စစ်ကောင်စီကို တွန်းလှန်နေတဲ့ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်များ

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်း ဆန့်ကျင်ရေးတွေ နိုင်ငံတစ်ဝန်းမှာ အားကောင်းတဲ့ တိုင်းနယ်ပြည်နယ်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒေသတွင်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ မတည်ငြိမ်မှုတွေနဲ့ နောက်ဆက်တွဲ ဒေသခံတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သေကွဲ၊ရှင်ကွဲ မိသားစုဘဝတွေရဲ့ အဖြစ်အပျက်တွေကြား လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ အမျိုးသမီးတွေလည်းရှိလာပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ စစ်ကိုင်းတိုင်း မြောင်ဒေသကို အခြေပြုပြီး အမျိုးသမီးတွေ ဦးဆောင်ပါဝင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ ပေါ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ မတ်လအတွင်းကစလို့ မြောင်ဒေသမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့သလို ဒီတိုက်ပွဲအတွင်းမှာ ဒေသခံရွာသားတွေ သေဆုံးမှုတွေရှိသလို ဒေသခံ PDF ဆိုတဲ့ ထင်မြင်ချက်နဲ့ ပစ်ခတ်မှုတွေကြောင့် ရွာသားတချို့လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီ နောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီဘက်ကို ပြောက်ကျား မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်လာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ပိုများလာတာတွေကိုလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ် ပြန်လာပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က စစ်ဆင်ရေးနာမည်တွေတပ်ပြီး စစ်ကိုင်းတိုင်းကို စစ်အင်အားအလုံးအရင်း တိုးချဲ့မှုတွေ လုပ်လာတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
နှစ်ဖက် တိုက်ပွဲတွေကြား ဒေသကာကွယ်ရေးတပ်တွေ အားကောင်းလာတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေလည်း ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပုခက်လွှဲသောလက်များမှသေနတ်ကိုင်သောလက်များဆီသို့
"ကျွန်မတို့သည် ပုခက်လွှဲသောလက်များဖြစ်သည်။ ဒါ့အပြင်အာဏာရှင်ကိုတော်လှန်နေသော သူများလည်းဖြစ်သည်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်များ Myaung Women Warriors ဆိုပြီး မြောင်ဒေသကိုအခြေပြုပြီး အမျိုးသမီးတွေ ဦးဆောင်ပါဝင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို အောက်တိုဘာလနှောင်းပိုင်းမှာ တရားဝင် ကြေညာထုတ်ပြန်ခဲ့ပါတယ်။
ဒီအဖွဲ့ထဲမှာတော့ အသက် ၁၆နှစ်ကနေ ၄၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတွေ ပါဝင်နေပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ၊ တက္ကသိုလ်ကျောင်းတက်နေတဲ့ လူငယ်အမျိုးသမီးတွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ထားသူတွေ ဖြစ်ကြတယ်လို့ အဖွဲ့အကြောင်းကို တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
" ဘာလို့ အမျိုးသမီးတွေ လက်နက်ကိုင်ဖို့လိုလဲလို့ မေးရင် စစ်ကောင်စီက ပစ်ခတ်နေတာ တွေခံရတဲ့အထဲမှာ ကျွန်မတို့ အမျိုးသမီးတွေလည်း ပါတယ်။ ကလေးသူငယ်တွေလည်း ပါတယ်။ ကျွန်မတို့ထဲမှာ ပါဝင်သူတွေဟာ ဆိုရင်လည်း ကျွန်မတို့ဒေသအတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ အိမ်ရှင်မတွေ၊ မိသားစုဝင်တွေ အသက်ဆုံးရှုံးထားရသူတွေ၊ဖမ်းဆီးခံထားရသူတွေ အများကြီးပါတယ်။ ကျွန်မတို့ကခံရတာ တအားများနေပြီ။ကျွန်မတို့ဒေသဆိုရင်လည်း စုတ်ပြတ်သတ်နေပြီ။ ကျွန်မတို့အားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲလို့" မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသမီးငယ်တစ်ဦးက အဖွဲ့မှာပါဝင်သူတွေအကြောင်းကို ပြောပြခဲ့ပါတယ်။
ဒီအကြောင်းတွေကို ပြောပြနေတဲ့ အသက် ၂၉နှစ်အရွယ်အမျိုးသမီးကတော့ အာဏာသိမ်းမှု မတိုင်ခင်က မိဘတွေနဲ့ လယ်ယာလုပ်ငန်းလုပ်ရင်း သာမန် ကျေးရွာသူ တစ်ယောက်လို ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးပဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကြောင့် အကိုဖြစ်သူတစ်ယောက်ကို အသက်ဆုံးရှုံးလိုက်ရပြီး နောက်ထပ် အကိုဖြစ်သူ တစ်ယောက်ကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီဖြစ်ရပ်တွေကြောင့် ရွာမှာရှိတဲ့နေအိမ်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ်ရှာ ဖွေစစ်ဆေးတာကြောင့် မိသားစုဝင်အားလုံးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သူမက ပြောပြလာပါတယ်။
ဒီဖြစ်စဉ်လိုပဲ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များ အဖွဲ့ထဲမှာ ပါဝင်သူတွေထဲမှာ မိသားစု ညီအကိုမောင်နှမတွေကို ဆုံးရှုံးလိုက်ရသူတွေအပြင် နေအိမ်တွေ မီးလောင်ပျက်စီးလို့ စစ်ပြေးတိမ်းရှောင်နေရသူတွေလည်း အများကြီး ပါဝင်နေပါတယ်။
စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေအကြား ရက်ရှည်လများ နေအိမ်တွေက တိမ်းရှောင်နေရတဲ့အခြေအနေတွေမှာ လက်နက်ကိုင်လမ်းစဉ်ဟာ အဖြေဖြစ်တယ်လို့ တချို့အမျိုးသမီးတွေက ရွေးချယ်လိုက်ကြတယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ မတူညီတဲ့ခံစားချက်တွေ၊ တူညီတဲ့ဆုံးဖြတ်ချက်တွေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးတဲ့ နောက်မှာတော့ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာလည်း ဒီအမျိုးသမီးတွေအတွက် စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ မြောင်ဒေသတွင်းမှာ ရှိနေပြီးသား ဒေသကာကွယ်ရေးတပ်တွေက PDF အဖွဲ့တွေက လက်တွဲခေါ်ယူပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပေးခဲ့တယ်လို့ အမျိုးသမီးပြောက်ကျားစစ်သည်တွေက ဆိုပါတယ်။
"ဒီလိုအခြေအနေတွေ ကျွန်မတို့ ဖွဲ့စည်းဖြစ်အောင် အဓိကကူညီပံ့ပိုးပေးတာကတော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ဖြစ်ပြီး စစ်ရေးအရ ပံ့ပိုးမှုတွေ၊လက်နက်အကူအညီတွေ အထောက်အပံ့ ပေးခဲ့ပါတယ်။ စစ်ရေးလေ့ကျင်မှုမှာ ပထမဆုံး ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက် စလေ့ကျင့်ပေးတယ်။ ခန္ဓာကိုယ် ကျစ်လစ်ကြံ့ခိုင်ဖို့လေ့ကျင့်တဲ့ မနက် ၈နာရီကနေ ညနေ ၅နာရီပြီးတဲ့နောက်ဆို ဘယ်နားက ဘယ်လိုနာတယ် ဆိုတာတွေရှိတယ်။ ဒါပေမဲ့ ခံယူချက်ရှိရှိနဲ့ ဒီထဲကိုဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဆိုတော့ နာကျင်မှုတွေက စာမဖွဲ့လောက်တော့ဘူး။
မြောင် အမျိုးသမီးပြောက်ကျားစစ်သည်မှာ ပါဝင်သူတွေကိုတော့ တိုက်ခိုက်ရေးအပိုင်းမှာ ထဲထဲဝင်ဝင်ပါမယ့် အမျိုးသမီးတွေနဲ့ စစ်ရေးအတွက် ထုတ်လုပ်ရေးပိုင်းမှာ ပါဝင်မယ့်သူတွေရယ်လို့ တာဝန်တွေ ခွဲထားပါတယ်။ တိုက်ခိုက်ရေးအပိုင်းမှာ ပါဝင်မယ့် အမျိုးသမီးတွေကတော့ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင်မှုတွေ လုပ်ရသလို ထုတ်လုပ်ရေးအပိုင်းလို့ပြောတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုမယ့် တိုက်ပွဲဝင်ပစ္စည်းတွေဖြစ်တဲ့ လက်လုပ်ဗုံး စတာတွေကို စမ်းသပ် ထုတ်လုပ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီ တာဝန်နှစ်ခုလုံးကတော့ ပင်ပန်းခက်ခဲသလို အန္တရာယ်လည်းများပါတယ်၊ တစ်ခါတစ်ရံ စမ်းသပ်ထုတ်လုပ်မှုတွေလုပ်ရင်း မတော်တဆ ဖြစ်ရပ်တွေလည်းရှိတာကြောင့် စိန်ခေါ်မှုတွေလည်းရှိတယ်လို့ အမျိုးသမီးတွေကဆိုကြပါတယ်။
နူးညံ့တဲ့ လက်ပိုင်ရှင်တွေနဲ့ ပစ်ခတ်ရမယ့် သေနတ်တွေ ဒေသတွင်းဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ နောက်ဆက်တွဲ ဒေသခံတွေရဲ့ဆင်းရဲဒုက္ခတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သေကွဲ၊ရှင်ကွဲ မိသားစုဘဝတွေရဲ့ အဖြစ်အပျက်တွေကြား လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပေမယ့် အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှုကတော့ ရုပ်ပိုင်းဆိုင်ရာ နူးညံ့သလို စိတ်ပိုင်းဆိုင်ရာမှာလည်း ပျော့ပြောင်းမှုတွေ ရှိကြပါတယ်။
စစ်ကောင်စီကို တော်လှန်တဲ့တိုက်ပွဲတွေအတွက် ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ အန္တရာယ်ကြားက စိန်ခေါ်မှုတွေက အခက်အခဲတွေ ဖြစ်နေသလို သေနတ်ကိုင်ပြီး ပစ်ခတ်ဖို့ဆိုတာကလည်း အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။
" တကယ်တော့ လက်နက်ကိုင်လမ်းစဉ်အထိသွားဖို့ ဘယ်အမျိုးသမီးမှ ဆန္ဒမရှိတာတော့အမှန်ပဲ။ အမျိုးသမီးတွေနဲ့ လက်နက် မသင့်တော်ဘူးဆိုတာလည်း သိတယ်၊ အရှေ ပိုင်းမှာ ဖြစ်ခဲ့တာတွေကလည်း ဒီနည်းလမ်းမရွေးချယ်ရင်မရတော့ဘူး။
ဒါပေမဲ့ လက်နက်ကြီးတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့တဲ့အခိုက်အတန့်မှာ ရုတ်တရက်ကြောက်တယ်၊ ကိုယ့်ကိုယ်ကိုယ်ပြန်မေးခွန်းမေးရတယ်။ငါတကယ်ပဲ သတ်ရဲနေပြီလား၊ သေချာပြီလား ပြန်မေးရတယ်။
သေချာပြီဆိုတဲ့ ဆုံးဖြတ်ချက်ခိုင်မှာလာတဲ့အခါ သက်တောင့်သက်သာဖြစ်သွားတယ်။ ငါတို့ ဒီလိုကြောက်ရွံ့ ကြောက်ရွံ့ဖြစ်နေရင် ငါတို့လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ဘယ်လိုရမှာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မောင်းတင်ရတယ်" လို့ မြောင်မြို့နယ် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့မှာ တိုက်ခိုက်ရေးအပိုင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen shot
ပထမဆုံးစစ်ရေးအတွေ့အကြုံ
မြောင် အမျိုးသမီးပြောက်ကျားစစ်သည်အဖွဲ့ စည်းပြီးတဲ့နောက်ပိုင်းမှာတော့ ပထမဆုံးစစ်ဆင်ရေးအနေနဲ့ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာမှာ ရှိတဲ့ ရဲစခန်းတစ်ခုကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ နေ့လယ်ဘက်မှာ မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကိုဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေနဲ့ ရွာသားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိပြီး ညပိုင်းမှာတော့ ရဲစခန်းမှာ ခြေကုပ်စခန်းယူတယ်ဆိုတဲ့ သတင်းတွေအရ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အဲ့ဒီနေ့ကတော့ ထိပ်တိုက်တိုက်ပွဲ ဖြစ်ခဲ့တာမဟုတ်ဘူး။ စခန်းမှာ သူတို့မရှိတဲ့အချိန် သူတို့ ခြေကုပ်ယူထားတဲ့စခန်းကို ဝင်သိမ်းတဲ့အနေအထားပါ။ အဲ့ဒီအချိန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရင်ဆိုပြီးလည်း ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့လိုက်တာမရှိဘဲ သူတို့ခြေကုပ်စခန်းတစ်ခုကိုသိမ်းလိုက်နိုင်တာဆိုတော့ အရမ်းတော့ Risk မရှိခဲ့ဘူး"လို့မြောင်အမျိုးသမီးတွေရဲ့ စစ်ဆင်ရေးအဖြစ် နဂါးပေါက် ရဲစခန်းကိုသိမ်းယူခဲ့ပုံကို ပြန်ပြောပြပါတယ်။
ဒီနောက်ပိုင်းမှာတော့ မြောင်ဒေသအတွင်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး အောက်တိုဘာလအတွင်းမှာပဲ မြင်းမူမြို့နယ် သာယာပေါင်းရွာနှင့် လက္ကပင်ရွာကြား မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးတာတွေနဲ့ ကျေးရွာအတွင်းက စစ်ကောင်စီသတင်းပေးကို ရှင်းလင်းတာတွေလုပ်ခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ မြောင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြောက်ကျားတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ဒေသတွင်းစစ်ရေး ၅ခုလုပ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိတဲ့အကြောင်းကိုလည်း အဖွဲ့ကထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လူမှုဝန်းကျင်က ခွဲခြားမှုတွေကို စိန်ခေါ်ထားတဲ့ မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တွေကလည်း လက်နက်ကိုင် တိုက်ပွဲဝင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ကိုယ်စီရှိခဲ့နဲ့ စစ်အာဏာရှင် ကိုတော်လှန်ရင်း အမျိုးသမီးတွေကို လူမှုဝန်းကျင်က ခွဲခြားနှိမ့်ချမှုတွေကိုလည်း ဆက်ပြီးတိုက်ထုတ်နေရကြတယ်လို့ ဆိုပါတယ်။
" ပတ်ဝန်းကျင်မှာရော ဆိုရှယ်မီဒီယာမှာရော မိန်းကလေးတွေချည်းပဲ မဖြစ်နိုင်ဘူးဆိုပြီး ကြည့်တဲ့ မျက်လုံးတွေရှိတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ရေးသားထားတာတွေ တွေ့ရတယ်။ ဒါတွေကို သက်သေပြဖို့ကလည်း ကျွန်မတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုပဲ။ ပတ်ဝန်းကျင်က မိန်းကလေးတွေက မဖြစ်နိုင်တဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ သူတို့က ထင်ကြတယ်။ ကျွန်မတို့ကဖြစ်နိုင်လို့ဒီလမ်းကိုရွေးခဲ့ကြပြီးပြီ။ လုပ်နိုင်တယ်။ယုံကြည်ချက်နဲ့ ချီတက်ခဲ့တဲ့ပွဲ၊ ပြည်သူလူထုကို ပြောချင်တာက ကျွန်မတို့က စစ်သည်အမျိုးတွေက ကျွန်မတို့မှာ ရှိနေတဲ့ရရာနည်းလမ်းတွေနဲ့ နည်းမျိုးစုံသုံးပြီးတော့မှ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို အချိန်အခါဖြစ်ဖြစ် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ ပြည်သူတွေ ယုံကြည်စေချင်တယ်" လို့ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်တော်တွေရဲ့ ကိုယ်စား အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကတော့ အခုအခါမှာ ၉လတာ ခရီးကို ကျော်လွန်လာခဲ့ပါပြီ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲလှုပ်ရှားမှုတွေကလည်း ကဏ္ဍပေါင်းစုံကနေ ပုံစံမျိုးစုံနဲ့ စစ်ကောင်စီကို တော်လှန်နေကြပါတယ်။
ဒီအထဲမှာတော့ မြောင် အမျိုးသမီး ပြောက်ကျားစစ်သည်တော်တွေလို အမျိုးသမီးတွေ လက်နက်ကိုင် တိုက်ပွဲဝင်တာကတော့ မြန်မာ့သမိုင်းစာမျက်နှာတွေမှာ မှတ်တမ်းဖြစ်လာမယ့် အချက်ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။








