စစ်အာဏာရှင်လက်အောက်က ဖိနှိပ်ခံသတင်းသမားများ

ဓာတ်ပုံ ရင်းမြစ်, Social
စစ်တပ်ကအာဏာသိမ်းပြီး တစ်လ ကျော် ခန့်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်၊ပြည်မြို့က နာရီစင်နားမှာ အသက်မပြည့်သေးတဲ့ ဆန္ဒပြ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်တွေ ရိုက်နှက်နေတဲ့ ရုပ်သံကိုရိုက်ကူးနေတုန်းမှာပဲ နယ်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ DVB သတင်းဌာနက ကိုမင်းညိုဟာ အဖမ်းခံလိုက်ရပါတယ်။
“ကျွန်တော်က ဆိုင်တစ်ခုထဲ ကနေ ရိုက်နေတာ၊ အဲ့ဒီမှာ ဟိုမှာတစ်ယောက် ဖုန်းနဲ့ရိုက်နေတယ်၊ ရိုက်နေတယ်ဆိုပြီး ကျွန်တော်ကိုပါ ဝင်ရိုက်ကြတာအဲ့ဒီအချိန်မှာ ကျွန်တော်က သတင်းထောက်မှန်း မသိသေးဘူး၊ လူကို တရွတ်တိုက် လမ်းမပေါ် ဆွဲခေါ်သွားတယ်။ ခေါင်းလည်းကွဲသွားတယ်” လို့ ကိုမင်းညိုက ပြောပါတယ်။
အဲ့လို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရိုက်နှက်နေချိန်မှာ ပြည်မြို့ရဲတပ်ဖွဲ့ ခရိုင်အရာရှိတစ်ယောက်က အရိုက်ခံနေရသူဟာ သတင်းထောက်ဖြစ်တာကို သိသွားခဲ့ပါတယ်။ သတင်းထောက်မှန်း ရဲတပ်ဖွဲ့ဝင်တွေ သိသွားချိန်မှာတော့
“ဟာ အဲဒီကောင် သတင်းထောက် သတ်၊ သတ်၊ သတ်ဆိုပြီး စစ်သားတွေကို ပြောတာ၊ ရိုက်တာတောင်မဟုတ်ဘူးနော်၊ သတ် ၊ သတ် ဆိုပြီးခိုင်းတာ၊ စီးထားတဲ့ စစ်ဖိနပ်နဲ့ သူကိုယ်တိုင် ကန်တယ်။ အဲဒီကောင် တိုင်းပြည်ကို ရောင်းစားနေတဲ့ကောင်တွေ၊ မဟုတ်တမ်းတရား သတင်းတွေဖြန့်နေတဲ့ကောင်တွေ၊ လိမ်ညာနေတဲ့ကောင်တွေလို့ ပြောပြီးတော့မှ ဘေးမှာရှိတဲ့ စစ်သားတွေက တက်ကြွပြီး ပိုပြီးဝိုင်းရိုက်ကြတာ။ ပြီးတော့ အဲ့မှာတင် ကျွန်တော်လည်း သတိလစ်သွားတာပေါ့”
သူသတိရလာချိန်မှာတော့ စစ်ဒေသ ကွပ်ကဲမှုဦးစီးရုံး ( ဒကစ ) ကိုရောက်နေပြီး စစ်ကြောရေးခန်းတစ်ခုကို ရောက်နေပါတယ်။
“အဲ့ဒီမှာလည်း ဘာမှမစစ်ဘဲနဲ့ နှစ်ရက်လုံးလုံး လှည့်ရိုက်နေတာ။ ကျွန်တော်နဲ့အတူ အဲ ဒီ နေ့က လေးယောက် အဖမ်းခံရတယ်၊ ကျန်တဲ့ သုံးယောက်ကို တစ်ခါလောက်စီလှည့်ရိုက်ပြီးတော့ ကျွန်တော်ကိုတော့ သတင်းထောက်ဆိုတာနဲ့ ထမင်းမကျွေး၊ ရေမတိုက်ဘဲ နှစ်ရက်တိတိကို ရိုက်တာ”
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး သတင်းသမား အယောက် ၁၃၀ ထက်မနည်း အဖမ်းခံရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၇၂ ယောက်ရှိနေသလို သတင်းသမား ၄ ယောက်လည်း သေဆုံးခဲ့တယ်လို့ RSF နယ်စည်းမခြားသတင်းသမားများအဖွဲ့က ဇန်နဝါရီ ၃၀ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက်အလုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ သတင်းမီဒီယာတွေကို ပြောဆိုလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖမ်းဆီးခံထားရသူတွေထဲမှာ ကိုမင်းညိုလိုမျိုး ဖမ်းဆီးနှိပ်စက်ခံရသူတွေ ဒါဇင်နဲ့ချီပြီး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ကမ္ဘာပေါ်မှာ သတင်းမီဒီယာတွေ အများဆုံး ဖမ်းဆီးခံရတဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယမှာရှိနေတယ်လို့ RSF က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထောင်ဒဏ်ချမှတ်ခံရသူက ၅ ဆအထိ မြင့်တက်နေသလို ထောင်ဒဏ်တွေလည်း နှစ်ပိုများလာတယ်လို့ RSF က ဆိုပါတယ်။
သတင်းထောက်တွေကို ဖမ်းဆီးတာတွေဟာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ အရေအတွက် ပိုများလာပြီး လက်ရှိအချိန်အထိလည်း ဆက်လက်ဖမ်းဆီးတာတွေရှိနေတာကြောင့် ကိုယ့်တိုင်းပြည်ကနေ ထွက်ပြေးနေရတာ၊ ပုန်းအောင်းနေရတာတွေ ရှိနေတယ်လို့ RSF က ဆိုပါတယ်။
သတင်းစာလွတ်လပ်ခွင့်အနေနဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၀ပြည့်နှစ် ကြားထဲမှာလည်း မြန်မာနိုင်ငံ ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့ကြပေမဲ့ အတိုင်းအတာတစ်ခုအထိ လုပ်ကိုင်ခွင့်တွေ ရခဲ့ကြပါတယ်။
“စစ်အာဏာရှင်လက်အောက်မှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ သတင်းမီဒီယာလွတ်လပ်ခွင့်က ပိုပြီးဆိုးဝါးလာသလို သတင်းထောက်တွေအတွက် အန္တရာယ်ရှိဆုံး၊ အဖိနှိပ်ခံရဆုံး အခြေအနေပါ”လို့ သတင်းစာ လွတ်လပ်ခွင့်အရေး စောင့်ကြည့်သူ သတင်းသမားတစ်ယောက်က ပြောပါတယ်။
သတင်းထောက်တွေ အသတ်ဖြတ်ခံရတာ၊ ဖမ်းဆီး၊ နှိပ်စက်ခံရတာရှိသလို နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ DVB, Myanmar Now,7Day News အပါအဝင် သတင်းဌာန ၁၃ ခုကိုလည်း စစ်ကောင်စီက ပိတ်သိမ်းခဲ့တာပါ။ အဲဒါအပြင် လွတ်လပ်တဲ့ သတင်းသမားအဖွဲ့အစည်းတွေလည်း ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်တွေ မရှိတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းပြီးကတည်းကစလို ဖျက်သိမ်းခံရတဲ့သတင်းတိုက်တွေကသတင်းသမားတွေ၊ အလွတ်တမ်းသတင်းထောက်တွေအတွက်ကတော့ နေ့စဥ်လုံခြုံရေးအတွက် အာမခံချက်မရှိတဲ့ အခြေအနေမျိုးကို ရောက်နေတယ်လို့ သတင်းသမားတွေဘက်က ဝေဖန်ပြောဆိုကြတာလည်း ရှိပါတယ်။
ပြည်တွင်းမှာ အခက်ခဲကြားကနေ သတင်းယူနေတဲ့ သတင်းထောက်တချို့ကလည်း ကိုယ့်ရဲ့နေအိမ်ကနေ တခြားနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။
“ပတ်ဝန်းကျင်အသစ်မှာလည်း သတင်းသမားတစ်ယောက်ဖြစ်တယ်ဆိုတာ အသိမပေးရဲဘူး။ ပေါ်ပေါ်တင်တင်မနေရဲဘူး”လို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ကွယ်ဝှက်ထားကြရတဲ့ အခြေအနေတွေပါ။
ဒါအပြင် စစ်ကြောင်းထိုး၊ မီးရှို့၊ လေကြောင်း တိုက်ခိုက်မှုတွေ၊ တိုက်ပွဲသတင်းတွေအပါအဝင် အတည်ပြုချက် ရယူဖို့ လိုအပ်တဲ့ သတင်းတွေအတွက်လည်း သတင်းသမားတွေအတွက် အခက်ခဲရှိကြပြန်ပါတယ်။
အထူးသဖြင့် စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကိုယ့်ဖုန်းနံပါတ်ကနေ တစ်ဆင့် ထောက်လှမ်းခံရမှာအပါအဝင် လုံခြုံရေးအတွက် စိုးရိမ်နေကြရတာလည်း ရှိပါတယ်။
“စစ်ကောင်စီဘက်ကို တော့လည်း မေးတဲ့မေးခွန်းကို မဖြေ ဘဲ သူတို့ဖြေချင်တာကိုပဲ ပြောတာ၊ ဖုန်းမကိုင်တာတွေရှိတယ်”လို့ ပြည်တွင်းသတင်းသမားတစ်ယောက်က ပြောပြပါတယ်။
“အဲ့တော့ သတင်းအရည်အသွေးအရ နှစ်ဖက်အသံပါရမယ်၊ မျှတရမယ်၊ ဘက်ပေါင်းစုံရမယ်ဆိုတဲ့ စံချိန်စံညွှန်းတွေနဲ့ တိုင်းကြတဲ့အခါ အရည်အသွေးရှိတဲ့ သတင်းတွေက နည်းသွားတာပေါ့။ ဒါပေမဲ့ ဒီလိုအခက်ခဲကြားကပဲ သတင်းတွေရအောင် လုပ်နေကြရတာ”လို့ သတင်းလွတ်လပ်ခွင့်အရေး စောင့်ကြည့်လေ့လာသူ သတင်းသမားက ပြောပါတယ်။
စစ်ကောင်စီကတော့ သတင်းသမားတွေကိုဖမ်းဆီးတာမျိုးထက် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်သူတွေကိုဖမ်းဆီးတာမျိုးတွေလုပ်ဆောင်တာလို့ တုံ့ပြန်ပြောဆိုတာမျိုးလည်း ရှိထားပါတယ်။
စစ်ကောင်စီရဲ့ ထောင်ဒဏ် ၇ လခွဲကျခံခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ကိုမင်းညိုက ပြန်လည်လွတ်မြောက်လာပေမဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်နေတာတွေကြောင့် ထပ်ပြီးအဖမ်းခံရနိုင်တဲ့အတွက် နယ်စပ်တစ်နေရာကို ရှောင်ပြေးနေရပါတယ်။
“ထောင်က လွတ်လာတဲ့နေ့မှာပဲ ရဲတွေက ဆက်တိုက် လိုက်နေတော့တာ၊ ဖုန်းတွေလည်း ဆက်တိုက်ဆက်တယ် ရဲစခန်းကို လာဖို့ဆိုပြီးတော့လေ။ ကျနော်အဖမ်းခံရတုန်းက မပါတဲ့ ဆိုင်ကယ်ကိုလည်း ကိုမင်းညိုနာမည်နဲ့စာရင်းသွင်းထားတယ်၊ စခန်းလာထုတ်ပါဆိုပြီး နည်းလမ်းမျိုးစုံနဲ့ ခေါ်နေတာ။ တကယ်လို့များ ကိုယ့်နေရာက သတင်းတစ်ခုခု တက်သွားရင် ကိုယ်မလုပ်ရင်တောင် ကိုယ့်ကို ပြန်လာဖမ်းနိုင်တယ်။ အဲ့ဒါကြောင့် နေရာရွှေ့လာလိုက်တာ”လို့ ကိုမင်းညိုက ပြောပြပါတယ်။








