ဒီပဲယင်းအနောက်ခြမ်း ရွာသုံးရွာကို စစ်ကောင်စီမီးရှို့တယ်လို့ ဒေသခံတွေပြော

ကုန်းရိုးရွာထဲမှာ မီးရှို့ခံရတဲ့နေအိမ် ၆ လုံးအနက်က အိမ်တအိမ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကုန်းရိုးရွာထဲမှာ မီးရှို့ခံရတဲ့နေအိမ် ၆ လုံးအနက်က အိမ်တအိမ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဝန်းရံ၊ ကုန်းရိုး၊ တပ်တည် ရွာတွေမှာ စစ်ကောင်စီ စစ်သားတွေက အရပ်သားနေအိမ်တွေကို နိုဝင်ဘာလ ၉ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဦးဆုံံးအရှို့ခံရတဲ့ဝန်းရံရွာမှာ ထွန်စက်နဲ့ ကောက်ရိုးပုံကို မီးရှို့သွားပါတယ်။ ဒုတိယ အရှို့ခံရတဲ့ ကုန်းရိုးရွာမှာ လူနေအိမ် ၆ လုံးမီးရှို့ခံရပါတယ်။ တတိယ အရှို့ခံရတဲ့တပ်တည်ရွာမှာတော့ လူနေအိမ် ၁ လုံးနဲ့ အခြား အဆောက်အအုံ ၁ ခုကို မီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေက ဆိုကြပါတယ်။

ကုန်းရိုးရွာမှာ မီးရှို့ခံလိုက်ရတဲ့ အိမ် ၆ လုံးရဲ့ပိုင်ရှင်တွေက ဦးတင်ကျော်၊ ဦးစန်းနိုင်၊ ဦးတွတ်၊ ဦးမြင့်၊ ဒေါ်ဆန်းတင်၊ ဒေါ်မြအေးတို့ဖြစ်တယ်လို့ တခြားဒေသခံတယောက်ဖြစ်တဲ့ ကိုမိုးအောင် (နာမည်လွှဲ) ကဆိုပါတယ်။ တပ်တည်ရွာက မီးရှို့ခံရတဲ့ပိုင်ရှင်ရဲ့အမည်ကိုတော့ ဘီဘီစီက စုံစမ်းဆဲဖြစ်ပါတယ်။

ရဟတ်ယာဉ်တွေလာကုန်ပြီ

ကောလင်းဘက်က စစ်သားတွေကို ရဟတ်ယာဥ်နဲ့သယ်ဆောင်လာတယ်လို့ ဒေသခံတွေကယူဆ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကောလင်းဘက်က စစ်သားတွေကို ရဟတ်ယာဥ်နဲ့သယ်ဆောင်လာတယ်လို့ ဒေသခံတွေကယူဆ

နိုဝင်ဘာလ ၈ ရက်နေ့မနက် ၉ နာရီလောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်က ရဟတ်ယာဥ် ၂ စီးဟာ ဝန်းရံ၊ ကုန်းရိုး၊ တပ်တည် အစရှိတဲ့ ဒီနေ့မီးရှို့ခံရတဲ့ရွာတွေပေါ်ကို ဖြတ်သန်းကျော်လွှားပြီး မြောက်အရပ်မှာရှိတဲ့ ကောလင်းဘက်ကို ဦးတည်မောင်းနှင်သွားတယ်လို့ ဒေသခံတယောက်ဖြစ်တဲ့ ကိုကောင်းကင် (နာမည်လွှဲ) က ဆိုပါတယ်။ အချိန်သိပ်မကြာခင်မှာ အဲဒီရဟတ်ယာဥ် ၂ စီးကောလင်းဘက်ကပြန်လာပြီး အင်ဘုတ်ရွာနဲ့ ဝန်းရံရွာကြား ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွဲလျက်ရှိတဲ့နေရာမှာ ဆင်းသက်ပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ စစ်သားတွေ ချပေးခဲ့ပါတယ်။ အဲဒီ့နေောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ဘက်ပြန်ထွက်သွားပါတယ်။

“ကျွန်တော်တို့ သဘောပေါက်တာကတော့ ကောလင်းဘက်မှာရှိတဲ့စစ်သားတွေကို နမခက ရဟတ်ယာဉ်နဲ့ သွားသယ်ပြီး ကျွန်တော်တို့ ရွာတွေဘက်ကို လာချပေးတာပဲဗျ” လို့ကိုကောင်းကင်က ဆိုပါတယ်။

နောက်ထပ်သိပ်မကြာခင်မှာ နောက်ထပ်ရဟတ်ယာဥ် ၂ စီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကနေ ထပ်တက်လာပါတယ်။ ဒီပဲယင်း အနောက်ခြမ်းတောနဲ့တောင်ကုန်းတွေဘက်ကဖြတ်ပြီး ကောလင်းဘက်ကို မောင်းနှင်သွားပြန်ပါတယ်။

“နောက် ၅ မိနစ်လောက်ကြာတော့ ကောလင်းဘက်ကနေ ပြန်လာတယ်ဗျ။ စောစောက အင်ဘုတ်နဲ့ဝန်းရံကြားဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွဲထားတဲ့နေရာမှာပဲ ဆင်းပြီး စစ်သားတွေထပ်ချထားခဲ့ပြန်ရော။ အဲဒီအချိန်မှာ ကျွန်တော်တို့တောင်ကနေပြီး နောက်ထပ် ၁ စင်းလာတယ်။ ၃ စီးပေါ့။ ၃ စီးမှာ ၂ စီးကပဲ စစ်သားတွေချပြီး ၁ စီးကတော့ ရွာပေါ်နိမ့်နိမ့်ကလေး ဝပ်ပျံသွားပြီး ရွာကိုဝိုက်ပြီးတော့ နမခဆီကိုပြန်သွားတယ်။”

“အဲသလိုပြန်သွားပြီးတော့ နမခကနေ နောက်ထပ်လာတဲ့ ရဟတ်ယာဉ် ၂ စီးက ကျွန်တော်တို့ ရွာရဲ့ အနောက်တောင်ထောင့်ဖြစ်တဲ့ ဝက်ပုပ်နဲ့ နှောပင်ကြီးကျေးရွာတွေမှာ ဆင်းတယ်။”

“အဲဒီနောက် ရဟတ်ယာဉ်နှစ်စီးက ကျွန်တော်တို့ ပြည်သူတွေ ပုန်းလို့ကွယ်လို့ ရတဲ့နေရာတွေဖြစ်တဲ့ ကျေးရွာတွေ အနီးနားက တောနဲ့တောင်ကုန်းတွေဘက်မှာ တောင်နဲ့မြောက်နဲ့ ၅ ကြိမ်လောက်လွန်းထိုးပြီး နိမ့်နိမ့်လေး ပျံတယ်ဗျ။ တောထဲမှာ ရွာသူရွာသားတွေ ဘယ်နားမှာပုန်းနေသလဲဆိုတာ လိုက်ရှာလိုက်ကြည့်တဲ့ပုံစံမျိုးပဲ။”

ညနေပိုင်းလောက်ကျ မြောက်ဘက်ကောလင်းဆီ ပျံသွားတဲ့ တစ်စီးက ပြန်လာပါတယ်။ ညနေ ၅ နာရီလောက်မှာ ရဟတ်ယာဉ်ပေါ်ပါလာတဲ့ စစ်သားတွေကိုထပ်ချထားခဲ့ပြီး ပြန်သွားတယ်လို့ ရဟတ်ယာဉ်တွေရဲ့ ပျံသန်းသွားလာမှုကို အသေးစိတ်လေ့လာပြီး သုံးသပ်ထားတဲ့ ကိုကောင်းကင်က ဆိုပါတယ်။ ရဟတ်ယာဉ် ၅ စီးပေါ်ကနေ အင်ဘုတ်၊ ဝန်းရံမှာ စုစုပေါင်း စစ်သား ၈၀ နဲ့ ၁၀၀ အကြား ချထားခဲ့လိမ့်မယ်လို့ ကိုကောင်းကင်က ခန့်မှန်းပါတယ်။ အဲဒီ ၅ ကြိမ်မှာ တကြိမ်ဟာ ရိက္ခာသယ်ဆောင်လာတဲ့ယာဉ်ဖြစ်ပြီး ကျန်တဲ့ ၄ ခေါက်မှာ စစ်သားတွေကို သယ်ဆောင်လာကြောင်း သတင်းကြားသိရတယ်လို့ ဆိုပါတယ်။

ဝက်ပုပ်နဲ့ နှောပင်ကြီးဘက်ကမှာ ချထားခဲ့တဲ့ စစ်သားအရေအတွက်ကိုတော့ ဒေသခံတွေက နှစ်မျိုးပြောဆိုပါတယ်။ တချို့က စစ်သား ၄၀ လောက်ချထားခဲ့တယ်လို့ဆိုပြီး တချို့ကတော့ စစ်သား ၇၁ ယောက်ချထားခဲ့တယ်လို့ဆိုပါတယ်။

ကျီးလန့်စာစားညတည

ဒီပဲယင်းအနောက်ခြမ်းမှာ ရဟတ်ယာဉ်ပေါ်ကနေ စစ်သားတွေ ဆင်းသက်လာပြီး ရွာတွေကိုဝင်မွှေတဲ့ အတွေ့အကြုံမျိုးကို လွန်ခဲ့တဲ့ ၁ လအတိတုန်းကလည်း တွေ့ကြုံဖူးတဲ့ရွာသားတွေဟာ ရဟတ်ယာဥ်တွေ အကြိမ်ကြိမ်ပျံဝဲဆင်းသက်လာတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးကြပါတယ်။ တောတန်းနဲ့ တောင်ကုန်းဘက်တွေကို ထွက်ပြေးတိမ်းရှောင်တဲ့ ရွာသားတွေကို ရဟတ်ယာဉ်တွေက ၅ ကြိမ်တိတိ တောင်မြောက်စုန်ဆန်ပျံသန်းပြီး လိုက်လံရှာဖွေမှတ်သားသွားခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်ညမှာ အင်ဘုတ်၊ ဝန်းရံ ဘုန်းကြီးကျောင်းဘက်က စစ်သားတွေက မလှုပ်ရှားကြပါဘူး။ ဝက်ပုပ်၊ နှောပင်ဘက်က စစ်သားတွေကတော့ ရွာသားတွေပုန်းအောင်းတဲ့ တောတောင်တွေ၊ တောင်ကုန်းတွေ ဘက်ကို တောနင်းဝင်ရောက်သွားခဲ့ပါတယ်။ အရပ်လေးမျက်နှာကို လက်နက်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တာတွေလည်း ရှိတယ်လို့ ဒေသခံရွာသားတွေကဆိုပါတယ်။ စစ်ကိုင်းတိုင်း ကနီမြို့ ယင်းရွာအနီးမှာ တောထဲပုန်းအောင်းနေတဲ့ ရွာသားတွေကို ဇူလိုင်လဆန်းတုန်းက စစ်တပ်က တောနင်းဝင်ရောက်ပြီး သတ်ဖြတ်သွားကြောင်းကြားသိထားတဲ့ ရွာသားတွေဟာ ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြတယ်လို့ ဆိုပါတယ်။ တညလုံးမအိပ်နိုင်ကြဘဲ ရင်တထိတ်ထိတ်နဲ့ ရှိနေခဲ့ပေမဲ့ ရွာသားတွေကို တွေ့မသွားခဲ့ဘူးလို့ ဒေသခံရွာသူတဦးက ဆိုပါတယ်။

အနောက်တောင်ထောင့် အင်ဘုတ်ရွာစစ်ကြောင်းကလှုပ်ရှားနေတဲ့အတွက် စစ်ကြောင်းနှစ်ကြောင်းကြားမှာရောက်နေတဲ့ ဝန်းရံ၊ ကုန်းရိုး ရွာသားတွေဟာလည်း တညလုံးမအိပ်ရဲကြဘူးလို့ ဆိုပါတယ်။ မြောက်ဘက်မှာရှိတဲ့ အင်ဘုတ်ဘုန်းကြီးကျောင်းစစ်သားတွေကလည်း ညဘက်ချီတက်လာမယ်လို့ သတင်းလွှင့်ထားတဲ့အတွက် စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ ကုန်းရိုးဒေသခံတဦးကပြောပါတယ်။

လယ်ထွန်စက်နဲ့ ကောက်ရိုးပုံကို မီးရှို့ခံလိုက်ရတယ်ဆိုတဲ့ ဝန်းရံရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လယ်ထွန်စက်နဲ့ ကောက်ရိုးပုံကို မီးရှို့ခံလိုက်ရတယ်ဆိုတဲ့ ဝန်းရံရွာ

ရွာတွေထဲကိုဝင်လာပြီ

“မနက်လင်းတဲ့အချိန်မှာတော့ ဝက်ပုပ်၊ နှောပင်ကြီးဘက်က စစ်ကြောင်းက အင်ကြီးတံပိုးဆည်ဆိုလားပဲ၊ အဲဒီရွာဘက် ထွက်သွားကြတယ်ဗျ။ အဲဒီမှာ စခန်းချတယ်။ အဲဒီရွာက လူ ၃ ယောက်ဖမ်းထားတယ်လို့ လောလောဆယ်သတင်းရထားပါတယ်” လို့ ကိုကောင်းကင်က ဆိုပါတယ်။

အင်ဘုတ်၊ ဝန်းရံ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ စတည်းချတပ်စွဲထားတဲ့ စစ်သားတွေကတော့ နိုဝင်ဘာလ ၉ ရက်နေ့မနက်မှာ သူတို့စတည်းချရာ ဝန်းရံရွာတွင်းကို စတင်မွှေနှောက်ခဲ့ပါတယ်။ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ လိုက်လံခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးသူသတင်းတော့ အခုထိ မကြားသိရသေးပါဘူး။

ဝန်းရံရွာမှာရှိတဲ့ ကောက်ရိုးပုံတပုံနဲ့ လယ်ထွန်စက်တစီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် ကုန်းရိုးရွာဘက်ကို ကူးသွားပါတယ်။ စစ်တပ်ရောက်လာမှ ရွာထဲကထွက်ပြေးသူတွေနဲ့ စစ်တပ်ကို ချောင်းမြောင်းကြည့်ရှုနေသူတွေကို လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်တဲ့အသံတွေကြားနေရပေမဲ့ ထိခိုက်သေဆုံးသူရှိတယ်လို့ မသိရသေးကြောင်း ရွာထဲမှာ ပုန်းအောင်းနေသူ သက်ကြီးပိုင်းရွာသားတဦးက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ရွာထဲက အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေရဲ့ပိုင်ရှင်အမည်တွေကို ဖော်ပြပြီးဖြစ်ပါတယ်။

စစ်မြူနေလေသလား

“ဘယ်နေရာမှာမှ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ တိုက်ပွဲမရှိဘဲနဲ့ သက်သက်မီးရှို့သွားတာ။ ကျွန်တော်ထင်တာကတော့ ပီဒီအက်ဖ်တွေ ထွက်မလာလို့ ရှို့တယ်ထင်တာပဲ။ ရွာတွေကို မီးရှို့ရင် ပီဒီအက်ဖ်တွေက မခံချင်ကြဘူးလေ။ အဲသလို မခံချင်လို့ ထွက်လာပြီးတိုက်ရင် စောင့်ပစ်ဖို့ တမင်လုပ်နေကြတာလို့ထင်တာပဲ။” လို့ကိုမိုးအောင်က ဆိုပါတယ်။

“တိုက်ပွဲဖြစ်အောင်စောင့်နေတာဆိုတာဟုတ်လိမ့်မယ်ဗျ။ တိုက်ပွဲဖြစ်လာတော့မှ စစ်ကြောင်းနှစ်ကြောင်း ညှပ်တိုက်မယ်လို့ထင်တယ်။ နောက်ပြီး နမခကနေ ရဟတ်ယာဥ်နဲ့လာမယ်ဆိုရင်လည်း ၅ မိနစ် ၁၀ မိနစ်ပဲကြာမှာဗျ။ ဒါ့အပြင်သူတို့က ရွာတွေထဲကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်ပြီး ပီဒီအက်ဖ်တွေ အကုန်သတ်ပြီးမှ ပြန်မယ်လို့လည်း လိုက်အော်နေတာဗျ။ သူတို့တည်းသွားတဲ့စာသင်ကျောင်းထဲသွားကြည့်တော့လည်း မိုက်ရင်ထွက်ခဲ့ ယောက်ျားချင်းချမယ်လို့လည်း စာရေးထားခဲ့သေးတယ်။ ပီဒီအက်ဖ်တွေ ထွက်လာအောင် ခေါ်နေတာဖြစ်မယ်ဗျ။” လို့ကိုကောင်းကင်ကလည်း ဆိုပါတယ်။

နောက်ဆုံးအခြေအနေ

ဒီပဲယင်း-ရေဦးလမ်းမပေါ်မှာ ရဲစခန်းပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်ကား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီပဲယင်း-ရေဦးလမ်းမပေါ်မှာ ရဲစခန်းပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်ကား

ဒီဒေသဘက်က နောက်ဆုံး အခြေအနေတွေကို ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတွေရဲ့ ပြောဆိုချက်တွေကို သိရှိထားရပြီး စစ်ကောင်စီဘက်က ပြောဆိုတာတွေတော့ မရှိသေးပါဘူး။

စစ်တပ်ဟာ ကုန်းရိုးရွာကို မွှေနှောက်ပီးနောက် တပ်တည်ရွာကိုဆက်သွားပါတယ်။ တပ်တည် အရှေ့ရွာနဲ့ အနောက်ရွာဆိုပြီး ရွာ ၂ ရွာရှိတဲ့ အနက် တပ်တည်အနောက်ရွာမှာ အိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မလှမ်းမကမ်းရွာတရွာမှာ နေထိုင်သူ ရွာသားတဦးကဆိုပါတယ်။ တချို့ကလည်း အိမ် ၂ လုံးမဟုတ်ဘဲ ပိုင်ရှင်တယောက်တည်းရဲ့အိမ်နဲ့ တခြား အဆောက်အအုံတခုလို့ဆိုပါတယ်။ နွားတကောင်လည်း မီးတခြမ်းဟပ်သွားတယ်လို့ဆိုပါတယ်။ တပ်တည်ရွာသားတဦးဦးနဲ့ ဘီဘီစီက တိုက်ရိုက်စကားပြောခွင့်မရတဲ့ အတွက် မီးလောင်တယ်ဆိုတာကိုသာ အတည်ပြုနိုင်ပါတယ်။ အိမ်ဘယ်နှအိမ်ဆိုတဲ့ သတင်းကို အတိအကျအတည်မပြုနိုင်ပါဘူး။

တပ်တည်ရွာကနေ မြောက်ဘက် လယ်ပြင်ကွက်ရွာကို စစ်တပ်က ဆက်လက်ချီတက်သွားပါတယ်။ အဲဒီရွာမှာတော့ မီးရှို့တာမရှိဘဲ လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်သွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်မြောက်ဘက် မြကန်သာ ခေါ် ဒိုင်းမြေရွာဘက် ဆက်လက်ထွက်ခွာသွားပါတယ်။

စစ်ကောင်စီစစ်သားတအုပ်စုဟာ ဒိုင်းမြေရွာမှာ ဒီညတပ်စွဲမယ်လို့ ဒေသခံတွေကကြားသိထားကြပြီး နောက်တအုပ်စုကတော့ အင်ကြင်းတံပိုးဆည်ဘက်မှာ ညအိပ်တပ်စွဲမယ်လို့ကြားသိကြောင်းပြောကြပါတယ်။

ဒီပဲယင်းအနောက်ခြမ်းက ရွာသားတွေဟာ မနက်ဖြန်ကို ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။

နိုဝင်ဘာ ၁၀ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ဒီပဲယင်း-ရေဦးလမ်းမပေါ်မှာ ရဲစခန်းပြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်ကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းခွဲခဲ့တာကြောင့် ကားတစ်စီးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။