မဏိပူရ အကြမ်းဖက်မှု - စွပ်စွဲခံနေရတဲ့ မြန်မာရွှေ့ပြောင်းတွေ

အိန္ဒိယနိုင်ငံ မဏိပူရ ဗဟိုအကျဥ်းထောင်က နေ့လယ်စာစားချိန်မှာ ထောင်အလယ်က ခန်းမကျယ်ကြီးဟာ ပျားပန်းခပ် လှုပ်ရှားနေပါတယ်။
အကျဥ်းသား ၇၀၀ နီးပါး နေ့လယ်စား စားပြီးကြပြီး သူတို့ အဆောင်တွေဆီ ပြန်ကြပါတော့မယ်။
လူ ၅၀ လောက် တန်းစီပြီး ထောင်ဝန်ထမ်းတွေ လိုက်ပါလာပြီး လျှောက်လာချိန်မှာ အကျဥ်းထောင် အချက်ပေး ဥသြသံ တဖြည်းဖြည်း တိုးပြီးပျောက်ကွယ်သွားပါတယ်။
သူတို့တွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံက လူတွေ ဖြစ်ပြီး သူတို့ရဲ့ ဇီဝ ကိုယ်ရေးအချက်အလက်တွေ ယူတာ မကြာခင် ပြန်စပါတော့မယ်။
မဏိပူရမှာ နိုင်ငံခြားသား အချုပ်ဆောင် သီးသန့် မရှိတဲ့အတွက် အခု ထိန်းသိမ်းထားသူတွေကို ပြည်နယ်ရဲ့ အကြီးဆုံး အကျဥ်းထောင်ကြီးထဲမှာပဲ ယာယီ ထားထားပါတယ်။
အဲဒီမှာ မြန်မာ ၁၀၀ ကျော် ရှိနေပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ သီးသန့် ခွဲထားပါတယ်။

မြန်မာဘက်ကရောက်လာသူ အသက် ၂၆ နှစ်အရွယ် Lin Khin Meng ဟာ သူ အိန္ဒိကိုလာတာ စားဝတ်နေရေးအတွက် ငွေရှာဖို့ ရောက်လာတာလို့ ဆိုပါတယ်။
သူဟာ ၂၀၂၂ မှာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်ဆီးခံရ၊ ထောင်ဒဏ် ခြောက်လ ကျခံပြီး ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြန်မာဘက်ကို မပြန်နိုင်သေးပါဘူး။
"ကျွန်တော်က စစ်ကိုင်းတိုင်းထဲက နွားတွေကို အိန္ဒိယဘက်ကို လာရောင်းနေကျပါ။ ပြီးခဲ့တဲ့ ကိုးလတုန်းက ကျွန်တော် အဖမ်းခံခဲ့ရပြီး အဲဒီကတည်းက ထိန်းသိမ်းရေးစခန်းမှာ ရောက်နေတာပါ။ ကျွန်တော့်မိန်းမ၊ ကလေးတွေနဲ့ မိဘတွေက ကျွန်တော်ဒီမှာ သောင်တင်နေမှန်း သိတောင် မသိကြပါဘူး" လို့ သူက ဆိုပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းပြည်နယ်ကနေ ရောက်လာပြီး နောက်ထပ် ထိန်းသိမ်းခံထားရသူ တစ်ဦးဖြစ်တဲ့ ယုနိုင်ကတော့ "အိန္ဒိယနယ်စပ်က ရွာတွေဆီကို လက်ရက်ကန်းလုပ်ဖို့ လာနေကျပါ။ ဒါပေမဲ့ မနှစ်တုန်းက ကျွန်တော့်ကို အထင်မှားသွားကြပုံ ရပါတယ်" လို့ သူက ပြောပါတယ်။
"ကျွန်တော့် သူငယ်ချင်းက WY (တားမြစ်ဆေးပြားတွေ) ရောင်းတဲ့သူပါ။ ကျွန်တော်က သူ့ကြောင့် အဖမ်းခံရတာပါ။ ကျွန်တော်က ပြစ်ဒဏ်ကျ ပြီးပါပြီ။ ဒါပေမဲ့ နယ်စပ်တွေ ပိတ်ထားတော့ ကျွန်တော် အိမ်မပြန်နိုင်တော့ပါဘူး။"
မဏိပူရပြည်နယ် မြို့တော်အင်ဖာမှာ အဖမ်းခံရသူ အများစုက သူတို့တွေ အိန္ဒိယဘက်ကို ရောက်လာတာဟာ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတာလို့ ဆိုပါတယ်။
မြန်မာမှာ ၂၀၂၁ မှာ စစ်အာဏာသိမ်းခဲ့ပြီး နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ တိုးတာလာကြောင့် အိန္ဒိယဘက်က မဏိပူရနဲ့ မီဇိုရမ် ပြည်နယ်ဘက်ကို လူတွေ ထောင်ချီ ထွက်ပြေးလာကြပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ ၈၀,၀၀၀ လောက် တခြားနိုင်ငံတွေကို ထွက်ပြေးသွားကြပြီး အဲဒီနိုင်ငံတွေထဲမှာ အိန္ဒိယလည်း ပါပါတယ်။
မြန်မာဘက်မှာတော့ စစ်ကောင်စီ စစ်တပ်၊ သူတို့ကို ပုန်ကန်တိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ် နဲ့ ကေအန်အေ (ကူကီးအမျိုးသားတပ်) တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မဏိပူရပြည်နယ်ထဲမှာ သုံးလကျော် ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေအတွက် ဘီဂျေပီပါတီ အုပ်ချုပ်တဲ့ ပြည်နယ်အစိုးရက “တရားမဝင်ရွှေ့ပြောင်းလာသူတွေ” ကို အပြစ်တင်ပါတယ်။
ဒီအကြမ်းဖက်မှုတွေကြောင့် လူ ၁၈၀ သေဆုံးပြီး လူ ၆၀,၀၀၀ ကျော် နေရာရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။
မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအင်အားစု လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် မြန်မာဘက်က ဒေသခံတွေဟာ မဏိပူရဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဘီဘီစီ မြန်မာဌာနက ညိုလဲ့ရည်က ပြောပါတယ်။
''ကျွန်မ မြန်မာဘက်ခြမ်းကနေ အိန္ဒိယဘက်ကို ထွက်ပြေးကြတဲ့ မြန်မာနိုင်ငံသားတွေကို မေးမြန်းတာတွေလုပ်ပါတယ်။ သူတို့က သူတို့ဒေသတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေကြောင့် သူတို့ ထွက်ပြေးကြတာလို့ ဖြေပါတယ်။ ဒါပေမဲ့ သူတို့ အိန္ဒိယဘက်ခြမ်းကို ရောက်တဲ့အခါ ဇီဝမှတ်တမ်း (လက်ဗွေ၊ အသံ၊ မျက်ဝန်း၊မျက်နှာ) ယူတာကို မဏိပူရ အစိုးရက လုပ်တယ်လို့ ပြောတယ်။ သူတို့ အဆင်မပြေဘူး။ မြန်မာမှာ မလုံခြုံလို့ ပြေးရတဲ့အခါမှာ ဒီလို မှတ်တမ်းယူတာက သူတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခံတာလို့ ခံစားရတယ်''လို့ ပြောတဲ့အကြောင်း သူက ပြောပါတယ်။

မြန်မာဘက်က ရောက်လာတဲ့ မိသားစုတစ်စုကတော့ မဏိပူရကို ရောက်လာတာ ၂ နှစ် ကျော် ရှိပြီ ဖြစ်ပြီး သူတို့ က မထင်မရှား နေနေကြပါတယ်။
ကူကီးချင်း အမျိုးသမီး Doe Shwe (အမည်လွှဲထား) ဟာ သူ့ကလေးတွေနဲ့အတူ ၂၀၂၁ မှာ မဏိပူရကို ရောက်လာတာပါ။
"မြန်မာနိုင်ငံမှာ စစ်တပ်က လူတွေ အများကြီးကို ဖမ်းပါတယ်။ ရဲတွေကလည်း ကျွန်မကို ရှာနေတော့ ကျွန်မ မိသားစုလည်း အဖမ်းခံရနိုင်တာကြောင့် ကျွန်မတို့ ထွက်ပြေးလာရတာ။ ၂၀၂၁ ကျွန်မတို့ ဒီကို ရောက်တဲ့အခါ ဒုက္ခသည် စခန်းလည်း မရှိတော့ ဒီဘက်က ဒေသခံတွေက ကျွန်မတို့ကို နေစရာ ပေးထားရတယ်" လို့ သူက ပြောပါတယ်။
အိန္ဒိယဘက်မှာ သူတို့ မိသားစု လုံလုံခြုံခြုံ ရှိကြပြီဆိုတော့ သူ့ ဒုက္ခတွေ ပြီးပြီလို့ သူထင်ခဲ့မိပါတယ်။
ဒါပေမဲ့ မဏိပူရမှာ မေ့ထေး(ကသည်း)နဲ့ ကူကီး မျိုးနွယ် အသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုတွေ ပြီးခဲ့တဲ့ သုံးလက ဖြစ်လာခဲ့ပြီး အကြမ်းဖက်မှုတွေက ရံဖန်ရံခါဆိုသလို ဆက်ဖြစ်နေပါတယ်။
"အဲဒီလို အကြမ်းဖက်မှုကြီးတွေ ကိုယ့်ဘေးနား ဖြစ်နေတာ မြင်ရတော့ တော်တော် တုန်လှုပ်စရာ ကောင်းပါတယ်။ ကိုယ့်အိမ်နားမှာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်ဆိုပြီး အခုဆို ညအိပ်ရင် အဝတ်အစားတွေ၊ အရေးကြီး စာရွက်စာတမ်းတွေ ထည့်ထားတဲ့ အရေးပေါ်အိတ်တွေ ပြင်ပြီး အိပ်ရပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ရင် ဘယ်ကို ပြေးလို့ ပြေးရမယ်မှန်းတော့ မသိပါဘူး။ မဖြစ်နိုင်တော့တဲ့အဆုံးဆိုရင်တော့ မြန်မာဘက်ကို ပြန်ရမှာပေါ့။ ဒါပေမဲ့ ဘယ်အချိန် ပြန်ရမလဲ မသိပါဘူး" လို့ Doe က ပြောပါတယ်။

အိန္ဒိယက ၁၉၄၇ မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရပြီးနောက်မှာ မဏိပူရမှာ ကူကီးမျိုးနွယ် အသိုင်းအဝိုင်းကို အထူးအသိမှတ်ပြု လူနည်းစုမျိုးနွယ်လို့ သတ်မှတ်ထားပါတယ်။ မေ့ထေးမျိုးနွယ် (ကသည်း) အသိုင်းအဝိုင်းကိုတော့ လူများစု လူမျိုးကြီး မျိုးနွယ်အဖြစ်ရော အထူးအသိအမှတ်ပြုအဖြစ်ရော သတ်မှတ်ထားပါတယ်။
အခုအခါမှာ လူများစု ကသည်း အသိုင်းအဝိုင်းက လူတွေ ကူကီးလူမျိုးတွေ အများစုနေတဲ့ တောင်တန်းဒေသတွေမှာ မြေယာ ဝယ်လို့မရပါဘူး။
ဒါဟာ အထူးအသိအမှတ်ပြုလူမျိုးတွေ ပိုင်ဆိုင်တဲ့ မြေယာတွေကို တခြားလူမျိုးတွေ ဝယ်ယူတာကို အိန္ဒိယ အခြေခံ ဥပဒေက တားမြစ်ထားတာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံထဲက ချင်းနဲ့ စစ်ကိုင်းဘက်ကနေ မဏိပူရထဲကို ရောက်လာကြသူတွေဟာ မဏိပူရမှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် ဆွပေးတဲ့ "တရားမဝင်စိမ့်ဝင်လာသူတွေ” လို့ စွပ်စွဲမှုတွေနဲ့ ကြုံနေကြရပါတယ်။
အခု ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေမှာ မူးယစ်ဆေး ထုတ်လုပ်မှုတွေနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင် ကုန်သွယ်မှုတွေ လုပ်နေကြတဲ့ "လက်နက်ကိုင် တရားမဝင် ဝင်လာတဲ့ ကူကီးတွေ" ပါဝင် ပတ်သက်နေတယ်လို့ အများစုသော ကသည်းတွေက ယုံကြည်နေကြပါတယ်။

မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန် ဆင်းက “နယ်စပ်မှာ ပြဿနာ ရှိနေတယ်” လို့ ပြောပါတယ်။
"ကျွန်တော့် ပြည်နယ်က ၃၉၈ ကီလိုမီတာ ရှည်ပြီး လိုသလို ဝင်ထွက်ပေါက်တွေ အများကြီးနဲ့ မြန်မာဘက်နဲ့ နယ်နိမိတ်ချင်းထိနေတာဆိုတော့ လုံခြုံရေးတပ်ဖွဲ့တွေ ဘယ်လောက်ပဲချချ အဲဒါကို ဘယ်လိုမှ စောင့်ကြည့်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီဘက်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကိုလည်း ငြင်းလို့ မရပါဘူး။ အကြမ်းဖက်မှုတွေက သေချာ အကွက်ချ လုပ်ထားပုံ ရပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဆိုတာတော့လည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။"
အဲဒီ စွပ်စွဲမှုတွေက မှားယွင်းတယ်လို့ ကူကီးအသိုင်းအဝိုင်းက ပြောပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် သူတို့ဒေသကို သီးသန့်ခွဲခြားအုပ်ချုပ်ရေး ပေးဖို့တောင်းဆိုပါတယ်။ အိန္ဒိယ ဗဟို အစိုးရက အဲဒီတောင်းဆိုချက်ကို ငြင်းပါတယ်။
"တရားမဝင်ရောက်လာသူတွေ"ဆိုပြီး "လုပ်ကြံ ပုံဖော်တဲ့ စွပ်စွဲမှုတွေ"ကို ကူကီးအသိုင်းအဝိုင်းငြင်းဆိုပြီး အဲဒီဒေသက အကြောင်းကို သူတို့ဘက်က အမြင်ကို ပြောပြကြပါတယ်။
မဏိပူရမှာ မြန်မာဘက်က အဖမ်းခံရသူတွေအရေး ဆောင်ရွက်ပေးနေတဲ့ David Vaiphei က "နိုင်ငံတကာ နယ်နိမိတ် ရေးဆွဲခဲ့တုန်းက ဒီဒေသရဲ့ လူမှု-ယဥ်ကျေးမှု ပထဝီ အနေအထားကို ဗြိတိသျှအစိုးရက လုံးဝ ထည့်မတွက်ခဲ့ဘူး" လို့ ပြောပါတယ်။
"ကျွန်တော့် မိသားစုက မျိုးဆက်တွေ အများကြီး ဒီနယ်စပ်တစ်လျှောက်မှာပဲ နေလာခဲ့ကြတာ။ ကျွန်တော်တို့က အိန္ဒိယသားတွေ။ ဒါပေမဲ့ ကျွန်တော့် အစ်မက မြန်မာဘက် နယ်စပ်က ကူကီးလူမျိုးနဲ့ အိမ်ထောင်ကျတယ်။ တကယ်လို့ သူပြန်လာပြီး ဒီဘက်မှာ လာနေရင် သူ့ကို တရားမဝင် လာနေသူလို့ ခေါ်မယ်ဆိုရင် မှားတာပဲ။ သူတို့ကို နိုင်ငံရေး ခိုလှုံသူတွေ လို့ပဲ ခေါ်လို့ရမယ်။ သူ့တို့က ဒီမှာ အမြဲတမ်း နေချင်တာမှ မဟုတ်တာ။ မြန်မာဘက်မှာ နိုင်ငံရေးတည်ငြိမ်မယ်ဆိုရင် ဟိုဘက်မှာနေရတာက သူတို့ ပိုပြီး အဆင်ပြေတယ်။"

မြန်မာနဲ့ အိန္ဒိယက ၁,၆၄၃ ကီလိုမီတာ နယ်စပ်ချင်း ထိနေပြီး အဲဒီထိစပ်နေတဲ့ နေရာတွေမှာ တောင်တန်းထူထပ်တဲ့ ပြည်နယ်တွေ ဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ၊ နာဂလန်းနဲ့ အရာနာချယ် ပရာဒက်ရှ် ပြည်နယ်တွေ ပါဝင်ပါတယ်။
အိန္ဒိယက ၂၀၂၂ မှာ မတားမြစ်ခင်အထိ နှစ်နိုင်ငံ နယ်စပ်မှာ 'လွတ်လပ်စွာ ကူးသန်းသွားလာမှု' သဘောတူညီချက် ရှိပါတယ်။ အဲဒီ သဘောတူညီချက်အရ နယ်စပ်မှာ နေကြတဲ့ ဒေသခံလူမျိုးစုတွေဟာ နှစ်ဖက် နယ်နိမိတ်တွေရဲ့ ၁၆ မိုင်အတွင်း ပြည်ဝင်ခွင့် မလိုဘဲ သွားလာလို့ ရကြပါတယ်။
ဒါ့အပြင် မြန်မာဘက်မှာ စစ်အာဏာမသိမ်းခင်အထိ အိန္ဒိယက မြန်မာဘက်က ကျွန်းသစ်အဝယ်တိုးတက် နေပြီး မြန်မာဘက်ကတော့ အိန္ဒိယ ကုမ္ပဏီတွေဆီကနေ ကာကွယ်ရေးပစ္စည်းတွေ ဝယ်ခဲ့ပါတယ်။
အဲဒီလို ကုန်သွယ်မှု တိုးတက်နေရာကနေ ကိုဗစ်-၁၉ ကပ်ဘေးကို စပြီး ကြုံခဲ့ကြရပါတယ်။ အဲဒီနောက် အိန္ဒိယက 'လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်'ကို ရပ်ဆိုင်းလိုက်တဲ့အခါ အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။
မဏိပူရမှာ အကြမ်းဖက်မှုတွေ ကြိုကြားဆိုသလို ဖြစ်နေချိန်မှာတော့ အဲဒီဘက်က အစိုးရမှတ်တမ်းအရ “တရားမဝင် ရွှေ့ပြောင်းလာသူ“ ၂,၅၀၀ ရဲ့ မှတ်ပုံတင် အချက်အလက်တွေ ရယူပြီး ဖြစ်ပါတယ်။
အိန္ဒိယက မြန်မာ စစ်အာဏာသိမ်း အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်လုပ်နေသလို ဒီမိုကရေစီ အကောင်အထည်ဖော်ရေးကိုလည်း ထုတ်ပြောထားပါတယ်။
ဒါပေမဲ့ အိန္ဒိယမှာ လာခိုလှုံနေသူတွေကို မြန်မာဘက်ကို ပြန်ပို့ဖို့ကတော့ တိုးတက်မလာသေးပါဘူး။
“တရားမဝင် ရွှေ့ပြောင်းလာသူတွေ“က “တကယ့် စစ်ရှောင်တွေ“ထက် အများကြီး ပိုများနေတယ်လို့ မဏိပူရပြည်နယ်အစိုးရက ပြောပါတယ်။
မဏိပူရ ပြည်နယ် ပြန်ကြားရေးဝန်ကြီး ဆာပန် ရန်ဂျန်က “ကျွန်တော်တို့က ဘယ် လူမျိုးအသိုင်းအဝိုင်းသက်သက်ကိုမှ ဆန့်ကျင်တာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာဘက်က ရောက်လာသူတွေကတော့ စိုးရိမ်စရာ ရှိပါတယ်။ တရားမဝင်တွေ ဖြစ်နေတယ်။ ပြည်နယ်ငြိမ်းချမ်းရေးအတွက် အဲဒီ အရေးကြီးတဲ့ ကိစ္စကို ရှင်းဖို့ ကျွန်တော်တို့က သူတို့ရဲ့ အချက်အလက်မှတ်တမ်းတွေကို အခု ကောက်နေတာ။ ပြီးတော့ ဒါကို အဆုံးသတ်ဖို့ နယ်စပ်ကာရံတာတွေလည်း စလုပ်နေပါပြီ” လို့ ပြောပါတယ်။

နယ်စပ် ခြံစည်းရိုး ကာရံတာတွေ စလုပ်နေပြီဆိုတာကို ဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီး အမစ်ရှားက လွှတ်တော်မှာ အတည်ပြုထားပါတယ်။
"အိန္ဒိယ-မြန်မာ နယ်စပ်ဟာ လွတ်လပ်ရေး ရကတည်းက လွတ်လွတ်လပ်လပ် ရှိနေတာကြောင့် ကူကီးညီအစ်ကိုတွေက အများကြီး ဒီဘက်ကို လာနေကြပါတယ်။ သူတို့မိသားစုတွေ တောတောင်တွေထဲမှာ စပြီး အခြေချ နေထိုင်လာကြတဲ့အခါ မဏိပူရဘက်က လူတွေ စပြီး မလုံမခြုံ ခံစားလာကြရတယ်" လို့ သူက လွှတ်တော်မှာ လတ်တလော ပြောထားပါတယ်။
မဏိပူရ-မြန်မာ နယ်စပ်က တချို့ရွာတွေမှာဆိုရင် ရွာထဲက အိမ်တွေဟာ အိန္ဒိယဘက်မှာရော မြန်မာဘက်မှာရော ရောက်နေပါတယ်။

နှစ်ဖက်စလုံးက လူတွေရဲ့ ဘာသာစကား၊ ဝတ်စားဆင်ယင်ပုံနဲ့ အစားအသောက်တွေ အားလုံးက အတူတူပါ။
မဏိပူရက ကူကီးတွေက အဲဒီလို ‘လူဆိုးပုံဖော်‘ ခံရတာကို စိုးရိမ်နေကြပါတယ်။
"ဆီးရီးယားကဖြစ်ဖြစ် ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ပြည်တွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်လာရင် ဒုက္ခသည်တွေကို လူသားချင်း စာနာတဲ့အနေနဲ့ ဥရောပ၊ ဗြိတိန်နဲ့ အမေရိကန်တို့က ခိုလှုံခွင့်ပေးကြတာပဲ။
အဲဒီလိုပဲ မြန်မာဘက်က ဒုက္ခသည်တွေကို အကြမ်းဖက်မှုတွေအတွက် မညှာမတာ ပြောဆိုပြီး အပြစ်တင်နေမယ့်အစား လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ ဆိုတာနဲ့တင် သူတို့ကို အိန္ဒိယက ကြိုဆိုသင့်ပါတယ်"လို့ ကူကီးလူမျိုးများ မဟာမိတ်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Chinkholal Thangzing က ပြောပါတယ်။








