ထောင်နံရံထဲဖြတ်သန်းနေရဆဲ အမျိုးသမီးသတင်းထောက်တွေ

ဓာတ်ပုံ ရင်းမြစ်, BBC MEDIA ACTION
စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ဖမ်းဆီးခံသတင်းသမား ၄၉ ဦး အကျဥ်းထောင်တွေထဲမှာ ဆက်ရှိနေသေးတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံမြန်မာသတင်းသမားများအချက်အလက်ဆိုင်ရာအဖွဲ့ (Detained Journalists Information Myanmar)ရဲ့ စက်တင်ဘာ ၉ ရက်အထိ မှတ်တမ်းက ဖော်ပြပါတယ်။
အဲဒီထဲမှာ ဘီဘီစီ မီဒီယာအက်ရှင်က အစီအစဥ်တင်ဆက်သူဟောင်း မထက်ထက်ခိုင် ၊ MPA သတင်းဌာနက မမှူးရတနာခက်မို့မို့ထွန်းနဲ့ သင်္ဃန်းကျွန်းပို့စ် မီဒီယာက မထက်ထက်အောင်တို့ အပါအဝင်အမျိုးသမီး ၆ ဦးလည်း ပါဝင်ပါတယ်။
မထက်ထက်ခိုင်ဟာ အာဏာသိမ်းပြီးနောက် ခြောက်လကျော်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။
သူ့ကို သွေးထိုးလှုံ့ဆော်မမှန်သတင်းဖြန့်ဝေမှု ပုဒ်မ-၅၀၅ (က) ၊ပုဒ်မ-၁၇ (၁) မတရားအသင်းအဖွဲ့နဲ့ ဆက်သွယ်မှုတွေနဲ့ စွပ်စွဲတရားစွဲဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ၂ မှုအတွက် သီတင်းပတ်ခြားပြီး ၁ မှုအတွက် ၃ နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
မထက်ထက်ခိုင်ကို ထောင်အာဏာပိုင်တွေက ရန်ကုန်မြို့ ၊ အင်းစိန်အကျဥ်းထောင်ကနေ လက်ရှိမှာ ပဲခူးတိုင်း၊ သာယာဝတီထောင်ကိုပြောင်းရွှေ့ထားတယ်လို့ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ စက်တင်ဘာ ၂၇ ရက်ကထုတ်ပြန်တဲ့ မထက်ထက်ခိုင်ထောင်ဒဏ်ချမှတ်ခံမှု ၁ နှစ်ပြည့် ထုတ်ပြန်စာမှာပါရှိပါတယ်။
မထက်ထက်ခိုင်ဟာ ရန်ကုန်အင်းစိန်ထောင်မှာ ၂ နှစ်နီးပါးနေခဲ့ရပြီးတဲ့နောက် သာယာဝတီထောင်ကိုပြောင်းရွှေ့ခံထားရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC MEDIA ACTION
နိုင်ငံရေးအကျဥ်းသားတွေအရေးကူညီလှုပ်ရှားတဲ့အဖွဲ့တွေကတော့ သာယာဝတီထောင်ဟာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံတဝန်း အကျဥ်းသားအခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးနဲ့ အဆိုးရွားဆုံးထောင်အဖြစ် သတ်မှတ်ထားကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''မထက်ထက်ခိုင်က အင်မတန်စိတ်ဓာတ်ခိုင်မာတယ်။ သူဒီကာလကို ဖြတ်ကျော်ရမှာကိုလက်ခံထားပြီး စိတ်အေးအေးနဲ့ကျော်ဖြတ်နေတာ တွေ့ခဲ့ရတယ်။ သာယာဝတီမှာလည်းသူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ပဲ ဆက်ပြီးကျော်ဖြတ်မယ်ဆိုတာ ယုံကြည်ပါတယ် '' လို့ မထက်ထက်ခိုင် နဲ့ အင်းစိန်ထောင်အတွင်းအတူနေခဲ့တဲ့ အမျိုးသမီးသတင်းထောက် မသူဇာက ပြောပြပါတယ်။
သူ့ရဲ့ ဌာနဟောင်းဖြစ်တဲ့ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ မထက်ထက်ခိုင်ဟာ သတင်းသမားတစ်ဦးလုပ်ရမယ့်တာဝန်ကိုသာလုပ်ကိုင်ခဲ့သူဖြစ်ပြီး သတင်းစာပညာဟာ ရာဇဝတ်မှုမဟုတ်ဘူးလို့ ပြောထားပါတယ်။
''မထက်ထက်ခိုင် ထောင်ဒဏ်ချမှတ်ခံရတာတစ်နှစ်ရှိပါပြီ။ ဘီဘီစီမီဒီယာအက်ရှင်အနေနဲ့မထက်ထက်ခိုင်ရဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးကို အလွန်စိုးရိမ်မကင်း ဖြစ်နေရဆဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့အစည်း အနေနဲ့ မထက်ထက်ခိုင်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သတင်းသမားနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်သူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ်'' လို့ ဆိုပါတယ်။
ဘီဘီစီ မီဒီယာအက်ရှင်ဟာ မြန်မာလူထုရဲ့ ကျန်းမာရေးနဲ့လူမှုဘဝကို အထောက်အပံ့ဖြစ်စေတဲ့ သတင်းအချက်အလက်တွေကိုတင်ဆက်ပေးနေတဲ့အစိုးရမဟုတ်တဲ့လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနနဲ့ ကွဲပြားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။
မထက်ထက်ခိုင်ဟာ ဘီဘီစီမီဒီယာအက်ရှင်ရဲ့ 'ခံစားကြည့်' အစီအစဥ်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်က တိုင်းရင်းသားဒေသအထိသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးရှေးရှုတဲ့အစီအစဥ်တွေကိုတင်ဆက်ခဲ့သူလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့လပိုင်းကလည်း မြန်မာသတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာကို ရပ်တန့်ပြီး အဖမ်းခံထားရတဲ့သတင်းထောက်အားလုံးကိုပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ) က စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
မထက်ထက်ခိုင်နည်းတူ သင်္ဃန်းကျွန်းပို့စ် မီဒီယာက မထက်ထက်အောင်လည်း အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်။ မထက်ထက်အောင်ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလက မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာပါ။
သူ့ကိုပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ နဲ့ တရားစွဲဆိုပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလက အင်းစိန်ထောင်မှာနေရာမရှိလို့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတယ်လို့သာ သိရကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။
''သူ့ကို သာယာဝတီထောင်ပြောင်းလိုက်တာ ၅ လလောက်ပဲရှိပါသေးတယ်။ သူ့အဖေဆုံးပြီးနောက်ရက်မှာပဲ သူလည်းအဲဒီကိုသွားရတာ။ သူ့အဖေနဲ့သူတော့ ပြန်မတွေ့ရတော့ဘူးပေါ့။ သူကတော့စိတ်ဓာတ်မကျဘူး၊သူ့အစ်မနဲ့အမေကိုတောင် အားတင်းထားဖို့ ပြန်အားပေးလိုက်တယ် ''လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အခုလိုနယ်ထောင်တွေကို မိသားစုဝင်နိုင်ငံရေးအကျဥ်းသားတွေပြောင်းရွှေ့ခံရတဲ့အတွက် ရန်ကုန်မှာနေထိုင်တဲ့ အကျဥ်းသားမိသားစုဝင်တွေအနေနဲ့ ထောင်ရိက္ခာပို့ရတာမှာ အခက်အခဲတွေ ရှိနေကြတယ်လို့ ပြောကြပါတယ်။
''ရန်ကုန်ကနေ သာယာဝတီသွားရတာ တကယ်မလွယ်ဘူး။ အသွားအပြန်ကားခ ရှစ်သောင်းရှိတယ်။ အစောကြီးရောက်ဖို့လိုတယ်လေ။ တန်းစီရတာလူတန်းရှည်ကြီးဆိုတော့ သူ့အတွက်ရိက္ခာနဲ့ ကားခဆိုတော့ တခါ တခါသွားရင် သိန်းဂဏန်းကုန်တယ်။ ကိုယ်တွေက ပြေလည်တဲ့သူတွေမဟုတ်တော့ အခက်အခဲတွေရှိတာပေါ့ '' လို့ မထက်ထက်အောင်ရဲ့မိသားစုဝင်တစ်ဦးက သာယာဝတီထောင် အထိထောင်ရိက္ခာပို့ရတဲ့အခြေအနေကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
သတင်းသမားတွေဖမ်းဆီးခံရမှုတွေထဲ သတင်းလုပ်ငန်းလုပ်ကိုင်နေချိန်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိသလို စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရတဲ့ အခြေအနေတွေမှာ ဖမ်းဆီးခံရသူတွေလည်းပါဝင်ပါတယ်။
MPA သတင်းဌာနက သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ၂၀၂၁ ဒီဇင်ဘာလ ၅ ရက် မနက်က လုပ်ခဲ့တဲ့ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်မှာ သတင်းယူနေချိန် ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ လက်ရှိမှာရန်ကုန်အင်းစိန်ထောင်မှာ ဆက်ရှိနေပါတယ်။
ဖမ်းဆီးခံရချိန်ကရခဲ့တဲ့ သူ့ရဲ့ ခြေထောက်ကပြင်းထန်ဒဏ်ရာကြောင့် စတီးရိုး ထည့်သွင်းကုသထားပေမဲ့ လူကောင်းတစ်ဦးလို လမ်းလျှောက်နိုင်တာမရှိဘဲ ချိုင်းထောက်အကူအညီနဲ့ သာ သွားလာနိုင်တယ်လို့ ထောင်အတွင်းသူနဲ့ အတူနေထိုင်ခဲ့ရသူ မသူဇာက ပြောပြပါတယ်။
စစ်ကောင်စီက မမှူးရတနာခက်မို့မို့ထွန်းကို သွေးထိုးလှုံ့ဆော်မမှန်သတင်းဖြန့်ဝေမှု ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်ပုဒ်မ ၅၀(ည) တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်မှာ အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတာဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ် ခံထားရတာပါ။
မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ သတင်းထောက်တွေဖမ်းဆီးခံရတဲ့ တတိယ အဆိုးဆုံးနိုင်ငံဖြစ်နေပြီး ဖမ်းဆီးခံခဲ့ရသူတွေထဲက ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရသလို သတ်ဖြတ်ခံရတာနဲ့ စစ်မြေပြင်မှာ သတင်းရယူရင်း သေဆုံးရတဲ့ သတင်းသမားတွေလည်း ရှိခဲ့ပါတယ်။








