ရန်ကုန်အပါအဝင်ဒေသတချို့မှာ လူထုနေ့စဉ်ဘဝကို လုံခြုံရေးအကြောင်းပြ စစ်ကောင်စီ ကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က မြို့နယ်တွေမှာ ဒေသခံပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်စီးနင်းမှုတွေကို စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေထုတ်လာလို့ အခက်တွေ့နေကြတယ်လို့ဒေသခံကပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာရှိတဲ့ ကော့မှူး မြို့နယ်မှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာစီးနင်းရမယ် လို့ ထုတ်ပြန်လိုက်ပြီး အလားတူ တွံတေးမြို့နယ်မှာလည်း တွံတေး-ဒလ ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်တွေမှာလည်း တင်ဆောင်ရမယ့်ခရီးသည်အရေအတွက်ကို လျှော့ချပြေးဆွဲဖို့ ညွှန်ကြားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဖောက်ခွဲရေးတွေကို ဆိုင်ကယ်သုံးလို့ နှစ်ယောက်မစီးရဘူးပြောတယ်။ အဲဒီလို အမိန့်စထုတ်တာနဲ့ဆိုင်ကယ် ကယ်ရီသမားတွေအခက်တွေ့တာပဲ။ စစ်ဆေးရေးဂိတ်တွေမှာဆို ကားကိုမှန်ချထားဖို့ပြောတယ်။ လူများရင် ယောက်ျားလေးတွေပါရင် စစ်ပြီပဲ။ အခုလည်း တက္ကစီတွေခါတိုင်း တင်တာထက် လူလျှော့ခိုင်းတော့ ကားခကအလိုလိုတက်သွားမှာပဲလေ။ သူတို့က လုံခြုံရေး ဆိုပြီး အကြောင်းပြပေမယ့် ဒေသခံတွေအတွက်က ဘာတစ်ခုမှအဆင်မပြေဘူး" လို့ တွံတေးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အလားတူပဲ တနင်္သာရီတိုင်းမှာလည်း ထားဝယ်ခရိုင်တစ်ခုလုံးမှာ အမျိုးသားနှစ်ဦးဆိုင်ကယ် အတူစီးခွင့်ကို ပိတ်ပင်လိုက်တယ်ဆိုပြီး ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကအမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒေသတွင်းသတင်းတစ်ခုဖြစ်တဲ့ Dawei Watch သတင်းဌာနကဖော်ပြလာပါတယ်။
ထားဝယ်ခရိုင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ အားကောင်းသလို ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူတွေ ပစ်ခတ်ခံရမှုတွေလည်း ဆက်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာပါဝင်တဲ့သပိတ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မိသားစုဝင်တွေကိုဖမ်းဆီးတာတွေနဲ့ သပိတ်မှာပါတဲ့ လူငယ်တွေကို ဆက်တိုက်စုံစမ်းဖမ်းဆီးမှုတွေဆက်လုပ်နေတယ်လို့လည်း သပိတ်ကော်မတီကပြောဆိုထားပါတယ်။
အခုလို ထားဝယ်ခရိုင်အတွင်းမှာ ပြည်သူတွေရဲ့သွားလာနေထိုင်မှုတွေကို ကန့်သတ်တာဟာလူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့သုံးသပ်ပြောဆိုချက်တွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ မုံရွာမြို့တွင်း မြို့နယ်တချို့မှာလည်း ကိုဗစ်ကာလဖြစ်ပေမယ့် ဒေသခံပြည်သူတွေကိုအပြင်ထွက်တဲ့အခါ နှာခေါင်းစည်း (Mask)တပ်ခွင့်မပေးတာ၊ တပ်ဆင်တာတွေလုပ်ရင် ဒဏ်ငွေရိုက်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Regional News Agency-RNA
"Mask တပ်ရင် ပိုက်ဆံတောင်းတယ်။ လုံခြုံရေးအတွက်လို့ပြောပေမယ့် သူတို့ပိုက်ဆံလိုလို့ တောင်းတယ် ထင်တာပဲ။ တခါတလေ ထောင်ဂဏန်း တောင်းတယ်။ တခါတလေ သောင်းဂဏန်းထိပေးရတဲ့ လူတွေလည်းရှိတယ်။ လုံခြုံရေးဂိတ်တွေရှေ့ကဖြတ်ရင် ဆိုင်ကယ်ကိုဆင်းတွန်းရတာတွေလည်းရှိတယ်" လို့ မုံရွာဒေသခံတစ်ဦးက မုံရွာမြို့မှာဖြစ်နေတဲ့အခြေအနေတွေကို ပြောပါတယ်။
ခုလို နှာခေါင်းစည်းမတပ်ရင်၊ မဝတ်ဆင်ရင် ငွေကြေးတောင်းခံတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
လက်ရှိမှာတော့ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးမြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းရုံးစိုက်ရာနေရာတွေမှာ ကင်းပုန်းချတာတွေလုပ်ဆောင်နေသလို တဖက်မှာလည်း ပြောက်ကျားသပိတ်တွေ၊ စစ်ကောင်စီတပ်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေကိုပစ်ခတ်မှုတွေဟာလည်း နေ့စဉ်လိုလိုဖြစ်နေတယ်လို့ ဘီဘီစီရဲ့သီးခြားစောင့်ကြည့်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။








