၂၀၂၁ မြန်မာစစ်အာဏာသိမ်း-ကျည်တစ်စမှသည် မိသားစုကြေကွဲဖွယ်ရာဆီသို့

ပြီးခဲ့တဲ့ ဧပြီ (၉)ရက်၊ မနက်အစောပိုင်းမှာ အသက်လေးဆယ်ကျော်အရွယ် ကိုအောင်အောင်တစ်ယောက် ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ သူ့ရဲ့ စက်ဘီးဆိုင်လေး စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။
မနက် (၅)နာရီလောက်မှာ ဇနီးသည်ဖြစ်သူ ဂေါက်ကွင်း ဝန်ထမ်းမနှင်းနွယ်ဦးကို စက်ဘီးပေါ်တင်ကာ ဖယ်ရီအမီ လိုက်ပို့ပေးပြီးတဲ့နောက် သူ့ရဲ့ တစ်နေ့တာလုပ်ငန်းခွင် စတင်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ဆိုင်အနီးအနားမှာ ဆိုင်ကယ်တစ်စီး ပေါ်လိုက်ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ကိုလိုက်ရှာနေတယ်ဆိုတာကြောင့် ရုတ်တရက်အံ့သြသွားတယ်လို့ ကိုအောင်အောင်ကပြောပါတယ်။
"ဆိုင်ကိုလာတဲ့သူတွေပဲထင်တာ၊ နောက်မှ ကိုအောင်အောင်တဲ့ ခင်ဗျားအမျိုးသမီး ဗုံးစမှန်တယ်ပြောတယ်။ သူတို့ကတော့ မပြင်းထန်ပါဘူးလို့ ဖာထေးပြောတာပေါ့။ ကျွန်တော်လည်း အနားကကားတစ်စင်းကို ငှားပြီး သူ့ကို ပို့ထားတဲ့ စစ်ဆေးရုံကို ချက်ချင်းလိုက်တာပဲ"လို့ အမျိုးသမီးဖြစ်သူ မနှင်းနွယ်ဦးအကြောင်း ကြားကြားချင်း အခြေအနေနဲ့ပတ်သက်ပြီး ကိုအောင်အောင်က ဘီဘီစီကိုပြန်ပြောပါတယ်။
ဧပြီ (၉)ရက်၊ စနေနေ့မနက်ခင်းမှာ လင်မယားနှစ်ဦးပုံမှန်လုပ်ဆောင်နေကျအတိုင်း အလုပ်သွားဖို့ ပြင်ဆင်ကြ၊ ဇနီးဖြစ်သူ ကို ကိုယ်တိုင် ဖယ်ရီစောင့်မယ့်နေရာကို ပို့ပေးခဲ့ပြီးကာမှ နာရီပိုင်းအတွင်း ကြုံလိုက်ရတဲ့ဒီဖြစ်စဥ်ကြောင့် ကိုအောင်အောင်တစ်ယောက်ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်မြို့တော်ဂေါက်ကွင်းထဲ ဘာတွေဖြစ်ခဲ့လဲ
အဲဒီ ဧပြီ (၉)ရက်၊ မနက် ၆နာရီကျော်မှာ ရန်ကုန်မြို့တော် ဂေါက်ကွင်းထဲကို ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲရာကနေ အဲဒီကျည်ကျရောက်တဲ့နေရာကနေ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဂေါက်ကွင်းဝန်ထမ်း အသက် (၄၃)နှစ်အရွယ် မနှင်းနွယ်ဦးကို ကျည်စထိမှန်သွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲတဲ့နေရာနဲ့ မနှင်းနွယ်ဦးလို ဂေါက်ကွင်းဝန်ထမ်းတွေ၊ တခါ ဂေါ့ဖ်လာကစားသူတွေရှိတဲ့နေရာဟာ ကိုက် ၁၅၀ အကွာမှာ ရှိနေပြီး ဒီလိုလူတစ်စုရှိနေတဲ့ကြားကနေ မနှင်းနွယ်ဦး တစ်ဦးတည်းသာ ကျည်စထိမှန်ခဲ့တာလို့ မျက်မြင်တွေ့သူတွေ ကပြောပါတယ်။
မနှင်းနွယ်ဦးကို ကျည်စထိမှန်ချိန်မှာ အနီးမှာဂေါ့ဖ်ရိုက်နေတဲ့ ဆရာဝန်နှစ်ဦးက အသက်ကြိုးစားကယ်ဆယ် ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထိမှန်ခဲ့တဲ့ဒဏ်ရာဟာ နှလုံးနဲ့အစာအိမ်ကြား ဝမ်းဗိုက်ဘယ်ဘက်ကို ထွင်းဖောက်ထိမှန်ခဲ့ပြီး မနှင်းနွယ်ဦးဟာ ဖြစ်ဖြစ်ချင်းမှာတင် သတိမလည်တော့ဘူးလို့ ဆိုပါတယ်။
"ကျွန်တော် စစ်ဆေးရုံရောက်သွားတော့ ဆရာဝန်ကလက်မခံသေးလို့ ကားကအဝမှာပဲရှိသေးတယ်။ သူ့ကိုယ်က ကားနောက်ထဲမှာထားထားတာ၊ ပြောတော့ဒဏ်ရာသေးတယ်ဆိုပြီး ကျွန်တော်မြင်ရချိန်သူက သတိရှိမနေတော့ဘူး"
ကိုအောင်အောင်ကိုယ်တိုင် စက်ဘီးလေးနင်းကာ ဖယ်ရီကားအမီ ပို့ပေးခဲ့ရတဲ့ ဇနီးသည်ဟာ နာရီပိုင်းအတွင်း ကို ကားနောက်ခန်းထဲမှာ အရုပ်ကြိုးပျက်အသက်မဲ့မြင်ကွင်းကိုသာ တွေ့မြင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"ကျွန်တော့်ဇနီးက ခေါင်းမူးတတ်တယ်။ အဲဒါကြောင့် သူ မူးနေတာဖြစ်မယ်ပဲထင်ပြီး ပါးစပ်ကနေ အသက်ရှူအောင်လုပ်ပေးတယ်။ အဲဒီအချိန်မှာ ဗိုက်ကနေ သွေးတွေရော အစာတွေပန်းထွက်လာတယ်။ ဒဏ်ရာသေးသေးလေးလို့ ကျွန်တော့်ကိုသတင်းလာပေးထား ကြတာ အခုတော့ သူကဗိုက်ပေါက်နေတယ်။ အစာအိမ်ကိုထိသွားတာဗျ။ နောက်တော့ဆရာဝန်က သေပြီလို့ ပြောတယ်"
"သူ့သူငယ်ချင်းတွေက ဘေးမှာဝိုင်းငိုနေကြပြီ၊ ကျွန်တော်ဘာဖြစ်နေလဲဆိုတာတောင် မသိတော့ဘူး။ အခုချိန် ထိလည်း သူသေတာလက်မခံနိုင်သေးဘူး" လို့ တမနက်အတွင်း ဇနီးသည်ဆုံးရှုံးခဲ့ရတဲ့အခြေအနေကို ကိုအောင်အောင်က ပြောပါတယ်။
ကွယ်လွန်သူမှာ သမီးလေးနှစ်ဦးကျန်ခဲ့
အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ ကိုအောင်အောင်နဲ့ မနှင်းနွယ်ဦးတို့မှာ သမီးလေးနှစ်ဦး ထွန်းကားထားပါတယ်။ အသက် (၁၃)နှစ်နဲ့ (၈)နှစ်အရွယ် သမီးလေးနှစ်ဦးဖြစ်ပြီး ငွေကြေးမပြည့်စုံတဲ့ ကြားက သမီးလေးတွေဘဝအဆင်ပြေဖို့ လင်မယားနှစ်ဦး ဒိုးတူဘောင်ဖက်ကြိုးစားရပ်တည်နေခဲ့ ကြတာလို့ ဆိုပါတယ်။
"အိမ်ထောင်သက် ဆယ်နှစ်လောက်မှာသမီးအကြီးမွေးတာ။ ပြီးမှ အဖော်ရအောင် အငယ်လေးထပ်မွေးလိုက်တာ။ သူကကျွန်တော့်ကို သိပ်နားလည်ပေးတယ်၊ မိသားစုကို အနွံတာခံတယ်၊ မယားကျင့်ဝတ်နဲ့ တကယ်ကိုပြည့်စုံတဲ့သူ"လို့ နှစ်နှစ်ဆယ်ကျော် ပေါင်းသင်ခဲ့တဲ့ ကွယ်လွန်ခဲ့သူ ဇနီးသည်မနှင်းနွယ်ဦး အကြောင်းကို ကိုအောင်အောင်က ဘီဘီစီကိုပြောပြနေခဲ့တာပါ။
သမီးရည်းစားဘဝမရောက်ခင်ကတည်းက ဂေါက်ကွင်းဝန်ထမ်းဖြစ်ခဲ့တဲ့ မနှင်းနွယ်ဦးဟာ တကယ်ကို လုပ်ငန်းခွင်မှာလည်း နှစ်ရှည်လုပ်ကိုင်နေသူတစ်ဦးလို့ ဆိုပါတယ်။ ဒီလိုဂေါက်ကွင်းအလုပ်မှာ တစိုက်မက်မက်လုပ်ခဲ့သူ မနှင်းနွယ်ဦးဟာ အခုဂေါက်ကွင်းထဲမှာပဲ ကျည်ထိမှန်ခဲ့ရပြီး ဘဝတစ်ပါးကို ကူးပြောင်းခဲ့ရပါတယ်။
"အစက သမီးလေးနှစ်ယောက်ကို သူတို့အမေ ဖြစ်စဥ် မပြောဖို့အကုန်လုံးကို တားထားခဲ့တာ။ ဖြစ်ချင်တော့ ကျွန်တော်ကလည်း ပူထူနေပြီး ဖုန်းတွေထားခဲ့ပြီးတော့အပြင်ကိုထွက်သွားခဲ့တာဆိုတော့ သူတို့လေးတွေက သိသွားတာ"
မနှင်းနွယ်ဦးဖြစ်စဉ်ကို သမီးလေးနှစ်ယောက်ဘယ်လိုသိခဲ့ရလဲဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကို ကိုအောင်အောင်က အခုလို ခပ်လေးလေးပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"သမီးလေးတွေငိုကြတယ်၊ အမေက နတ်သမီးလေးဖြစ်သွားပြီလို့ ကျွန်တော်ပြောပြတယ်။ အခုကျွန်တော့် မှာ ဒီသမီးလေးနှစ်ယောက်အတွက်ပဲ ကြိုးစားရတော့မယ်။ စက်ဘီးဆိုင်ပြန်လုပ်မယ်၊ သူတို့ကို စိတ်ချမ်းသာ အောင်ထားမယ်"လို့ ကျည်စတစ်စကြောင့် အမိမဲ့ခဲ့ရတဲ့ သမီးလေးနှစ်ဦးအတွက်သာ သူရှင်သန်ဖို့ ကြိုးစားတော့မယ်လို့ကိုအောင်အောင်က ဆက်ပြောပါတယ်။
မနှင်းနွယ်ဦးကို ရည်ရွယ်တိုက်ခိုက်တာမဟုတ်ဘဲ ဒီလိုတိုက်ခိုက်မှုကြားကနေ သာမန်ဂေါက်ကွင်းဝန်ထမ်း မနှင်းနွယ်ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက်တော့ ဘယ်အဖွဲ့အစည်းကိုမှ အပြစ်မတင်နေဘူးလို့ ခင်ပွန်းဖြစ်သူကပြောပါတယ်။
"ဘယ်သူ့ကိုမှ ကျွန်တော်အပြစ်မတင်ဘူး။ ကျွန်တော့်ဇနီးကိုက ကံဆိုးလွန်းတာပါ"လို့ ဇနီးသည်သေဆုံးရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြေကွဲစွာနဲ့ သူ့ရဲ့ခံစားချက်ကို ကိုအောင်အောင်ကပြောပါတယ်။
မနှင်းနွယ်ဦးရဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး/
မကွယ်လွန်ခင် ဧပြီ (၈)ရက်သောကြာနေ့ညကတင် ဇနီးသည်မနှင်းနွယ်ဦးရဲ့ ဆံပင်ဖြူတွေကိုနှုတ်ပေးဖြစ်ခဲ့ ပြီး ဒီလိုမလုပ်ပေးဖြစ်တာကြာပြီမလို့ နောက်ဆိုမကြာမကြာ ဆံပင်ဖြူတွေနှုတ်ပေးမယ်လို့ ဇနီးသည်ကို မှတ်မှတ်ရရပြောဖြစ်ခဲ့သေးတယ်လို့ နောက်ဆုံးနေ့ရက်တွေက အဖြစ်အပျက်တွေကို ကိုအောင်အောင်တစ် ယောက်လွမ်းလွမ်းဆွတ်ဆွတ်ပြောနေခဲ့ပါတယ်။
"ကျွန်တော့်ဇနီးလို ဘယ်သူ့ကိုမှမဖြစ်စေချင်ဘူးဗျာ၊ မိသားစုဘဝတွေ မပြိုကွဲစေချင်တော့ဘူး"လို့ ဇနီးသည်ဆုံးရှုံးခဲ့ရတဲ့ ကိုအောင်အောင်က သူ့ရဲ့အမြင်ကို ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ကြား တိုက်ခိုက်မှုတွေမှာ အရပ်သားပြည်သူထိခိုက်မှုတွေဟာ နေ့စဉ်လိုလိုနိုင်ငံတဝန်း ဖြစ်ပွားနေပါတယ်။








