မြန်မာစစ်အာဏာသိမ်း - အကျဥ်းကျနေစဥ်မှာ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ

သရုပ်ဖော်ပုံ
    • ရေးသားသူ, ဘီဘီစီ သတင်းထောက် လာရာ အို၀င် နဲ့ ကိုကိုအောင်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန

ကိုယ်တွေ့ကြုံခဲ့ရသူတွေ ဘီဘီစီကို ပြောကြားချက်အရ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အကျဥ်းခန်းတွေထဲမှာ အနှိပ်စက်ခံရတာတွေ၊ ကာယိန္ဒြေပျက်ပြားအောင် အနိုင်ကျင့်ထိပါးခံရတာတွေ၊ မုဒိမ်းကျင့်လိုက်ရမလားလို့ ခြိမ်းခြောက်ခံရတာတွေကို ခံနေကြရကြောင်း သိရပါတယ်။

ဒီနှစ်အစောပိုင်းက မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အတွက် အဖမ်းဆီးရတဲ့ အမျိုးသမီး ၅ ယောက်က သူတို့ဖမ်းဆီးခံရပြီး အကျဥ်းကျခံရစဥ်မှာ ကိုယ်ထိလက်ရောက် ထိပါးခံရတယ်၊ နှိပ်စက်ခံရတယ်ဆိုတာကို ပြောပြကြပါတယ်။

သူတို့ရဲ့ လုံခြုံရေးအတွက် သူတို့ရဲ့ အမည်တွေကို ပြောင်းလဲ ဖော်ပြထားပါတယ်။

ဒီသတင်းဆောင်းပါးမှာ အနိုင်ကျင့်ထိပါးပုံတွေကို ရေးသားဖော်ပြထားရတာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါ၀င်တယ်ဆိုတာကို သတိပေးပါရစေ။

မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလဆန်းကစပြီး နိုင်ငံတ၀န်းမှာ ဆန့်ကျင်ဆန္ဒပြတာတွေဖြစ်နေရာမှာ အမျိုးသမီးတွေက အဲဒီ အာခံတော်လှန်ကြတဲ့ လှုပ်ရှားမှုတွေထဲ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်။

မြန်မာနိုင်ငံက စစ်တပ်ရဲ့ အဖမ်းခံရသူတွေ ပျောက်ချင်းမလှပျောက်သွားတာ၊ လူတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးတာ၊ နှိပ်စက်တာ စတဲ့နည်းတွေကို အရင်ကတည်းကသုံး လာခဲ့ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်တာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners -AAPP)က ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ပြုစုထားတဲ့ စာရင်းတွေအရ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စစ်တပ်က နှိပ်ကွပ်ရာမှာ အမျိုးသမီး ၉၃ ယောက်အပါအ၀င် အရပ်သားပြည်သူ ၁,၃၁၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကျဥ်းစခန်းတွေ အတွင်းမှာ အနည်းဆုံး အမျိုးသမီး ၈ ယောက်သေဆုံးခဲ့ရပြီး သူတို့ထဲက ၄ ယောက်ဟာ စစ်ကြောရေးစခန်းတွေမှာ သေတဲ့အထိ နှိပ်စက်ခံခဲ့ရတာပါ။

အမျိုးသမီး ၂,၀၀၀ ကျော်အပါအ၀င် လူစုစုပေါင်း ၁၀,၂၀၀ ကျော်လည်း ထိန်းသိမ်းအကျဥ်းချတာ ခံရပါတယ်။

သရုပ်ဖော်ပုံ

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူ မအိမ်စိုးမေဟာ ၆ လ နီးပါး အကျဥ်းကျခံခဲ့ရပြီး အကျဥ်းကျခံရတဲ့ ပထမ ၁၀ ရက်လောက်မှာ သူဟာ မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတခုထဲမှာ နေခဲ့ရပါတယ်။ အဲဒီ စစ်ကြော‌ရေး စခန်းမှာ သူ ကာယိန္ဒြေပျက်ပြားအောင် မတော်မတရားပြုမူတာ ခံခဲ့ရတယ်၊ နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ တောင်းဆိုတဲ့အချက်တွေကို ရေးထားတဲ့ လက်ကိုင်ပိုစတာတွေလုပ်နေတုန်း တမနက်မှာ သူအဖမ်းခံလိုက်ရပါတယ်။ နောက်တော့သူ့ကို ဖမ်းတဲ့သူတွေက ဗင်ကားတစီးရဲ့ နောက်ခန်းထဲကို ခပ်ကြမ်းကြမ်း တွန်းပြီး ထည့်ခေါ်သွားတာခံခဲ့ ရတယ်လို့ မအိမ်စိုးမေက ဘီဘီစီကို ပြောပါတယ်။

"(နေရာတခုကိုရောက်ပြီး) ညဦးပိုင်းလောက်ဖြစ်မယ်ထင်တယ်၊ ညီမကို ခေါ်သွား တယ်။ ညီမမျက်လုံးတွေကို သူတို့အ၀တ်နဲ့စည်းတယ်။ စည်းပြီးတော့ စစ်ကြောရေး လုပ်မယ့် အဆောင်ကိုခေါ်သွားတာ‌၊ ပြီးတော့ ခေါ်သွားတဲ့ လမ်းတလျှောက်မှာ ဘာတွေဖြစ်လဲဆိုတော့၊ ဟို... လူကိုအရူးလုပ်တာပေါ့။ ဘာမှလည်း ရှေ့မှာမရှိဘဲနဲ့ တခုခုရှိတဲ့ပုံစံနဲ့ ကျော်ခိုင်းတယ်။ ငုံ့ခိုင်းတယ်၊ လေးဖက်သွားရလောက်တဲ့ အထိ ငုံ့ခိုင်းတာမျိုးတွေ၊ ဘာမှမရှိဘဲနဲ့ ကျော်ခိုင်းတာမျိုးတွေ အဲလိုမျိုးတွေ လုပ်ကြ တယ်"လို့ မအိမ်စိုးမေက ပြောပြပါတယ်။

သူ့ကိုဖမ်းထားတဲ့သူတွေက မေးခွန်းတွေမေးတယ်၊ သူတို့မကြိုက်တဲ့ အဖြေကို ဖြေမိရင် အဲဒီ မကြိုက်တဲ့ အဖြေတိုင်းမှာ သူတို့က ဝါးတုတ်နဲ့ သူ့ကို ရိုက်ပါတယ်။

သူ့ရဲ့ လိင်မှုဘဝ အသေးစိတ်တွေကို ထပ်ခါထပ်ခါ မေးကြတယ်လို့လည်း မအိမ်စိုးမေက ပြောပါတယ်။

စစ်ကြော‌ရေး လုပ်တဲ့တယောက်က "ဒီ စစ်‌ကြောရေးကို ရောက်လာတဲ့ မိန်းကလေးတွေ ဘာလုပ်ခံရသလဲ သိလားတဲ့၊ မသိဘူးလို့ဆိုတော့၊ သူက မသိရင် မှတ်ထားတဲ့ ငါတို့က မုဒိမ်းကျင့်တယ်တဲ့၊ ပြီးရင်သတ်ပစ်တယ်တဲ့"လို့ ပြောပြီး ခြိမ်းခြောက်တယ် လို့ ဆိုပါတယ်။

သူ့မျက်စိတွေကို ပိတ်စည်းခံထားနေရတဲ့အချိန်မှာ ကာယိန္ဒြေပျက်ပြားအောင် မ‌တော်မတရား လုပ်တာ ကိုလည်း သူခံခဲ့ရပါတယ်။

"ညီမ အင်္ကျီက ညီမနဲ့ဆို အရမ်းပွနေတယ်။ အတွင်းမှာ အတွင်းခံတော့ရှိတယ်။ သူတို့က အင်္ကျီကို ရင်ဘတ်ကနေ ဆွဲပစ်လိုက်တယ်။ ဆွဲလိုက်တော့ အင်္ကျီက အရမ်းပွနေတော့ အထဲက အတွင်းကို ညီမကိုယ်တိုင်တောင် မြင်နေရတယ်၊ မျက်လုံးက စည်းထားပေမယ့် (မျက်လုံး)အောက်ဘက်ကနေ (ကြည့်ရင်) မြင်နေရတယ်။"

သရုပ်ဖော်ပုံ

သူ့မျက်စိကို ပိတ်စည်းထားတာတွေ နောက်ပိုင်းမှာ သူတို့ ဖြုတ်ပေးတယ်။ အဲဒီမှာ စစ်‌ကြောရေးလုပ်တဲ့ တယောက်က ခြောက်လုံးပြူး သေနတ် ဆုံလည်ထဲမှာ ကျည်ဆံတ‌တောင့်ကို ချန်ထားပြီး ကျန်တဲ့ကျည်တွေကို ထုတ်ပစ်ပြနေတာကို သူတွေ့နေရပါတယ်။

သူနဲ့အဆက်အသွယ်ရှိတဲ့လူတွေအကြောင်းကို အသေးစိတ် မပြောတဲ့အခါ သူတို့က သူ့ပါးစပ်ကို ဟခိုင်းပြီး "အဲဒီ သေနတ်ပြောင်း၀ကို ထည့်တယ်"လို့ မအိမ်စိုးမေက ‌ပြောပါတယ်။

ယာယီထိန်းသိမ်းရေးစခန်းတွေ

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာ သုတေသီ မမန်နီမောင်က စစ်ကြောရေးစခန်းတွေဆိုတာ "ထိန်းသိမ်းရေးစခန်းဆိုပြီး ယာယီလုပ်ထား တဲ့ နေရာမျိုးတွေမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ စစ်တပ်ဘားတိုက်နောက်က အခန်း တခန်း ထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ လူတွေမနေတော့တဲ့ တိုက်တာအဆောက်အအုံ တခုထဲမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ ကြုံသလိုလုပ်နေကြတာ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရှေ့နေတ‌ယောက်နဲ့လည်း ဘီဘီစီက မေးမြန်းနိုင်ခဲ့ပါတယ်၊ သူ့ရဲ့လုံခြုံရေးအတွက် အမည်တော့ မဖော်ပြဖို့ ပြောပါတယ်။

စစ်‌ကြောရေး လုပ်စဥ်မှာ နှိပ်စက်ခံရတယ်၊ လိင်ပိုင်းစော်ကားနှောင့်ယှက်တာကို ခံခဲ့ရတယ်လို့ ပြောကြတဲ့ ထိန်းသိမ်းခံခဲ့ရသူတွေ အတော်များများရှိတယ်လို့ အဲဒီရှေ့နေ အမျိုးသမီးက ပြောပါတယ်။

အဲဒီရှေ့နေက "ကျွန်မရဲ့ အမှုသည် တယောက်ဆိုရင် လူမှားပြီး အဖမ်းခံရတာ။ သူ(အဲဒီအမျိုးသမီး)က အဲဒီသူတို့ဖမ်းဖို့လာတဲ့လူဟာ သူ မဟုတ်ပါဘူးလို့ ရှင်းပြတယ်၊ မရပါဘူး၊ ဖမ်းသွားတာပဲ။ သူ့ခြေထောက် ညို့သကျည်းတွေပေါ်ကို သံတုတ်လုံး တချောင်းကိုတင်ပြီး ဖိလှိမ့် နှိပ်စက်ကြတယ်၊ သတိမေ့သွားတဲ့အထိ အဲဒီလို နှိပ်စက်ကြတာ"လို့ ပြောပါတယ်။

အဲဒီအမျိုးသမီးကို "နောက်စစ်ကြောရေးစခန်းတခုကို ပို့လိုက်ကြတယ်၊ အဲဒီမှာ အစောင့်အမျိုးသားတယောက်က မင်းငါနဲ့ အိပ်မယ်ဆိုရင်၊ မင်းကို ငါလွှတ်ပေးမယ်" လို့ ပြောတဲ့အကြောင်း သူက ထပ်ဖြည့်ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရားရေးစနစ်က သိပ်ကို နားလည်ဖို့ခက်ခဲတယ်ဆိုတာကို ပြောပြပြီး သူ့လိုမျိုး ရှေ့နေတွေအနေနဲ့ တခါတရံမှာ လုပ်နိုင်တာ ဘာမှ မရှိသလို ခံစားရတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့က (ဖမ်းတာတွေ၊ စစ်ကြောရေးလုပ်တာတွေကို) ဘာလို့လုပ်တာလဲလို့ ပြန်စိန်ခေါ်ပြီးမေးချင်တယ်၊ ဒါပေမယ့် အဲဒီလုပ်ငန်းစဥ်တွေက တရား၀င်ဖြစ်တယ်၊ အမိန့်အရ (စစ်ကြောရေးလုပ်နေသူတွေက) လုပ်ကြတာလို့ ပြန်ဖြေကြတယ်။"

မအိမ်စိုးမေက သူကြုံခဲ့ရတွေပြောပြတဲ့အပေါ် ဒါတွေ အမှန်ဖြစ်ခဲ့တာလားဆိုတဲ့ အပေါ် အတည်ပြုချက်ရဖို့ မလွယ်တဲ့အချိန်မှာပဲ သူတို့လည်း စစ်ကြောရေးစခန်း တွေမှာ နှိပ်စက်ခံရတယ်၊ လိင်ပိုင်းစော်ကားတာခံခဲ့ရတယ်လို့ ပြောကြတဲ့ ထိန်းသိမ်းခံ ခဲ့ရသူ တခြားအမျိုးသမီးတွေရှိတဲ့အတွက် ဘီဘီစီက သူတို့ကိုလည်း ဆက်သွယ်ပြောခဲ့ပါတယ်။

"လက်သုံးချောင်းထောင်ပြီးတော့ တနာရီကျော်လောက် ကျွန်မကို မတ်တပ်ရပ် ခိုင်းထားတယ်။ အစောင့်တယောက်က ကျွန်မ ပခုံးပေါ် လက်လာတင်ပြီးတော့ ဆံပင်ကို လက်နဲ့လာကိုင်ဖွပြီး ကစားတာမျိုး အဲဒီလိုမျိုးလုပ်တာခံခဲ့ရတာတွေရှိ တယ်"လို့ အထိန်းသိမ်းခံခဲ့ရသူ အမျိုးသမီးတယောက်က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ စစ်ကြောရေးစခန်း တခုကို ခေါ်သွားတာ ခံခဲ့ရတဲ့ တခြားအမျိုးသမီးတယောက်က "သူတို့က အမျိုးသမီးငယ်တွေကို အခန်းထဲကနေ ခေါ်သွားတယ်။ တချို့မိန်းကလေးတွေ ပြန်လာကြတဲ့အခါ သူတို့ အင်္ကျီကြယ်စေ့တွေ ပြုတ်ထွက်နေတာမျိုးတွေ ဖြစ်နေတာကို တွေ့ကြရတယ်"လို့ ပြောပါတယ်။

"သတင်းတုတွေ"

မအိမ်စိုးမေရဲ့ ထုတ်ဖော်‌ပြောကြားချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက မေးတော့ သူက နှိပ်စက်တာတွေ လုပ်တာမျိုး မရှိပါဘူးလို့ ငြင်းပါတယ်၊ ဒါတွေက "သတင်းတု"တွေလို့လည်း သူကဆို ပါတယ်။

ဒီနှစ်အစောပိုင်းလောက်က စစ်ကောင်စီဟာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး တ‌ယောက်ရဲ့ မျက်နှာပုံကို သူတို့မီဒီယာတွေကနေ ထုတ်လွှင့် ပြသခဲ့ပါတယ်။

အဲဒီအမျိုးသမီးရဲ့မျက်နှာဟာ ရိုက်နှက်ခံထားရပြီး အရင်သူ့ကို မြင်ဖူးသူတွေ မမှတ်မိ နိုင်လောက်အောင်တဲ့ အထိကို ဖြစ်နေတာပါ။ အဲဒီ အမျိုးသမီးရဲ့ ပုံက အွန်လိုင်း မှာ အလျင်အမြန်ကို ပျံ့နှံ့သွားခဲ့ပါတယ်။

သူဟာ လက်နက်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး အခုထိတိုင် ထောင်ထဲမှာ ရှိနေ ပါတယ်။

အဖမ်းမခံရမီနဲ့ အဖမ်းခံရပြီးပုံ

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို သူ့ဒဏ်ရာတွေကို မဖုံးကွယ်ထားဘဲ ဘာ့ကြောင့် စစ်တပ်က ဖော်ပြတာလဲလို့ ဘီဘီစီက မေးပါတယ်။

သူက "တချို့နေရာတွေမှာ ဖမ်းဆီးတဲ့နေရာတွေမှာ ရှိကောင်းရှိနိုင်ပါတယ်။ဖမ်းဆီးတဲ့နေရာမှာ ထွက်ပြေးလို့ မို့လို့ လက်ရဖမ်းဆီးတဲ့နေရာ မျိုးတွေမှာ ရှိကောင်းရှိနိုင်ပါတယ်။ အစိုးရ ရုပ်မြင်သံကြားကလွှင့်တဲ့ပုံကို effect တွေလုပ်ပြီး ထည့်ထားတဲ့ပုံတွေရှိတယ်။အဲဒီလူကို မူရင်းသတင်းထုတ်ပြန်တဲ့ပုံနဲ့ တိုက်ကြည့်ပေါ့ " လို့ ဆိုပါတယ်။

တယောက်တည်းကိုခွဲထုတ် တိုက်ပိတ်အကျဥ်းချခြင်း

စစ်ကြောရေးစခန်းတွေမှာတင် မ‌တော်မတရားပြုကျင့်တာတွေက ဖြစ်နေတာ မဟုတ်ပါဘူး။

‌ဒေါ်လင်းလင်းလို့ ခေါ်တဲ့ အသက် ၅၀ ကျော်အရွယ် လှုပ်ရှားတက်ကြွသူ အမျိုးသမီး တယောက်က ရန်ကုန်က အင်းစိန်အကျဥ်းထောင်အတွင်းမှာ ရက်ပေါင်း ၄၀ ကျော် တဦးတည်း‌ တိုက်ပိတ် အကျဥ်းကျခံရတာကို ဘီဘီစီကို ‌ပြောပြပါတယ်။

သူဝတ်ထားတဲ့ အ၀တ်အစားကလွဲလို့ အဲဒီတိုက်ပိတ်ခံထားရတဲ့ အခန်းထဲမှာ ဘာမှ မရှိပါဘူး၊ ကျန်းမာရေးအတွက်မရှိမဖြစ်တဲ့ ဆေးဝါးတောင်မှ မရှိပါဘူး။ အဲဒီလို တိုက်ပိတ်ခံထားရတဲ့ ကာလမှာ သူသိပ်ကို အားနည်းလာတယ်လို့ ပြောပါတယ်။

"ညကျလို့ရှိရင် မီးတွေပျက်ရင်လည်း ကျွန်မကို ဘာမှလာမပေးဘူး၊ အမှောင်ထဲမှာပဲ ထားတယ်၊ သူတို့၀င်လာပြီး ရိုက်ကြတော့မလား၊ သတ်တော့မလား၊ စိုးရိမ်မိတယ်၊ အမှောင်ထဲမှာပဲ လှဲနေရင်း ကျွန်မတော့ သေတော့မှာပဲလို့ တွေးပူမိတယ်"လို့ သူက ပြောပါတယ်။

"တခါတလေမှာ တခြားတိုက်တွေကနေ အော်သံတွေ၊ ငိုသံတွေ ကြားရတာ မျိုးရှိတယ်။ အဲဒါဆိုရင် တယောက်ယောက် အရိုက်ခံနေရပြီလို့ တွေးမိတယ်။"

သရုပ်ဖော်ပုံ

တနေ့မှာ အမျိုးသားအရာရှိတယောက်နဲ့ အမျိုးသမီးအရာရှိတချို့ သူရှိရာ အမျိုးသမီးအဆောင်ထဲကို ရောက်လာတုန်းက ကြုံရတာကိုလည်း သူက ပြန် ပြောပြပါတယ်။

"ကျွန်မတို့ အမျိုးသမီးအဆောင်ဆိုတာက အမျိုးသားတွေ လာလို့မရဘူး၊ နောက်ပြီး ကျွန်မကို အ၀တ်အစားလည်း လာမပေးထားတော့ ကျွန်မက အဝတ်အစား သိပ်မလုံ မခြုံနဲ့ နေနေရတာ၊ အဲဒါကို အမျိုးသားအရာရှိက ကျွန်မကို ဗီဒီယို ရိုက်သွားတယ်။ ကျွန်မက အစက သူရိုက်နေတာကို သတိမထားမိဘူး။ သူလှည့်ပြန်တဲ့အခါကျမှ ရိုက် နေတာကို တွေ့လိုက်ရတာ။"

HRW လူ့အခွင့်အရေးအဖွဲ့က မမန်နီမောင်က လူ ၁၀၀ လောက်ပဲ ဆံ့မယ့် အဆောင်ထဲမှာ အမျိုးသမီး ၅၀၀ လောက်ကို ကျပ်သိပ်နေအောင် ထောင်တွေထဲမှာ ထည့်ထားကြတာလို့ ဘီဘီစီကို ပြောပါတယ်။ အိပ်ချိန်မှာ လှဲလျောင်းဖို့ အတွက် နေရာက အားလုံးအတွက် မလောက်တာမို့ အမျိုးသမီးတွေဟာ အချိန်ခွဲပြီး အလှည့်ကျ အိပ်ကြရပါတယ်။

အကျဥ်းကျအမျိုးသမီးတွေ တကိုယ်ရည်သန့်ရှင်းရေးအတွက် လုံလောက်တာတွေ မရတာဟာ "အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ"လို့ သူက ပြောပါ တယ်။

ရွှေပြည်သာက စစ်ကြောရေး စခန်းကို ခေါ်ဆောင်သွားခံခဲ့ရတဲ့ အမျိုးသမီးဟာ အဲဒီ အကျဥ်းထောင်ထဲမှာ နေခဲ့ပါတယ်။

သူက" စစ်ကြောရေးစခန်းက ရောက်လာတဲ့ အမျိုးသမီးတွေမှာ မကျက်သေးတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်။ နောက်ပြီး စစ်ကြောရေးမှာ အမျိုးသမီးတချို့ ဆိုရင် ဓမ္မတာရာသီလာနေတာကို ရေချိုးခွင့်မပေးဘဲ ဒီအတိုင်းထားထားတယ်၊ ၇ ရက် လောက်ရှိမှ သူတို့ ရေချိုးလို့ ရတယ်" လို့ ပြောပါတယ်။

အောက်တိုဘာတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ သူတွေထဲက တယောက်ဖြစ်တဲ့ မအိမ်စိုးမေက သူပြန်အဖမ်းခံရနိုင်တယ်ဆိုတာကို ထိတ်လန့် ပေမယ့် လှုပ်ရှားတက်ကြွသူတယောက် အဖြစ် ဆက်ရှိနေရတာက ပိုကောင်းတယ်လို့ ပြောပါတယ်။

"ဒီအလုပ်ကို ဆက်လုပ်လို့ ရှိရင် အဖမ်းခံရနိုင်တယ်၊ ဒါမှမဟုတ် လမ်းပေါ်မှာ သေသွားတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ဒါပေမယ့် ဒါကို ကြောက်လို့ ဆက်မလုပ်ဘူးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဆက်လုပ်ချင်တယ်။ ဒီတော်လှန်ရေးမှာ မပါဝင်လိုက်ရရင် လိပ်ပြာမလုံသလို ခံစားရတယ်။"

"တန်တယ်၊ မတန်ဘူးဆိုတာကိုတော့ ကျွန်မ မစဥ်းစားဖူးဘူး။ မြန်မာနိုင်ငံအတွက် လုပ်‌ပေးချင်တဲ့ စိတ်က ရှိနေတယ်။"

ပုံများ ဖန်တီးသူ - ဒေဗီ ဆာရာ နဲ့ ‌ဂျေလာ ဒက်စ်မဲလ်ချီ

Presentational grey line
BBC