နရသိန်အချုပ်ဆောင်ထဲက အမျိုးသမီးသတင်းထောက် တစ်ဦး

အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မကေဇွန်နွေး ဆန္ဒပြပွဲသတင်းယူရင်းဖမ်းဆီးခံရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးသတင်းထောက်တဦး ဆန္ဒပြပွဲသတင်းယူရင်းဖမ်းဆီးခံရပုံ

အမျိုးသမီးသတင်းထောက် မသူဇာ အိမ်ကထွက်သွားပြီးပျောက်သွားခဲ့တဲ့ စက်တင်ဘာလ ၁ ရက် နောက်ပိုင်းကစလို့ သူ့တို့ရဲ့တစ်ဦးတည်းသော သမီးလေးမှာ ထူးထူးဆန်းဆန်း ငိုတက်တဲ့ အလေ့အထတစ်ခု ရှိလာတယ်လို့ မသူဇာ ရဲ့ခင်ပွန်းဖြစ်သူ ကိုရဲကိုကို က ပြောပါတယ်။

အဲ့ဒါကတော့ အသက် ( ၇) နှစ်အရွယ် သမီးလေးဟာ မိသားစု ဓာတ်ပုံတွေမြင်ရင် ဝမ်းပန်းတနည်းဖြစ်ပြီး မျက်ရည်တွေ တတွေတွေစီးကျလာတဲ့ အလေ့အထလို့ သူကပြောပါတယ်။

ဓာတ်ပုံတွေကြည့်ပြီး ငိုတဲ့ သမီးရဲ့ ရှိုက်သံတွေဟာ ဆို့နင့်နေပြီး အသံတိတ်ပြီး အိမ်က အခန်းတစ်ခန်းရဲ့ထောင့်မှာ ဝမ်းနည်းနေတတ်တယ်လို့ ကိုရဲကိုကိုက ပြောပါတယ်၊

"အခုချိန် အမေပြန်လာရင်ကောင်းမှာပဲဆိုပြီး သမီးလေးငိုတဲ့အချိန်လည်းရှိတယ်။ အဖေအနေနဲ့ ရှိနေပေမယ့် အမေအနားမှာရှိတာလိုတော့ ဘယ်တူပါ့မလဲ။"

အင်းစိန်အကျဉ်းထောင်ထဲ ငါးလကျော်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ အမျိုးသမီးသတင်းထောက်တဦးဖြစ်သူ မသူဇာကို သူ့သမီးလေး ဘယ်လောက်ထိ သတိရနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခင်ပွန်းဖြစ်သူ ပြောပြတဲ့စကားတွေ ဖြစ်ပါတယ်။

"ပုံမှန်ဆိုရင်တော့ဘာမှမဖြစ်ပေမဲ့ အင်တာနက်ကနေ မိသားစုဗီဒီယိုလေးတွေ တက်လာတာမျိုးဆိုရင် သူဝမ်းနည်းပြီး ငိုတတ်တယ်။" လို့ သူက ဆက်ပြောပါတယ်။

NO TAG

ကိုဗစ် စည်းမျဉ်းစည်းကမ်းအနေနဲ့ဆိုကာ အကျဉ်းထောင်ဝင်စာတွေ့ခွင့်မရှိတာကြောင့် သမီးလေးဖြစ်သူနဲ့ ရော မိသားစုဝင်တွေနဲ့ပါ ဖမ်းဆီးခံရပြီးနောက်ပိုင်း မသူဇာနဲ့ လူချင်းမတွေ့ကြရသေးပါဘူး။ အကျဉ်းထောင်က‌ နေ တရားဝင်စာပို့လာတဲ့အချိန်မှာလည်း သမီးလေးသူ့ကို မမေ့သွားဖို့ပြောလေ့ရှိတယ်လို့ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက ပြန်ပြောပါတယ်။

"သူနဲ့ကျွန်တော်က ဒိုးတူပေါင်ဖက် အတူအလုပ်လုပ်ကြတာ၊ သူက အလုပ်အရမ်းလုပ်တယ်။ ကြိုးစားတယ်။ အခုကာလမှာ ကျွန်တော်လည်းအလုပ်မရှိတော့၊ အလုပ်ကိုရတာကို လုပ်တယ်။ နောက် အိမ်စရိတ်၊ စားဝတ်နေရေး၊ တလနှစ်ခါ ထောင်ဝင်စာပို့ရတာတွေရှိတယ်။ အဓိကက ဇနီးတယောက်၊ အမေတယောက်မရှိတဲ့ ခံစားချက်ကို ဘာစကားနဲ့မှ ရှင်းပြလို့မရဘူးဗျ၊ ဒါပေမဲ့ သမီးလေးနဲ့ ဒီလိုပဲ လုပ်ကိုင်ရတာပေါ့လေ။" မိသားစုတစုရဲ့ ဇနီးသည်တဦးအနားမှာမရှိချိန်၊ အခြေအနေကို ခင်ပွန်းဖြစ်သူက အခုလိုပြောတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက တစ်လကြာ ပျောက်ဆုံးနေခဲ့တဲ့ သတင်းထောက်ဟောင်း မသူဇာကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ထားတယ်လို့ အကြောင်းကြားလာ ခဲ့တာကို မိသားစုဝင်များက စက်တင်ဘာလကုန်ပိုင်းမှာ သိခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲဖြိုခွဲခံနေရစဉ် သတင်းရယူနေကြပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲဖြိုခွဲခံနေရစဉ် သတင်းရယူနေကြပုံ

သတင်းဂျာနယ်တွေအားကောင်းခဲ့စဥ် မသူဇာဟာ မော်ဒန်ကုမုဒြာဂျာနယ်မှာ အလုပ် စတင်ခဲ့တယ်လို့ သိရပါတယ်၊

နိုင်ငံခြားသတင်းဌာနတွေ ပြည်တွင်းပြန်ဝင်ရောက်လာတဲ့ကာလမှာလည်း လွတ်လပ်တဲ့အာရှအသံ (RFA)သတင်းထောက်အဖြစ် လုပ်ခဲ့သူတဦးလို့ သိရပါတယ်။

အဲ့ဒီနောက် နေ့စဥ်သတင်းစာတွေထုတ်ခဲ့တဲ့ 7 Day သတင်းစာတိုက်ရဲ့ 7 Day TV မှာလုပ်ကိုင်ခဲ့ဖူးတဲ့ သတင်းသမားတဦးလို့ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက ပြန်ပြောပါတယ်။

သတင်းမီဒီယာ လုပ်ဖော်ကိုင်ဖက်တွေအကြား ရင်းနှီးဖော်ရွေတတ်သလို ကူညီရိုင်းပင်းတတ်သူအဖြစ် လူချစ်လူခင်ပေါသူတဦးဖြစ်ပါတယ်။

အမျိုးသမီးသတင်းထောက်ကွန်ရက်မှာ ဦးဆောင်သူတဦးအဖြစ် အမျိုးသမီးသတင်းထောက်အခွင့် အရေးတွေကို တစိုက်မက်မက်တောင်းဆိုခဲ့တဲ့ မသူဇာဟာ စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းတဲ့ အခါမှာတော့ သတင်းထောက်တယောက်ရဲ့ အခွင့်အရေးတွေ မရခဲ့ပါဘူး။ လက်ရှိမှာတော့ အင်းစိန်ထောင်တွင်းက အထူးတရားရုံးမှာ ငါးလနီးပါး ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး တရားလိုဘက်က ရုံးချိန်း (၁၀)ချိန်း စစ်ဆေးပြီးကာ စွဲချက်အမိန့်လည်း ချခံထားရပြီး ဖြစ်ပါတယ်။

မသူဇာအမှုအတွက် တရားလိုပြုလုပ်တိုင်ကြားထားတဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၊ စခန်းမှူးကို ပြန်ခေါ်သက်သေအဖြစ် မသူဇာရဲ့ ရှေ့နေတွေဘက်က စစ်ဆေးဖို့ရှိနေပေမယ့် အဲ့ဒီစခန်းမှူး ရုံးချိန်းမလာတာကြောင့် မစစ်ဖြစ်သေးဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ လာမယ့်ရုံးချိန်းမှာတော့ ထပ်ပြီးပျက်ကွက်ဦးမယ်ဆို ရင်တော့ အမှုကြန့်ကြာမှုအတွက် လိုအပ်တဲ့လုပ်ဆောင်မှုတွေ လုပ်သွားဖို့ရှိတယ်လို့ မသူဇာရဲ့ ရှေ့နေ ဖြစ်သူ ပြောကြားတဲ့အကြောင်း ပြည်တွင်းအခြေစိုက်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

နောက်ထပ်ရုံးချိန်းကတော့ လာမယ့်မတ်လ (၁၀)ရက်မှာ စစ်ဆေးသွားဖို့ရှိနေတယ်လို့ မသူဇာရဲ့ မိသားစုဝင် တွေကနေ သိရပါတယ်။

ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်ခက်ထွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်ခက်ထွန်း

အာဏာသိမ်းတာကြောင့် မီဒီယာလောကထဲ တဖန်ပြန်ဝင်လာခဲ့သူ

အလှလေးသူဇာလို့ ကလောင်အမည်အနေနဲ့သိကြတဲ့ မသူဇာဟာ အာဏာမသိမ်းခင်လပိုင်းအလိုတုန်းကမှ မီဒီယာအလုပ်မလုပ်ကိုင်တော့ဘဲ အွန်လိုင်းစျေးရောင်းချတာကို ပြောင်းလဲလုပ်ကိုင်နေခဲ့ပါတယ်။ ဒီအွန်လိုင်းရှော့ပင်းလုပ်ငန်းလည်း အတော်အသင့်အောင်မြင်မှုရှိထားပြီလို့ မိသားစုကပြောပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မနက်အစောပိုင်း စစ်တပ်က အာဏာသိမ်းတဲ့ အကြောင်းသိရပြီးနောက် မသူဇာဟာ မီဒီယာအလုပ်ကို ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"ဒီအချိန်မှာ ငါတို့ တာဝန်ပြန်ထမ်းဆောင်ရတော့မယ်၊ ဘာအွန်လိုင်းတွေမှ မလုပ်တော့ဘူး၊ တထောင့်တနေရာကနေ ငါ့ရဲ့မီဒီယာ ပြန်လုပ်တော့မယ်ဆိုပြီး သတင်းဌာနတခုမှာ ရန်ကုန်တိုင်း အခြေစိုက် သတင်းထောက်အနေနဲ့ ပြန်လုပ်တယ်။ ဆန္ဒပြပွဲတွေကို တိုက်ရိုက် လိုက်ဖ်တွေ လွှင့်တယ်။" လို့ ခင်ပွန်းဖြစ်သူက ပြန်ပြောပါတယ်။

ရန်ကုန်မြို့က လမ်းမကြီးတွေပေါ်မှာ လူသောင်းသိန်းနဲ့ချီ ငြိမ်းချမ်းစွာဆန္ဒပြကြတာကို မသူဇာ သတင်းရယူ တင်ဆက်ခဲ့သလို အဲ့ဒီနောက်ပိုင်း ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာလည်း ဒီသပိတ်တွေ အကြောင်း တိုက်ရိုက်တင်ဆက်မှုတွေ မသူဇာဆက်လုပ်နေခဲ့ပါတယ်။

"လှိုင်သာယာမှာ အကြီးအကျယ်ဖြိုခွင်းခံရချိန်၊ ဘယ်မီဒီယာမှ ဝင်လို့မရတဲ့အချိန် သူဇာက အဲ့ဒီမှာ တယောက်ထဲ ညအိပ်နေပြီး တိုက်ရိုက်သတင်းတွေ တင်ဆက်ခဲ့တယ်။အဲ့ဒီနောက်ပိုင်း တော်ရုံအမျိုးသားသတင်းထောက်တွေ မရောက်နိုင်တဲ့အခြေအနေတွေကိုပါ အမျိုးသမီးသတင်းထောက်ပေမဲ့ သူသတင်းတွေတင် ဆက်ခဲ့တယ်။"လို့ မသူဇာရဲ့ ဆန္ဒပြပွဲသတင်းတွေ တင်ဆက်ခဲ့ပုံကို ပြောပြပါတယ်။

အလွတ်တန်း သတင်းထောက်အနေနဲ့ မီဒီယာအလုပ်လုပ်ကိုင်နေတဲ့ မသူဇာကို အာဏာသိမ်းပြီး လပိုင်းအကြာမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် အလှလေးသူဇာလို့ ဆိုကာ စစ်ကောင်စီရဲ့ လိုက်လံ ရှာဖွေမှုတွေကိုပါ ခံရပါတော့တယ်။ အရင်နှစ် မေလနှောင်းပိုင်းမှာ မသူဇာတို့နေထိုင်တဲ့ ဒဂုံတက္ကသိုလ် ဝန်ထမ်းအိမ်ရာက နေအိမ်ကို စစ်ကောင်စီကနေ အင်အားအလုံးအရင်းနဲ့ လာရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုရှာဖွေနေချိန်မှာပဲ မသူဇာဟာ နေအိမ်ကနေ တိတ်တဆိတ်ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် အမျိုးသားဖြစ်သူ ကိုရဲကိုကိုကတော့ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရပါတယ်။

"တံခါးခေါက်တော့ ကျွန်တော်ထွက်ဖွင့်ပေးတော့ ရဲတွေဝင်လာတယ်၊ အလှလေးသူဇာရောဆိုတော့ ကျွန်တော်ကမသိဘူးပေါ့။ အိမ်ထဲမှာလည်း လက်ပတော့ တွေ့တာမေးတော့လည်း ဒါကျွန်တော့်ဟာပါ ကျွန်တော်အရင်က သတင်းထောက်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းကတ်ကိုပြလိုက်တယ်။ ဒါနဲ့ တချို့က ဆက်ရှာမယ် လုပ်တော့ အဲ့ထဲက တယောက်က ဖမ်းတာတယောက်ရခဲ့ပြီပဲဆိုပြီး ဆက်မရှာတော့ဘဲ ကျွန်တော့ကိုပဲ စစ်ကြောရေးခေါ်သွားကြတယ်။" လို့ အမျိုးသားဖြစ်သူက ဆိုပါတယ်။

NO TAG

ဓာတ်ပုံ ရင်းမြစ်, MPA

မသူဇာ အမျိုးသားဖြစ်သူကိုတော့ စစ်ကြောရေးမှာ ရက်အနည်းငယ်စစ်ဆေးကာ ပြန်လည်လွှတ်ပေးခဲ့ပါ တယ်။ အဲ့ဒီလို နေအိမ်ရှာဖွေခံရပြီးနောက်တော့ မသူဇာတယောက် နေအိမ်မှာမနေထိုင်တော့ဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ထွက်ပြေးတိမ်းရှောင်ကာ သတင်းတွေဆက်လက်တင်ဆက်နေခဲ့ပါတယ်။ အဲ့ဒီကာလတလျှောက် ဘယ်သတင်းဌာနတွေအတွက် အလွတ်တန်းသတင်းထောက်အနေနဲ့ လုပ်ဆောင်ပေး နေလည်းဆိုတာကိုပါ မိသားစုဝင်တွေကိုယ်တိုင် အသေးစိတ်မသိရှိခဲ့ရဘဲ အဆက်အသွယ် မပြတ်ရုံ အတွက်သာ ချိတ်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စက်တင်ဘာ (၁)ရက်၊ နေ့လယ်ပိုင်းကစပြီး မိသားစုဝင်တွေနဲ့ မသူဇာ အဆက်အသွယ်ပြတ်တောက် သွားခဲ့ပါတယ်။ ဖုန်းဆက်သွယ်လို့မရ ဖြစ်ရာကနေ သက်ဆိုင်ရာနေရာတွေကို လိုက်လံစုံစမ်းခဲ့ပေမယ့် မသူဇာရဲ့ ကို ဘယ်ရောက်နေတယ်ဆိုတာ အတိအကျမသိခဲ့ရတာ ရက်ပေါင်းအတော်ကြာကြာအထိပါ။

စက်တင်ဘာလ ကုန်ခါနီးမှပဲ သူ့ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ထားတယ်ဆိုတာ မိသားစုက သိခဲ့ရပါတယ်။

တလနီးပါး ရေကြည်အိုင် စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရ ပြီးနောက်တော့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းကို လွှဲပေးခဲ့ပါတယ်။

"စစ်ကြောရေးရောက်ချိန်မှာ လက်ဖက်ရည်သောက်ဆိုပြီး အေးအေး ဆေးဆေးစကားပြောတာမျိုး မဟုတ်တာတော့ သေချာတယ်လေ။ ရိုက်နှက်ခံရမှာပဲ၊ ကျွန်တော်လည်း ရောက်ခဲ့ရတော့ အမျိုးသမီးတယောက်အနေနဲ့ လည်း သူဘယ်လောက်ထိစစ်ကြောခံရမလဲ သိနေတယ်။"

အောက်တိုဘာလဆန်း ရဲစခန်းကိုပြန်ရောက်လာချိန်ကျမှသာ မိသားစုနဲ့ မသူဇာ ဖုန်းဆက်သွယ်ခွင့် ပထမဆုံး ပြန်ရရှိခဲ့တာဖြစ်ပါတယ်။

"သူနဲ့ အဆက်အသွယ်မရတဲ့ တလလုံးမှာ ကျွန်တော်ခေါင်းမီးတောက်နေတာ။ သူ စစ်ကြောရေးကနေ ပြီးပြီဆိုမှ ကျွန်တော့်မှာ သက်ပြင်းချနိုင်တယ်။ အဲ့နေရာမှာက သတင်းသမား တယောက်ရဲ့အခွင့်အရေး၊ လူ့အခွင့်အရေးတွေဘာမှ မရဘူးဆိုတာ ကျိန်းသေတယ်။"လို့ မသူဇာခင်ပွန်းဖြစ်သူက ဆိုပါတယ်။

NO TAG

ဓာတ်ပုံ ရင်းမြစ်, Social media

အမျိုးသမီးသတင်းထောက်တွေ အကျဉ်းထောင်တွေထဲမှာ ဆက်ရှိနေဆဲ

မသူဇာဟာ မြန်မာ့သတင်းမီဒီယာလောကက ဖမ်းဆီးထိန်းသိမ်းခံ အမျိုးသမီးသတင်းထောက်တဦး ဖြစ်ပြီး သူ့လိုအလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အကျဉ်းထောင်အသီးသီးမှာ ဆက်ရှိနေပါသေးတယ်။ မသူဇာဖမ်းဆီးထိန်းသိမ်းခံရတဲ့ စက်တင်ဘာလနောက်ပိုင်း အောက်တိုဘာလကနေ နှစ်ကုန်ဒီဇင်ဘာလ (၃)လတာကာလအတွင်းမှာတင် သတင်းထောက် (၁၄)ဦးထပ်မနည်း ထပ်မံဖမ်းဆီးခဲ့ခံရပါတယ်။ အဲ့ဒီထဲမှာ အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီးသတင်းထောက် (၃)ဦးအထိ ပါဝင်နေပါတယ်။

အဲ့ဒီထဲက အမျိုးသမီးသတင်းထောက်တချို့ဟာ ဖမ်းဆီးခံရစဉ် အကြမ်းဖက်မှုကြုံတွေ့ခဲ့ရတာ၊ စစ်ကြောရေး မှာ ထိခိုက်ဒဏ်ရာရတဲ့ နောက်ဆက်တွဲဒဏ်တွေကို ခံစားနေကြရပါတယ်။ ဒီဇင်ဘာ (၅)ရက်က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ စစ်ကောင်စီဘက်ကသပိတ်ကို အရှိန်ပြင်းပြင်းကားနဲ့ အနောက်က ဝင်တိုက်ဖြိုခွင်းခဲ့တာကြောင့် သတင်းထောက်နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးသတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်ခက်ထွန်းဟာ လချီ ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။

ဒီလို ပြင်းထန်ဒဏ်ရာတွေရ ပေမယ့်လည်း အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မမှူးရတနာခက်ခက်ထွန်းကို အကျဉ်းထောင်တွင်း ပို့ဆောင်ခဲ့ပြီး ရုံးထုတ်စစ်ဆေးဖို့ရှိနေပါတယ်။

ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်ခက်ထွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းခံရပြီး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်ခက်ထွန်း

စစ်ကောင်စီဟာ သတင်းအမှောင်ချဖို့ရည်ရွယ်ကာ အာဏာသိမ်းစမှာတင် ပုဂ္ဂလိက သတင်းဌာန တချို့ကို လိုင်စင်ရုပ်သိမ်းခဲ့သလို သတင်းထောက်တွေကို ဖမ်းဆီးမှုတွေလည်း ဒီကနေ့အချိန်အထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာသိမ်း တနှစ်တာကာလအတွင်း သတင်းထောက် အနည်းဆုံး (၁၂၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာသေဆုံးတာ၊ တိုက်ပွဲတွေကြား သေဆုံးတဲ့ သတင်းထောက် တွေလည်း ရှိပါတယ်။ လက်ရှိမြန်မာ့မီဒီယာလောကဟာ အမှောင်ခေတ်ကို လုံးဝပြန်ရောက်နေပြီလို့ မီဒီယာ ကျွမ်းကျင်သူတွေက သုံးသပ်ထားသလို ကမ္ဘာပေါ်မှာလည်း တရုတ်နိုင်ငံပြီးရင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် စစ်တမ်းတွေအရ တွေ့ရပါတယ်။

လွတ်ငြိမ်းတွေရှိနေပေမယ့်လည်း မသူဇာမလွတ်မြောက်လာခဲ့

မသူဇာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း စစ်ကောင်စီကနေ လွတ်ငြိမ်းချမ်း သာပေးတာ တကြိမ်ထပ်မနည်းရှိခဲ့ပေမယ့် သူတော့ မလွတ်မြောက်လာခဲ့ပါဘူး။ သတင်းထောက်အနေနဲ့ သတင်းရေးသားတင်ဆက်ရင်း ဖမ်းဆီးထိန်းသိမ်းခံရတာဟာ မတရားထိန်းသိမ်းခံရတာဖြစ်လို့ လွတ်မြောက် စေချင်တဲ့ မျှော်လင့်ချက်ဖြစ်မိတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

"လွတ်ငြိမ်းပေးမယ့်လို့ကြားရင် သမီးလေးရောကျွန်တော်ရော သူဇာပါလာမလား မျှော်မိတယ်" လို့ မသူဇာရဲ့ အမျိုးသား ဖြစ်သူကဆိုပါတယ်။

အာဆီယံဒေသတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်စောင့်ကြည့်အဖွဲ့အစည်းဖြစ်တဲ့ Reporting ASEAN ရဲ့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက် နောက်ဆုံးထုတ်ပြန်အရတော့ အကျဉ်းထောင်တွင်းထဲ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းထောက် (၄၇)ဦးရှိပြီး အမျိုးသမီး ၂၁.၃ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။

ထိန်းသိမ်းခံရဆဲ သတင်းထောက်စာရင်း

ဓာတ်ပုံ ရင်းမြစ်, Reporting ASEAN

ဓာတ်ပုံ ပုံစာ, ထိန်းသိမ်းခံရဆဲ သတင်းထောက်စာရင်း

ဒီ ဖမ်းဆီးခံအမျိုးသမီး သတင်းထောက် (၂၀)ရာခိုင်နှုန်းကျော်ထဲ မသူဇာလည်း တဦးအပါအဝင်ဖြစ်သလို အကျဉ်းထောင်အတွင်း မသူဇာတယောက် ဘာသာတရားကိုင်းရှိုင်းကာ အဆင်ပြေပြေ၊ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ကြားရတာဟာ စိတ်မချမ်းမြေ့စရာတွေကြားက စိတ်အေးစရာသတင်းတခုလို့ အမျိုးသားဖြစ်သူက ဘီဘီစီကို ရင်ဖွင့်ပါတယ်။

"သူဇာ အခုလိုအကျဉ်းကျခံရတာအတွက် နောင်တမရဘူးဗျ၊ အမျိုးသမီးအနေနဲ့ရော သတင်းထောက် အနေနဲ့ပါ သူလုပ်ခဲ့တာတွေဟာ လေးစားစရာတွေပဲ။"လို့ သတင်းထောက်အဖြစ်လည်းလုပ်ခဲ့ဖူးတဲ့ မသူဇာအမျိုးသားဖြစ်သူ ကိုရဲကိုကိုက ပြောပါတယ်။