စစ်ကိုင်းတိုင်းက အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်ခံရမှု

အနည်းဆုံး ၅၆ ဦးသေဆုံးခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, အနည်းဆုံး ၅၆ ဦးသေဆုံးခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၅၆ယောက်ကို တွေ့ရှိထားတယ်လို့ NUG ကျန်းမာရေး ဌာနနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက သိရပါတယ်။

သေဆုံးသူတွေထဲမှာ အနည်းဆုံး အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ကလေးငယ် အလောင်းအချို့လည်း တွေ့ရတယ်လို့ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။ ။

ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေဆီက ထပ်မံရရှိတဲ့ သတင်းအရ သေဆုံးသူ ၆၀ ဦးခန့် လတ်တလော အတည်ပြုထားနိုင်တယ်လို့လည်း သိရပါတယ်။

ဘီဘီစီအနေနဲ့ သေဆုံးသူအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ဒီလေကြာင်းတိုက်ခိုက်မှုဟာ ပဇီကြီးကျေးရွာက ပြည်သူ့ကာကွယ်ရေးရုံးဖွင့်ပွဲကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လည်း ဒေသခံတစ်ဦး ကပြောပါတယ်။

မနေ့ကလည်း ချင်းပြည်နယ် ဖလမ်းမြို့အနီးက ဝေဘူလမြို့ကို လေကြောင်းကတိုက်ခိုက်လို့ အရပ်သား ၉ ဦး သေဆုံးခဲ့ပါသေးတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Screen Shot

စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်တဲ့သူတွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးပြီးလုပ်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။

ဒေသအတွင်းမှာ စစ်ကောင်စီဆန့်ကျင့်တဲ့ ဒေသလက်နက်ကိုင်အဖွဲ့တွေဟာ နယ်မြေတွေကို စိုးမိုးထားပြီး ကိုယ်ပိုင်ကျောင်းတွေ ဆေးပေးခန်းတွေလည်း ထူထောင်ထားကြပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာဟာ ပဇီကြီးရွာအစွန်မှာဖြစ်ပြီး ရပ်ရွာ ပြည့်သူအုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ လုံခြုံရေး ရဲတပ်ဖွဲ့(ပလဖ)ရုံးအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်တယ်လို့ လည်း သိရပါတယ်။

စစ်တိုက်လေယာဉ်က ဧပြီလ ၁၁ ရက်နေ့ မနက်အစောပိုင်း ၇ နာရီလောက်က ပဇီကြီး ရွာပေါ်ကို ဖြတ်ပျံပြီး ဗုံးချသွားခဲ့တဲ့နောက် စစ်ရဟတ်ယာဉ်က ထပ်မံရောက်လာပြီး စက်သေနတ်နဲ့ မိနစ် ၂၀ ခန့်အကြာ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ပဇီကြီး ရွာသားတစ်ဦးက ပြောပါတယ်။

မနက်ပိုင်းလေကြောင်းတိုက်ခိုက်မှုအပြီးနေ့လယ် တစ်နာရီခန့်က တစ်ကြိမ်၊ ညနေ ၅ နာရီကျော်ခန့်ကတစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့ လည်း ရွာခံတွေကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Social media

ဓာတ်ပုံ ပုံစာ, သေဆုံးသူ အရေအတွက်ထပ်တိုးနိုင်

ဘီဘီစီက ကြည့်ခွင့်ရတဲ့ အခင်းဖြစ်တဲ့နေရာကို ရောက်နေတဲ့ ဒေသခံတစ်ဦးရဲ့ ဗီဒီယို ထဲမှာတော့ ခန္ဓာကိုယ်အပိုင်းအစတွေ ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် မီးလောင်နေတဲ့ အဆောက်အအုံတွေ၊ လူတွေ၊ရုပ်အလောင်းတွေ၊ဆိုင်ကယ်တွေ ကိုလည်းတွေ့ရပါတယ်။

အဲဒီနေရာမှာ ပဇီကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံး ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မယ့်အချိန်မတိုင်မီ အခုလိုတိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါ သေဆုံးတဲ့ အထဲပါဝင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူအရေအတွက်ထဲမှာ ဘေးရွာကလူတွေပါ ပါဝင်ပြီး သေဆုံးသူအရေအတွက် ဒီထက်မကများနိုင်တယ်လို့ ခန့်မှန်းကြသလို သေဆုံးသူ တစ်ရာနီးပါးထိ ရောက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးရုံကို ပို့ထားပြီး ဒဏ်ရာရသူတွေထဲက ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Social media

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှစ်ပတ်လည်နေ့ ကျင်းပနေတဲ့ ဖျော်ဖြေပွဲကို တိုက်လေယာဥ်နဲ့ ဗုံးတွေ ကြဲချခဲ့တာကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း နဲ့ ရင်ပေါင်တိုင်ကျေးရွာတို့မှာ ၂၀၂၂ စက်တင်ဘာလနဲ့ သြဂုတ်လက တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့်လည်း လူ ၃၀ နီးပါး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေရဲတိုက်ခိုက်မှုကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ သုံးထောင်ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက ပြောပါတည်။

ဒါ့အပြင် နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ဒုက္ခသည် ၁.၉ သန်းကျော်ခန့် ရှိတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၀၀ ထက်မနည်း ရှိခဲ့ကြောင်း ပဋိပက္ခ စောင့်ကြည့်ရေး အဖွဲ့ (Armed Conflict Location and Event Data Project) ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရကလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလက ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၅ ဦး သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခု ပဇီကြီးလေကြောင်းတိုက်ခိုက်မှု သေဆုံးသူအရေအတွက်ဟာ အခုအရေအတွက်ထက် ထပ်မံအတည်ပြုပြီး ထပ်တိုးလာခဲ့မယ်ဆိုရင် စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။