စစ်အာဏာသိမ်း ၃ နှစ် - မိသားစုထဲကထွက်ခွာသွားရတဲ့ အမျိုးသမီးနဲ့ ကလေးတွေ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတာ ဒီနေ့မှာ သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။ ဒီသုံးနှစ်အတွင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၄,၄၇၄ ယောက်ရှိပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၄၈ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကသုံးနှစ်တာ စုဆောင်းထားတဲ့အချက်လက်တွေအရ သိရပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မကွေး၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ရှမ်း၊ ရခိုင်၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေကလည်း သေဆုံးသူများပါတယ်။ ကလေးသူငယ်သေဆုံးမှုတွေကတော့ တနိုင်ငံလုံးအတိုင်းတာနဲ့ရှိနေပါတယ်။
အစုလိုက်အပြုံလိုက် ကလေးသူငယ် သေဆုံးမှုတွေဖြစ်ခဲ့တာတွေကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့တာပါ။
လေကြောင်းကနေပစ်ခတ်တာကြောင့် မူလတန်း၊ အလယ်တန်း ကလေးငယ် ၆ ယောက်အပါအဝင် ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
“သမီးလေးသေတာကို အခုထိ လက်မခံနိုင်သေးဘူး” - ပဇီကြီးရွာသူမိခင်
နောက်တစ်ခုကတော့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းဖွင့် အလှူပွဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ မနက်ခင်းမှာဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ကလေးသူငယ်အပါအဝင် အရပ်သား ၁၇၁ ယောက် သေဆုံးခဲ့ပါတယ်။
“ကျွန်မ သမီးလေးအလောင်းကို မမြင်ခဲ့ရဘူး။ အလှူကနေ ကျွန်မ ခဏပြန်ပြီး အမေနဲ့သမီးကို ထမင်းစားဖို့ အလှူမှာထားခဲ့တာ၊ အိမ်ပြန်လို့ ခဏလေးမှာပဲ ဖြစ်သွားခဲ့တာ။ သမီးလေးကို အခုထိမျှော်နေတုန်းပဲ။ သမီးသေတာကို အခုထိ လက်မခံနိုင်သေးဘူး”လို့ ပဇီကြီးကျေးရွာ လေကြောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ကလေးတစ်ယောက်ရဲ့ မိခင်က ပြောပါတယ်။
အဲ့ဒီဖြစ်ရပ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေဟာ အခုချိန်ထိ စိုးရိမ်ထိတ်လန့်တာတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ခံစားနေကြရတုန်းပဲလို့ ကူညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာ အသက် ၁၈ နှစ်အောက် ဖမ်းဆီးခံရတဲ့ကလေးငယ် ၇၁၂ ယောက်ရှိပြီး အဲ့ဒီထဲက ၃၁၆ ယောက်ဟာ လက်ရှိချိန်အထိ ချုပ်နှောင်ခံနေရပါတယ်။ အများဆုံးအဖမ်းခံရတာ ရန်ကုန်တိုင်းက ဖြစ်ပြီး စစ်ကိုင်းက ဒုတိယနဲ့ တတိယကတော့ မန္တလေးတိုင်းဖြစ်ပါတယ်။
အမျိုးသမီးသေဆုံးတာကတော့ ၇၇၅ ယောက်ရှိပြီး အများဆုံးဒေသကတော့ စစ်ကိုင်းတိုင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပမာဏဟာ စုစုပေါင်း သေဆုံးသူတွေထဲက ၁၇.၃ ရာခိုင်နှုန်းရှိပါတယ်။
မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံးအသက်ပေးခဲ့ရသူ

စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာ နေပြည်တော်၊ သပြေကုန်းအဝိုင်း၊ တောင်ညိုလမ်းမကြီးနားမှာပြုလုပ်တဲ့ ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရချိန်မှာ မမြသွဲ့သွဲ့ခိုင်တစ်ယောက် ဦးခေါင်းကို ကျည်ထိမှန်ခဲ့ပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံမှာ ကုသမှုခံခဲ့ပေမဲ့ ဦးခေါင်းကျည်ထိ ဒဏ်ရာကို ဆရာဝန်တွေက လက်လျှော့ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီနေ့ညပိုင်းမှာပဲ သေဆုံးခဲ့ပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြပွဲတွေအတွင်း ကျည်အစစ်တွေကို အသုံးပြုခဲ့တာ မဟုတ်ဘဲ ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
ဒါကြောင့် မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား မသုံးခဲ့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိခဲ့ရခြင်း မရှိခဲ့သလို စုံစမ်းစစ်ဆေးမှုဘယ် အခြေအနေထိရောက်ခဲ့လဲ ဆိုတာလည်း စစ်ကောင်စီဘက်က အခုအထိ ထုတ်မပြောသေးပါဘူး။
ငရဲခန်း စစ်ကြောရေးကို ကျော်ဖြတ်ခဲ့ရတဲ့အမျိုးသမီးတွေ
စစ်အာဏာသိမ်းမှုအောက် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း စုစုပေါင်း အဖမ်းခံရသူ ၂၅,၉၃၀ ကျော် ရှိပါတယ်။ အဲ့ဒီထဲမှာ ၅,၂၅၈ ယောက်ကတော့ အမျိုးသမီးတွေပါ။ အများဆုံးကတော့ ရန်ကုန်တိုင်းကဖြစ်ပြီး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းကတော့ ဒုတိယနဲ့ တတိယအဖမ်းခံရမှုအများဆုံးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဖမ်းခံရသူ အမျိုးသမီးတွေထဲက ၂ သောင်းနီးပါးကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရတုန်းပါပဲ။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာပေမဲ့လည်း အကျဉ်းထောင်ထဲမှာ ခံစားတွေ့ကြုံခဲ့ရတာတွေက အပြင်လောကအထိ ပြန်တွေးတိုင်း စိတ်ဒဏ်ရာရကြတဲ့သူတွေရှိခဲ့ပါတယ်။
အလှလေးသူဇာ ကလောင်နာမည်နဲ့ သတင်းတွေ ရေးသား၊ ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက်အမျိုးသမီးလည်း ပြန်လွတ်လာတဲ့အချိန်အထိ စိတ်ဒဏ်ရာပါလာတဲ့သူတွေထဲက တစ်ယောက်ပါပဲ။
ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကြောရေးဆိုတာ ငရဲခန်းလို့ သူက ခိုင်းနှိုင်းပြောပြပါတယ်။ ကလေးတစ်ယောက် မိခင်ဖြစ်တဲ့သူ့ကို စစ်ကြောရေးမှာ စစ်ဆေးခဲ့တာတွေဟာ သူ့အတွက် ထိတ်လန့်စရာတွေဖြစ်ခဲ့တာပါ။
“သူတို့တွေက ရိုက်စစ်ပြီးမေးပေမဲ့ ကျွန်မ ပါးစပ်က သူတို့အတွက် ဘာအချက်မှ ထွက်မလာလို့ နောက်ဆုံး ကလေးကိုသွားခေါ်ပြီး ကလေးရှေ့မှာ နင့်ကိုရိုက်စစ်ရင် နင်ဘယ်လောက်ခံနိုင်မလဲဆိုတဲ့ စကားကြောင့် တနေကုန် အခန်းပြန်ရောက်တဲ့အထိ ငိုနေခဲ့ရတယ်။ သူတို့တွေက မထင်ရင် မထင်သလို တကယ်လုပ်နေတာဆိုတော့ ငါ့သမီးကိုသွားခေါ်နေပြီလားဆိုတဲ့အတွေးနဲ့ နေခဲ့ရတာ။ စစ်ကြောရေးကနေ အချုပ်ကိုပြန်ပို့တဲ့နေ့က ဘဝအတွက် တကယ်ပျော်ရတဲ့နေ့ပဲ။ ငါမသေတော့ဘူး။ ငါ့ကြောင့် ဘယ်သူမှ ဒုက္ခမရောက်တော့ဘူးဆိုတဲ့အတွေးနဲ့ပျော်ခဲ့ရတာ”လို့ သူရင်ဆိုင်ခဲ့ရတာတွေကို ဖွင့်ပြောပါတယ်။
သူဟာ ဖမ်းဆီးခံရချိန်၊ စစ်ကြောရေး နဲ့ အင်းစိန်ထောင်ထဲက ကာလစုစုပေါင်း ၁၅ လ နေခဲ့ရပါတယ်။
သူပြန်လွတ်လာတာ တစ်နှစ်ကျော်ရှိနေပါပြီ။ သမီးဖြစ်သူကလည်း သူနဲ့အတူတူရှိနေပါတယ်။
“အခု သမီးလေး ဘေးမှာရှိနေရင် စိတ်ချရတယ်။ သမီးကျောင်းသွားရင်တောင် ရင်ထဲမှာတမျိုးပဲ” လို့ သူက ပြောပါတယ်။ သူ့သမီးကို ခြိမ်းခြောက်ပြောဆိုခဲ့သူတွေရဲ့စကားကြောင့် စိတ်မလုံခြုံမှုက အခုချိန်အထိ ရှိနေတာပါ။
စစ်ကြောရေးကနေ အကျဉ်းထောင် အဲ့ဒီကနေမှ မလွတ်မြောက်ဘဲ အသက်သေဆုံးခဲ့ရသူတွေကတော့ သုံးနှစ်အတွင်းမှာ ၁၅၈၈ ယောက်ရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေ၊ တပ်ထောက်ခံသူတွေကနေ နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးပြီးနောက် ထောင်တွင်း၊ စစ်ကြောရေး၊ စစ်တန်းလျား၊ ပြင်ပထိန်းသိမ်းရာနေရာတွေမှာ သေဆုံးတာတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။
အဲ့ဒီထဲမှာလည်း အများဆုံးက စစ်ကိုင်းတိုင်းထဲကပဲဖြစ်ပြီး မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန် တို့တွေမှာလည်း သေဆုံးသူများခဲ့ပါတယ်။
AAPP ရဲ့ မှတ်တမ်းတွေအရ သုံးနှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းထဲက လူပေါင်း ၃၀၉ ယောက် အဖမ်းခံရပြီး အယောက် ၇၇၀ အသတ်ခံရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကလည်း အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လတာ ကာလအတွင်း သေဆုံးသူ ၅၂၀ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
သုံးနှစ်တာ ကာလအတွင်းမှာဆိုရင် သေဆုံးသူ လူဦးရေ ၆၈၈၀ ရှိတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ထုတ်ပြန်ထားပါတယ်။














