ဒီနေ့အတွက် တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရခိုင်မှာ ၇ မြို့မြောက်အဖြစ် ပုဏ္ဏားကျွန်းမြို့ကို အေအေထိန်းချုပ်
မတ်လ ၅ ရက် ရခိုင်ပြည်နယ်တွင်း စစ်ရေးသတင်းတွေအပါအဝင် နိုင်ငံတဝန်းက ထူးခြားသတင်းတွေအပါအဝင် ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- မြန်မာရဲ့ နိုင်ငံရေးနဲ့လူသားစာနာမှုလိုအပ်နေတဲ့အခြေအနေတွေကို စိုးရိမ်တယ်လို့ သြစတြေးလျနဲ့ စင်ကာပူဝန်ကြီးချုပ်တို့ပြော
- မြန်မာပြည်သူတွေကို အားပေးဖို့ သြစတြေးလျကပြည်သူ့ထိပ်သီးညီလာခံကိုတက်တာလို့ တီမော ဝန်ကြီးချုပ်ပြော
- ပုဏ္ဏားကျွန်းမြို့မှာ တစ်ခုတည်းကျန်တဲ့ စစ်ကောင်စီတပ်ကို အေအေသိမ်းပိုက်
- TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ ၃ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာ
- ကန်သမ္မတကတော် ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆု မြန်မာရှေ့နေဒေါ်မဥ္ဇူဝင်းလက်ခံ
- သြစတြေးလျနဲ့ စင်ကာပူ ဝန်ကြီးချုပ်တို့ မြန်မာစစ်ခေါင်းဆောင်တွေကို ဘာတွေ တောင်းဆိုလိုက်လဲ
- တာမခံတပ်စခန်းကို KIAနဲ့ ပူးပေါင်းတပ်တို့ ပိတ်ဆို့တိုက်ခိုက်လို့ တိုက်ပွဲဆက်ပြင်းထန်
- မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထား
- သေဒဏ်ချမှတ်ခံရပြီးသား ဖျာပုံကလူငယ်တွေ သေဒဏ်ထပ်ချခံရလို့ ၃ ထပ်ကွမ်းသေဒဏ်ဖြစ်လာကြ
- ရေဦးမြို့နယ်အနောက်ဘက်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ရွာသား ၃,၀၀၀ ဝန်းကျင် ထွက်ပြေးနေရ
- စစ်မှုထမ်းသင်တန်းကျောင်းတွေ စီစဥ်ပြီးပြီလို့ စစ်ကောင်စီပြော
- ဆီဆိုင်မြို့ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရ
- အိန္ဒိယ၊ မဏိပူရဒေသထဲရောက်မြန်မာ ၂၅၀ ကျော်ပြန်ပို့ခံရ
တိုက်ရိုက် ထုတ်လွှင့်ချက်
အိန္ဒိယ၊ မဏိပူရဒေသထဲရောက်မြန်မာ ၂၅၀ ကျော်ပြန်ပို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Chief Minister Manipur Website
ဓာတ်ပုံ ပုံစာ, အန် ဘီရန်ဆင်း (မဏိပူရပြည်နယ် ဝန်ကြီးချုပ်) အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသား ၆,၇၄၆ ယောက်ထဲက ၂၅၉ ယောက်ကို မြန်မာဘက်ပြန်ပို့လိုက်တယ်လို့ မဏိပူရ ဝန်ကြီးချုပ် အန်ဘီရန်ဆင်းချ် က မနေ့ မတ်လ ၄ ရက်က ပြောထားပါတယ်။
ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဇီဝအချက်လက်အသေးစိတ်ကိုယူထားပြီး ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ပြန်ပို့ခဲ့တာလို့လည်းသူကဆိုပါတယ်။ ကျန်နေသေးတဲ့ မြန်မာနိုင်ငံသား ၆,၄၈၇ယောက်ကိုလည်း ယာယီခိုလှုံရာနေရာတွေမှာ ထိန်းသိမ်းထားပြီး ဒေသခံတွေနဲ့ရောထွေးခြင်းမရှိအောင် ခွဲထားတယ်လို့ ဝန်ကြီးချုပ် ကပြောပါတယ်။
အခုပြန်ပို့ခံရသူတွေနဲ့ ကျန်ရှိနေသူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ မဏိပူရဘက်ကို ပြောင်းရွှေ့ခိုလှုံလာသူတွေဖြစ်ပါတယ်။ ဒီလိုခိုလှုံနေချိန်အတွင်းမှာ မဏိပူရမှာဖြစ်ခဲ့တဲ့လူမျိုးရေး ပဋိပက္ခတွေကြားမှာ မြန်မာနိုင်ငံသား ၂၁၃ ဦးသေဆုံးခဲ့ရတယ်လို့လည်း မဏိပူရဝန်ကြီးချုပ် နောက်ထပ်ကျန်နေသေးသူတွေကိုလည်း အချက်လက်စစ်ဆေးအတည်ပြုတာတွေ လုပ်ပြီးရင်ပြန်ပို့ဖို့ စီစဉ်ထားတယ် လို့လည်း ပြောထားပါတယ်။
ဆီဆိုင်မြို့ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, PNLA News & Information Department
ဓာတ်ပုံ ပုံစာ, လက်နက်ကြီးပစ်ခံရလို့ ပျက်စီးနေတဲ့ ဒေသခံနေအိမ်တွေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်မှာ မနေ့ မတ်လ ၄ ရက် တစ်ရက်လုံးနီးပါး စစ်ကောင်စီတပ်နဲ့ပအို့ဝ်လွတ်မြောက်ရေးတပ် (PNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီကနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်ဘက်က ဆီဆိုင်မြို့ပေါ်တဝိုက်ကို လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
“အိမ် တော်တော်များများ ပျက်စီးကုန်ပြီ၊ နေ့တိုင်းလည်း မီးလောင်တယ်၊ ၄ ပုံ ၃ ပုံကတော့ မီးထဲပါသွားပြီ”လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။
ဒေသတွင်းမီဒီယာတချို့မှာလည်း လက်နက်ကြီးပစ်ခတ်ခံရလို့ ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦတွေကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားကြပါတယ်။
တစ်ဖက်မှာလည်း ဆီဆိုင်မြို့ကနေ ၃ မိုင်လောက်ပဲ ဝေးတဲ့ မဲဟဲရွာမှာလည်း စစ်တပ်နဲ့ ပအို့ဝ်လွတ်မြောက်ရေးတပ် (PNLA) ပူးပေါင်းတပ်တွေကြား မတ်လ ၄ ရက်မှာပဲ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးရဲ့ အပြောအရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကနေ လက်ရှိအချိန်အထိ ဆီဆိုင်မြို့နဲ့ မဲဟဲရွာဘက်ကို စစ်ကောင်စီခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ-၄၂၃) နဲ့ (ခမရ-၄၂၄) အပါအဝင် ဆိုက်ခေါင် စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
“မနေ့ညကနေ အခုထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတုန်းပဲ” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဆီဆိုင်မြို့အပါအဝင် အနီးနားရွာတွေက ဒေသခံလူဦးရေ တစ်သိန်းကျော်ဝန်းကျင်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆီဆိုင်မြို့က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်အတွင်း သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
စစ်မှုထမ်းသင်တန်းကျောင်းတွေ စီစဥ်ပြီးပြီလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, MRTV
ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းကျောင်းတွေကို လျာထားတာနဲ့ပြင်ဆင်တာတွေ စီစဥ်ပြီးပြီလို့ ထုတ်ပြောလာပါတယ်။
နေပြည်တော်မှာ မတ်လ ၄ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဒုတိယမြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောလိုက်တာဖြစ်ပါတယ်။
‘‘ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေနဲ့ သင်တန်းများ စဥ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မယ့် သင်တန်းများကို လျာထား စီစဥ် ဆောင်ရွက်ထားပြီးဖြစ်တယ်’’ လို့ သူက ပြောတဲ့အကြောင်း နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲနေတာ တတိယမူကြမ်းအဆင့်ကိုရောက်နေပြီး ပြည်သူ့စစ်မှုထမ်း စံပြုလုပ်ထုံးလုပ်နည်းကိုလည်း ရေးဆွဲပြီးပြီလို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီလို့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ကြေညာခဲ့ပြီးတဲ့နောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းတွေကို ခပ်စိပ်စိပ်ကြေညာလာပြီး စစ်မှုထမ်းခေါ်ယူတာကိုလည်း မြန်မာနှစ်သစ်ကူးကာလအပြီး ဧပြီလမှာ စတင်မယ်လို့ ပြောထားတာဖြစ်ပါတယ်။
ရေဦးမြို့နယ်အနောက်ဘက်ကရွာသား ၃၀၀၀ ဝန်းကျင်ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, ထူးခန့်ဇော်
ဓာတ်ပုံ ပုံစာ, ရေဦးအနောက်ပိုင်းကျေးရွာက စစ်ရှောင်ပြည်သူတွေ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ပြန်ဆုတ်လာတဲ့စစ်ကြောင်းက ဒီနေ့မနက်ပိုင်းမှာ ရေဦးနယ် အနောက်ဘက်ခြမ်းကို ဝင်လာတာ ကြောင့် အနီးတဝိုက်ရွာတွေက ဒေသခံ ၃၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ရေဦးအခြေစိုက် People’s Defense ComradePage ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)ကပြောပါတယ်။
“တန့်ဆည်နယ် ကုန်းရိုးရွာကနေ ရေဦးအနောက်ဘက်ခြမ်းက ရွာတွေဖြစ်တဲ့ ဖလံဂုဏ်ရွာကနေ အခု လက်ရှိ မြင်းပေါက်ရွာနဲ့ဝက်ဖိုးရွာမှာ တပ်စွဲ ထားတယ်ဗျ။ အခုတပ်စွဲထားတဲ့ရွာမှာတော့ တိုက်ပွဲဖြစ်တာ ပြည်သူတွေကို သတ်ဖြတ်တာ အိမ်တွေဖြတ်ဆီးတာမရှိသေးပါဘူး။ ပြည်သူတွေကတော့ ရှေ့မှာလည်းရက်ရက်စက်စက်သတ် ဖြတ်တာလုပ်ခဲ့တဲ့စစ်ကြောင်းကဝင်လာတာဖြစ်တဲ့အတွက် ကြောက်လန့်လို့ထွက်ပြေးကြတာပေါ့” လို့ပြောပါတယ်။
တပ်စွဲထားတဲ့ရွာ ၂ ရွာအပြင် မဲအိုး၊ တောင်ကုန်း၊ ဇဝ၊ နှောကုန်း အပါအဝင် ရွာ ၁၀ ရွာကျော်က ဒေသခံတွေ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ တန့်ဆည်ကို ဖေဖော်ဝါရီလ ၂၁ ကနေ မတ်လ ၃ရက်နေ့ထိ စစ်ကြောင်းထိုးချိန်မှာ ပြည်သူ (၁၁) ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာ ၉ ရွာက နေအိမ် ၅၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တန့်ဆည်ပကဖက ထုတ်ပြန်ထားပါတယ်။
သေဒဏ် ၂ ကြိမ်ကျပြီးသား ဖျာပုံလူငယ်တွေ သေဒဏ် ၃ ကြိမ်မြောက် ထပ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီကြေညာချက်
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီထုတ်ပြန်ထားတဲ့ ဖမ်းဆီးခံရသူတွေ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ က ထွေအုပ်စာရေးအမျိုးသမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ကိုသတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုသိမ်အကျဥ်းထောင်ထဲမှာ သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဥ်းသား ၈ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က ထပ်ပြီးသေဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီထဲက ၄ ဦး ဟာ ၃ ထမ်ကွမ်းသေဒဏ် ချမှတ်ခံရတာဖြစ်ပြီး ကျန်တဲ့ ၄ ဦးကတော့ ၂ ထပ်ကွမ်းသေဒဏ်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်ကနေ သေဒဏ်ချမှတ်ခံရသူတွေချဖြစ်သွားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွင်း ဖျာပုံ၊ မအူပင် နဲ့ ဘိုကလေးမြို့နယ်ထဲမှာအကြမ်းဖက်မှုတွေကိုလုပ်ခဲ့သလို သတင်းပေးဆိုသူတစ်ဦး၊ စစ်မှုထမ်းဟောင်းတစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်း မနှင်းဝေခိုင်နဲ့ သူငယ်ချင်းဖြစ်သူမနိုးနိုးဝေတို့ကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူငယ်အယောက် ၁၅ ယောက် ထက်မနည်း ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီကာလတုန်းက ဖမ်းဆီးခံရတဲ့လူငယ်တွေကို စစ်ကောင်စီက Black Dragon Force Pyapon-BDFP ကာကွယ်ရေးတပ်ဖွဲ့တွေလို့ ခေါင်းစဥ်တပ်ပြီး သတင်းပေးတစ်ဦး၊ စစ်မှုထမ်းဟောင်းတစ်ဦး၊ ထွေအုပ်စာရေး မနှင်းဝေခိုင်နဲ့ သူငယ်ချင်းဖြစ်သူမနိုးနိုးဝေ တို့ကို သတ်ဖို့ကြိုးစားတယ်၊ သတ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) (စျ) (ည) နဲ့ ၅၂ (က) စတာတွေနဲ့ အနည်းဆုံး အနှစ် ၄၀ ရှိတဲ့ နှစ်ရှည်ထောင်ဒဏ်တွေချခဲ့ပြီး ပုသိမ်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမှုအလိုက် စွပ်စွဲချက်တွေနဲ့ သေဒဏ်တွေကို ဆက်ပြီးချမှတ်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ကိုစံလင်းစံ ၊ ကိုအောင်မိုးမြင့်၊ ကိုကျော်ဆန်းဦး၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကိုအောင် နဲ့ ကိုဝဏ္ဏထွန်း တို့အပါအဝင် လူငယ် ၁၅ ဦးထက်မနည်းဟာ လူသတ်မှု ပုဒ်မ ၃၀၂(၁) (ခ) အပြင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) (စျ) (ည) နဲ့ ၅၂ (က) စတဲ့ အကြမ်းဖက်မှု၊လူသတ်မှုတွေ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦးကတော့ အကျဥ်းသားတစ်ဦးကို ဒီလို သေဒဏ်အကြိမ်ကြိမ်ချမှတ်တာဟာ ပြစ်မှုပြစ်ဒဏ်မမျှတခြင်းမရှိဘူးလို့ ပြောပါတယ်။
‘’ဒီအမှုမှာဖမ်းဆီးခံရသူတွေဟာ လူ့အခွင့်ရေးကြေညာစာတမ်းအပိုဒ်၆အရ စွပ်စွဲခံရသူသည် တရားရုံးရှေ့မှောက်မှာ လူသားတစ်ဦးကဲ့သို့ ဆက်ဆံခံရခွင့်ရှိသည်ကစလို့ အပိုဒ်(၇)နဲ့အပိုဒ်(၁၀)ပါ အခွင့်ရေးတွေ ရရှိခြင်းမရှိဘဲ ဆုံးရှုံးနေပါတယ်။ ပြစ်မှုပြစ်ဒဏ်ကမမျှတဘူးလို့ဘဲမြင်ပါတယ်”လို့ပြောပါတယ်။
ဒီအမှုနဲ့ပဲ သေဒဏ် ၂ထပ်ကွမ်းချခံထားရတဲ့ ကိုစံလင်းစံကတော့ ဦးနှောက်ရေအိတ်တည်ရောဂါကိုဆေးကုသခွင့်မရတဲ့အတွက် ပြီးခဲ့နှစ် ဒီဇင်ဘာ ၃၀ရက်နေ့မှာသေဆုံးခဲ့ရပါတယ်။
အခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက် ကအမိန့်ချမှတ်မှုမှာတော့ ကိုစံလင်းစံဟာ ပြစ်ဒဏ်ကျခံရစဉ်မှာ သေဆုံးသွားတဲ့အတွက် အမှုကနေပလပ်တယ်လို့ စီရင်ချက်ချခဲ့တယ်လို့သိရပါတယ်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPရဲ့ အချက်အလက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သေဒဏ်ချထားသူ ၁၆၄ဦးရှိတယ်လို့ မတ်လ ၄ ရက်ကထုတ်ပြန်ထားပါတယ်။
တီမောဝန်ကြီးချုပ် သြစတြေးလျက မြန်မာပြည်သူ့ထိပ်သီးညီလာခံကို တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ မနေ့တုန်းက ကျင်းပတဲ့ မြန်မာပြည်သူ့ထိပ်သီးညီလာခံကို တီမောဝန်ကြီးချုပ် Xanana Gusmao တက်ရောက်ခဲ့ပါတယ်။
တီမောဝန်ကြီးချုပ်ဟာ အာဆီယံ- သြစတြေးလျ ဆက်ဆံရေးနှစ် ၅၀ ပြည့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ မဲလ်ဘုန်းမြို့ကို ရောက်နေချိန်မှာ ပြည်သူ့ ထိပ်သီးညီလာခံကို တက်ရောက်လည်း တက်ရောက်ခဲ့တာပါ။
တီမောဝန်ကြီးချုပ်ကတော့ မြန်မာပြည်သူတွေရဲ့ရုန်းကန်ရမှုဟာ ဆယ်စုနှစ်ချီကြာအောင် ကြိုးပမ်းခဲ့ရတဲ့ တီမောနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကို ထင်ဟပ်တယ်လို့ AAP သတင်းဌာနကို ပြောပါတယ်။
‘‘နိုင်ငံတကာရဲ့အားပေးထောက်ခံမှု အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြောဖို့လိုအပ်တယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရမယ်’’ လို့ သူက ပြောပါတယ်။
ပြည်သူ့ထိပ်သီးညီလာခံကိုတော့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံး(သြစတြေးလျ)၊ သြစတြေးလျ ကုန်သွယ်သမဂ္ဂများအဖွဲ့စတဲ့ အဖွဲ့အစည်းအတွေက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
တီမောနိုင်ငံမှာပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG ဝန်ကြီးတွေကို ဖိတ်ကြားခဲ့တာကြောင့် မြန်မာစစ်ကောင်စီက ရန်ကုန်မှာရှိတဲ့ တီမောသံရုံးကသံဝန်ထမ်းတွေကို နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့ပါတယ်။
သြစတြေးလျနဲ့ စင်ကာပူ ဝန်ကြီးချုပ်တို့ မြန်မာစစ်ခေါင်းဆောင်တွေကို ဘာတွေ တောင်းဆိုလိုက်လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, မတ်လ ၅ ရက် တွေ့ဆုံမှုအပြီးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေတဲ့ စင်ကာပူဝန်ကြီးချုပ်နဲ့ သြစတြေးလျဝန်ကြီးချုပ် မြန်မာမှာ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်လာချိန် နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားနေတာကို အလွန်အမင်းစိုးရိမ်တဲ့အကြောင်း သြစတေးလျနဲ့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်တွေက ပြောလာပါတယ်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ သြစတြေးလျ- အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ မတ်လ ၅ ရက်မှာ သီးခြားတွေ့ဆုံရင်း မြန်မာ့အရေးကို အခုလို ပူးတွဲသတင်းထုတ်ပြန်တာဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို ချက်ချင်းလျှော့ချဖို့၊ တရားမဲ့ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ လုံခြုံဘေးကင်းပြီး ချောချောမွေ့မွေ့ဆောင်ရွက်နိုင်မယ့် လူသားချင်းစာနာမှု အကူအညီပေး နိုင်ရေး လုပ်ဆောင်ဖို့အပြင် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ အားလုံးပါဝင်နိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲ ပေါ်ပေါက်ရေးဖန်တီးပေးဖို့လည်း နှစ်နိုင်ငံဝန်ကြီးချုပ်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး အာဆီယံလုပ်ဆောင်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း ဝန်ကြီးချုပ်တွေက ပြောသလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာပြည်တွင်းက လက်ရှိအခြေအနေ အဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ လက်တွေ့ကျကျ အားပေး လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
တာမခံတပ်စခန်းကို KIAနဲ့ ပူးပေါင်းတပ်တို့ ပိတ်ဆို့တိုက်ခိုက်လို့ တိုက်ပွဲဆက်ပြင်းထန်, စစ်တပ်ကို စစ်ကူလာတဲ့စစ်ကြောင်းလည်း လမ်းမှာတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, KNG
ဓာတ်ပုံ ပုံစာ, တာမခံကျေးရွာမီးရှို့ခံရတဲ့မြင်ကွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပိုင်း ဖားကန့်မြို့နယ်ထဲက တာမခံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ SNA (ရှမ်းနီလက်နက်ကိုင်တပ်)တို့ ရဲ့ တာမခံပူးပေါင်းအထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် - KIAနဲ့ KPDF တို့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ၁၀ ရက်နီးပါးရှိလာပြီး ဒီကနေ့ မတ် ၅ ရက်အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ KPDF သတင်းရင်းမြစ်က ပြောပါတယ်။
မတ်လ ၄ ရက်ကလည်း ဖားကန့်-နမ့်မှော်ကျေးရွာ သံသုံးတောင်ဘက်ကနေ တာမခံဘက်ကို စစ်ကူလာတဲ့ အင်အား ၆၀ လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA/KPDF တပ်တွေဘက်က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအထိခိုက်များတယ်လို့ မြေပြင်အခြေအနေသိရှိသူကပြောပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့ ကွန်ပျူတာအပါအဝင် ဆက်သွယ်ရေးသုံးပစ္စည်းတွေလည်းသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
'' ထွက်ပြေးသွားတဲ့စစ်သားက အနည်းဆုံး ဆယ်ယောက်လောက်ရှိတယ်။ သူတို့ကိုလည်း တော်လှန်ရေးတပ်တွေဘက်က လိုက်ရှာနေတယ်'' လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူကပြောပါတယ်။ တာမခံအထိုင်စခန်းမှာတော့ စစ်ကောင်စီရဲ့ တပ်ရင်းမှူး အပါ အင်အား ၅၀ခန့် ရှိနေနိုင်သေးပြီး KIA/KPDF ဘက်ကလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ တာမခံကျေးရွာဟာ စစ်ကြောင်းကမီးရှို့တာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ရွာရဲ့ ၃ ပုံ ၂ ပုံက မီးလောင်ပျက်စီးထားပြီးအဲဒီထဲမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ပါတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ တဖက်မှာလည်း ဖားကန့်မြို့နဲ့ မိုးကောင်းမြို့သွား အချက်အချာ နမ့်တိန်းဒေသနဲ့ ဖားကန့်မြို့နဲ့ ဟိုပင်၊ မိုးညှင်းမြို့ဘက်အသွား ဝှေခါဒေသကို တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။
KIAနဲ့ KPDF တို့ ပူးပေါင်းတပ်တွေကကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ်မှာရှိနေတဲ့ တာမခံဒေသကို ရရှိမယ်ဆိုရင် ဖားကန့်မြို့ရဲ့ အဓိက ဝင်/ထွက်ပေါက်တွေကို KIA ရဲ့ တပ်မဟာ (၉)ရဲ့ တပ်ရင်း (၆)၊ တပ်ရင်း (၄၄)၊ တပ်ရင်း (၃၁)၊ တပ်ရင်း (၂၆) တို့ က အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်သွားမယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက ပြောပါတယ်။
မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထား

ဓာတ်ပုံ ရင်းမြစ်, Data for Myanmar
ဓာတ်ပုံ ပုံစာ, စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်များ မြန်မာမှာ စစ်အာဏာပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်ပေါင်း(၆၁)မြို့နယ် ရှိတယ်လို့ Data for Myanmar ကထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ခုနှစ်မှာ ၈မြို့နယ်၊ ၂၀၂၃ခုနှစ်မှာ ၄၈မြို့နယ်နဲ့ ဒီနှစ် ၂၀၂၄ ပထမ(၃)လမှာတင် မြို့နယ်(၅)မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဲဒီအထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ် မြို့နယ်နဲ့ မဘိမ်း မြို့နယ်၊ မတ်လ ၄ ရက်မှာ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူ မြို့နယ်တွေကို ထပ်ပြီးကြေညာခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေ ၈ ဒသမ၂ သန်းကျော် နေထိုင်နေတာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေရဲ့ တရားစီရင်ရေးကို သက်ဆိုင်ရာစစ်ဒေသရဲ့ တိုင်းမှူး ဒါမှမဟုတ် တိုင်းမှူးကတဆင့် တာဝန်ပေးထားတဲ့ စစ်နယ်မြေမှူးတွေကစစ်ခုံရုံးဖွဲ့စီရင်ပိုင်ခွင့်ရှိနေတာပါ။
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် ပြစ်မှုတွေကို စစ်ခုံရုံးနဲ့စီရင်မှာဖြစ်ပြီး အယူခံပိုင်ခွင့်မရှိဘူး လို့ စစ်အုပ်ချုပ်ရေးဥပဒေကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။
ကန်သမ္မတကတော် ဂျေးဘိုင်ဒန်ဆုချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆု မြန်မာရှေ့နေဒေါ်မဥ္ဇူဝင်းလက်ခံ

ဓာတ်ပုံ ရင်းမြစ်, US State Department
ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန်နဲ့ ဆုရရှိတဲ့သူတွေ အမေရိကန်အစိုးရကပေးအပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များ ဆုပေးပွဲကို မတ်လ ၄ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာကျင်းပခဲ့ပါတယ်။ ကမ္ဘာတလွှားက အမျိုးသမီး ၁၂ ဦးကို ရွေးချယ်ပေးအပ်ခဲ့တဲ့ ဆုချီးမြှင့်ခံရသူစာရင်းထဲမှာ မြန်မာနိုင်ငံက ရှေ့နေဒေါ်မဥ္ဇူဝင်းလည်း ပါဝင်ခဲ့ပါတယ်။
ဒီဆုဟာ ရဲစွမ်းသတ္တိရှိသူ၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူစတဲ့ ကိစ္စရပ်တွေမှာ ခေါင်းဆောင်မှုပိုင်း ထူးချွန်သူတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ပြီး နှစ်စဉ်ချီးမြှင့်တာပါ။ အခုနှစ်ဆုပေးပွဲကိုတော့ အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ တက်ရောက်ပြီး ဆုချီးမြှင့်ပေးခဲ့ကြပါတယ်။
'' အခုစင်ပေါ်မှာရှိနေတဲ့ အမျိုးသမီးတွေဟာ သူတို့အသံတွေကို မဖွင့်ထုတ်နိုင်အောင် ဖိနှိပ်မှုတွေ၊အကြောက်တရားတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေကြားထဲမှာပဲ သူတို့ရဲ့ အသံကိုထုတ်နိုင်ဖို့ အရဲစွန့်ကြိုးစားခဲ့သူတွေပါ။သူတို့အသံတွေကိုထုတ်ဖို့ သတ္တိရှိခဲ့သူတွေဖြစ်ပါတယ်။ သူတို့တစ်ယောက်ချင်းစီရဲ့ ခွန်အားနဲ့သတ္တိကိုအံ့သြပြီးချီးကျူးမိပါတယ်။ အမျိုးသမီးတစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းကနေ အားလုံးရဲ့ စွမ်းအားတွေဖြစ်လာတာပါ။ ကိုယ်ကိုယ်တိုင်မလုပ်ဘဲ အပြောင်းအလဲတွေဖြစ်မလာနိုင်တာကိုလည်း လက်တွေ့လုပ်ဆောင်ပြခဲ့သူတွေဖြစ်ပါတယ်။ တရားမျှတမှုရဖို့ကြိုးစားသူတွေ၊ လွတ်လပ်ခွင့်ကာကွယ်သူတွေအဖြစ် ဖိနှိပ်သူတွေနဲ့ဖိနှိပ်မှုတွေကိုတွန်းလှန်နိုင်မှာ ဖြစ်ပါတယ်"လို့ အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန် က ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
ဒေါ်မဉ္ဇူဝင်းဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံက အကျပ်အတည်း ပြဿနာတွေကြားထဲက အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေပိုင်းအရ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေအပေါ် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တာကြောင့် ဒီသတ္တိရှင်ဆုကို ပေးအပ်ခဲ့တာလို့ဆိုပါတယ်။
သူဟာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ တိုင်းရင်းသားလူမျိုးတွေ မသန်စွမ်းသူတွေအပါအဝင် လိပ်စိတ်ကွဲပြားတဲ့သူတွေကို တရားရေးပိုင်းအရ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေကို ကာကွယ်ကူညီပေးခဲ့ပြီး မျှတတဲ့ တရားစီရင်မှုတွေရရှိအောင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့တယ်လို့လည်းပြောထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံသားပြည်သူပေါင်း ၅၀၀ ကျော်ကို တရားဥပဒေပိုင်းအရ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြခံခဲ့ရသလို ဥပဒေအကြံပေးအဖြစ် နိုင်ငံတကာဥပဒေဖွံ့ဖြိုးရေး အဖွဲ့အစည်း IDLO မှာ တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
IDLO မှာ တာဝန်ထမ်းချိန်မှာ မြန်မာနိုင်ငံရဲ့ တရားရေးပိုင်းနဲ့ပတ်သက်လို့ ဒီထက်ပိုပြီး အားကောင်းအောင် ကူညီထောက်ပံ့ပေးနိုင်ခဲ့သလို အခြားဥပဒေဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

ဓာတ်ပုံ ရင်းမြစ်, Shwe Phwe Myay News Agency
ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တွေ နမ့်ဆန်မြို့ထဲ လှည့်လည်စစ်ဆေးနေတဲ့မြင်ကွင်း (ပုံဟောင်း) ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မန်တုံ၊ နမ့်ဆန် နဲ့ နမ္မတူ မြို့တွေကို စစ်အုပ်ချုပ်ရေးမြို့တွေအဖြစ် စစ်ကောင်စီကထုတ်ပြန်လာပါတယ်။
မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (မာရှယ်လော) အာဏာကို ပေးအပ်ကြောင်း ကြေညာထားတာပါ။ တအာင်းတပ် TNLA ကတော့ ဒီမြို့တွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားစတင်ဖော်ဆောင်နေပြီး ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နေပြီလို့ ဘီဘီစီကို ပြောပါတယ်။
"စစ်အုပ်ချုပ်ရေးကြေညာတာနဲ့ပတ်သက်လို့ ဘာမှ မှတ်ချက်ပေးချင်တာမရှိပါဘူး။ အရင်ကလည်း ရှမ်းမြောက်ကမြို့တွေကို မာရှယ်လောကြေညာခဲ့ဖူးတော့ ဒါသူတို့လုပ်နေကြပါပဲ" လို့ TNLA ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ထုတ်ပြန်ချက်အရလည်း စစ်ဆင်ရေးနဲ့တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေအကောင်အထည်ဖော်မယ်လို့ တရားဝင်ပြောထားပါတယ်။
လက်ရှိမှာတော့ မန်တုံ၊ နမ္မတူ နဲ့ နမ့်ဆန် တဝိုက်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာမရှိသလို ရှမ်းမြောက်တကြောမှာလည်း စစ်ရေးငြိမ်သက်နေတယ်လို့ TNLA ကနေ သိရပါတယ်။ မနှစ် နိုဝင်ဘာလတုန်းကလည်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်က ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊လားရှိုး၊ သိန္နီ၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါသေးတယ်။
ပုဏ္ဏားကျွန်းမြို့ကို အေအေထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၅၅၀) ကိုပြထားတဲ့ မြေပုံ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့မှာ ထိန်းချုပ်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်-အေအေဘက်က ထုတ်ပြန်လိုက်ပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ တစ်ခုတည်းကျန်တော့တဲ့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၅၅၀) ကို တိုက်ခိုက်ပြီးမှ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းတိုက်ပွဲပြီးတဲ့နောက် ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းပိုင်းတချို့နေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ အေအေဘက်က ပြောထားပါတယ်။
ရခိုင်မှာ အေအေက ပုဏ္ဏားကျွန်းမြို့ကို ထပ်ပြီးသိမ်းပိုက်လိုက်တာကြောင့် အရင်သိမ်းထားနိုင်ခဲ့တဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ မြို့တို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့အပါအဝင် စုစုပေါင်း ၇ မြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်တွင်း နောက်ထပ် မြို့ငါးမြို့ကိုလည်း အေအေက ဆက်ပြီးတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ ရခိုင်တိုက်ပွဲတွေအတွင်း အေအေဘက်က အပြောအရ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံးလတာအတွင်း သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာရသူ ၃၅၇ ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦးရှိပြီး စစ်ရှောင်နေရသူပေါင်း ၃ သိန်းကျော်ရှိနေပြီဖြစ်တယ်လို့ အေအေဘက်က ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပုဏ္ဏားကျွန်းသိမ်းပိုက်ခံရတယ်ဆိုတဲ့အခြေအနေအပါအဝင် ရခိုင်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မတ်လ ၅ ရက် ထိပ်တန်းရောက်သတင်းများ တိုက်ရိုက်တင်ဆက်မှုကနေ ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း စစ်ရေးသတင်းတွေအပါအဝင် နိုင်ငံတဝန်းက ထူးခြားသတင်းတွေအပါအဝင် ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
