အဖမ်းခံရတဲ့ ဇနီးနဲ့ သမီးနှစ်ယောက်ရဲ့ ရုပ်ပျက်အလောင်းတွေပဲ ပြန်ရခဲ့တဲ့ မိသားစု

အဖမ်းခံရသူတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

"သူတို့ဖမ်းခေါ်သွားတာ ကျွန်တော့်အမျိုးသမီးရယ်၊ သမီးအကြီးက ၁၆ နှစ်၊ အငယ်မလေးက ၁၄ နှစ် ပါ မီးရှို့ထားတဲ့အလောင်းတွေမှာ အငယ်မလေးရဲ့ နားတောင်းကို တွေ့လိုက်ရတော့ ကျွန်တော့်သမီးဆိုတာ သေချာသွားပါတယ်။ သားငယ်လေးကတော့ သူ့အမေတွေ အစ်မတွေကို သင်္ဂြိုဟ်ပြီးတာတောင် ပြန်ထလာမယ်ထင်ပြီး ညဆိုရင်ဖုန်းဆက်ခိုင်းတယ်။"

ဇနီးနဲ့ အသက်မပြည့်သေးတဲ့ သမီးငယ် ၂ ယောက်ကို ရွာကနေ ဖမ်းခေါ်သွားပြီး နောက်တရက်မှာ ရုပ်ပျက်နေတဲ့ အလောင်းတွေသာ ပြန်ရခဲ့တဲ့အကြောင်း စစ်ရှောင်တစ်ဦး ဖြစ်တဲ့ ဦးတာက ပြန်ပြောပြခဲ့တာပါ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ချောင်းခွကျေးရွာမှာရှိတဲ့ စစ်ရှောင်တွေ ရှိတဲ့နေရာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နောက်တနေ့မှာတော့ အသက် ၄၀ အရွယ် ဒေါ်နူးလျန်နဲ့ အသက် ၁၆ နှစ်အရွယ် ငွန်ဇျထန်းနဲ့ အသက် ၁၄ နှစ်အရွယ် ထန်းနွံကျွဲ တို့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ချောင်းခွကျေးရွာကနေ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို သံဖိုရွာနဲ့ ခွေကျိန်ရွာနားမှာ မီးရှို့ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ရှောင်တဲတွေအထိ လာဖမ်းတယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ချောင်းခွကျေးရွာမှာတော့ တခြားရွာတွေက လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေလည်းရှိနေပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့ညပိုင်းကတော့ စစ်ကောင်စီတပ်တွေ ရောက်လာခဲ့ပါတယ်။

ရွာထဲကိုရောက်လာချိန်မှာတော့ နေကြာခင်းနားမှာရှိနေတဲ့ စစ်ရှောင်တဲက မိသားစုတွေအကုန်ထွက်ပြေးတိမ်းရှောင်ကြပြီး ဦးတာကတော့ တဲအတွင်းမှာကျန်ခဲ့တယ်လို့ အဲ့ဒီနေ့ကဖြစ်ရပ်ကို ကာယကံရှင်တွေက ပြန်ပြောပြခဲ့တာပါ။

``ကျွန်တော့်ကို အရင်ဖမ်းတယ်။ ပြီးတော့ ထွက်ပြေးသွားတဲ့ မိသားစုတွေကို ဘာမှမလုပ်ပါဘူး ဖုန်းဆက်ခေါ်ပေးဆိုပြီးခေါ်ခိုင်းတယ်။ မခေါ်ရင်ပစ်သတ်မယ်လို့ ပြောတယ် `` လို့ ချောင်းခွရွာက ဦးတာက ပြောပြပါတယ်။

ကျန်တဲ့ အနီးအနားက တဲသုံးလေးတဲက လူတွေကိုလည်း ပြန်ခေါ်ခိုင်းပေမဲ့ ကျန်သူတွေက ပြန်မလာကြဘူးလို့ ပြောပါတယ်။

ဖုန်းဆက်ခေါ်လိုက်ချိန် နေကြာခင်းအနီးမှာ ပုန်းနေတဲ့ မိသားစုတွေ ရောက်လာချိန်မှာတော့ အကုန်လုံးကို ဖမ်းဆီးလိုက်တယ်လို့ သူက ဆက်ပြောပြပါတယ်။

``ကျွန်တော်နဲ့သမီးအကြီးကိုကျတော့ လက်ထိတ်ခတ်ထားတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ သမီးငယ်ကိုကျတော့လက်ကို နောက်ပြန်ကြိုးတုပ်ပြီးဖမ်းသွားတယ်။ ကျွန်တော်တို့ကျတော့ တဲအောက်ကမန်ကျည်းပင်မှာဖမ်းထားပြီး အမျိုးသမီးနဲ့ သမီးတွေကိုတော့ တဲပေါ်မှာထားတယ်။ ကျွန်တော်အပင်အောက်ကထတာနဲ့ ပစ်သတ်မယ်လို့ ပြောတယ်`` လို့ ဦးတာက ပြောပြပါတယ်။

သူတို့ မိသားစုက မိန်းကလေးတွေချည်းပဲ ရွေးပြီး ဖမ်းဆီးခံရတာကို ဘာကြောင့် ဆိုတာ အတိအကျ မသိပေမဲ့ သူတို့ကို ရည်ရွယ်ချက်ချက်ရှိရှိ ဖမ်းဆီးသွားတာလို့ ယူဆကြောင်း သူက ပြောပါတယ်။

အဲဒီဒေသတဝိုက်မှာ စစ်ကောင်စီကို ဆန္ဒပြမှုတွေ၊ အမျိုးသမီးတွေပါ လက်နက်စွဲကိုင်ဆန့်ကျင်ကြတဲ့အထိ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ ရှိပေမဲ့ အခုလို အမျိုးသမီးတွေကိုချည်း ရွေးချယ်ဖမ်းဆီးရတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေရှိခဲ့တယ်လို့ဆို

ဇနီးနဲ့သမီးဖြစ်သူတွေကို ဖမ်းဆီးထားချိန်မှာတော့ မမြင်တွေ့ရပေမဲ့ တဲပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကား လုပ်နေတဲ့အသံတွေ ကြားခဲ့ရတယ်လို့ ဦးတာက ပြောပြပါတယ်။

`` အသံတွေကြားနေရတယ်။ အငယ်မလေးကို စစ်သားတွေက သူတို့ပေါင်ပေါ်တင်ပြီး ပါးတွေကိုင်နေတာ။ အကြီးမကိုကျတော့ အရက်အတင်းတိုက်တယ်။ အရက်ထဲမှာ ဆေးလည်းပါတယ် ထင်တယ်။ အကြီးမက မူးလာတော့ ညဘက် မင်းအောင်လှိုင် ငါ့ကိုသတ်ချင်သတ်လိုက် တခြားလူတွေကို မသတ်နဲ့ဆိုပြီး အော်ဟစ်ဆဲဆိုနေတာ ကျွန်တော်တဲအောက်ကနေ အကုန်ကြားရတယ်။ ထသွားရင်လည်း ကျွန်တော်ထတာနဲ့ ပစ်သတ်မယ်ပြောတယ်``လို့ အဲ့ဒီညက အဖြစ်အပျက်ကို ပြန်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့က လိင်စော်ကားမှုလုပ်ခဲ့တဲ့အမှုကို အရေးယူတဲ့သတင်း တချို့ ထုတ်ပြန်ခဲ့ဖူးပေမဲ့ အခု ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။

အလောင်းက နားကပ်ကြောင့် သမီးကို အတည်ပြုခဲ့ရ

ဖေဖော်ဝါရီ ၂၃ရက် ရွာကနေ စစ်တပ်ပြန်ထွက်သွားချိန်မှာတော့ ဦးတာကို ရွာမှာချန်ထားခဲ့ပေမဲ့ အမျိုးသမီးနဲ့သမီးငယ် နှစ်ယောက်ကို စစ်တပ်က ဖမ်းခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

`` သူတို့ကို ခေါ်သွားတဲ့လမ်းကိုတောင် ကျွန်တော့်ကို လှည့်မကြည့်ခိုင်းဘူး။ လှည့်ကြည့်ရင်ပစ်သတ်မယ်ဆိုပြီး ခေါ်သွားတယ်။ နောက်နေ့တွေမှာ ရန်ကြီးအောင်နားမှာ သမီးတွေကို တွေ့တယ်ကြားတယ်။ ဒါပေမယ့် ပြန်တွေ့တော့ အလောင်းတွေတောင် ရုပ်ပျက်နေပါပြီ။ မီးလောင်ပြင်ထဲက အလောင်းမှာ ဝတ်ထားတဲ့ နားတောင်းက သမီးငယ်လေး နားတောင်းဆိုတော့ သေချာသွားပါတယ်။ နာရေးလည်း လုပ်ခဲ့ပြီးပါပြီ `` လို့ ဦးတာက ဆိုနင့်နေတဲ့ အသံနဲ့ ပြန်ပြောပြလာတာပါ။

ရုပ်အလောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

အဖြေမရှိတဲ့ သားငယ်ရဲ့မေးခွန်း

အခုလို ချောင်းခွရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးတဲ့နောက် သူတို့မိသားစုကိုပဲ ရွေးချယ်ဖမ်းဆီးသွားတာဟာ သတင်းပေး တိုင်တန်းမှုတွေ ကြောင့်လို့လည်း ဦးတာက ပြောပြပါတယ်။

အခုချိန်မှာတော့ မိသားစု ၆ ယောက်ရှိတဲ့ ဦးတာတို့မှာ လူမမယ်သားနှစ်ယောက်နဲ့ ဖခင်ဖြစ်သူသာ ကျန်ခဲ့ပါတော့တယ်။

`` ဘေးမှာကတဲတွေမှာလည်း မိသားစုတွေရှိပေမဲ့ ကျွန်တော့်တို့ မိသားစုဆီပဲ တန်းလာတာ သတင်းပေးကြောင့်လို့ပဲထင်တယ်။

အပြစ်မဲ့တဲ့သူတွေကို ဘာလို့လုပ်တာလဲ ၊ စစ်တပ်မှာလည်း စစ်စည်းကမ်းတွေရှိတယ်လေ။ အခုတော့ ကျန်ခဲ့တဲ့ လေးနှစ်သားလေးကလည်း သူ့အမေနဲ့အစ်မတွေ နာရေးကို တွေ့တာတောင် ပြန်ထလာမယ်ပဲ ထင်နေတာ ။ ညဘက်တွေဆို ဖုန်းခေါ်ခိုင်းတယ်။ ကျွန်တော်တို့ မကျေနပ်ဘူး`` လို့ ဦးတာက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်တာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေကိုယ်တိုင်က ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ချက်တချို့ အခါအားလျော်စွာ ထုတ်ပြန်တာတွေ့ရပေမဲ့ ဒေသခံတွေပြောဆိုတာတွေနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တချို့မှာ ကွဲလွဲချက်တွေ ရှိပါတယ်။