ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, dsinfo

ဓာတ်ပုံ ပုံစာ, ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်ချုပ်ပြော

တပ်မတော်ဟာ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းဖြစ်ပြီး အခြေခံဥပဒေကိုလေးစားလိုက်နာဖို့ လိုကြောင်း နဲ့ ဥပဒေကို မလေးစား မလိုက်နာဘူးဆိုရင် အခြေခံဥပဒေကို ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ဇန်နဝါရီ ၂၇ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ အမှာစကားပြောကြားစဉ်မှာ ဥပဒေကိုအလေးထားလိုက်နာဖို့ အခြေအနေနဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

"တပ်မတော်က စောစောကပြောသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါကြောင့် ငါတို့တွေလည်း ပြောရလို့ရှိရင်တော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်"

"ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။

အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာ အင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်းထဲမှာ ရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်" စသဖြင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို သတင်းထောက်တစ်ဦးက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလားလို့ မေးမြန်းချက်အပေါ် သူက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်းနဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ ရှိနိုင်တယ်ဆိုပြီး မဲစာရင်းစိစစ်မှုတွေကို မြို့နယ် ၃၀၀ ကျော်မှာ ပြုလုပ်ခဲ့ရာမှာ မဲစာရင်းလွဲမှားမှု ၈ သန်းကျော် ရှိခဲ့တယ်လို့လည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တပ်မတော်က ဒီကိစ္စနဲ့ပတ်သက်လို့ မဲစာရင်းတွေ အကြိမ်ကြိမ်ထုတ်ပြန်ပြီး လက်ရှိ အစိုးရ၊ လွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပေမယ့် အကြောင်းမထူးဘူး ဖြစ်နေတာကြောင့် တပ်မတော်ဘက်က ဘာဆက်လုပ်မလဲလို့ အားလုံးကစောင့်ကြည့်နေချိန်၊ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ့်သဘောနဲ့ကိုယ်အာဏာသိမ်းလို့မရကြောင်း ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေတွေကို လေးစားလိုက်နာမှု မရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်ပစ်ရမယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။