဟို အစိုးရရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ မီဇိုရမ်ပြည်နယ်ဟာ မြန်မာက ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် ၄၀,၀၀၀ ကျော်ကို ခိုလှုံခွင့်ပေးခဲ့တာကတော့ အံ့ဩစရာမဟုတ်ပါဘူး။

ဘီဂျေပီပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ နာဂလန်းဝန်ကြီးချုပ် နယ်ဖျူးရီယို ကတော့ “ လူမျိုးစုတွေရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ အတွက် ပုံသေသတ်မှတ်ထားနိုင်တဲ့ စနစ်တွေ ချမှတ်ဖို့ နဲ့ လူတွေ စိမ့်ဝင်သွားလာနေတာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာဂလန်းဒေသက နှစ်ဖက်စလုံးနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်ဖက်စလုံးမှာလည်း နာဂလူမျိုးတွေနေထိုင်နေတာကြောင့်လို့” မကြာခင်က ပြောခဲ့ပါတယ်။

‌ဒေသတွင်းသတင်းတွေရဲ့ ‌ဖော်ပြချက်အရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ချင်းပြည်နယ်မှာ မီးခိုးတလူလူနဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ‌ဒေသတွင်းသတင်းတွေရဲ့ ‌ဖော်ပြချက်အရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ချင်းပြည်နယ်မှာ မီးခိုးတလူလူနဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေခဲ့တဲ့မြင်ကွင်း

ဒါအပြင် တောင်တန်းနဲ့ သစ်တောထူထပ်တဲ့ နယ်စပ်ကို ကာရံတာက စိန်ခေါ်မှုတွေ ကြီးကြီးမားမားဖြစ်လာစေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်နေကြပါတယ်။

“တောင်တန်းတွေတစ်လျှောက်နဲ့ ဝေးလံခေါင်းဖျားနယ်မြေတွေပါတဲ့ နယ်ခြားတစ်ခုလုံးကို စည်းရိုးခတ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒါက ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်မှာ ခြံစည်းရိုးခတ်တာနဲ့ မတူပါဘူးလို့ ထင်ရှားတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လစ်တနာက ကျွန်တော့်ကို ပြောခဲ့တယ်"လို့ သူက ပြောပါတယ်။

“နယ်စပ်စည်းရိုးခတ်တာက လက်တွေ့မကျပါဘူး။ ဒါကိုတည်ဆောက်ဖို့ နှစ်နဲ့ချီ အချိန်ယူဖို့ လိုအပ်ပြီး တချို့နေရာတွေမှာတော့ စည်းရိုးခတ်ထားရင်တောင် ဒေသခံတွေက တခြား နည်းလမ်းရှာကြမှာပဲ” လို့ သူက ဆက်ပြောပါတယ်။

အဲဒီနောက်မှာပဲ သံတမန်ရေးရာ အတိမ်းအစောင်းမခံနိုင်တဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။ အိန္ဒိယဘက်က မြန်မာနဲ့ဆက်ဆံတဲ့အခါ သတိထားဖို့ လိုအပ်တဲ့အချိန်မှာပဲ ဒီလိုနယ်စပ်စည်းရိုးဆောက်လုပ်တာက ရန်စတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်နိုင်တယ်လို့ မစ္စတာ ကူးဂဲလ်မန်းကဆိုပါတယ်။ တစ်ဖက်သတ်မလုပ်ပဲ မြန်မာဘက်နဲ့ တိုင်ပင်ပြီးလုပ်ရင် နှစ်ဖက်တင်းမာမှုတွေ ဖြစ်လာမယ့်အရေးကို လျော့နည်းစေလိမ့်မယ်လို့ သူက ပြောပါတယ်။

ခြုံငုံပြောရရင် ဒီနယ်ခြား ခြံစည်းရိုးအရေးဟာ အိန္ဒိယရဲ့ နယ်စပ်လုံခြုံရေး စိန်ခေါ်မှုကို မီးမောင်းထိုးပြနေပါတယ်။

အိန္ဒိယဟာ မဟာပြိုင်ဘက် ပါကစ္စတန်နဲ့ တရုတ်တို့နဲ့လည်း နယ်ခြား တင်းမာမှုတွေကို ရင်ဆိုင်နေရတာပါ။ နိုင်ငံရေးတင်းမာမှုတွေ၊ နယ်နိမိတ်အငြင်းပွားမှုတွေ၊ စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ တခြားအကြောင်းကိစ္စတွေ ပေါင်းစည်းပြီး တင်းမာတွေ အစပြုစေခဲ့တာပါ။

အိန္ဒိယက အာရှတောင်ပိုင်းမှာ တရုတ်ဘက်က စီးပွားရေးချဲ့ထွင်လာတာတွေကို ပြိုင်ဆိုင်နေသလိုတစ်ဖက်မှာလည်း တရုတ်က အိန္ဒိယနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနဲ့ စီးပွားရေးအရ ပိုပြီးခိုင်မာတဲ့ဆက်ဆံ‌ရေးရှိနေတာ ဖြစ်ပါတယ်။

"အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်နေသလို တရုတ်က သူ့ရဲ့ နယ်ခြားတွေမှာ ပိုနေရာယူလာတွေကို ကာကွယ်ဖို့ လုပ်နေချိန်မှာ အခု နယ်နိမိတ်အရေးတွေက အနှောင့်အယှက်တွေ ဖြစ်စေပါတယ်။ ဒါပေမဲ့ဒါတွေကို မဖြေရှင်းဘဲထားရင် အလိုလို ပြီးသွားမှာတွေတော့ မဟုတ်ပါဘူး" လို့ မစ္စတာ ကူးဂဲလ်မန်းက ပြောပါတယ်။