မဏိပူရထောင်က အစာငတ်ခံဆန္ဒပြတဲ့ မြန်မာတွေ ပစ်ခတ်ဖြိုခွင်းခံရပြီး ၃ ဦးဒဏ်ရာရရှိ

မဏိပူရထောင်ထဲမှာ အစာငတ်ခံဆန္ဒပြတဲ့ မြန်မာတွေ ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိထားတဲ့သတင်းအပါအဝင် ဇွန် ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းကို တရားမဝင် ဝင်‌ရောက်လာတဲ့ မြန်မာ ၇၅ ဦးဖမ်းဆီးခံရ
  • စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ စုပေါင်းလက်တွဲဆောင်ရွက်ဖို့လိုသလို လူသားစာနာမှုအကူအညီတွေရရေးကြိုးစားဖို့ကိုလည်း NUG တိုက်တွန်း
  • အီတလီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားဖြစ်သူ ကိုယ်စားတက်ယူ
  • စင်္ကာပူမှာ ပင်လယ်ထဲ ရေနံတွေ ဖိတ်ကျကုန်လို့ ရှင်းလင်းရေးတွေလုပ်နေရ
  • မြစ်ကြီးနားမြို့၊ အကြဲနဲ့ ဖ‌ရောရွာကြားလမ်းပိုင်း မြေကျင်းတူးခံရပြီး လမ်းပြတ်တောက်နေ
  • တောင်ကုတ်မြို့၊ ပတင်းတိုက်နယ်ထဲက ကံဆိပ်ကျေးရွာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံး
  • ပြစ်ဒဏ်ပြီးဆုံးပေမဲ့ မဏိပူရမှာ ဆက်ထိန်းသိမ်းခံနေရတဲ့ မြန်မာ ၁၅၀ ကျော်ရှိနေပါတယ်
  • ရုရှားသမ္မတ ပူတင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးခရီးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ဒီနေ့ သွားရောက်ဖို့ရှိနေပါတယ်
  • မြန်မာက ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာတဝန်းက မွတ်ဆလင်အသိုင်းအဝိုင်းတွေရဲ့ အခွင့်အ‌ရေးနဲ့ ရပိုင်ခွင့် တွေအတွက် အားထုတ်သွားမယ်လို့ အမေရိကန်သမ္မတက အိဒ် အခါသမယမှာ ပြောလာပါတယ်
  • မဏိပူရထောင်က မြန်မာတွေရဲ့ အစာငတ်ခံဆန္ဒပြမှု အာဏာပိုင်တွေတွေရဲ့ပစ်ခတ်ဖြိုခွင်းခံရပြီး ဒဏ်ရာ ရသူတွေလည်း ရှိနေပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၁၈ ရက်နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. ထိုင်းကို တရားမဝင် ဝင်‌ရောက်လာတဲ့ မြန်မာ ၇၅ ဦးဖမ်းဆီးခံရ

    တာ့ခ်ခရိုင်မှာ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

    ဓာတ်ပုံ ရင်းမြစ်, Royal Thai Army

    ဓာတ်ပုံ ပုံစာ, တာ့ခ်ခရိုင်မှာ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

    မနေ့ ဇွန် ၁၇ ရက်က မြန်မာကနေ ထိုင်းကို တရားမဝင်နည်းလမ်းနဲ့ ဝင်‌ရောက်လာတဲ့ မြန်မာ ၇၅ ဦး ထိုင်းအထူးစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ မဲဆောက်အခြေစိုက်အလုပ်သမားအရေးဆောင်ရွက်သူတချို့က ပြောပါတယ်။

    ဖမ်းခံရတဲ့အထဲ ၅၆ ယောက်ကိုတော့ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ထပ် ၁၉ ဦးကိုတော့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တောင်ဘက်ပိုင်းက ပုပ္ဖရမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မြန်မာ ပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ ဥက္က ဦးမိုးကြိုးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် ၂၀၂၄ ဖေဖော်ဝါရီကနေ ဇွန်လအထိ ၅လအတွင်း မြန်မာကနေ ထိုင်းကို တရားမဝင်နည်းလမ်းနဲ့ဖြတ်ကျော်ဝင်‌ရောက်တာကြောင့် ဖမ်းဆီးခံရတဲ့အရေအတွက် ‌ ၄,၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့သိရပါတယ်။

  3. စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ စုပေါင်းလက်တွဲဆောင်ရွက်ဖို့လိုတယ်လို့ NUG ထုတ်ပြန်, လူသားစာနာမှုအကူအညီတွေရရေးကြိုးစားဖို့ကိုလည်း တိုက်တွန်း

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ

    ဓာတ်ပုံ ရင်းမြစ်, NUG

    ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ

    နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ စုပေါင်းလက်တွဲ‌ဆောင်ရွက်မှုက အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက‌ ‌ပြောလိုက်ပါတယ်။

    စုပေါင်းလက်တွဲဆောင်ရွက်မှုနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေကို “ခိုင်မာပြီး စုဖွဲ့မှုအားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစုကို ဆိုလိုတာဖြစ်တယ်'' လို့ ယာယီသမ္မတက ပြောပါတယ်။ အဲဒီအထဲမှာ တစ်ညီတစ်ညွတ်တည်း အမိန့်ပေးကွပ်ကဲတဲ့စနစ်တွေ၊ မဟာဗျူဟာမြောက်စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်(Mission) တွေလည်းပါဝင်တယ်လို့ ထည့်ပြောပါတယ်။

    ဇွန် ၁၈ ရက် NUG အစိုးရအဖွဲ့ အစည်းအဝေးပွဲမှာ ယာယီသမ္မတက ခုလို ပြောကြားလိုက်တာဖြစ်တယ်လို့ NUG ကထုတ်ပြန်တာဖြစ်ပါတယ်။

    လက်ရှိမှာ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (ကယား)ကရင်နီဒေသနဲ့ တနင်္သာရီဒေသတွေမှာ စစ်ရေးအရှိန်အဟုန်မြင့်တက်နေပေမဲ့ တခြားတော်လှန်ရေးစစ်ဒေသတွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဦးစားပေးလျာထားရတဲ့အချက်အလက်တွေအရ စစ်ရေးငြိမ်သက်နေတယ်လို့ NUG က ထောက်ပြပါတယ်။

    NUG ကဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အကူအညီပေးရေးညှိနှိုင်းကော်မရှင်(International Aid Coordination Commission)အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိဖို့၊ ရလာတဲ့ အကူအညီတွေ ထိထိရောက်ရောက်နဲ့ စီမံနိုင်ရေး ကြိုးစားဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။

    လက်နက်ကိုင်‌တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ မဟာမိတ် ခိုင်မာအားကောင်းလာအောင် နိုင်ငံရေးနည်းအရ ကြိုးစားတည်ဆောက်နေသလို စစ်ရေးနည်းအရလည်း ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

  4. အီတလီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားဖြစ်သူ ကိုယ်စားတက်ယူ

    ဆုပေးပွဲအခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, Associazione per l'Amicizia Italia Birmania

    အီတလီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ်ဖြစ်သူ ကင် အဲရစ်က ကိုယ်စားတက်ယူခဲ့တယ်လို့ သိရပါတယ်။

    အီတလီမြို့တော် မီလန်မြို့အနီးက အဘီယာတီဂရာဆိုမြို့မှာ ပြုလုပ်တဲ့ အဲဒီဆုချီးမြှင့်တဲ့အခမ်းအနားကို ဇွန်လ ၁၅ ရက်တုန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။

    ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့်တဲ့အခမ်းအနားကို အဘီယာတီဂရာဆိုမြို့တော်ဝန်၊ အီတလီလွှတ်တော် အမတ်တွေနဲ့ အမတ်ဟောင်းတွေ၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုဖြစ်ချိန်တုန်းက ရန်ကုန်က အီတလီ သံရုံးမှာတာဝန်ထမ်းဆောင်နေဆဲဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိတ်ဆွေ လွှတ်တော်အမတ်ဟောင်း အယ်လ်ဘတ်တီးနား ဆိုလီယန်နီတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

  5. စင်္ကာပူမှာ ပင်လယ်ထဲ ရေနံတွေ ဖိတ်ကျကုန်လို့ ရှင်းလင်းရေးတွေလုပ်နေရ

    ကမ်းခြေမှာ ဖိတ်စင်နေတဲ့ရေနံတွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    စင်္ကာပူမှာတော့ အာဏာပိုင်တွေဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတလျှောက် မည်းသွားစေတဲ့ရေနံဖိတ်စင်မှုကြီးကို ရှင်းလင်းရေး အလျင်စလို လုပ်ဆောင်နေရပါတယ်။

    နယ်သာလန်နိုင်ငံအလံလွှင့်ထားတဲ့ သံသောင်ဖို့တဲ့စက်လှေက စင်္ကာပူလောင်စာတင်သင်္ဘောကို သောကြာနေ့တုန်းက ဝင်တိုက်ခဲ့ပါတယ်။

    အာဏာပိုင်တွေကတော့ သဲသောင်ဖို့တဲ့စက်လှေဟာ စက်ပျက်ပြီး မြောနေချိန်မှာ စင်္ကာပူလောင်စာတင် သင်္ဘောကို ဝင်တိုက်ခဲ့တာကြောင့် အဲဒီသင်္ဘောရဲ့ ရေနံလှောင်ကန်ကို ပေါက်သွားစေခဲ့တာလို့ ဆိုပါတယ်။

    ကမ်းခြေမှာ ရှင်းလင်းရေးလုပ်နေကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ကမ်းခြေမှာ ရှင်းလင်းရေးလုပ်နေကြသူတွေ

    ရေနံ တန် ၄၀၀ နီးပါးသိုလှောင်ထားတဲ့ အဲဒီရေနံလှောင်ကန် ပေါက်သွားခဲ့တာကြောင့် ရေနံတွေအများကြီး ကမ်းခြေအထိ ပျံ့နှံ့ဖိတ်စင်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ ရှင်းလင်းရေးတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ နာမည်ကျော် ခရီးသွားအပန်းဖြေကမ်းခြေ ဆန်တိုဆာပေါ်ရောက်နေတဲ့ ကမ်းခြေကလပ်တွေကို သွားသူတွေကတော့ ရေနံတွေ ဖိတ်စင်ပြီး ရက်နဲ့ချီကြာမြင့်နေတာတောင် ပင်လယ်ရေပြင်ဟာ မည်းနေပြီး ဆီတွေဝေ့နေတုန်းလို့ ပြောကြပါတယ်။

    လက်ရှိမှာတော့ ဆန်တိုဆာမှာ ရေကူးတာနဲ့ ပင်လယ်အတွင်း တခြားလှုပ်ရှားမှုတွေကို တားမြစ်ထားသလို စင်္ကာပူနိုင်ငံတဝန်းက ကမ်းခြေအများစုကိုလည်း နောက်ထပ် တစ်စုံတရာ မထုတ်ပြန်မချင်း ပိတ်ထားဆဲဖြစ်ပါတယ်။

    စင်္ကာပူကမ်းခြေမှာ ‌ရေနံယိုဖိတ်မှုကို ရှင်းလင်းရေး လုပ်နေရ

    ဓာတ်ပုံ ရင်းမြစ်, Reuters

  6. မြစ်ကြီးနားမြို့၊ အကြဲနဲ့ ဖ‌ရောရွာကြားလမ်းပိုင်း မြေကျင်းတူးခံရပြီး လမ်းပြတ်တောက်နေ

    အကြဲနဲ့ ဖရောရွာကြားက မြေကျင်းတူးခံထားရတဲ့လမ်းပိုင်း

    ဓာတ်ပုံ ရင်းမြစ်, Kachin News Group

    ဓာတ်ပုံ ပုံစာ, အကြဲနဲ့ ဖရောရွာကြားက မြေကျင်းတူးခံထားရတဲ့လမ်းပိုင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ထဲက အကြဲကျေးရွာနဲ့ ဖ‌ရောရွာ ဆက်ထားတဲ့လမ်းပိုင်းကို စ‌စ်တပ်က မနေ့ ဇွန် ၁၇ ရက်မှာ မြေကျင်းတူးပြီး သွားလာလို့ မရအောင်လမ်းကို ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    အကြဲကျေးရွာက စစ်ကောင်စီရဲ့ မြစ်ကြီးနားလေတပ်နဲ့ ၁၀ မိုင်ကျော်ကွာ ကွာဝေးတာဖြစ်ပြီး လေတပ်ပြီးရင်တော့ စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တည်ရှိတာဖြစ်ပါတယ်။

    “လမ်းက သွားမရတော့ ခြံအလုပ်လုပ်တဲ့သူတွေ သွားလာရခက်ခဲတယ်။ ရွာကလူတွေပဲ မြေပြန်ဖို့နေရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    အကြဲရွာနဲ့ ဖရောရွာ ၂ ရွာပေါင်း လူဦးရေ ထောင်ဂဏန်းဝန်းကျင်ရှိပြီး ရွာကြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

    အကြဲရွာကနေ မြစ်ကြောင်းတလျှောက်ဆက်သွားမယ်ဆိုရင် နမ့်ဆန်ယန်ဆိုတဲ့ ဝိုင်းမော်မြို့ထဲက ရွာကိုရောက်မှာဖြစ်ပြီး အဲဒီရွာတဝိုက်မှာ ကချင်တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားသွားလာတဲ့နေရာတစ်ခုလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

    အကြဲရွာရဲ့ အရှေ့ဘက်ခြမ်း မြစ်တစ်ဖက်ကမ်းက ဝိုင်းမော်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ရေးတင်းမာနေတယ်လို့ မြို့ခံတစ်ဦးကပြောပြပါတယ်။

    “ဝိုင်းမော်မြို့တောင်ဘက်က ရွာတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေကြတာ”လို့ သူကဆက်ပြောပါတယ်။

    ဝိုင်းမော်မြို့ပြင်အစပ်နားမှာ စစ်တပ်ခြေလျင်တပ်ရင်း (ခလရ-၅၈)နဲ့ ဝူယန်ပြည်သူ့စစ်တို့ တပ်စွဲပြီးမြို့ကို ထိန်းချုပ်နေပေမယ့် KIA/PDF ပူးပေါင်းတပ်တွေက မြို့ကို ပတ်ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတဲ့အခြေအနေလို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

    တစ်ဖက်မှာလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆဒုံး-ကန်ပိုင်တည်လမ်းတစ်လျှောက်က စစ်တပ်စခန်း ၄ ခုထက်မနည်းကို ဇွန် ၁၁ ရက်မှာ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတာဖြစ်ပါတယ်။

    စစ်ကောင်စီကတော့ အကြဲရွာ လမ်းပိုင်းမြေကျင်းတူးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  7. တောင်ကုတ်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦးသေဆုံး

    ဗုံးထိမှန်တဲ့ ကံဆိပ်ကျေးရွာက ဒေသခံနေအိမ်တစ်လုံး

    ဓာတ်ပုံ ရင်းမြစ်, Dwayarwad Community Base News Agency

    ဓာတ်ပုံ ပုံစာ, ဗုံးထိမှန်တဲ့ ကံဆိပ်ကျေးရွာက ဒေသခံနေအိမ်တစ်လုံး

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ပတင်းတိုက်နယ်ထဲက ကံဆိပ်ကျေးရွာထဲကို ဒီနေ့ ဇွန် ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    လေယာဉ်ကနေ ကြဲလိုက်တဲ့ဗုံးက ‌ဒေသခံနေအိမ်ခြံဝင်းထဲအထိ ကျရောက်ပေါက်ကွဲခဲ့တာလို့ မြေပြင်အခြေအနေသိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ဆယ်ကျော်အသက်အရွယ် မိန်းကလေး ၂ ယောက်သေသွားတာ။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်တုန်းကလည်း တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်နဲ့ ကင်းတောင်ရွာတွေဘက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာတွေရှိတယ်လို့ မြေပြင်အခြေအနေသိတဲ့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။

    ဇွန် ၁၅ ရက်မှာပဲ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော် - အေအေ)နဲ့ စစ်‌ကောင်စီတပ်တွေကြား ဒုံနဲ့ တိန်ချောင်းတိန်ချောင်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၊ အမှတ် ၅၄၄ နဲ့ အမှတ် ၃၄၆ ခြေမြန်တပ်ရင်း(ခမရ) တပ်ရင်းတွေ အခြေစိုက်တပ်စွဲထိန်းချုပ်ထားတာဖြစ်ပါတယ်။

    တောင်ကုတ်မြို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားနိုင်ပေမဲ့ မြို့ရဲ့ ပတ်ပတ်လည်နေရာမှာတော့ အေအေတပ်တွေ ရောက်ရှိနေပြီး နေရာယူတပ်စွဲထားတယ်လို့ ဒေသတွင်းမီဒီယာတချို့မှာလည်း ဖော်ပြထားကြပါတယ်။

    ရခိုင်တောင်ပိုင်း သံတွဲနဲ့တောင်ကုတ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဘီဘီစီ သတင်းဖော်ပြချက်ကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

  8. စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ လွတ်ခဲ့သူတွေရဲ့ ‌ပြောပြချက်

    အကြည်ပန်းပလွန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု သရုပ်ဖော်ပုံ ရုပ်မြင်ပြုလုပ်ချက်

    ပြီးခဲ့တဲ့မေလတုန်းက စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုတို့ကြောင့် စစ်ကိုင်းနဲ့ မကွေးမှာ လူအစုအပြုံလိုက်သေဆုံးမှုနှစ်ခုဖြစ်ခဲ့ပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေ ရှိတယ်ဆိုပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာကို စစ်တပ်က မေလ ၁၁ ရက်မှာ စီးနင်းခဲ့ပြီးနောက်မှာ လူ ၃၁ ဦးရဲ့အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

    အဲဒီနေ့တစ်ရက်တည်းမှာပဲ မကွေးတိုင်း၊ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာကို စစ်တပ်က‌ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၆ ဦးသေဆုံးပြီး နောက်ထပ် နှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    လူအစုလိုက်အပြုံလိုက်သေဆုံးမှု နှစ်ခုကနေ အသက်မသေဘဲ လွတ်မြောက်လာသူနှစ်ဦး ကိုယ်တိုင်မျက်မြင်ကြုံတွေခဲ့ရတဲ့အခြေအနေတွေကို သရုပ်ဖော်ရုပ်ပုံတွေနဲ့သတင်းဖော်ပြချက် ‘‘ကျွန်တော့်ကိုပစ်သတ်မှာကြောက်လို့ သေချင်ဟန်ဆောင်ခဲ့ရတာ’’မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  9. ရုရှား သမ္မတပူတင် မြောက်ကိုရီးယား သွားမယ်

    မစ္စတာကင်ရဲ့ မနှစ်တုန်းက ရုရှားခရီးစဥ်မှာ မြင်တွေ့ရတဲ့ သမ္မတ ပူတင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မစ္စတာကင်ရဲ့ မနှစ်တုန်းက ရုရှားခရီးစဥ်မှာ မြင်တွေ့ရတဲ့ သမ္မတ ပူတင်

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ဒီနေ့ သွားရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ မနှစ်က ရုရှားခရီးစဥ်အပြီးမှာ သမ္မတ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဥ် ထွက်ပေါ် လာတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီခရီးစဥ်က ဘာကြောင့်အရေးပါတာလဲ၊ ဘာကြောင့် အခုမှ ထွက်လာတာလဲ၊ သမ္မတပူတင်ရဲ့ စဥ်းစားချက် ဘယ်လိုရှိနိုင်လဲ၊ ဒီခရီးစဥ်မှာ မြောက်ကိုရီးယားဘက်ကရော ဘာတွေပြန်ရနိုင်လဲ၊ ... စတာတွေကို မော်စကိုက ဘီဘီစီ ထုတ်လုပ်ရေးမှူးရဲ့သုံးသပ်ချက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. ပြစ်ဒဏ်ပြီးဆုံးပေမဲ့ မဏိပူရမှာ ဆက်ထိန်းသိမ်းခံနေရတဲ့မြန်မာ ၁၅၀ ကျော်ရှိနေ

    မဏိပူရ၊ မိုရေးမြို့က အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မဏိပူရ၊ မိုရေးမြို့က အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဂိတ် (ပုံဟောင်း)

    အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲက အင်ဖာအကျဉ်းထောင်မှာ ပြစ်ဒဏ်ကာလပြီးဆုံးသွားပေမဲ့ အကျဉ်းထောင်ထဲ ဆက်လက်ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ရှိတယ်လို့ မြန်မာ-အိန္ဒိယအရေးစောင့်ကြည့်ရေးအဖွဲ့(India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဘီဘီစီကိုအတည်ပြုပြောပြပါတယ်။

    အဲဒီလူပေါင်း ၁၅၀ ကျော်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အိန္ဒိယနိုင်ငံထဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စာရွက်စာတမ်းအတုကိုင်ဆောင်မှု၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကို အကူအညီတောင်းဖို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံရမှုတွေအပြင် အိန္ဒိယရဲ့ လူမျိုးစုပဋိပက္ခတွေကြားမှာ မြန်မာဘက်က ခိုလှုံလာတဲ့သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေလို့ သူက ဆက်ပြောပါတယ်။

    အဲဒီထဲက မြန်မာ ၂၈ ဦးကတော့ ပြစ်ဒဏ်ကျခံပြီးပြီဖြစ်တဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ကောင်စီလက်ထဲကို လွှဲပြောင်းပေးတာမျိုးမလုပ်ဖို့ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကစလို့ အစာအငတ်ခံဆန္ဒပြနေကြတာဖြစ်ပါတယ်။ အင်ဖာထောင်အာဏာပိုင်တွေကလည်း အသံဗုံးနဲ့ ရာဘာကျည်ဆံတွေ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ သူက ဆိုပါတယ်။

    “ပြစ်ဒဏ်ပြီးဆုံးတာတောင် တစ်နှစ်ကျော်အထိ ထောင်ထဲ ဆက်ပြီးထိန်းသိမ်းခံနေရတဲ့သူတွေလည်းရှိနေတယ်”လို့ သိရပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာအ‌ရေအတွက် ၂၃၀ ကျော်ရှိပြီး မေ ၂ ရက်မှာ တစ်ကြိမ်၊ ဇွန် ၁၁ ရက်မှာညတစ်ကြိမ် စုစုပေါင်း ၇၆ ဦးကို အိန္ဒိယကနေ စစ်ကောင်စီလက်ထဲ လွှဲပြောင်းပြီးနေရပ်ပြန်ပို့ ထားပါတယ်။

  11. မြန်မာက ရိုဟင်ဂျာတွေကိုလည်း မမေ့ထားဘူးလို့ အိဒ်ပွဲတော်အခါထုတ်ပြန်ချက်မှာ ကန်သမ္မတပြော

    ၂၀၁၉ ခုနှစ် အိဒ်အခါမှာမြင်တွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် အိဒ်အခါမှာမြင်တွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ်တွေ

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် ကမ္ဘာတဝန်းက မွတ်ဆလင်အသိုင်းအဝိုင်းတွေရဲ့ အခွင့်အ‌ရေးနဲ့ ရပိုင်ခွင့်တွေအတွက်ဆက်ပြီး အားထုတ်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောလာပါတယ်။

    ဒီနှစ်မှာကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်အခါသမယထုတ်ပြန်ချက်မှာ သမ္မတ ဘိုင်ဒန်က အခုလို ထည့်ပြောသွားတာဖြစ်ပါတယ်။

    ဟားမတ်စ်နဲ့ အစ္စရေးကြားက စစ်ပွဲကြောင့် ဂါဇာမှာ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးတွေရှိနေတာကြောင့် ဒီနှစ်ရဲ့ အိဒ် အခါသမယဟာ ကမ္ဘာတဝန်းက မွတ်ဆလင်တွေအတွက် ခက်ခဲကြတဲ့အခါလည်းဖြစ်နေပြန်တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

    မြန်မာက ရိုဟင်ဂျာတွေ၊ တရုတ်က ဝီဂါတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဖိစီးနှိပ်စက်မှုဒဏ်ခံနေရသူတွေ မွတ်ဆလင် အသိုင်းအဝိုင်းအတွက် အလေးထားလုပ်ဆောင်သွားမယ်လို့ ပြောသလို မွတ်ဆလင်အသိုင်းအဝိုင်းတွေဟာ ကျန်လူမှုအသိုင်းအဝိုင်းအားလုံးနည်းတူ အကြောက်တရားကင်းကင်း၊ အကြမ်းဖက်မှုကင်းကင်းနဲ့ နေထိုင်ခွင့်ရဖို့လည်း ထိုက်တန်တယ်လို့ သမ္မတက ပြောထားပါတယ်။

  12. မဏိပူရထောင်က အစာငတ်ခံဆန္ဒပြတဲ့မြန်မာတွေ ဖြိုခွင်းခံရပြီး ၃ ဦးဒဏ်ရာရရှိ

    မေလ ၂ရက်က မြန်မာဘက်ပြန်ပို့ခံရတဲ့ အမျိုးသမီးစစ်ရှောင်တွေ

    ဓာတ်ပုံ ရင်းမြစ်, N.BIREN SINGH

    ဓာတ်ပုံ ပုံစာ, မေလ ၂ရက်က မြန်မာဘက်ပြန်ပို့ခံရတဲ့ အမျိုးသမီးစစ်ရှောင်တွေ

    အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့က အကျဥ်းထောင်မှာ အစာအငတ်ခံ ဆန္ဒပြတဲ့မြန်မာတွေကို ထောင်အာဏာပိုင်တွေက အသံဗုံးနဲ့ ရာဘာကျည်ဆံတွေ အသုံးပြုပစ်ခတ်ပြီး ဖြိုခွင်းခဲ့တာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြန်မာ-အိန္ဒိယအရေးစောင့်ကြည့်အဖွဲ့(India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

    အင်ဖာအကျဉ်းထောင်ထဲက နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းမှာချုပ်နှောင်ခံထားရတဲ့ မြန်မာအမျိုးသား ၂၈ ဦးဟာ အိန္ဒိယအစိုးရကနေ အတင်းအကျပ်နေရပ် ပြန်မပို့ဖို့ ဇွန်လ ၁၆ ရက်နေ့ကစပြီး စာငတ်ခံဆန္ဒပြနေကြတာဖြစ်ပါတယ်။

    မဏိပူရထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့မြန်မာတွေက ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီလက်ထဲကို လွှဲပြောင်းပေးတာတွေမလုပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

    အဲဒီလို ဖြိုခွင်းခံရပြီးနောက် ထောင်အာဏာပိုင်တွေက ဆန္ဒပြမြန်မာနိုင်ငံသားတွေကို ‌ထောင်အာဏာပိုင်တွေဘက်ကနေ အကြမ်းဖက်တာတွေ ဆက်မလုပ်နိုင်အောင် ပြည်တွင်း၊ ပြည်ပက တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အိန္ဒိယအစိုးရလုပ်ရပ်ကို ဆန့်ကျင်ကြဖို့ ဆလိုင်းဒိုခါရ်က တောင်းဆို ကြေညာထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ရခိုင်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မြန်မာတွေ ၆ သောင်းဝန်းကျင်အထိရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ ဖော်ပြထားပါတယ်။

    တစ်ဖက်မှာလည်း မြန်မာက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီထံလွှဲပြောင်းပြီး နေရပ်ပြန်ဖို့တာတွေမလုပ်ဖို့ မေလထဲမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုထားကြတာဖြစ်ပါတယ်။