စစ်ကောင်စီအသက်သွင်းတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ လူထုဘယ်လိုအကျပ်ဆိုက်မလဲ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ စတင်အာဏာတည်ရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရုတ်တရက်ထုတ်ပြန်ချက်ဟာ မြန်မာလူငယ်တွေ အတွက် အံ့အားသင့်ထိတ်လန့်ဖွယ်ရာကြေညာချက်တစ်ခုလို့ ဘီဘီစီမေးမြန်းကြည့်သူအချို့က တုံ့ပြန်ပါတယ်။

“သတင်းကြားကြားချင်း အံ့သြပြီးစိတ်ပျက်မိတာပါ။ အရေးပေါ်အခြေအနေဆိုတဲ့ စကားရပ်က အခုလို အာဏာသိမ်းထားတဲ့ အချိန်မဟုတ်ဖူးလို့ လက်ခံထားခဲ့မိတဲ့အတွက် တကယ် အသက်မသွင်းလောက်ဖူးပဲ မှတ်ယူထားခဲ့မိတာပါ” လို့ ပြည်တွင်းမှာနေထိုင်နေဆဲ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ” အရ စစ်မှုထမ်းရမယ့်အသက်အရွယ်ဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်သေးသူ နဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်မပြည့်သေးသူတွေ အကျုံးဝင်ပြီး ၂ နှစ်အထိ တာဝန်ထမ်းရမယ်လို့ ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခု တတ်ကျွမ်းသူတွေကိုတော့ ကျွမ်းကျင်သူလို့သတ်မှတ်ပြီး အမျိုးသားဆိုရင် အသက် ၄၅ နှစ်မပြည့်သေးသူ၊ အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်မပြည့်သေးတဲ့သူတွေကို ခေါ်ယူမှာဖြစ်ပြီး ၃ နှစ်ထက်မပိုဘဲ စစ်မှုထမ်းရမှာဖြစ်ပါတယ်။

အဲဒီဥပဒေအရဆိုရင် နိုင်ငံတော်မှာအရေးပေါ်အခြေအနေဖြစ်ခဲ့ရင် ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်မယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာစစ်ကောင်စီက နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာထားပြီး အရပ်သားအစိုးရဆီကနေ အာဏာသိမ်းထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဥပဒေနဲ့ ညီလား

ဖေဖော်ဝါရီ ၁၀ ရက် ည ထုတ်ပြန်ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၀ ရက် ည ထုတ်ပြန်ကြေညာချက်

“ပြည်သူ့စစ်မှုထမ်းဥပဒေ” ဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) က ၂၀၁၀ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပါ။

နအဖ ပြဋ္ဌာန်းခဲ့တဲ့အဲဒီဥပဒေရဲ့ ထိပ်ဆုံးမှာ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဆိုတဲ့ ဒို့တာဝန် (၃) ပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာကြောင့် စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ဖို့အတွက် စစ်မှုထမ်းနိုင်ဖို့ ဒီဥပဒေကို ပြဋ္ဌာန်းတယ်လို့ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ဒီဥပဒေကို အသက်သွင်းဖို့ရာ ပြဋ္ဌာန်းချက်မှာပါဝင်တဲ့ ဒီအချက်သုံးချက်နဲ့ အကျုံးဝင်သလားဆိုတာကို တိုင်းတာဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင်အသိုင်းအဝိုင်းက ထောက်ပြပါတယ်။

“အခုလက်ရှိအခြေအနေမှာက ဘယ်တိုင်းတပါးနိုင်ငံနဲ့မှ မြန်မာနိုင်ငံဟာ စစ်ဖြစ်နေတဲ့အခြေအနေမရှိဘူး”

“နိုင်ငံရေး၊ စစ်‌ရေးပြိုင်ဆိုင်မှုတွေပေါ်ပေါက်နေတဲ့ အခြေအနေမျိုးမှာ ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာက နိုင်ငံသားတွေကြားထဲ ပြဿနာတွေပိုကြီးပြီး ပြည်တွင်းစစ်မီးတောက်ကြီးက ပိုပြီးတောက်လောင်၊ အချင်းချင်း အမုန်းတရားတွေပဲ ကြီးထွားနိုင်တဲ့အခြေအနေပါ” လို့ ဥပဒေပညာရှင်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ တပ်မတော်နေ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်၊ တပ်မတော်နေ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီကတော့ အခုလိုဆောင်ရွက်ရတာဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသားတွေရဲ့ မူလတာဝန်ဝတ္တရားတွေဆိုတဲ့အချက်ကို အကြောင်းပြပါတယ်။

ဒ့ါအပြင် စစ်တပ်အနေနဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်လာနိုင်ဖို့အတွက် စီမံဆောင်ရွက်ခွင့်ရှိတာနဲ့အညီ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်တာလို့ ဆိုပါတယ်။

အထူးသဖြင့် “ပြည်သူ့စစ်မှုထမ်းဥပဒေ” အခန်း (၁) (ခ) အရ အာဏာတည်ကြောင်းအမိန့်ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၁၀ ရက် ည (၈) နာရီသတင်းမှာကြေညာသွားခဲ့တာပါ။

အခန်း (၁) (ခ) အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရဲ့ အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်တဲ့နေ့ရက်မှာ စတင်အာဏာတည်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် လွန်ခဲ့တဲ့ ၁၄ နှစ် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေကို ရွေးကောက်ခံအစိုးရနှစ်ဆက် ပြောင်းလဲပြီး တကျော့ပြန်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အာဏာတည်ကြောင်းထုတ်ပြန်ခွင့်ရှိသလား ဆိုတဲ့ မေးခွန်းတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြန်ပါတယ်။

“အငြင်းပွားဖွယ်ရာတစ်ခုက ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘူး။ ဒီလိုမျိုး အတည်ပြုပြဋ္ဌာန်းခွင့်ရှိ ၊ မရှိဆိုတာကတော့ ၂၀၀၈ အခြေခံဥ‌ပဒေမှာပါတဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပြဿနာဖြစ်ပါတယ်” လို့ ဥပဒေပညာရှင်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဒီဥပဒေကိုအသက်သွင်းပြီးတဲ့နောက် ပုံဖော်တဲ့အခါမှာ ဘယ်လိုအသုံးပြုမလဲ၊ ပြည်တွင်းစစ်ထဲမှာ လူငယ်တွေကို တိုက်ပွဲဝင်ခိုင်းပြီး အသုံးချသွားမှာလားဆိုတဲ့ မေးခွန်းထုတ်စရာတွေရှိလာတယ်လို့ သူကဆက်ပြောပါတယ်။

ဘယ်အချိန်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်လာနိုင်လာသလဲ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

၂၀၂၃ နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တပ်စခန်းတွေဆုံးရှုံးပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့တာဟာ အခုလို ဥပဒေပြဋ္ဌာန်းပြီး လူအင်အားဖြည့်တင်းရတဲ့ အဓိကအကြောင်းအရင်းလို့ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။

“စစ်မှုမထမ်းမနေရဥပဒေကိုပြဋ္ဌာန်းဖို့က မြန်မာစစ်တပ်ကစိတ်ကူးယဉ်တာကြာခဲ့ပြီ။ လူငယ်တွေစစ်ထဲမှာ စစ်စည်းကမ်းနဲ့နေလိုက်ရင် ဒီမိုကရေစီအရေးတို့၊ လစ်ဘရယ်အယူဝါဒတွေ ပျောက်သွားမယ်လို့ သူတို့ယူဆကြတယ်”

“အခုချိန်ကျတော့ စစ်ခေါင်းဆောင်နဲ့ လူကြီးအချို့ရဲ့စိတ်ကူးယဉ်မှုမဟုတ်တော့ဘူး။ ဒါဟာ စစ်ရေးအရ လိုအပ်ချက်အခြေအနေဆိုတာကို ပြောင်းသွားတာပေါ့လေ” လူငယ်နိုင်ငံရေးအကဲခတ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ” ဟာ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသအများစုမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ (အရပ်အခေါ် ပျူစောထီး)တွေနဲ့ မသက်ဆိုင်ဘဲ အသက်အရွယ်ပြည့်မီသူတွေကို မဖြစ်မနေစစ်မှုထမ်းခိုင်းတာမျိုးလို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာတို့က သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီး၊ ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူတွေ၊ စစ်တပ်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က တာဝန်ထမ်းဆောင်ဖို့မသင့်တော်ကြောင်း သတ်မှတ်ထားသူတွေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုက ကင်းလွတ်ခွင့်ပြုထားသူတွေပဲ တာဝန်က ကင်းလွတ်ခွင့်ရှိတာပါ။

“တကယ်သာ စစ်ထဲဝင်ဖို့ဆင့်ခေါ်ခံရလို့ အမျိုးသမီးတွေကြံရာမရဖြစ်လာပြီး ချက်ချင်းလက်ထပ်တာတွေ လုပ်လာနိုင်တာတွေလည်းရှိလာတော့ လူ့အခွင့်အရေး နဲ့ အမျိုးသမီးတွေ တန်းတူဆောင်ရွက်ခွင့်တွေပါ နောက်တစ်ကြိမ် ထပ်ဆုံးရှုံးသွားမှာလေ” လို့ လူငယ်အမျိုးသမီးတစ်ဦးက သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း

နောက်ထပ်တစ်ချက်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဖွဲ့စည်းပြီး တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အလိုက် အဖွဲ့တွေ လိုအပ်သလို ဖွဲ့စည်းမယ်လို့ ဥပဒေရဲ့ လုပ်ငန်းတာဝန်တွေဖော်ပြထားတဲ့ အခန်း (၃) မှာ ထည့်သွင်းရေးထားပါတယ်။

“ဆင့်ခေါ်ဖို့၊ စိစစ်မယ့်အပိုင်းတွေက အချိန်ယူရမယ်ဆိုပေမဲ့ ရွေးကောက်ပွဲအကြောင်းပြပြီး မဲစာရင်းကောက်ယူသလို ပြည်သူတွေအချက်အလက်တွေတောင်းခံနေတာရှိနေတော့ (၃) လကနေ (၆) လအတွင်း ဒါကိုအကောင်အထည်ဖော်လာနိုင်တယ်” လို့ ဥပဒေပညာရှင်တစ်ဦးက ခန့်မှန်းပါတယ်။

ဘီဘီစီမေးမြန်းစုံစမ်းကြည့်ချက်အရလည်း ရန်ကုန်မြို့လို မြို့ပြရပ်ကွက်တွေမှာပါ စစ်ကောင်စီတပ်သား၊ ရဲ နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လူဦးရေသန်းခေါင်စာရင်းကောက်ယူဖို့အချက်အလက်ရယူတယ်ဆိုကာ မေးမြန်းတာတွေလုပ်နေကြောင်း မြို့ခံတွေဆီက သိရသလို “ယောကျ်ားလေးရှိလား၊ အိမ်မှာလူဘယ်နှစ် ယောာက်ရှိလဲ” ဆိုတဲ့အချက်ကို အဓိကထားမေးတယ်လို့ သိရပါတယ်။

“ဥပဒေဆိုတာ ပြည်သူနဲ့ အပြန်အလှန်ကတိကဝတ်ထားတာပဲ။ ပြည်သူ့သဘောထားမပါဘဲ မရဘူး၊ ဒါဆိုရင် အမိန့်အာဏာနဲ့ အတင်းအကျပ် ခိုင်းစေတဲ့ သဘောဖြစ်လိမ့်မယ်”

“တည်ဆဲဥပဒေကို အကောင်အထည်ဖော်တယ်လို့ပြောတဲ့အတွက်ကြောင့်လည်း ဒါဟာ ရာဇဝတ်မှုလို့ ပြောလို့မရပြန်ဘူး”လို့ ပညာရှင်က ဥပဒေရှုထောင့်အရသုံးသပ်ပါတယ်။

အခုလို စစ်မှုထမ်းခိုင်းတာကနေကင်းလွတ်ခွင့်ရဖို့ ကြိုးစားရင် ပြစ်ဒဏ်သတ်မှတ်မယ်လို့ ဖော်ပြထားသလို ကင်းလွတ်ခွင့်ရအောင် ကြိုးစားတာကနေ အဂတိလိုက်စားမှုတွေသာမက နောက်ဆက်တွဲအကျိုး သက်ရောက်မှုတွေပါ ရှိလာနိုင်တယ်လို့ ဥပဒေပညာရှင်တွေရော နိုင်ငံရေးအကဲခတ်တွေက တပြေးညီဝေဖန်ထားကြတာပါ။

“စစ်မှုထမ်းတာကိုရှောင်ဖို့ ငွေပေးတာ၊ လာဘ်ထိုးရတာတွေလုပ်ရတော့ လူတွေအများကြီးစီးပွားရေးအရ အကျပ်အတည်းတွေလည်းဖြစ်လာနိုင်တယ်”

“ပြည်သူလူထုစီးပွားရေးအကျပ်အတည်းကြုံလာတာနဲ့အမျှ တော်လှန်ရေးအပေါ်လည်း အတိုင်းအတာတခု အထိ သက်ရောက်မှုရှိလာနိုင်မလားပေါ့။ ပြည်သူလူထုရဲ့ လှူဒါန်းကူညီမှုနဲ့ တော်လှန်ရေးကလှုပ်ရှားရတာလေ။ တနိုင်ငံလုံးမှာတော့ ရိုက်ခတ်မှုအကြီးကြီးရှိမယ်ယူဆတယ်” လို့ လူငယ်နိုင်ငံရေးအကဲခတ်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကနေ တပ်သားသစ်ခေါ်ယူ

ဓာတ်ပုံ ရင်းမြစ်, BPLA

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကနေ တပ်သားသစ်ခေါ်ယူ

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချို့ကတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းမလား၊ တော်လှန်ရေးတပ်ထဲ စစ်မှုထမ်းမလားဆိုတဲ့ ရွေးချယ်ရမယ့်အချိန်ကို ရောက်ရှိလာပြီလို့ ညွှန်းဆိုနေကြပြီး တပ်သားသစ်အဖြစ်ဝင်‌ရောက်ဖို့ ဖိတ်ခေါ်တာတွေလည်းရှိလာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ဝင် ကိုသြဇာကတော့ “အတင်းအဓမ္မစစ်သားစုဆောင်းမှုကို လက်မခံဘဲ ဝိုင်းပြီးကာကွယ်ကြရမယ်” လို့ ဥပဒေနဲ့ ပတ်သက်လို့ ဘီဘီစီမေးမြန်းချက်ကို တုံ့ပြန်ဖြေပါတယ်။

“ဘေးအန္တရာယ်တွေကိုရှောင်ရှားချင်တဲ့လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေ၊ စိုးမိုးနယ်မြေတွေမှာ လာရောက်ရင်တော့ အကောင်းဆုံးပဲ။ သူတို့ကိုကူညီရာရောက်သလို တော်လှန်ရေးအတွက်လည်း ပိုပြီး ဆောင်ရွက်လာနိုင်တာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေမှာမှ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေလည်းရှိနေကြပြီး ကင်းလွတ်ရာမဲ့ နေတဲ့အခြေအနေလို့ ဘီဘီစီကို ရင်ဖွင့်ပါတယ်။

“ပြည်ပနိုင်ငံထွက်ရွှေ့ပြောင်းမလား၊ လွတ်မြောက်လမ်း စစ်စစ်တော့မရှိပါဘူး” လို့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ CDM ကျောင်းသူတစ်ဦးက ပြောပါတယ်။