၉ရက် ၉ လ ညနေပိုင်းက စမ်းချောင်းတိုက်ခိုက်မှု ဖြစ်စဉ်

ဓာတ်ပုံ ရင်းမြစ်, Social Media
ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ဇလွန်လမ်းအနီးက ဗဟိုလမ်းပေါ် (ယခင်ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင် အနီး)မှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီခွဲလောက်အချိန်က စစ်တပ်ကားတစီးကို ပစ်ခတ်တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီကားဟာ စစ်ကောင်စီအရာရှိတယောက်နဲ့ သူ့တပ်ဖွဲ့ဝင်တချို့ စီးနင်းလိုက် ပါလာတဲ့ ပစ်ကပ်ကားမျိုးဖြစ်ပြီး တိုက်ခိုက်သူတွေက ကားနောက်ခန်းအတွင်းကို လက်ပစ်ဗုံး ၂ လုံးပစ်သွင်းကာ စတင်တိုက်ခိုက်ကြပြီး သေနတ်နဲ့လည်း ဆက်တိုက် ဆိုသလို ပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် ကားနောက်ခန်းမှာပါလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ယောက် သေဆုံးခဲ့ကာ၊ ပစ်သွင်းလိုက်တဲ့ ဗုံး တလုံးကတော့ မကွဲခဲ့ဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ကားရှေ့ခေါင်းခန်းမှာ ရှိနေတဲ့ ဗိုလ်မှူးအဆင့် စစ်ကောင်စီ အရာရှိက သေနတ်သမားတွေနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတဲ့နောက် အဲဒီ အရာရှိလည်း ကားခေါင်းခန်းထဲမှာပဲ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ဒီ ဗိုလ်မှူးအဆင့် စစ်ကောင်စီအရာရှိဟာ ဒုတိယ တပ်ရင်းမှူး တာဝန်ရှိသူလို့ ဆိုတဲ့ သတင်း ထွက်လာနေပေမယ့် ဘီဘီစီအနေနဲ့ အဲဒီအချက်ကို သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ဒီကားကိုမောင်းခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တယောက် အထိအခိုက် ရှိ၊ မရှိ ဆိုတာကိုတော့ အတည်မပြု နိုင်ပါဘူး။
ဒီတိုက်ခိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို ပြုလုပ်တဲ့သူတွေဟာ အဖွဲ့ ၂ ဖွဲ့က ဖြစ်ပြီး Revolution Force (RF) နှင့် Generation Freedom Army (GFA) အဖွဲ့တွေဖြစ်ပြီး သူတို့ရဲ့ အဲဒီစစ်ဆင်ရေးကို ကျားဘီလူး စစ်ဆင်ရေးလို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။
တိုက်ခိုက်မှုဟာ ခပ်မြန်မြန်ဖြစ်ပွားခဲ့ပြီး အနီးအနားက အရပ်သားတွေနဲ့ တိုက်ခိုက်သူတွေ ထိခိုက်မှုရှိတာ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတွန်းလှန်စစ် စတင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး နောက် ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှု ဖြစ်လာခဲ့တာပါ။
အခုလက်နက်ကိုင်အဖွဲ့တွေဟာ NUG ရဲ့ စစ်ဆင်ရေးဆိုင်ရာ တိုက်ရိုက် ညွှန်ကြားမှု အောက်မှာမရှိဘူးလို့ သိရပေမယ့် ဟန်ချက်ညီ ချိတ်ဆက်လှုပ်ရှား နေကြပုံရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အဲ့ဒီနောက်မှာ ဗဟိုလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာ နောက်ထပ်ပေါက်ကွဲ မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။
ဗဟိုလမ်းနဲ့ ဇေယျဝတီလမ်းထောင့် ဒုတိယ ပေါက်ကွဲမှုကတော့ စစ်ကောင်စီဘက်က မိုင်းရှာတွေ့ပြီး ဖောက်ခွဲခဲ့တာဖြစ်ပြီး အနီးအနားက အိမ်တွေပါတုန်သွားကြောင်း ၆ လွှာအထိ တိုက်ခန်းကို ခဲတွေလာစင်ခဲ့တယ်လို့လည်း စမ်းချောင်းနေထိုင်သူတွေက ပြောပါတယ်။
စမ်းချောင်းဂွစျေးအနီး၊ ကံ့ကော်လမ်း၊ ကျွန်းတောလမ်း၊ ဗားကရာလမ်း၊ ဗဟိုလမ်းတွေမှာ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ပြီး ရှာဖွေပြီးပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။
အဲဒီနောက် စျေးသည်တွေပါ အကုန်ထွက်ပြေးသွားကြပြီး လမ်းတွေကိုလည်းပိတ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google Maps








