စစ်အာဏာသိမ်းမှု - နယ်စပ်ရောက်မြန်မာခိုလှုံသူတွေ တတိယနိုင်ငံရောက်ဖို့လွယ်ကူလား

ဓာတ်ပုံ ရင်းမြစ်, AFP
“သူများနိုင်ငံမှာ တရားမဝင် ဆက်မနေချင်တော့ဘူး။ ဒီလိုဘဝကနေ လွတ်မြောက်ချင်တယ်။ သားကိုလည်း ကျောင်းထားပြီး ကျွန်မလည်း ရဲရဲတင်းတင်း အလုပ်လုပ်ခွင့်ရပြီး ရပ်တည်ချင်တယ်။”
ဒီလိုပြောပြလာသူက ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း မဲဆောက်မှာ တရားမဝင်ခိုလှုံနေထိုင်နေတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မြမြဖြစ်ပါတယ်။
မူလတန်းပြဆရာမလုပ်သက် ၁၀ နှစ်ကျော် ရှိလာချိန်မှာ စစ်တပ်အာဏာသိမ်းတော့ မတရားမှုကိုဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်မယ်ဆိုတဲ့ CDM လှုပ်ရှားမှုထဲမှာ ဒေါ်မြမြပါဝင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က သူ့ကိုဖမ်းဝရမ်းထုတ်တော့ တခြားတိမ်းရှောင်သူတွေနည်းတူ ဒေါ်မြမြလည်း သားဖြစ်သူကိုခေါ် လို့ မဲဆောက်ကို ပြေးခဲ့ပါတယ်။
မဲဆောက်ကိုရောက်တဲ့ ၂ နှစ်ကျော်မှာ ရှိသမျှအားကုန်တင်းပြီး ဆက်နေနိုင်ဖို့ ကြိုးစားပေမဲ့ နေ့စဥ်ကြုံနေရတဲ့ အခက်အခဲတွေက သူ့ကို အားလျော့လာစေပါတယ်။
တရားမဝင်နေထိုင်ရတဲ့ သူတို့လိုဘဝတွေအတွက် ထိုင်းရဲရဲ့ ဖမ်းဆီးမှုတွေကြားမှာ မလုံခြုံတဲ့ မဲဆောက်ကို စွန့်ခွာပြီး တတိယနိုင်ငံတစ်ခုဆီကို သွားခွင့်ရရေး သူ ခြေလှမ်းထားပါတယ်။
ဒါပေမဲ့ ထောင်နဲ့ချီတဲ့ သူ့ရှေ့က စာရင်းပေးထားသူတွေတောင် သွားခွင့်မရကြသေးတာမို့ တတိယနိုင်ငံဆိုတဲ့ လွတ်မြောက်ရေးအိပ်မက်က သူ့အတွက်မျှော်လင့်ချက်မဲ့လာပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မှာ ထိုင်း- မြန်မာနဲ့ မြန်မာ - အိန္ဒိယနယ်စပ်မှာ ဒေါ်မြမြလိုကြုံနေရသူတွေ ဘယ်လောက်တောင်ရှိနေပါလဲ။
မဲဆောက်မှာ တတိယနိုင်ငံ အိပ်မက်မက်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်လို့ ဖမ်းဝရမ်းထုတ်ခံရသူတွေ၊ စစ်ရှောင်ရသူတွေနဲ့ ဖမ်းဆီးလို့ တိမ်းရှောင်ရသူတွေက မြန်မာနဲ့ နယ်နိမိတ်ဆက်နေတဲ့ အိန္ဒိယနဲ့ ထိုင်းလို နယ်စပ်နိုင်ငံတွေမှာ သိန်းနဲ့ချီရှိနေပါတယ်။
ထိုင်းဘက်ခြမ်းမှာ ခိုလှုံသူအများစုကတော့ ကရင်ပြည်နယ်၊ မြဝတီမြို့က တဆင့် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ခိုလှုံကြတာများပါတယ်။
မဲဆောက်က ဒုက္ခသည်အကူအညီပေးရေး အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရဆိုရင် အာဏာသိမ်းအပြီး ၃ နှစ်ခွဲအတွင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို အသစ်ပြေးလာသူက ၄ သောင်းကျော် ရှိပါတယ်။
ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန်အထူးသံအမတ်ကြီး ရောဘတ် ဝုဒ် ရဲ့ ၂၀၂၄ ဇူလိုင် ၁၄ ရက်က မြန်မာက လူသားချင်းစာနာမှုဥပဒေနဲ့ လူ့အခွင့်ရေးဥပဒေချိုးဖောက်မှုတွေအကြောင်း ပြောကြားချက်မှာတော့ စစ်အာဏာသိမ်းတဲ့နောက် လူဦးရေ ၃ သန်းနီးပါးက နေရပ်ရွှေ့ပြောင်းနေထိုင်ကြရပြီး အဲဒီအထဲမှာ လူဦးရေ ၆၆,၀၀၀ ကျော်က ဘေးကင်းလုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတယ်လို့ ပြောထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၄၀ နီးပါးနဲ့ ဥရောပသမဂ္ဂတို့ ဇူလိုင် ၁၄ ရက်က ပူးတွဲထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေးလူသားချင်းစာနာမှုဥပဒေနဲ့ လူ့အခွင့်ရေးဥပဒေချိုးဖောက်မှုတွေအကြောင်း ပြောကြားချက်မှာ သူက အခုလို ထည့်ပြောသွားတာပါ။
မဲဆောက်မှာ ခိုလှုံသူတွေထဲမှာ အများစုက ရုံးမတက်ဘဲ အာဏာဖီဆန်ရေး CDM (စစ်ဖက်/ အရပ်ဖက်) မှာပါဝင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ နဲ့ ပုဂ္ဂလိက နိုင်ငံရေးခံယူချက်ကြောင့် စစ်တပ်ဆန့်ကျင်မှုတွေမှာပါဝင်လို့ ဖမ်းဝရမ်းထုတ်ခံရသူတွေ များပါတယ်။
ဒါပေမဲ့ မဲဆောက်မှာ ခိုလှုံတာက လွယ်ကူလှတာမဟုတ်သလို ဘယ်အချိန် ထိုင်းရဲရဲ့ ဖမ်းဆီးတာခံရမလဲ ဆိုတဲ့ အတွေးကြောင့် ကျီးလန့်စာစားနေရတယ်လို့ ပြောကြပါတယ်။
တရားမဝင်နေထိုင်ရတာဖြစ်လို့ တရားဝင်အလုပ်လုပ်ခွင့်မရှိတာကြောင့် စားရေးခက် နေရေးကျပ်ဘဝတွေကို ရင်ဆိုင်လာကြရပါတယ်။
ဒါကြောင့်ပဲ ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံပြီး ပန်းရောင်အလုပ်သမားကတ်လျှောက်မလား၊ နယ်စပ်ရောက်သူ အများစုရဲ့ မျှော်လင့်ရာဖြစ်တဲ့ တတိယနိုင်ငံသွားဖို့ လျှောက်မလားဆိုတဲ့ မရေရာတဲ့အတွေးတွေနဲ့ နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။
အဲဒီထဲက လူဦးရေ တစ်သောင်းကျော်လောက်က လုံခြုံရေးစိတ်ပူစရာမလိုဘဲဘဝသစ်ပြန်စနိုင်မယ့် တတိယနိုင်ငံတစ်ခုမှာ အခြေချနိုင်ဖို့ ဒုတိယနိုင်ငံဖြစ်တဲ့ထိုင်းမှာ တရားမဝင်နေထိုင်ရင်း စောင့်ဆိုင်းနေကြတယ်လို့ မဲဆောက်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ တွဲဖက်လုပ်ကိုင်နေသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီထဲမှာ ပညာရေး CDM ဆရာမ ဒေါ်မြမြလည်း အပါအဝင်ဖြစ်ပါတယ်။
ဒေါ်မြမြရဲ့ မဲဆောက်က ခိုကိုးရာမဲ့ဘဝ
စစ်ကောင်စီက CDM ပညာရေးဝန်ထမ်း ရာနဲ့ချီကို ဖမ်းဆီးတာတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးတာတွေကြောင့် ကျောင်းတွေဆီပြန်လှည့်ခဲ့သူတွေရှိပေမဲ့ ဆရာမဒေါ်မြမြကတော့ ရှေ့ဆက်လျှောက်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ လုံခြုံရေးခြိမ်းခြောက်ခံရတဲ့ဖိအားကို မိသားစုလိုက်ရင်ဆိုင်ရတော့ နိုင်ငံရေးရပ်တည်ချက်မတူညီသလို သဘောထားချင်းလည်း မတိုက်ဆိုင်တဲ့ ခင်ပွန်းသည်နဲ့ ဒေါ်မြမြ လမ်းခွဲခဲ့ရပါတယ်။
“အထုပ်အမြဲအဆင်သင့်ပြင်ထားပြီး ကျီးလန့်စာစားဖြစ်နေတော့ ဒီစစ်တပ်ကို ဘယ်သူမှနိုင်မှာမဟုတ်ဘူးဆိုတဲ့ဘက်မှာ သူကရပ်တာဆိုတော့ သူကလည်း ကိုယ့်ကို မကြည်ဖြူနိုင်တော့ဘူး။ ဒီတော့ လမ်းခွဲလိုက်ကြတာပေါ့” လို့ ဒေါ်မြမြက ပြန်ပြောပြပါတယ်။
ဒေါ်မြမြတစ်ယောက် သူ့သားအကြီးနဲ့အတူ မဲဆောက်ရောက်တဲ့ အစောပိုင်းကာလတွေက ရှိတဲ့ငွေကြေးနဲ့ ရပ်တည်လို့အဆင်ပြေခဲ့ပေမယ့် ၂ နှစ်လောက်ကြာလာချိန်မှာတော့ နေထိုင်စားသောက်ရေး ခက်ခဲလာပါတယ်။
တရားဝင်လည်းအလုပ်လုပ်လို့မရဘဲ အစစအရာရာ ကျပ်တည်းလာပါတယ်။
“ဆန်ကုန်နေမှန်းသိပေမယ့် မဝယ်နိုင်တဲ့ရက်တွေက တစ်ရက်တည်းမဟုတ်ဘူး။ မနက်မိုးလင်းလို့ သွားတိုက်ဆေးကုန်နေရင် မဝယ်နိုင်လို့ ဆားနဲ့တိုက်လိုက်ရတဲ့ ရက်လည်းမနည်းဘူး” လို့ ဒေါ်မြမြကပြောပါတယ်။
ထိုင်းမှာနေရင်း တတိယနိုင်ငံကိုစောင့်တဲ့သူတွေမှာ အချိန်ကြာလာတာနဲ့အမျှကြုံရတာက စားဝတ်နေရေးပြဿနာပဲလို့ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးရေးလုပ်ဆောင်နေသူ ကိုစိုင်းက ရှင်းပြပါတယ်။
“သူတို့ရောက်ရောက်လာချင်းမှာ နေစရာစားစရာထောက်ပံ့ပေးတာက ဘယ်အဖွဲ့မဆို နှစ်လထက်ပိုမကူနိုင်ကြဘူး။ UNHCR ကလည်း ဘာမှမကူပေးနိုင်ဘူးလေ။ အင်တာဗျူးတွေ ပြီးထားပြီး ထွက်ဖို့စောင့်ရမယ့် ဟိုတယ်ပေါ် ရောက်မှ နေစရာ စားစရာရတာ”လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တတိယနိုင်ငံရောက်ဖို့ ဘယ်လောက်ခက်လာလဲ
တတိယနိုင်ငံကိုခိုလှုံဖို့ လျှောက်ထားသူတွေဟာ ပထမဆုံးအနေနဲ့ ဒုက္ခသည်အရေးလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UNHCR ကို အရင်အသိပေး လျှောက်ထားကြရပါတယ်။
တစ်ချိန်တည်းမှာပဲ ခိုလှုံဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရဲ့ သံရုံးကိုပါ ကိုယ့်ရဲ့အချက်အလက်တွေ ပေးပို့ထားကြရတာပါ။
အဲဒီနောက်ပိုင်းမှာတော့ UNHCR ကနေ အချက်အလက်တွေ ပြန်အတည်ပြုမေးမြန်းတဲ့အင်တာဗျူး၊ သံရုံးနဲ့ UNHCR ကနေ Refugee Status Determination (RSD) အင်တာဗျူး တို့ကို နှစ်ကြိမ်ဖြေဆိုကြပြီးချိန်မှာတော့ ဒုက္ခသည်ခံယူခွင့်သတ်မှတ်ချက်နဲ့ကိုက်ညီ၊ မညီဆိုတဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကြရပါတယ်။
ထိုင်းဘက်ခြမ်းမှာ ခိုလှုံစောင့်ဆိုင်းသူတွေကတော့ အဲဒီလိုအင်တာဗျူးတွေအပြီး ခိုလှုံခွင့်ပေးတဲ့နိုင်ငံကိုမထွက်ရခင် ကြားကာလမှာ သံရုံးနဲ့ အဖွဲ့အစည်းတွေကစီစဥ်ပေးတဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ကြရပါတယ်။
ပုံမှန်ဆိုရင် ဒီလို Safe House လို့ ခေါ်တဲ့ လုံခြုံတဲ့နေရာကို ရောက်ပြီဆိုတဲ့အချိန်မှာ တတိယနိုင်ငံ တစ်ခုကို သွားခွင့်ရဖို့ က ၃ လထက် ပိုမကြာတော့ပါဘူး။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းစစ်ပွဲနဲ့ ၂၀၂၃ အစ္စရေး - ဂါဇာ တကျော့ ပြန်အရေးတွေ နောက်မှာတော့ ဒုက္ခသည်ခေါ် ယူတဲ့ နိုင်ငံတွေရဲ့ မြန်မာအပေါ် လုပ်ငန်းစဥ်က နှေးကွေးသွားတယ်လို့ UNHCR နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ အကူအညီပေးရေး အဖွဲ့တချို့က ထောက်ပြပါတယ်။
“၂၀၂၁ လောက်မှာ တတိယနိုင်ငံသွားမယ့်သူတွေဆိုရင် အင်တာဗျူးတွေဖြေပြီး ထွက်တဲ့ထိကို ၃ လ နဲ့ ၄ လ လောက်ပဲကြာခဲ့တယ်။ ကျွန်တော်ကူပေးခဲ့တဲ့ သူ ၁၀၀ လောက်ရှိတယ်။ သူတို့အကုန်ထွက်သွားကြပြီ။ အခု ၂၀၂၂ နောက်ပိုင်းကျ မသွားကြရသလောက် ဖြစ်လာတယ်'' လို့ ကိုစိုင်းက သူတွေ့ နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ ကမ္ဘာအရပ်ရပ်က ပဋိပက္ခဖြစ်ပွားတာ၊ ဖိနှိပ်တာ၊ အကြမ်းဖက်တာ၊ လူ့ အခွင့်အရေးချိုးဖောက်တာတွေကြောင့် နေရပ်စွန့်ခွာပြေးရသူ ၁၀၈ သန်းကျော်ကနေ ၁၁၇ သန်းကျော်ဖြစ်လာပြီး ဒါဟာ သမိုင်းတလျှောက် တစ်နှစ်အတွင်း အများဆုံးတိုးလာတဲ့နှုန်းဖြစ်တယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။
ဒီထဲမှာ ဒုက္ခသည်နဲ့ ဒုက္ခသည်အဖြစ်ခံယူဖို့ စောင့်နေသူ ၄၄ သန်းနီးပါးရှိလာကာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ယူကရိန်းနဲ့ တောင်ဆူဒန်တို့က အများဆုံးဖြစ်နေပါတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဒုက္ခသည် တစ်သန်းကျော်ခေါ်မယ့် အမေရိကန်နိုင်ငံနဲ့ တစ်နှစ်ကို ဒုက္ခသည် ၂၀,၀၀၀ လက်ခံမယ့် သြစတြေးလျနိုင်ငံတို့ ရဲ့ ဒုက္ခသည်လက်ခံရေးလုပ်ငန်းက ရပ်တန့်သလောက်ဖြစ်နေတယ်လို့ အကူညီပေးနေတဲ့သူတွေက ပြောကြပါတယ်။
ထိုင်းဘက်ခြမ်းရောက်နေတဲ့ မြန်မာခိုလှုံသူတွေသာမက မြန်မာ - အိန္ဒိယနယ်စပ်က အိန္ဒိယရဲ့ ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်နဲ့ မဏိပူရတို့မှာလည်း မြန်မာက ထွက်ပြေးခိုလှုံသူ သောင်းနဲ့ချီရှိနေပါတယ်။
မကြိုဆိုတဲ့အိမ်ရှင်နဲ့ ပြေးစရာမြေမရှိတဲ့ဧည့်သည်
လက်ခံမယ့်နိုင်ငံက ခေါ်ယူတာနည်းသွားတာရဲ့တစ်ဖက်မှာလည်း လက်ရှိခိုလှုံနေထိုင်နေတဲ့ နိုင်ငံရဲ့မူဝါဒကြောင့် အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေရသူတွေမှာ အချိန်မရွေးဖမ်းဆီးခံရနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှုရှိနေပြန်ပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် Refugee Convention မှာ လက်မှတ်မထိုးထားတာကြောင့် ဒုက္ခသည်တွေကို တရားဝင်အထောက်ထားထုတ်ပေးနိုင်တဲ့ ဥပဒေလည်းမရှိပါဘူး။ ဒါကြောင့် ဒေါ်မြမြလို မဲဆောက်မှာ စောင့်ဆိုင်းနေသူတွေဟာ တရားမဝင်နေထိုင်သူတွေအဖြစ် ဥပဒေအကာအကွယ်မဲ့နေကြရပါတယ်။
မဲဆောက်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာတွေကို ရွှေ့ပြောင်း ATM စက်တွေ၊ Diamond ATM ကတ်တွေလို့ နာမည်ပြောင်ပေးခံထားရပြီး အဲဒါက ထိုင်းရဲက မထင်ရင်မထင်သလို ဖမ်းဆီး ငွေညှစ်တာခံရတဲ့ သူတွေအဖြစ်ကို ဖော်ညွှန်းကြပါတယ်။
အဖမ်းအဆီးကိုရှောင်ဖို့ တရားဝင်အထောက်အထားမဟုတ်တဲ့ ရဲကတ်ကို တစ်လဘတ် ၃၀၀ ပေးပြီး လုပ်ထားကြတာလည်းရှိပေမယ့် စိတ်ချလက်ချသွားလာနိုင်တာ မဟုတ်ပြန်ပါဘူး။
ဒီကတ်ကိုပြလို့ ဖမ်းတဲ့ရဲက လက်မခံရင် ထိုင်းဘတ်ငွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ပေးပြီး ပြန်ရွေးထုတ်ရတာရှိသလို အချုပ်ကျတာလည်းရှိပါတယ်။
“သူငယ်ချင်းတစ်ယောက်ဆို အချုပ် ၆ လ ကျသွားတယ်။ UNHCR က ပေးထားတဲ့ဖုန်းတွေကို ဆက်ပေမယ့် ဘယ်လိုမှ ဖြေရှင်းလို့မရဘဲ အချုပ်ကကျတာပဲ”လို့ ဒေါ်မြမြက ပြောပါတယ်။
ပြည့်ပြည့်စုံစုံနေခဲ့တဲ့ဘဝကနေ ပြန်စရာအိမ်မရှိတော့တဲ့ဘဝမှာ စားဝတ်နေရေးကျပ်တည်းလာပြီး ဖမ်းဆီးခံရမှာကိုလည်း ဒေါ်မြမြ နေ့စဉ်စိုးရိမ်နေရတာပါ။
“ညအိပ်မပျော်တဲ့ရက်တွေလည်း များလှပါပြီ။ မနက် လေး ငါးနာရီမှ အမြဲအိပ်ပျော်တယ်။ အစ်မတို့ကို ဘယ်သူကယ်မှာလဲ
‘’တစ်ခါတလေ ငါ့မှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူးဆိုပြီး စိတ်ကျလာရင်လေ အရင်ငှားနေတဲ့အိမ်နောက်က ချောင်းထဲပဲ ဆင်းသေလိုက်ရမလားလို့ ၂ ခါ၊ ၃ ခါ စဉ်းစားဖူးတယ်” လို့ စိတ်ဓာတ်ကျရတဲ့နေ့တွေအကြောင်း ပြောပြပါတယ်။
ဒီလိုပြန်လည်အခြေချနိုင်မယ့်အချိန်ကို ဆယ်စုနှစ်ချီစောင့်ရင်း အကျပ်အတည်းနဲ့ မပြေလည်မှုတွေကြားမှာ စိတ်ဓာတ်ကျလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူတချို့ ရှိခဲ့ဖူးတယ်လို့ တာ့ခ် ခရိုင်အတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ဆယ်စုနှစ် နှစ်ခုစာနီးပါး နေထိုင်လာခဲ့တဲ့ ကရင်စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ ထိုင်းအစိုးရနဲ့ UNHCR တို့ ပေါင်းပြီး ထိုင်းမြန်မာနယ်စပ်က ထမ့်မဟင်နဲ့ ဘမ့်ဒုံယမ်းစခန်း ၂ ခု မှာ ဆယ်စုနှစ်ချီစောင့်ဆိုင်းနေတဲ့ ဒုက္ခသည် ၇၀၀ လောက်ကို ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အမေရိကန်ကို ပို့ပေးဖို့ရှိနေပါတယ်။
ထိုင်းအစိုးရဘက်က သူ့နိုင်ငံထဲက တဆင့် တတိယနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေးကို လက်ခံ ဆောင်ရွက်ပေးဖို့ တွန့်ဆုတ်တာက သူ့ နိုင်ငံကတဆင့် တတိယနိုင်ငံတွေကို ကူးပြောင်းတာမျိုးကို အလေ့အထတစ်ခု မဖြစ်သွားစေချင်တာမျိုးလို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက မှတ်ချက်ပြုပါတယ်။
“သူက ဒုက္ခသည်ကွန်ဗန်းရှင်းမှာလည်း လက်မှတ်မထိုးထားဘူး။ နောက်တစ်ခုက တစ်ဖက်နိုင်ငံက ဒုက္ခဖြစ်တိုင်း သူ့နိုင်ငံကိုဝင်လာမယ်ဆိုတာကို မလိုချင်တာပေါ့။ ဒါကြောင့် ခေါ်မယ့်နိုင်ငံက ခေါ်ရင်တောင် မလွှတ်တာမျိုးရှိ လာတာပေါ့။ ဒီလူလွှတ် နောက်လူရောက်နဲ့ အသစ်တွေရောက်လာတာကို လက်မခံချင်ဘူးလို့ ယူဆရတယ်” လို့ ဒုက္ခသည်ကူညီရေး လုပ်ဆောင်သူတစ်ဦးက သူ့ ယူဆချက်ကို ပြောပါတယ်။
ဒုက္ခသည်လက်မခံရေးနဲ့ မိုင်တစ်ထောင်ကျော်စည်းရိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းလိုပဲ မြန်မာဒုက္ခသည်တွေခိုလှုံနေတာ ၆၀,၀၀၀ ကျော် ၇၀,၀၀၀ နီးပါးလောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာလည်း Refugee Convention မှာ လက်မှတ်မထိုးထားပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းလို့ တိုက်ပွဲတွေပြင်းထန်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ချင်းပြည်နယ်မှာ နေထိုင်သူတွေက အိန္ဒိယနိုင်ငံကို ဝင်ရောက်ခိုလှုံကြတာများပါတယ်။
အိန္ဒိယထဲ ဝင်ရောက်ပြီး ခိုလှုံကြသူအများစုက မြို့တော် ဒေလီ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရတို့မှာ နေထိုင်ကြပါတယ်။
အရင်ကတော့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံဟာ နယ်စပ်ဖြတ်ကျော်ကူးသန်းရာမှာ ယာယီဖြတ်သန်းခွင့်စာအုပ်နဲ့တင် ဗီဇာမလိုဘဲ လွတ်လွတ်လပ်လပ်ဖြတ်သန်းသွားလာလို့ရအောင် နှစ်နိုင်ငံအစိုးရသဘောတူညီထားခဲ့တာပါ။
ဒါပေမယ့် ၂၀၂၁ နောက်ပိုင်း မြန်မာဘက်က ဒုက္ခသည်တွေထပ်မံ ဝင်ရောက်လာမှာကို စိုးရိမ်ချက်နဲ့ လုံခြုံရေးအကြောင်းပြချက်တွေကြောင့် မိုင် ၁,၀၀၀ ကျော်ရှိတဲ့နယ်စပ်မျဉ်းပေါ်မှာ စည်းရိုးကာဖို့ အိန္ဒိယ အစိုးရက ၂၀၂၄ ဖေဖော်ဝါရီလ အစပိုင်းမှာ စိုင်းပြင်းလာပါတယ်။
နိုင်ငံထဲရောက်နှင့်နေတဲ့ မြန်မာဒုက္ခသည်တွေကိုလည်း ဖမ်းဆီးတာရှိတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ လုံခြုံရေးအတွက် အကာအကွယ်ရလိုရငြားနဲ့ UNHCR ကတ် ရဖို့ကြိုးစားကြပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ UNHCR ရုံးက မြန်မာဒုက္ခသည်တွေရောက်နေတဲ့ မီဇိုရမ်နဲ့ မဏိပူရတို့မှာ မရှိဘဲ မြို့ တော်နယူးဒေလီမှာပဲ ရှိတာပါ။
ယာယီကတ်ကိုရဖို့ မြန်မာဒုက္ခသည်တွေဟာ ဘာအထောက်အထားမှမရှိဘဲ နယူးဒေလီကို လူကိုယ်တိုင် သွားလျှောက်နေရတယ်လို့ မြန်မာဒုက္ခသည်အရေးကူညီတဲ့ India For Myanmar အဖွဲ့ရဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“နယူးဒေလီကို လူကိုယ်တိုင်လာမှ ယာယီကတ်ထုတ်ပေးတဲ့စနစ်ကို ပြောင်းလဲပေးဖို့ တောင်းဆိုပေမယ့် UNHCR ဘက်က အိန္ဒိယပေါ်လစီကို လက်ညိုးထိုးတယ်။ ဒီကတ်ထုတ်ဖို့ သွားရတဲ့လမ်းမှာ ဖမ်းခံရသူတွေလည်း မနည်းဘူး။”
အိန္ဒိယနိုင်ငံဘက်က မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုက္ခသည် လက်မခံရေးမူကို ကိုင်ပြီး ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ ဒေလီကို ယာယီကတ်သွားလုပ်တဲ့သူက အများစုဖြစ်တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဖမ်းဆီးခံထားရတဲ့ အဲဒီ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေထဲက မှ ချင်းပြည်နယ်၊ ဖလမ်းမြို့က အသက် ၃၀ ကျော် အရွယ် ကိုအွမ်တန်နဲ့ ဘီဘီစီကဆက်သွယ်စကားပြောခွင့်ရခဲ့ပါတယ်။
သူနဲ့ သူ့ဇနီးကတော့ အိန္ဒိယနိုင်ငံ၊ အာဆမ် နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးခံထားရတာ ၃ နှစ်နီးနီး ရှိပါတော့မယ်။
ကိုယ်ဝန်တစ်လနဲ့ ဖမ်းခံခဲ့ရတဲ့ သူ့ဇနီးဟာ ထိန်းသိမ်းခံထားရတဲ့အချိန်အတွင်းမှာပဲ ကလေးမွေးခဲ့ပြီး အခုကျန်းမာရေးလည်း သိပ်မကောင်းပါဘူး။
“ဆရာဝန်က ကျွန်တော့်မိန်းမကို ထမင်းများများစားလို့ ပြောတယ်။ ကျွန်တော်ပြောတယ်။ ဘယ်လိုထမင်းများများ စားရမလဲလို့။ ထမင်းက ကျောက်ခဲတွေ ကြွက်ချေးတွေပါနေတာ။ ဒါမစားရင်လည်း တခြားဝယ်စားစရာ ပိုက်ဆံမရှိဘူးလို့” ကိုအွမ်တန်က ပြောပြပါတယ်။
၂၀၂၁ နှောင်းပိုင်းက ဖလမ်းမြို့က အမျိုးသားတွေဟာ CDF (ချင်းဒေသကာကွယ်ရေးတပ်) နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ဆေးဖမ်းဆီးတာကြောင့် ကိုအွမ်တန် လည်း ရဲစခန်းမှာ ဖမ်းခံခဲ့ရပါတယ်။
ပြန်လွတ်ခဲ့ပြီး နောက်တစ်ခါထပ်မံအစစ်ဆေးခံရချိန်မှာတော့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိသားစုကိုခေါ်ပြီး အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးခိုလှုံခဲ့တာပါ။
“နေ့လယ်စာ ပြန်စားချိန်မှာ စစ်သားက ဂိတ်မှာ ဖုန်းတွေယူစစ်ပြီး ပါးလည်းရိုက်၊ သေနတ်နဲ့ထောက်ပြီး သတ်ပစ်လိုက်မယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်းကြောက်ပြီး နောက်တစ်ရက်ပဲ မိန်းမနဲ့တူတူထွက်လာခဲ့တာ။”
ဒါပေမဲ့ ဒေလီသွားတဲ့လမ်းမှာ အိန္ဒိယရဲတွေရဲ့ ဖမ်းဆီးတာကိုခံရပြီး ပြစ်ဒဏ် ၆ လချမှတ်ခံရပါတယ်။ အခု သူတို့ ကလေးတောင်အသက် ၂ နှစ်လောက်ဖြစ်လာတဲ့အထိ သူတို့မိသားစု ထိန်းသိမ်းရေးစင်တာမှာ နေလာတာ နှစ်ချီလာပါပြီ။
“မြန်မာမှာ မအေးချမ်းသေးလို့ ပြန်မလွှတ်သေးတာလို့တော့ ဒီမှာပြောတာပဲ။ ကျွန်တော်တို့က မြန်မာကိုလည်း မပြန်ချင်ဘူး။ ဒီထဲမှာလည်း ဆက်မနေချင်ဘူး။ ဒီထဲမှာနေရင်း ရူးသွားတဲ့သူက အများကြီးရှိနေတာ”လို့ သူကပြောပါတယ်။
ဒါပေမယ့် အခုတော့ အိန္ဒိယအစိုးရက ထိန်းသိမ်းရေးစင်တာက လူတွေကို မြန်မာနိုင်ငံထဲကို ပြန်လွှတ်နေပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာပဲ မြန်မာနိုင်ငံထဲ ပြန်လွှဲတဲ့သူ ၁၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
မြန်မာဘက်ခြမ်းကိုမပြန်ချင်တဲ့ ကိုအွမ်တန်လည်း သူတို့မိသားစု အနာဂတ်ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာ သူကိုယ်တိုင် မခန့်မှန်းနိုင်ဖြစ်နေပါတယ်။
သူကတော့ သူ့သားလေးအတွက်ပဲ စိတ်ပူတယ်လို့ပြောပါတယ်။
“တစ်ခါတလေ မျက်ရည်ကျတယ်။ အိပ်လို့တောင်မပျော်ဘူး။ ထမင်းစားလို့လည်းမရဘူး။ နောက် ၃ နှစ်လောက်ဆို ကျောင်းထားရမယ့်အရွယ်လည်း ရောက်ပြီ။ ကျွန်တော်တို့က ထောင်ထဲ ဘယ်လောက်ကြာကြာ နေရမလဲမသိဘူး'' လို့ ကိုအွမ်တန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တတိယနိုင်ငံမရောက်ခင် မျိုးဆက်တစ်ခု ပညာမမဲ့စေချင်
UNHCR ကတော့ ယာယီအထောက်အထားကတ်တွေကို မြန်မာဒုက္ခသည် ၆,၂၁၃ ဦးဆီ ပေးအပ်ထားပြီးဖြစ်တယ်လို့ ၂၀၂၄ ခုနှစ် မေလမှာ ပြောထားပါတယ်။
ဒါပေမယ့် ၂၀၂၁ နောက်ပိုင်း အိန္ဒိယနိုင်ငံကိုခိုလှုံလာတဲ့ မြန်မာဒုက္ခသည်တွေမှာ တတိယနိုင်ငံကို UNHCR အစီအစဉ်နဲ့ပြန်လည်အခြေချနိုင်တဲ့သူမရှိသေးဘူးလို့ India For Myanmar အဖွဲ့ဦးဆောင်သူ ဆလိုင်းဒိုခါရ်ကပြော ပါတယ်။
UNHCR ရဲ့ အချက်အလက်မှာတော့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ အိန္ဒိယမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် (၁၉၆၇) ဦးကို ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ပြနေပါတယ်။
ဒါပေမယ့် ဒီအရေအတွက်က ၂၀၂၁ ခုနှစ် မတိုင်ခင်ရောက်နေတဲ့ ဒုက္ခသည်တွေလား၊ နောက်ပိုင်းမှ ရောက်လာသူတွေလားဆိုတာတော့ အသေးစိတ်ဖော်ပြမထားပါဘူး။
နှစ်ဆယ်ချီစောင့်ပြီးမှ တတိယနိုင်ငံသွားရတဲ့ ရှေ့က ဥပမာတွေကြောင့် မျှော်လင့်ချက်ကတဝက်တပျက်လိုဖြစ်နေကြတယ်လို့ နယ်စပ်မှာ ခိုလှုံနေရသူတွေက ရင်ဖွင့်ပါတယ်။
“တတိယနိုင်ငံရောက်မှ ပညာသင်မယ်ဆိုပြီးစောင့်နေခဲ့တဲ့ လူငယ်တချို့မှာ အချိန်ကြာလာတော့ ပညာမတတ်တောတဲ့ မျိုးဆက်တစ်ခုဖြစ်လာရတာကို ကျွန်တော်တို့အရှေ့မှာအတွေ့အကြုံရှိလာခဲ့ပြီးဖြစ်လို့ ဒီလိုမျိုးတော့ ဆက်မဖြစ်စေချင်တော့ဘူး” လို့ ဆလိုင်းဒိုခါရ် က ပြောပါတယ်။
နိုင်ငံထဲကထွက်လာချိန်မှာ ကျောင်းနေအရွယ်သားတစ်ယောက်ပါလာခဲ့တဲ့ မဲဆောက်ရောက် ဒေါ်မြမြကတော့ နေ့စဥ်စားရေးအတွက်ရုန်းကန်နေရလို့ သားရဲ့ပညာရေးအတွက် ငွေကြေးမထောက်ပံ့ပေးနိုင်တော့ပါဘူး။
တချိန်တည်းမှာပဲ မရေရာတဲ့ တတိယနိုင်ငံမှာပြန်စမယ်ဆိုတဲ့ ဘဝမျှော်လင့်ချက်ကိုလည်း ဘေးချိတ်ထားဖို့ တွေးထားပါတယ်။
ဒုက္ခသည်သတ်မှတ်ရေးစည်းမျဉ်းထဲမှာ မပါပေမယ့် တဆင့်စကားနဲ့ ထိုင်းနိုင်ငံရဲ့အခြေခံအလုပ်သမားအထောက်အထား ပန်းရောင်ကတ်ရှိရင် တတိယနိုင်ငံသွားလို့မရဘူးလို့သိထားတာကြောင့် ဘာအထောက်အထားမှမလုပ်ဘဲ နေခဲ့တဲ့ ဒေါ်မြမြတစ်ယောက် မဲဆောက်မှာရပ်တည်နိုင်ရေး ပန်းရောင်ကတ်လုပ်ဖို့ အခုတော့စဉ်းစား နေပါတယ်။
သားဖြစ်သူ ပညာရေးအတွက်လည်း GED ( နိုင်ငံရပ်ခြားမှာ ပညာဆက်သင်ကြားနိုင်ဖို့ အထက်တန်းအောင်မြင်ကြောင်းမှတ်ယူနိုင်တဲ့ ပညာရေးအထောက်အထားလက်မှတ်) တက်နိုင်ပြီးဖြေခွင့်ရဖို့ သူ ကြိုးစားချင်နေပါတယ်။
ဒါပေမဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေနဲ့ မျှော်လင့်ချက်မဲ့ သောကတွေကြား ထိုင်း - မြန်မာ နယ်စပ်တစ်နေရာမှာ ရှင်သန်ခိုလှုံနေရသူ ဒေါ်မြမြကတော့ ...
“အခုကလမ်းပျောက်နေပြီလေ။ ကိုယ့်ကို အကာအကွယ်ပေးမယ့်သူလည်းမရှိဘူး။ ဘယ်တော့သွားရမှန်းလည်း မသိတာကို မျှော်မနေချင်တော့ဘူး။ အလုပ်ရှိမှလည်း သား GED ဖြေဖို့ ပိုက်ဆံရှာနိုင်မှာ။”
အသိပေးချက် - ဒီဆောင်းပါးမှာ ဖြေဆိုထားတဲ့ဒေါ်မြမြ နဲ့ ကိုအွမ်တန်တို့ရဲ့ အမည်တွေကိုလုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါတယ်။











