ဇန်နဝါရီလ ၂၁ ရက်ထိပ်တန်းသတင်းများ - မဘိမ်းမြို့ကိုသိမ်းပိုက်နိုင်ပြီလို့ကျောင်းသားတပ်ပြော

ဓာတ်ပုံ ရင်းမြစ်, ABSDF
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ထဲက မဘိမ်းမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ပြီလို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ ကျောင်းသားတပ်(ABSDF) က ပြီးခဲ့တဲ့နာရီပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။
မဘိမ်းမြို့က ရဲစခန်းနဲ့ စစ်တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာပဲ မြို့ကို သိမ်းပိုက်နိုင်ပြီလို့ ကျောင်းသားတပ်က သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းပေါ်က မဘိမ်းမြို့ဟာ မိုးမိတ်မြို့မြောက်ဘက်ပိုင်းမှာရှိပြီး မိုးမိတ်နဲ့ မိုင် ၄၀ ကျော်သာ ကွာဝေးတာဖြစ်ပါတယ်။
မိုးမိတ်မှာတော့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA)ကြား တိုက်ပွဲပြင်းထန်နေပြီး မိုးကုတ်ဘက်အထွက် မိုးမိတ်မြို့အစပ်က စစ်တပ်ဗျူဟာကုန်းကို KIA က ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရဟတ်ယာဥ်တွေဟာ မန္တလေး-မြစ်ကြီးနားလမ်းပေါ် မိုးကုတ်မြို့နယ်ထဲက ပိန်းပစ်ရွာအနီးမှာ မြင်တွေ့ခဲ့ရတာကြောင့် အဲဒီရဟတ်ယာဥ်တွေဟာ မိုးကုတ်ကနေ မိုင် ၃၀ နီးပါးအကွာမှာရှိတဲ့ မိုးမိတ်ကို သွားတယ်လို့ ယူဆရတဲ့အကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရှမ်းမြောက်က မဘိမ်းမြို့ကို KIA/PDF ထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ထဲက မဘိမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံအချို့ကပြောပါတယ်။
ဒေသခံတွေအပြောအရ မန္တလေး-မြစ်ကြီးနား အဝေးပြေးလမ်းမကြီးပေါ်က မဘိမ်းမြို့ရဲစခန်းနဲ့ ကုန်းမခံရပ်ကွက်ထဲက စစ်တပ်စခန်းတို့ကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။
မဘိမ်းမှာ တိုက်ပွဲပြင်းထန်လာမယ့်အငွေ့အသက်တွေကြောင့် ဒေသခံအများစုဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မဘိမ်းမြို့ တိုက်ပွဲနဲ့ ပတ်သက်ပြီး KIA/PDF ဘက်က သတင်းထုတ်ပြန်တာမတွေ့ရပေမဲ့ ကချင်ဘာသာစကားနဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ရုပ်သံဖိုင်တွေမှာတော့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မဘိမ်းရဲစခန်းဝင်းလို့ ယူဆရတဲ့နေရာမှာ ရှင်းလင်းရေးတွေလုပ်နေတာ တွေ့ရပါတယ်။
ဒီပဲယင်းမှာ စစ်ကြောင်းဝင်ပြီး ၃ ရက်အတွင်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စစ်တပ်ကသတ်ဖြတ်သွားတဲ့ ရုပ်အလောင်း ၅ လောင်းကို လက်ယက်ကုန်းကျေးရွာ အပါအဝင် နေရာ ၂ ခုမှာ ဇန်နဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
သတ်ဖြတ်ခံရသူ ၅ ဦးစလုံးဟာ မဲအိုးကျေးရွာသူကျေးရွာသားတွေဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း က မဲအိုးကျေးရွာကို ဝင်ရောက်ခဲ့အပြီးမှာ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။
‘’မခင်နှင်းဋ္ဌေး၊ ကိုဇော်ဝင်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော်တို့ရဲ့အလောင်းတွေကို လက်ယက်ကုန်းရွာထဲမှာ တွေ့ခဲ့ရတယ်။ အမျိုးသား အလောင်း ၂ လောင်းကို ခန္ဓာကိုယ်အတိုင်းမဟုတ်ဘဲ တစ်စစီပုံစံနဲ့တွေ့ရတယ်။ နောက် တစ်လောင်းက လည်ပင်းမှာ ဓားထိုးရာတစ်ချက်ထက်မနည်းတွေ့ရတယ်။ အမျိုးသမီး အလောင်းကိုတော့ မီးရှို့ခံရတဲ့ အိမ်တစ်လုံးထဲ တွေ့ခဲ့ရတယ်။’’ လို့ မြေပြင်မှာ အကူအညီပေးရေးလုပ်နေတဲ့ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။
ကိုဇင်မင်းညွန့်ဆိုသူ မဲအိုးကျေးရွာ ဒေသခံတစ်ဦးရဲ့အလောင်းကိုတော့ ဒီပဲယင်းနဲ့ ရေဦးနယ်အစပ်က ပိဋကတ်ကျကျေးရွာမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ် ဇန်နဝါရီလ ၁၈ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့ပေါ်ကနေ မဲအိုးကျေးရွာထဲကို ဝင်ရောက်လာပြီး စီးနင်းမှုတွေလုပ်ချိန် ဖမ်းဆီးခံရသူ ၁၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
အခုတော့ ဖမ်းဆီးခံရသူတွေထဲက ၅ ဦးရဲ့ရုပ်အလောင်းကိုတွေ့ရတာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မဲအိုး ဒေသခံ ၁၀ ဦးရှိနေတယ်လို့လည်း သိရပါတယ်။
မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က ဘာကြောင့် ဝင်ရောက်စီးနင်းခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အင်အား ၈၀ ကျော်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ရွာစဥ်လှည့် စစ်ကြောင်းထိုးနေတာကြောင့် ညောင်လှနဲ့ သရက်ကုန်းကျေးရွာတွေက ဒေသခံတွေဟာ မနေ့ညပိုင်းမှာ ရွာထဲ မအိပ်နိုင်ဘဲ တောထဲမှာ တိမ်းရှောင် အိပ်စက်ခဲ့ရတယ်လို့ သိရပါတယ်။
နယ်စပ်ခြံစည်းရိုးကာပြီး လွတ်လပ်စွာကူးလူးခွင့် ပိတ်တော့မယ်လို့ အိန္ဒိယပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ ထားရှိထားတဲ့ လွတ်လပ်စွာကူးလူးဖြတ်သန်းခွင့်(FMR)ကို ပိတ်ဖို့ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ခြံစည်းရိုးခတ်ဖို့ ပြင်နေတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အာသံရဲကွန်မန်ဒို သင်တန်းဆင်းပွဲမှာ ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက ဝန်ကြီး အာမက်ရှားက ပြောလိုက်တာဖြစ်ပါတယ်။
‘‘အိန္ဒိယ-မြန်မာနယ်စပ်ကို အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပြုလုပ်သလိုပဲ ခြံစည်းရိုးကာသွားပါမယ်’’ လို့ ဝန်ကြီးက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီတပ်သား ရာချီ အိန္ဒိယဘက် ခြမ်းကို ထွက်ပြေးနေချိန်မှာ အိန္ဒိယဗဟိုအစိုးရဘက်က အခုလို ပြောလာတာဖြစ်ပါတယ်။
နယ်စပ်မှာ လွတ်လပ်စွာ သွားလာခွင့်ကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနိုင်ငံသားတွေဟာ နယ်စပ်မှာ ၁၆ ကီလိုမီတာအထိ ပြည်ဝင်ခွင့် ဗီဇာ မလိုဘဲ သွားလာနိုင်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ မြန်မာနိုင်ငံအနှံ့က ဒုက္ခသည်သောင်းချီကို လက်ခံထားတဲ့ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကတော့ နယ်စပ်မှာ အခုလို ခြံစည်းရိုးကာမှာကို သူကန့်ကွက်ပေမဲ့ ဗဟိုအစိုးရက ဆက်လုပ်မယ်ဆိုရင် သူ့အနေနဲ့ ကန့်ကွက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားတဲ့အကြောင်း အိန္ဒိယက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
နယ်စပ်မှာ ခြံစည်းရိုးကာဖို့ တိုက်တွန်းတာကိုတော့ ဘာသာရေးပဋိပက္ခနဲ့မတည်ငြိမ်မှုတွေ ကြုံနေရတဲ့ မဏိပူရ်ပြည်နယ်အစိုးက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။








