မီဒီယာသမား ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို ဖမ်းဆီးတရားစွဲ

မီဒီယာသမား ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို ဖမ်းဆီးတရားစွဲ

ဓာတ်ပုံ ရင်းမြစ်, MRTV

လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတဲ့ ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံရပြီး အဲဒီအမှု အပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ပါ ထပ်ပြီး အရေးယူခံရပါတယ်။

သူ့ကို အဲဒီလို တရားစွဲ အမှုဖွင့်သွားမယ့်အကြောင်း မြန်မာ့ရုပ်သံနဲ့ မြဝတီရုပ်မြင်သံကြားတို့က ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာသွားတာ ဖြစ်ပါတယ်။

သူနဲ့အတူ ဘီဘီစီ မီဒီယာအက်ရှင်မှာ အလွတ်သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်နေသူ မထက်ထက်ခိုင်ကိုလည်း ဖမ်းဆီးမိပြီး အမှုဖွင့် အရေးယူမယ်လို့ ဆိုပါတယ်။

မထက်ထက်ခိုင်ကို အရေးယူရာမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားသူကို နေအိမ်မှာလက်ခံခဲ့တာနဲ့ ဖက်ဒရယ် FM ရေဒီယိုမှာ လုပ်အားပေး အယ်ဒီတာ အဖြစ်လုပ်ကိုင်ခဲ့တဲ့အတွက် မတရားအသင်းနဲ့ ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မီဒီယာအက်ရှင်က ဒီအကြောင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ရာမှာတော့ မီဒီယာအက်ရှင်မှာ အလွတ်တန်းထုတ်လုပ်ရေးမှူး အဖြစ် အလုပ်လုပ်နေသူ မထက်ထက်ခိုင် ဖမ်းဆီးခံရပြီး ပြစ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတာကို ကြားသိရပါတယ်၊ မီဒီယာအက်ရှင်အတွက် အလုပ်လုပ်နေသူတွေရဲ့ လုံခြုံဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးအလေးပြုပြီး အခြေအနေတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတယ်၊ မထက်ထက်ခိုင်ရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

မထက်ထက်ခိုင်ဟာ အရင်က မီဒီယာအက်ရှင်က ထုတ်လွှင့်ခဲ့တဲ့ ခံစားကြည့်ရုပ်သံအစီအစဉ်ရဲ့ တင်ဆက်သူလည်းဖြစ်ခဲ့ပါတယ်။ အဲဒီ ခံစားကြည့်အစီအစဉ်ကို စစ်တပ်က အာဏာမသိမ်းခင်က မြန်မာ့ရုပ်မြင်သံကြားမှာလည်း ထုတ်လွှင့်ခဲ့ဖူးပါတယ်။

မီဒီယာအက်ရှင်ဟာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘီဘီစီမြန်မာပိုင်းသတင်းဌာနနဲ့ လုပ်ငန်းဆောင်ရွက်မှု မတူကွဲပြားပါတယ်။

မထက်ထက်ခိုင် (အလယ်) မီဒီယာအက်ရှင်က ထုတ်လွှင့်ခဲ့တဲ့ ခံစားကြည့်ရုပ်သံအစီအစဉ်ရဲ့ တင်ဆက်သူလည်းဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Media Action

ဓာတ်ပုံ ပုံစာ, မထက်ထက်ခိုင် (အလယ်) ဟာ မီဒီယာအက်ရှင်က ထုတ်လွှင့်ခဲ့တဲ့ ခံစားကြည့်ရုပ်သံအစီအစဉ်ရဲ့ တင်ဆက်သူလည်း ဖြစ်ခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို သြဂုတ် ၁၅ ညပိုင်းမှာ သူတို့ရှိနေတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က တိုက်ခန်းတစ်ခုကို ဧည့်စာရင်းစစ်တယ် ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်ကို ရဲစခန်းမှာ ဖမ်းဆီးထားတာမျိုး မဟုတ်ဘဲ စစ်တပ်စစ်ကြောရေး စခန်းတစ်ခုကို တန်းပြီးခေါ်သွားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေ့က တစ်ဆင့်သိရကြောင်း ဦးစည်သူအောင်မြင့်ရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဖမ်းခေါ်သွားပြီးကတည်းက မိသားစုနဲ့အဆက်အသွယ်မရဘူးလို့လည်း ဆိုပါတယ်။

နောက်ဆုံးစုံစမ်းရတဲ့ သတင်းအချက်အလက်တွေအရ ဦးစည်သူအောင်မြင့်ဟာ အင်းစိန်အကျဥ်းထောင်ကို ရောက်လာတာမရှိသေးကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေက ပြောပါတယ်။

အင်အားအများအပြားနဲ့ လာရောက်

ရန်ကုန်မြို့ ဗဟန်းမှာရှိတဲ့ ရွှေဂုံရိပ်မွန်ကို သြဂုတ်လ ၁၅ ရက်နေ့ ည ၁၀နာရီလောက်က စစ်ကားတွေ ရောက်လာပြီး တိုက် ၉၊ ၁၀ ၊ ၁၁ ၊ ၁၂ ကိုရွေးပြီး ဧည့်စာရင်းစစ်ခဲ့တာဖြစ်ကြောင်းနဲ့ ဦးစည်သူအောင်မြင့်အပါအဝင် လူလေးဦးကို ခေါ်သွားတာတွေ့ရကြောင်း ဗဟန်းမြို့နယ်နေသူတွေက ပြောပါတယ်။

ဧည့်စာရင်းစစ်တယ်ဆိုပေမယ့် လာဖမ်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ ၈၀ ခန့် ရှိတယ်လို့လည်း ရွှေဂုံရိပ်မွန်နေသူတွေက ပြောပါတယ်။

"လေးယောက်အဖမ်းခံရတယ်လို့ သြဂုတ်လ ၁၆ ရက်နေ့မှ သိရတယ်၊ ဧည့်စာရင်းစစ်မယ် ဆိုပြီးတော့ ဖမ်းသွားတယ်လို့ မိတ်ဆွေတွေက လှမ်းပြောကြတယ်၊ အဲ့ဒီနောက်ပိုင်း အဆက်သွယ်မရသေးလို့ စိတ်ပူနေကြတယ်လို့ မထက်ထက်ခိုင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မထက်ထက်ခိုင်ဟာ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်း အဆက်အသွယ်မရတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ထောင်ကို ရောက်မလာသေး

စည်သူအောင်မြင့်

ဓာတ်ပုံ ရင်းမြစ်, Sithu Aung Myint's Twitter

ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးစခန်း ၃ ခုမှာ စစ်ဆေးပြီးမှ အမှုတည်ဆောက်ပြီး အင်းစိန်အကျဥ်း‌ထောင်ကို ပို့လေ့ရှိတယ်လို့ ဦးစည်သူအောင်မြင့်ရဲ့ ရှေ့နေက ပြောပါတယ်။

" စစ်တပ်က ဖမ်းဆီးသွားရင် များသောအားဖြင့်နေရာ ၃ ခုမှာထားလေ့ရှိတယ်၊ ကိုးမိုင် စစ်တပ် ရယ်၊ ရွှေပြည်သာ စစ်ကြောရေးစခန်းရယ်၊ ရေကြည်အိုင်ရယ်။ အဲ့ဒီနောက်မှ အမှုတည်ဆောက်ပြီး အင်းစိန်ထောင်ကိုလွှဲလေ့ရှိတယ်" လို့ ရှေ့နေက ပြောပါတယ်။

အင်းစိန်ထောင်က အခုရက်ပိုင်းမှာ ကိုဗစ်ရောဂါကြောင့်ပိတ်ထားပြီး လူသစ်တွေ ရောက်တာ မရှိသေးဘူးလို့လည်း အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဦးစည်သူအောင်မြင့်ကို ဆူပူအောင်လှုံ့ဆော်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၅၀၅-ကနဲ့ ဧပြီလက အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

ဖရန်တီယာ မြန်မာနဲ့ ဗီအိုအေတို့ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ရဲ့ နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေကို အွန်လိုင်းနဲ့ ရုပ်သံတွေမှာ တင်ဆက်လေ့ရှိပါတယ်။

အခုအခါ ထောင်ထဲတွင် အထိန်းသိမ်းခံထားတဲ့ သတင်းသမားတွေရှိပြီး တချို့ ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်တွေ ချမှတ်ထားတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၃ လ အတွင်းမှာ သတင်းသမား၈၀ ကျော် တရားစွဲခံထားရပြီး တစ်ဝက်ကျော်က ဖမ်းဆီးထိန်းသိမ်းခံထားရသလို သတင်းဌာန ၈ ခု လည်း လိုင်စင်တွေ ပိတ်သိမ်းခံခဲ့ရပါတယ်။