ဘန်ကာများ ဗုံးပေါက်ကွဲမှုများ မြို့လယ်ပစ်ခတ်မှုများနဲ့ ရန်ကုန်

ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်ရဲစခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်က ကျောက်တံတားမြို့နယ်ရဲစခန်း

စစ်တပ်အာဏာသိမ်းပြီး ၁၀ လကျော်ကြာလာတဲ့အခါမှာ လူဦးရေ ၆ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ဟာ မြို့လယ်က ဘဏ်တွေ ရုံးတွေ အစိုးရ အဆောက်အအုံတွေအနီးမှာ ဘန်ကာတွေ သံဆူးကြိုးတွေ လုံခြုံရေး ကင်းလှည့်နေတဲ့ စစ်သားတွေနဲ့ စစ်တလင်းလိုဖြစ်နေဆဲလို့ ဆိုကြပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ ကျဆင်းလာလို့ လူတွေအပြင်ထွက်လာကြပေမဲ့ အရင်လိုပုံမှန်သွားလာ လှုပ်ရှား‌သက်ဝင်နေပြီလို့ မပြောနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ရန်ကုန်မြို့လယ်မှာ အရင်က များပြားလှတဲ့ လမ်းဘေးစျေးသည်တွေ ပြန်ရောက်မလာကြသေးသလို ဆိုင်ကြီးအချို့လည်း ဖွင့်တယ်ဆိုရုံသဘောနဲ့ ဖွင့်နေကြတယ်လို့ ဆိုပါတယ်။

ည ၁၀ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားဆဲဖြစ်ပြီး ရန်ကုန်မြို့လယ်က ညလုံးပေါက်နီးပါးစည်ကားတဲ့ လသာ ၁၉ လမ်းကတော့ ဆိုင်အချို့ ည ၉ နာရီလောက်ဆိုရင် ဆိုင်တွေပိတ်လေ့ရှိတယ်လို့ လည်းပြောပါတယ်။

ညမထွက်ရ အမိန့်ရှိနေဆဲဖြစ်ပြီး ည ၁၀ နာရီကျော်ရင်တော့ မြို့ဟာ သုဿန်တစပြင်လို တိတ်ဆိတ်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

"မြို့လယ်က ဘန်ကာတွေထဲကိုလှမ်းကြည့်ရင် စစ်ဦးထုပ်နဲ့ ခေါင်းလေးတွေ တွေ့ရတယ်၊ သေနတ်တွေ သဲအိတ်ပေါ်တင်ထားတယ်၊ သေနတ်ပြောင်းတွေကလည်း လူတွေဘက်ကို လှည့်ထားတယ်"လို့ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၀ လပြည့်တဲ့နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့လယ် မြင်ကွင်းကို မြို့ခံတစ်ဦးက ပြောပြပါတယ်။

သေနတ်ကိုင်ထားတဲ့ စစ်သားတွေဟာ ကားတွေနဲ့ ပတ်နေတာတွေ့ရသလို သူတို့စိတ်မထင်ရင် လမ်းတွေကို ချက်ချင်းပိတ်ပြီး ရှာဖွေတတ်တယ်လို့ သူတို့ကဆိုပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော်ခန်းမရှေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မြင်ကွင်း

ပိတ်ဆို့ စစ်ဆေးတာတွေရှိနေပြီး ရန်ကုန်မြို့မှာ သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ အရပ်သားတွေရှိနေဆဲဖြစ်သလို စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်းရှိပါတယ်။

"ဖေဖော်ဝါရီကနေ စက်တင်ဘာလအတွင်းမှာ ၇၄၁ ဦး၊ ၇၄၁ ဦးဆိုတာ အရပ်သားတွေရော၊ စစ်သားတွေရောပါတယ်။ အဲဒီထဲက ၅၈၇ ဦးက အရပ်သားတွေဖြစ်တယ်၊ ၅၈၇ ဦးက အရပ်သားတွေ ဆိုတော့ လုံခြုံရေးတပ်ဖွဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ စစ်သည်တွေရယ် က ၁၀၀ ကျော် ၂၀၀ နီးပါးလောက်အထိ တော့ရှိပါတယ်" စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်နိုင်ငံလုံး ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြောင့် စစ်ကောင်စီဘက်က သေဆုံးသူအရေအတွက်ကို ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ထင်ရှားတဲ့ ပေါက်ကွဲမှုတွေ တိုက်ခိုက်ခံရမှုတွေကတော့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စတင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီးတော့ ဇွန်လ (၁၈)ရက် ညနေ (၃)နာရီဝန်းကျင်မှာဖြစ်ခဲ့တဲ့ တာမွေမြို့နယ်၊ သီတာလမ်းအနီး ရပ်နားထားတဲ့ စစ်တပ်ကားတစီးပေါ် လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ဒီလို လက်ပစ်ဗုံး ပစ်သွင်းတာကြောင့် စစ်ကားပေါ်မှာတင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး (၆)ဦးထိခိုက်ဒဏ်ရာရခဲ့ သလို အငှားယာဉ် တက္ကစီမောင်းသူ နဲ့ အရပ်သား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တာ​မွေမြို့နယ်မှာ ဇွန်လက ဗုံး​​ပေါက်ကွဲမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တာ​မွေမြို့နယ်မှာ ဇွန်လက ဗုံး​​ပေါက်ကွဲမှု

သြဂုတ်လ ရောက်လာချိန်မှာတော့ ဖောက်ခွဲမှုတွေထက် လက်နက်ကိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ ပစ်ခတ်မှုတွေကို တွေ့လာရပါတယ်။

ပစ်ခတ်မှုတွေထဲ အစောဆုံး ထင်ရှားတဲ့ဖြစ်စဉ်တခုက ရန်ကုန်မြို့‌‌ပေါ်က အခြေခံလူတန်းစားအများစု အသုံးပြုတဲ့ ရန်ကုန်- အင်းစိန်- လှော်ကား မြို့ပတ်ရထားပေါ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ရထားရဲတွေဟာ အလုံဘူတာနဲ့ကြည့်မြင်တိုင်ဘူတာကြားမှာ တိုက်ခိုက်ခံခဲ့ရတာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရဲ (၄) ဦး သေဆုံးသွားပြီး (၂) ဦး ဒဏ်ရာရခဲ့တယ်လို့ အလုံရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်ကျ ရဲအရာရှိတယောက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်မှာတော့ လူနေထူထပ်ပြီး စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့ကို စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်လာခဲ့ပါတယ်။ အချိန်မလပ် လုံခြုံ‌ရေးကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တွေကို ရန်ကုန်မြို့အနှံ့ တွေ့မြင်နေရတာဖြစ်တယ်လို့ ဆိုပါတယ် ။

`no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်က မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေဟာ အထူးသဖြင့်စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ပေါက်ကွဲမှု လုပ်ဆောင်တာလို့ ဆိုကြပါတယ်။

ရန်ကုန်မြို့မှာ ထင်ရှားတဲ့ ပေါက်ကွဲမှုတွေ တိုက်ခိုက်ခံရမှုတွေကတော့ ဇွန်လ (၁၈)ရက် ညနေ (၃)နာရီဝန်းကျင်မှာဖြစ်ခဲ့တဲ့ တာမွေမြို့နယ်၊ သီတာလမ်းအနီး ရပ်နားထားတဲ့ စစ်တပ်ကားတစီးပေါ် လက်ပစ်ဗုံး ပစ်သွင်းခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

ဒီလိုပစ်သွင်းတာကြောင့် စစ်ကားပေါ်မှာတင် ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး (၆)ဦးထိခိုက်ဒဏ်ရာရခဲ့ သလို အငှားယာဉ် တက္ကစီမောင်းနှင်သူ နဲ့ အရပ်သား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ်လ ရောက်လာချိန်မှာတော့ ဖောက်ခွဲမှုတွေထက် လက်နက်ကိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်တဲ့ ပစ်ခတ်မှုတွေကိုတွေ့လာရပါတယ်။

ပစ်ခတ်မှုတွေထဲ အစောဆုံးထင်ရှားတဲ့ဖြစ်စဉ်တခုက ရန်ကုန်မြို့‌‌ပေါ်က အခြေခံလူတန်းစားအများစု အသုံးပြုတဲ့ ရန်ကုန်- အင်းစိန်- လှော်ကား မြို့ပတ်ရထားပေါ်မှာဖြစ်ခဲ့တာပါ။

ရထားရဲတွေဟာ အလုံဘူတာနဲ့ကြည့်မြင်တိုင်ဘူတာကြားမှာ တိုက်ခိုက်ခံခဲ့ရတာလို့ စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရဲ (၄) ဦး သေဆုံးသွားပြီး (၂) ဦး ဒဏ်ရာရခဲ့တယ်လို့ အလုံရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်ကျ ရဲအရာရှိတယောက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်မှာတော့ လူနေထူထပ်ပြီး စီးပွားရေးအချက်အချာကျတဲ့ရန်ကုန်မြို့ကို စစ်ကောင်စီဘက်က လုံခြုံရေးတစ်စထက်တစ်စ တင်းကျပ်လာခဲ့ပါတယ်။ အချိန်မလပ် လုံခြုံ‌ရေးကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တွေကို ရန်ကုန်မြို့အနှံ့ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

"ရန်ကုန်မြို့လယ်မှာဆို ကားတွေနဲ့ ပတ်နေတာ၊ အမြဲတမ်းပတ်နေတယ်လို့" မြို့ခံတစ်ဦးက ဆိုပါတယ်။

မာန်ပြေ ၃ ရပ်ကွက် လမ်း ၂၀ ထဲက ရာအိမ်မှူး ဦးဘုန်း‌ငွေဟာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မာန်ပြေ ၃ ရပ်ကွက် လမ်း ၂၀ ထဲက ရာအိမ်မှူး ဦးဘုန်း‌ငွေ မေလက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့

အုပ်ချုပ်‌ရေးမှူးနဲ့ အဖွဲ့ဝင်တွေပစ်မှတ်ထားလာ

စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မြို့ပေါ်မှာ လှုပ်ရှားမှုတွေ စက်တင်ဘာလမှာ ခပ်စိပ်စိပ်ဖြစ်လာပြီးတဲ့နောက် ပစ်ခတ်ပေါက်ကွဲမှုတွ သာမက စစ်ကောင်စီအုပ်ချုပ်‌ရေးမှူးနဲ့ အဖွဲ့ဝင်တွေရော စစ်ကောင်စီ သတင်းပေးလို့ဆိုသူတွေပါ သတ်ဖြတ်ခံရတာတွေဟာ ရန်ကုန်တိုင်းအတွင်းမှာတင် အယောက် (၇၀)ကျော်ရှိလာပြီဆိုတာကို ဘီဘီစီရဲ့ သီးသန့်စောင့်ကြည့်တဲ့ အချက်အလက်တွေအရ တွေ့ရပါတယ်။

ဒီလုပ်ဆောင်မှုတွေကြောင့် လူ့အခွင့်အရေးသမားတချို့နဲ့ စစ်မြေပြင်စည်းကမ်း လိုက်နာဖို့ ဆော်သြသူတချို့က ဝေဖန်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ ဒီလိုတိုက်ခိုက်မှုတွေကို အလွယ်တကူဆောင်ရွက်တာ မဟုတ်ဘဲ စစ်ကောင်စီအတွက် လုပ်ဆောင်ပေးနေတာ တကယ်ရှိ၊မရှိကို သေချာစောင့်ကြည့်ပြီးမှ လုပ်ဆောင်တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

"စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကို တွန်းလှန်ဖို့ တော်လှန်နေကြသူတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မတူဘဲ လူအခွင့်အ‌ရေးတွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်" လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတဦးဖြစ်တဲ့ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပြီး စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေ (Code of Conduct)တွေကို လိုက်နာရမှာသာမက ကွပ်ကဲမှုအဆင့်ဆင့်ရဲ့ အမိန့်နဲ့ လမ်းညွှန်ချက်တွေ တိကျစွာလိုက်နာဖို့ ထည့်သွင်းထားတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ CRPH NUG PDF တွေဟာ အရပ်သားတွေကိုပါ ဒလန်လို့ ဆိုစွပ်စွဲသတ်ဖြတ်မှုတွေ ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

အသတ်ခံရတဲ့သူတွေထဲမှာ မန္တလေးက အသတ်ခံရတဲ့ အမျိုးသမီးနဲ့ လှိုင်မြို့နယ်က တက္ကစီကားမောင်းတဲ့သူတို့ဟာ စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက် တွေ့ရာလူကို သတ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေကို အခြေခံပြီး သတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က နိုဝင်ဘာလ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ဇော်မင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ဗိုလ်ချုပ်ဇော်မင်းထွန်း

ရန်ကုန်မြို့လယ် ပစ်ခတ်မှုများ

ပြီးခဲ့တဲ့ စက်တင်ဘာ (၉)ရက်၊ စမ်းချောင်းမြို့နယ် ဇလွန်လမ်းဖြစ်စဉ်မှာ စစ်ကောင်စီ တပ်သား (၁)ဦးသာမက ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ (၁)ဦးပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ညနေ (၄)နာရီပိုင်းမှာ ရန်ကုန်မြို့ပေါ်လုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီးကို ဗုံးပစ် ဖောက်ခွဲခဲ့တာဖြစ်ပြီး ဖြစ်စဉ်ပြီးတဲ့နောက် လုံခြုံရေးတင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ (၂၃)ရက် တစ်ရက်တာအတွင်းမှာဆိုရင်လည်း သန်လျင်၊ဗိုလ်တထောင်နဲ့ စမ်းချောင်းမြို့နယ် တို့မှာ သုံးနေရာ တိတိပစ်ခတ်မှုရှိပြီး ပြည်သူတွေအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနေ့ နံနက်(၄)နာရီကျော်မှာ ဗိုလ်တထောင်ဈေးလမ်းမီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲကင်းဘန်ကာအတွင်းကို ပစ်ခတ်ခဲ့သလို မနက် (၁၀)နာရီ ဝန်းကျင်မှာတော့ သန်လျင်ကျောက်တန်းလမ်းမ‌ပေါ်မှာ ပစ်ခတ်မှုရှိခဲ့ ပါတယ်။

မွန်းလွဲ (၃)နာရီ လောက်မှာတော့ စမ်းချောင်းမြို့ နယ်၊ ဗားကရာချောက်မီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲကင်း၊ ဘန်ကာအတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ထန်းတပင် တာဆုံ ပစ်ခတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ထန်းတပင် တာဆုံ ပစ်ခတ်မှု

အဲ့ဒီ တစ်ရက်တာအတွင်းမှာကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးတယ်လို့ ပြောက်ကျားလှုပ်ရှားသူတွေဘက်က ပြောပါတယ်။

နိုဝင်ဘာ (၅)ရက်က ကွမ်းခြံကုန်းပစ်ခတ်မှုနဲ့ နိုဝင်ဘာလ (၁၃)ရက်က ကော့မှူးမြို့နယ်က စစ်ကောင်စီကင်းလှည့်ကား ပစ်ခတ်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ဆက်စပ်တယ်လို့ဆိုကာ အရပ်သားတွေကို ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ အသက် (၁၉)နှစ်နဲ့ (၃၅)နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ကော့မှူး ကွမ်းခြံကုန်းလမ်းပိုင်းကို လည်းရက်အတန်ကြာပိတ်ထားခဲ့ပါတယ်။

နိုဝင်ဘာ (၁၅)ရက်မှာဆိုရင်လည်း ရန်ကုန်တိုင်းအတွင်း သန်လျင်တံတားအဆင်းက စစ်ဆေးရေးဂိတ်၊ တိုင်းရင်းသားကျေးရွာအနီးက မီးပွိုင့်မှာတပ်စွဲထားတဲ့ ယာဉ်ထိန်းရဲတွေနဲ့ လှိုင်သာယာမြို့နယ်၊ ထန်းတပင်တာဆုံ ရဲကင်းတွေကို နေ့လယ် ၁၂နာရီဝန်းကျင်မှာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ထန်းတပင်တာဆုံ ပစ်ခတ်မှုအပြီး ရဲကင်းထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်လာကာ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် အိမ်စီးတက္ကစီကားတစီး ပေါ်က ယာဉ်မောင်းကို ကျည်ထိမှန်ခဲ့ပြီး ကလေးငယ်တဦး ပွန်းပဲ့ ဒဏ်ရာရခဲ့ပါတယ်။

ဒီလို မြို့ပြပြောက်ကျားလှုပ်ရှားမှု နှစ်လတာကာလ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၉)ဦးသေဆုံးပြီး (၇၃)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောက်ကျားလှုပ်ရှားမှုမှာ ပါဝင်သူတွေက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

စမ်းချောင်း စက်တင်ဘာလ ၉ ရက် တိုက်ခိုက်မှုအပြီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စမ်းချောင်း စက်တင်ဘာလ ၉ ရက် တိုက်ခိုက်မှုအပြီး

စစ်ကောင်စီ၊သတင်းပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလှုပ်ရှားမှုတွေဟာ စက်တင်ဘာလလယ်ကနေ အောက်တိုဘာလလယ်ကြားမှာ ဖောက်ခွဲမှုတွေအားကောင်းခဲ့ပြီး အောက်တိုဘာ နှောင်းပိုင်းမှာ အရှိန်လျော့လာပေမယ့် ပစ်ခတ်မှုတွေက အရှိန်ကောင်းနေဆဲဖြစ်တယ်လို့ နိုဝင်ဘာ (၁၆)ရက်တုန်းက ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

"ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဓိကစုံစမ်းဖော်ထုတ်တာကတော့ လုပ်ဆောင်ရတာကတော့ လက်နက်တွေနဲ့ ပတ်သက်တာတွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာလည်း ဖမ်းဆီးရရှိမှုတွေ ဆက်တိုက်ရရှိလျက်ရှိတယ်။"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြောက်ကျားလှုပ်ရှားသူတွေ ကွင်းဆက်လိုက်ဖမ်းဆီးခံရ

ရန်ကုန်မြို့ပြမှာ ထင်ရှားတဲ့ပြောက်ကျားလှုပ်ရှားမှုတွေလုပ်ဆောင်ပြီး လပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က ဖမ်းမိသူတွေ စာရင်းကို စစ်ကောင်စီဘက်က မကြာခဏထုတ်ပြန်လေ့ရှိခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေကို ဦးဆောင်တဲ့အဖွဲ့အစည်းမှာ NUG နဲ့ CRPH ကို တောက်လျှောက် စွပ်စွဲထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်အများစုကို ဟစ်ဟော့ အဆိုတော်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းတဦးလည်း ဖြစ်တဲ့ ဦးဖြိုးဇေယျာသော်က ဦးဆောင်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း လှုပ်ရှားသူတွေထဲ လက်နက်နဲ့ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကကြေညာခဲ့သူတွေထဲ လူတွေအကြား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တာကတော့ ၈၈ ကျောင်းသားမျိုးဆက် ဦးဂျင်မီနဲ့ ၊ဦးဖြိုးဇေယျာသော်တို့နဲ့ အတူ လူ အများအပြား ဖမ်းဆီးခံရတာတွေဖြစ်ပါတယ်။

၈၈ကျောင်းသားမျိုးဆက်ခေါင်းဆောင် ဦးဂျင်မီကို အောက်တိုဘာ (၂၃)ရက်ညပိုင်းမှာ မြောက်ဒဂုံ၊ ပင်လုံအိမ်ရာဝင်းအတွင်း ဖမ်းဆီးခံတာဖြစ်ပြီး ဖမ်းဆီးပြီး (၁၅)ရက်အကြာမှာတော့ ဦးဂျင်မီကို လက်နက်တွေနဲ့ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, SAC

အောက်တိုဘာလနှောင်းပိုင်းကစပြီး မြို့ပြပြောက်ကျားလှုပ်ရှားသူတွေ သိသိသာသာ အဖမ်းခံလာရကာ စစ်ကောင်စီဘက်ကလည်း အင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ထန်းတပင်မြို့နယ်နဲ့ ကြည့်မြင်တိုင် ဗားကရာမီးပွိုင့်က မြို့ပြလှုပ်ရှားမှုတွေမှာပါဝင်သူ (၄၇)ဦးကို လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ နိုဝင်ဘာ (၁၇)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ရန်ကုန် မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကို ဦးဆောင်လှုပ်ရှားသူအဖြစ် စစ်ကောင်စီဘက်က အကြိမ်ကြိမ်ဖော်ပြခံရတဲ့ ဦးဖြိုးဇေယျာသော်ဟာ နိုဝင်ဘာ (၁၈)ရက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းရှိ ရတနာနှင်းဆီအိမ်ရာမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နောက်ဆက်တွဲအနေနဲ့ လက်နက်တွေသိမ်းဆည်းရမိမှုမှာ လက်နက်ငယ်မျိုးစုံ (၉၃)လက်၊ လက်လုပ်ပစ္စတို (၁၂၈)လက်နဲ့ ခဲယမ်းမျိုးစုံတစ်သောင်းကျော်ရှိတယ်လို့ဆို ပြီး အဲ့ဒီလက်နက်တွေကို ရန်ကုန်မြို့က နေအိမ် (၂၀)ကျော်မှာ ဝင်ရောက်ရှာဖွေ တွေ့ရှိခဲ့တာလို့ စစ်ကောင်စီရဲ့ သတင်းမှာဖော်ပြခဲ့ပါတယ်။

လက်ရှိ ဖမ်းဆီးမှုတွေကြောင့် ရန်ကုန်မြို့ပြလှုပ်ရှားနေသူတွေရဲ့ လုံခြုံရေးအတွက် ပိုပြီး အန္တရာယ်များနေချိန် ဖြစ်သလို လှုပ်ရှားရာမှာလည်းအရင်ကထက်ပိုပြီး ကန့်သတ်ချက်တွေရှိလာတယ်လို့ မြို့ပြပြောက်ကျားအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းထဲကစစ်ဆင်ရေးကို ဒုတိယအဆင့်အဖြစ်အရှိန်မြင့်တင်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သူတို့က ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတဲ့ကြားကပဲ နိုဝင်ဘာ (၂၀)ရက်မနက် အစောပိုင်းမှာ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်က သောင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးဘက်က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေခဲ့ပါသေးတယ်။

နိုင်ငံရေးသုံးသပ်သူတချို့ကတော့ ပညာတတ်လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရသလို အသက်ဆုံးရှုံးမှုတွေလည်း နေ့စဉ်လိုလိုဖြစ်နေပြီး စစ်ကောင်စီဘက်ကနေ ဖမ်းဆီးထိန်းသိမ်းမှုတွေကို လစဉ်နဲ့အမျှ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်လာတာကြောင့် ထိခိုက်မှုနည်းမယ့် နိုင်ငံရေးထွက်ပေါက်တခုကို စစ်ကောင်စီဘက်ကနေ စဉ်းစားသင့်ပြီလို့ ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

ရန်ကုန်မြို့က မြို့လယ်လမ်းမကြီးတွေပေါ်မှာ အခုရက်ပိုင်း သွားကြ လာကြတဲ့ ကားတွေပြည့်နေပေမဲ့ ပစ်ခတ်မှုတွေက ချက်ခြင်း ထဖြစ်ချင်ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မဖြစ်မနေမို့လို့သာ သွားလာနေကြရပေမယ့် တခုခုဆို အနီးကလူတွေ အဖမ်းရခံတာဆိုတော့ ကြောက်ကြောက်နဲ့ သွားလာနေရတယ်လို့လည်း ဆိုကြပါတယ်။

အလုပ်ရှိတဲ့သူက အလုပ်တော့သွားရတာပဲ စားရေးကရှိသေးတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

"အာလုံးကလန့်နေကြတာယ် မဖြစ်လို့သာ အပြင်သွားနေကြတာ၊ကျီးလန့်စာစားပဲ"လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။