စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဘီဘီစီ သီးသန့်အင်တာဗျူး

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီအာရှရေးရာ အကြီးတန်းအယ်ဒီတာ Rebecca Henschke က အွန်လိုင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဘီဘီစီ - ဗိုလ်ချုပ်ရှင့်၊ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေက သူတို့ကိုယ်တိုင် ရွေးကောက်မှာရှိနေခဲ့တယ်၊ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ကြေညာခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်ငံတဝန်းမှာ ကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးတွေ ဖြစ်ပေါ်လာတာကို ကျွန်မတို့မြင်တွေ့ခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့ လူထုဟာ အာဏာသိမ်းပြီးတည်းကနေ ၈လကြာလာတဲ့ အခုအချိန် အထိ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်နေကြပါတယ်။ ဆန္ဒပြသူတွေဟာ ဒီမိုကရေစီ စနစ် ပြန်လည်ရရှိဖို့နဲ့ စစ်တပ်ကို အာဏာစွန့်ဖို့ တောင်းဆိုဆန္ဒပြမှုတွေ ဆက်ရှိ နေဆဲ ဆိုတာကိုလည်း ကျွန်မတို့မြင်တွေ့နေရပါတယ်။ လူထုရဲ့ရှင်းလင်းတဲ့ ဆန္ဒကို ဘာကြောင့် စစ်တပ်က နားမထောင်ရတာပါလဲ။
ဗိုလ်ချုပ် ဇော်မင်းထွန်း- ပထမဦးဆုံးကျွန်တော်ပြောချင်တာက ဒီမိုကရေစီမှာ မှန်တာနဲ့ များတာဆိုတာရှိပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတိုင်းမှာဖြစ်ဖြစ်၊ ဒီမိုကရေစီစနစ် မကျင့်သုံးတဲ့နိုင်ငံတွေမှာ ဖြစ်ဖြစ် အစိုးရတရပ်အနေနဲ့က မှန်တာနဲ့ များတာကို ဘယ်ဟာကို ယူမလဲ။ အဲ့မှန်တာနဲ့များတာကြားမှာ ဘယ်ဟာကို ရပ်တည် ရမယ်ဆိုတာကို ဘယ်သူမှ ယတိပြတ် မဆုံးဖြတ်နိုင်ပါဘူး။ ဒါကြောင့် မို့လို့ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရေးဆိုတဲ့ နည်းလမ်း ပေါ်လာတာဖြစ်တယ်။
ဘီဘီစီ- နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီး ရွေးချယ်ခံအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း ခဲ့တာတွေကနေ ဒီ(မငြိမ်သက်တဲ့)အခြေအနေတွေ အားလုံး ဖြစ်လာခဲ့တာလို့ ရှင်းရှင်း လင်းလင်းပဲ ယူဆကြပါတယ်။ ဗိုလ်ချုပ်က မြန်မာပြည် မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းတွေကို ပြောသွားခဲ့တာရှိတယ်။ အဲဒီဒေသတွေမှာ စစ်အင်အားတွေကို ဒီလပိုင်းတွေအတွင်း တိုးချဲ့ချထားတာ တွေလည်း ကျွန်မတို့ တွေ့မြင်နေရတာရှိတယ်။ အဲဒီနေရာတွေမှာ စစ်တပ်ရဲ့ မဟာဗျူဟာနဲ့ အစီအစဉ်တွေက ဘာတွေလဲ။
ဗိုလ်ချုပ် ဇော်မင်းထွန်း- အဓိကကတော့ ကျွန်တော်တို့အနေနဲ့က၊ တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်မှာ အဓိက တာဝန်ရှိတာနဲ့ အညီ အဲ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အခုနပြောတဲ့ မငြိမ်သက်တဲ့နယ်မြေတွေမှာ ကျွန်တော်တို့က လိုအပ်တဲ့ အင်အား၊ လိုအပ်တဲ့ လုံခြုံမှု အင်အားကိုတော့ ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့လုံခြုံမှုအင်အားနဲ့ အမြန်ဆုံး တည်ငြိမ်မှု ရရှိရေး အတွက် ဆောင်ရွက်မှာဖြစ်တယ်။ အဲ့လိုမျိုးလည်း တချို့နေရာတွေမှာ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။

ဘီဘီစီ-အဲဒီတပ်ဖွဲ့တွေကို ဘာတွေလုပ်ဆောင်ဖို့ အမိန့်ပေးထားတာလဲ။
ဗိုလ်ချုပ် ဇော်မင်းထွန်း- အဲ့ဒီတပ်ဖွဲ့တွေ အနေနဲ့ကတော့ သူတို့သည် သူတို့ကို ပေးထားတဲ့အမိန့်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိရင်၊ ဒေသခံလူထုတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိရင် သူတို့ကို ကာကွယ်ပေးရမယ်။ ဒါက နံပါတ် ၁။ နံပါတ် ၂ ကတော့ NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို တရား ဥပဒေနဲ့ အညီအရေးယူနိုင်ရေး၊ ပြန်လည်တိုက်ခိုက်လာလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ ဒါပြန်လည်တိုက်ခိုက်နိုင်ဖို့ အတွက် ကျွန်တော်တို့ အမိန့်ပေးထားတာရှိတယ်။ နိုင်ငံရဲ့လုံခြုံရေးနဲ့ ဒေသရဲ့လုံခြုံရေးအတွက် ဒါကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အင်အားနဲ့ ထိုက်သင့်တဲ့ တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်လျက်ရှိတယ်။
ဘီဘီစီ- အဲဒီလိုလုပ်တဲ့ အထဲမှာ ရွာတွေကို မီးရှို့တာတွေ၊ ကိုယ့်ကို ဆန့်ကျင် နေတယ်လို့ ယူဆရသူတွေ၊ ဒေသခံတွေကို သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်တာ တွေရော ပါလား။
ဗိုလ်ချုပ် ဇော်မင်းထွန်း- အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်သတင်းစာ ရှင်းလင်းပွဲမှာ အကြိမ်ကြိမ်ရှင်းခဲ့ပြီးပြီ။ ဥပမာပေါ့နော် မကွေးတိုင်းမှာရှိတဲ့ ကင်းမကျေးရွာ ကိစ္စဆိုရင် ကျွန်တော်တို့ကို အကြိမ်ကြိမ်စွပ်စွဲတယ်။ တပ်ကနေပြီး ဝင်ပြီးမီးရှို့သွားတယ်။ ကျွန်တော်တို့ ဓာတ်ပုံတွေလည်း ပြတယ်၊ အဲဒီမှာ မီးလောင် နေလို့ ရဲတွေက၊ မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ ရဲတွေကနေပြီးတော့ အဘိုးကြီး အဘွားကြီးတွေကို ကယ်ထုတ်ပေးရသေးတယ်။ ဘယ်သူမှ မယုံဘူး။ အဲဒီ ကင်းမ ကျေးရွာမှာ နေပြီး အဲဒီ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေ ကိုယ်တိုင်၊ ကင်းမ ကျေးရွာရဲ့ PDF ထဲမှာ ပါဝင်ပြီးတော့ ကင်းမကျေးရွာက ဆရာဝန် နဲ့ သူနာပြု တယောက်ကို မိပြီးမှ ဒါတွေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို သူတို့သဘောနဲ့ သူတို့ ဆန္ဒနဲ့ ပြောခိုင်းခဲ့တာ ရှိတယ်။ သူတို့ကိုယ်တိုင် ပြောခဲ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း ထန်တလန်၊ ထန်တလန်မှာ တကယ့်အခြေအနေမှန်ကို ပြောရရင်၊ ထန်တလန်မှာ ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ နဂိုရှိတဲ့ စခန်းမှာပဲ သူတို့နေရတာ များတယ်၊ ထန်တလန်မြို့ထဲမှာ တပတ်ကို ၂ ကြိမ်လောက်ပဲ ကင်းလှည့်တယ်။ အဲ့ကင်းလှည်တဲ့အချိန်မှာပဲ ထန်တလန်မြို့ထဲကနေပြီး ဆွဲမိုင်းနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တယ်၊ မြို့ထဲကနေပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်။ အဲဒါကို တပ်ကနေ ပစ်ခတ်လို့၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မီးလောင်တယ်ဆိုပြီး ပြောတယ်။ အဲတော့ တကယ့်စစ်မြေပြင်မှာ နေခဲ့ဖူးတဲ့သူတွေ ရော… အဲတော့ လက်နက်ကြီးနဲ့မှန်လို့မို့ မီးလောင်တဲ့ အဆောက်အအုံ ဆိုတာ တော်တော်ရှားပါတယ်။ သူတို့ကိုယ်တိုင်မီးရှို့တယ်၊ နောက်ပြီး ဟိုဟာမျိုး လုပ်တယ်။ ဒီလိုမျိုးဟာတွေ မြန်မာပြည်မှာ အတော်များ ပါတယ်။ အရင်တုန်း ဘင်္ဂါလီနဲ့ ဖြစ်တဲ့ ကိစ္စတွေမှာလည်း ဒီလိုမျိုးစွပ်စွဲ ခံရတာ ရှိပါတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက မြန်မာ့တပ်မတော်အနေနဲ့ မိမိရဲ့ လုံခြုံရေးနဲ့ နယ်မြေ ဒေသလုံခြုံရေးကို ဆောင်ရွက်တဲ့အချိန်မှာ အလကားနေ မီးရှို့ဖို့လို့တောင် အချိန်မအားသေးဘူးလို့ (ပြုံးစစနဲ့ ပြော) ကျွန်တော်ပြောချင်တယ်။
ဘီဘီစီ- မျက်မြင်သက်သေတွေနဲ့ ဂြိုဟ်တုကနေ မြင်တွေ့ရတဲ့ဓာတ်ပုံတွေ၊ ဆိုရှယ် မီဒီယာတွေပေါ်က ဗီဒီယိုတွေကပြောပြနေတာတွေကတော့ ဒီဟာနဲ့ အတော် ကွဲပြားတာကို တွေ့ရပါတယ်။ ဆိုတော့ ဗိုလ်ချုပ် ကျွန်မ ဆက်မေးချင်တာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြောင့် စစ်သားဘယ်နှယောက် သေဆုံး ခဲ့ပါသလဲ။

ဗိုလ်ချုပ် ဇော်မင်းထွန်း- ကျွန်တော်တို့အနေနဲ့ စာရင်းချုပ်အနေနဲ့က ဖေဖော်ဝါရီကနေ စက်တင်ဘာလအတွင်းမှာ ၇၄၁ ဦး၊ ၇၄၁ ဦးဆိုတာ အရပ်သားတွေရော၊ စစ်သားတွေရောပါတယ်။ အဲဒီထဲက ၅၈၇ ဦးက အရပ်သားတွေဖြစ်တယ်၊ ၅၈၇ ဦးက အရပ်သားတွေ ဆိုတော့ လုံခြုံရေးတပ်ဖွဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ စစ်သည်တွေရယ် က ၁၀၀ ကျော် ၂၀၀ နီးပါးလောက်အထိ တော့ရှိပါတယ်။ ဒီနောက်ပိုင်းမှာလည်း ကျဆုံးမှုတွေ ရှိပါတယ်။ ဒီကျဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဂုဏ်တုဂုဏ်ပြိုင် (ပြုံးစစနဲ့ ပြော) လုပ်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က ဘယ်သူသေသေ မြန်မာနိုင်ငံသား သေတာပဲ။
ဘီဘီစီ- ဒီတော့ စစ်မြေပြင်မှာ စစ်တပ်ဘက်က အရေးနိမ့်နေပြီလား။
ဗိုလ်ချုပ် ဇော်မင်းထွန်း- စစ်မြေပြင်ဆိုတာ ပြောရခက်ပါတယ်။ စစ်မြေပြင်ဆိုတာ ဟိုဟာပေါ့နော်၊ နည်းဗျူဟာအရ အသာစီးရတာမျိုးတွေ ရှိရင်ရှိမယ်၊ မဟာဗျူဟာအရ အသာစီးရတာမျိုးတွေ ရှိရင်ရှိမယ်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ပြောရမယ်ဆိုရင်တော့ အခုအချိန်မှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ဒေသရှိတယ်၊ ချင်းပြည်နယ်မြောက်ပိုင်း ဒေသရှိတယ်၊ အဲဒီဒေသတွေမှာတော့ ကွက်ပြည့်လွှမ်းမိုးမှုပေါ့နော်၊ ကွက်ပြည့်လွှမ်းမိုးမှု မရဘူးဆိုတာတော့ ကျွန်တော်တို့ ဝန်ခံပါတယ်။ အဲ့ဒီနေရာတွေမှာ တည်ငြိမ်အေးချမ်းဖို့အတွက် ဆက်လက် ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ စစ်တပ်က အာဏာ သိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့အချိန်ကစလို့ သူ့ကို ကမ္ဘာက မြင်တွေ့ခွင့်မရတော့ပါဘူး။ ဘာကြောင့် မြန်မာစစ်တပ်အာဏာပိုင်တွေက သူ့ကို စကားပြောခွင့်မပေးနိုင်ရတာလဲ။
ဗိုလ်ချုပ်ဇော်မင်းထွန်း- မြန်မာနိုင်ငံမှာ ကျွန်တော်တို့သွားခဲ့တဲ့ဟာသည် မဲမသမာမှုတွေ ဖြစ်ကတည်းက စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို သွားခဲ့တယ်။ အဲဒီအချိန်မှာကတည်းက ပြောပြီးသားပဲ၊ ကျွန်တော်တို့ သမ္မတနဲ့လည်း ပြောခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူပြောခဲ့တာ ရှိပြီးသားပဲ၊ အမှန်တကယ်ကတော့ မြန်မာနိုင်ငံမှာ တကယ်ကို နိုင်ငံတော်တာဝန်နဲ့ နိုင်ငံတော်အာဏာ ရယူထားတဲ့လူဆိုတာ ဘယ်သူလဲ ဆိုတာ သိပြီးသားပဲ။ သူ သမ္မတအထက်မှာနေမယ်ဆိုတာ ယခင်ကတည်းက ပြောခဲ့ပြီးသားပဲ။ အဲဒီတော့ အဲဒီမဲမသမာမှုတွေကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့နေရာမှာ ကျွန်တော်တို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ မပြေလည်ဘူး။ မပြေလည်တဲ့နေရာမှာ ဦးဝင်းထိန်ကိုယ်တိုင်ပဲ ပြောခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆူပူအုံကြွမှု လုပ်ရမယ်၊ တစ်နိုင်ငံလုံးမှာ ဆူပူအုံကြွမှုလုပ်ရမယ်လို့ သူပြောခဲ့တယ်၊ ဒါကို သူ့အသက်နဲ့ရင်းပြီးတော့ အာမခံပါတယ်ဆိုပြီး စာလည်းထုတ်ခဲ့တယ်၊ ပြောလည်း ပြောခဲ့တယ်။ အဲဒီတော့ အဲလို ဆူပူအုံကြွမှု ဖြစ်အောင်လုပ်မယ့်သူကို ကျွန်တော်တို့က လွတ်လွတ်လပ်လပ်ပြောခွင့်ရအောင် ကျွန်တော်တို့အနေနဲ့ အဲလောက်တော့ သဘောထားမကြီးသေးဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။
ဘီဘီစီ- နောက်မေးခွန်းကတော့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ဘယ်တော့ လာခွင့် ပေးမှာလဲ၊ သူတို့ဘက်ကလည်း ဒီအတွက်မေတ္တာရပ်ခံထားတယ်။ သူတို့ကို ဘယ်တော့ လာခွင့်ပေးမှာလဲလို့ အခုပြောနိုင်မလား။
ဗိုလ်ချုပ် ဇော်မင်းထွန်း- ကျွန်တော်တို့ ပြောပြီးဖြစ်ပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် အတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့က အချက် ၃ ချက် ပြောပြီး ဖြစ်တယ်။ နံပါတ် ၁ အချက်ကတော့ ပြည်တွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ အညီဆောင်ရွက်ပေးမယ်။ နံပါတ် ၂ အချက်ကတော့ ကျွန်တော်တို့ အနေနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဘူးဆိုတဲ့မူ ကို အလေးထားတယ်။ အဲ့ဒီမူတွေအတိုင်းဆောင်ရွက်နိုင်မယ် ဆိုရင် ကျွန်တော်တို့က အလေးထားပြီး လက်ခံစဉ်းစားပေးပါမယ်လို့ ပြောခဲ့တာ ရှိတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံရဲ့ တည်ရှိမှု၊ အစိုးရရဲ့ တည်ရှိမှုနဲ့ ပတ်သက်လို့ အပြုသဘောဆောင်မယ်ဆိုရင် ကျွန်တော်တို့ လက်ခံပါမယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီ မူဝါဒအတိုင်းပဲ ဖြစ်ပါတယ်။
ဘီဘီစီ- ဒါပေမဲ့ စစ်ကောင်စီကို စက်တင်ဘာမှာလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ခွင့်မပေးခဲ့ဘူး။ အိမ်နီးချင်းနိုင်ငံတွေ ကလည်း ဒေသတွင်းဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူတူ တစားပွဲထဲ ထိုင်ဖို့ ငြင်းခဲ့ကြတယ်။ စစ်ကောင်စီအနေနဲ့ အထီးကျန်ဖြစ်နေပြီလို့ ယူဆလား။
ဗိုလ်ချုပ် ဇော်မင်းထွန်း- မယူဆပါဘူးဗျာ (ရယ်ပြုံးပြီးပြော) မနေ့ကနဲ့ ဒီနေ့တင် မြန်မာနိုင်ငံကို ဧည့်သည် ၄ ယောက်လောက် လာသွားပါတယ်။ ဂျပန်နေပြီးတော့ ကျရင် မစ္စတာ ဆာဆာကာဝါလာတယ်၊ ပြီးတော့ အမေရိကန်ကနေပြီးတော့ ဘေလ် ရစ်ချတ်ဆန် လာတယ်၊ တရုတ်က ဆွန်ကော့ရှန်လာတယ်၊ ပြီးတော့ ထိုင်းက ဒုတိယ ဝန်ကြီးချုပ်လာတယ်။ အဲဒီတော့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ လာခဲ့တာပါ။ ဒါက ကျွန်တော်တို့ သတင်းထုတ်ပြန်တဲ့ဟာတွေပါ၊ သတင်းမထုတ်ပြန်တဲ့ ဟာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့်သုံးမယ်။ ကမ္ဘာ့နိုင်ငံများနဲ့ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးအောင်ဆောင်ရွက်မယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ အထီးကျန်ဆန်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့နဲ့ ကျွန်တော်တို့ အဆက်အသွယ် အမြဲရှိတယ်။ ပြီးရင် အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအို နိုင်ငံတွေနဲ့ အဆက်အသွယ်အမြဲတမ်း ရှိတယ်။ အာဆီယံ နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေနဲ့ အဆက်အသွယ်အမြဲရှိပါတယ်။ အဲတော့ မြန်မာနိုင်ငံအနေနဲ့ ကတော့ နိုင်ငံတကာနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာ လိုက်နာရမယ့်အတိုင်းပဲ၊ ကုလသမဂ္ဂ ဆိုရင်လည်း ကုလသမဂ္ဂ ပဋိဉာဏ်အတိုင်းပဲ၊ အာဆီယံဆိုရင်လည်း အာဆီယံ ပဋိဉာဏ်အတိုင်းပဲ လိုက်နာဆောင်ရွက်လျက်ရှိတယ်။ အသိအမှတ်ပြုခြင်း၊ မပြုခြင်းကတော့ကျွန်တော် တို့အလုပ်မဟုတ်ပါဘူး။ သူတို့အလုပ်ပါ။
ဘီဘီစီ- ဗြိတိန်နဲ့အမေရိကန်က စစ်ကောင်စီကို နောက်ထပ် အရေးယူပိတ်ဆို့မှု တွေချခဲ့တယ်။ ဒီအရေးယူမှုတွေကြောင့် အထိနာနေပြီလား။
ဗိုလ်ချုပ် ဇော်မင်းထွန်း- ထိခိုက်မှုကတော့ရှိပါတယ်၊ ထိခိုက်မှုရှိတယ်ဆိုတာက အစိုးရပိုင်းအနေနဲ့ကလည်း ထိခိုက်မှု အနည်းအကျဉ်းရှိလာပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း ထိခိုက်မှု ရှိလာပါတယ်။ ထိခိုက်မှုရှိလာတာကိုတော့ ကျွန်တော်တို့ မငြင်းလိုပါဘူး။ သို့သော် ဘယ်လိုပဲပြောပြော ကျွန်တော်တို့ကို စာနာထောက်ထား နားလည်နိုင်မယ့်၊ ကျွန်တော်တို့ အခြေအနေကို နားလည်နိုင်မယ့်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီနိုင်ငံတွေနဲ့ပဲ လက်တွဲပြီး ဆောင်ရွက်သွားရမှာပေါ့။








