ဂမ်ဘီယာက မြန်မာကို စွပ်စွဲတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကြားနာပွဲ ICJ မှာ စတင်

ဂမ်ဘီယာက မြန်မာကို စွပ်စွဲတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကြားနာပွဲ ICJ မှာ စတင်ပြီဖြစ်ပြီး နေပြည်တော်က ဦးကိုကိုလှိုင်နဲ့ ဒေါ် သီတာဦးတို့ တက်ရောက်နေတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၁၂ ရက် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့အထွက်မှာရှိတဲ့ နွယ်တမယ်ရွာကို ဇန်နဝါရီ ၁၀ ရက်မှာ ပြန်သိမ်းနိုင်ပြီလို့ စစ်တပ်ထုတ်ပြန်
  • ပါတီကြီး ၂ ခုဖြစ်တဲ့ ပြည်သူ့ပါတီနဲ့ PPP တို့က မဲပေးစက်ကိစ္စအပါအဝင် ရွေးကောက်ပွဲ အပိုင်း ၂ တွေ့ရှိချက်တွေကို UEC ထံတင်ပြမယ်လို့ ပြော
  • အီရန်နိုင်ငံထဲက ဆန္ဒပြမှုတွေအတွင်း အစိုးရက နှိမ်နင်းလို့ ဆန္ဒပြသူ ရာနဲ့ချီသေဆုံးတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ အမေရိကန်ဘက်က တိုက်ခိုက်တာလုပ်လာရင် ပြန်လည်လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေး
  • ရွေးကောက်ပွဲနေ့မှာ ပဲခူးတိုင်းထဲ ထန်းတပင်၊ ဖြူးနဲ့ ပေါင်းတည်မြို့နယ် ၃ ခုကို PDF တွေ တပြိုင်နက်တိုက်ခိုက်
  • ရွေးကောက်ပွဲ အပိုင်း ၂ မြို့နယ် ၁၀၀ ထဲက ၆၈ မြို့နယ်မှာ USDP က အနိုင်ရရှိနေတယ်လို့ USDP ပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဦးလှဆွေပြော
  • စစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးတဲ့နောက် တအာင်းဒေသအတွင်း လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ သက်သာခွင့်ရလာတယ်လို့ တအာင်းတပ်( PSLF/TNLA) က ဆို
  • အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့စွပ်စွဲချက်အတွက် လူသိရှင်ကြား ကြားနာပွဲကို ICJ မှာ ဒီနေ့ စတင်
  • နှစ်ပေါင်း ၆၃ နှစ် အကြာမှာ တအာင်းအမျိုးသားအောင်ပွဲ နေ့ရက်မြတ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ AA နဲ့ MNDAA ဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီလ ၁၂ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ကလေးသတို့သမီးကနေ ထိပ်တန်းကာယဗလမယ် ဖြစ်လာတဲ့ အာဖဂန်အမျိုးသမီး

    ရိုယာကာရီမီ (အလယ်) ကို စတိုပီရီယက်အိုးပင်း ပြိုင်ပွဲရဲ့ Wellness- ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု အမျိုးအစားမှာ ဆငွေတံဆိပ်နဲ့ ကြေးတံဆိပ်ရသူတွေနဲ့အတူ တွေ့ရစဥ်
    ဓာတ်ပုံ ပုံစာ, ရိုယာကာရီမီ (အလယ်) ကို စတိုပီရီယက်အိုးပင်း ပြိုင်ပွဲရဲ့ Wellness- ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု အမျိုးအစားမှာ ဆငွေတံဆိပ်နဲ့ ကြေးတံဆိပ်ရသူတွေနဲ့အတူ တွေ့ရစဥ်

    ရိုယာကာရီမီဟာ အာဖဂန်နစ္စတန်မှာ အသက် ၁၅ နှစ်မှာတင် ကလေးသတို့သမီး ဖြစ်ပြီး မိခင်ဘဝရောက်ခဲ့ပေမဲ့ အခုတော့ ဥရောပရဲ့ ထိပ်တန်းကာယဗလမယ်တစ်ဦး ဖြစ်လာခဲ့ပါပြီ။

    ကမ္ဘာ့ကာယဗလချန်ပီယံပြိုင်ပွဲမှာ သူဘဝဇာတ်ကြောင်းဟာ အစဥ်အလာ အတားအဆီးတွေကို ဆန့်ကျင်တိုက်ဖျက်ပြီး ကိုယ့်ပုံရိပ်ကိုယ် ပြန်တည်ဆောက်တာနဲ့ အကန့်အသတ်မျိုးစုံနဲ့ ရင်ဆိုင်နေရဆဲ အမျိုးသမီးတွေအတွက် အားကျစရာ ဖြစ်လာပါတယ်။

    ရိုယာက ပြီးခဲ့တဲ့ ၁၄ နှစ်တုန်းက သူ့အမေ၊ သူ့သားငယ်တို့နဲ့အတူ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာပြီး နော်ဝေးနိုင်ငံမှာ ခိုလှုံခဲ့သူပါ။

    အသက် ၃၀ မှာ ကမ္ဘာ့ကာယဗလ ချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့ ဘဝသစ်တစ်ခု ရလာပေမဲ့ မွေးရပ်မြေက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။

    ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ICJ က မြန်မာအမှု ဓာတ်ပုံစုစည်းချက်

    ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို စွပ်စွဲခဲ့တဲ့အမှုအတွက် တရားရုံးကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာ ဒီနေ့ ကြားနာနေပါတယ်။

    ဒါဟာ အမှုနဲ့ပတ်သက်ပြီး အများသူငါရှေ့ ပထမဆုံး ကြားနာမှုဖြစ်လာပါတယ်။

    ရိုဟင်ဂျာကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို မြန်မာဘက်က ငြင်းပါတယ်။

    ဂမ်ဘီယာတရားရေးဝန်ကြီး ဂျော်ဒါ ဂျာလိုကတော့ ရိုဟင်ဂျာတွေဟာ ဖျက်ဆီးခံရဖို့ ပစ်မှတ်ထားခံခဲ့ကြရတယ်လို့ တရားခွင်မှာ ဒီနေ့ ပြောသွားပါတယ်။

    ဒီတရားခွင်ကြားနာမှုအတွက် ကိုယ်စားပြုဖို့ဆိုပြီး မြန်မာစစ်ကော်မရှင်က ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးဝန်ကြီး ဒေါ် သီတာဦးတို့အဖွဲ့ကို စေလွှတ်ထားပါတယ်။

    မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ညှိနှိုင်းဆောင်ရွက်တာတွေကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့က စစ်ကော်မရှင်သံရုံးကလည်း လုပ်ဆောင်ပေးနေတယ်လို့ ဦးကိုကိုလှိုင်က အစောပိုင်းမှာ ပြောပါတယ်။

    မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသားကောင်ဖြစ်ရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ကူညီဆောင်ကျဉ်းပေးပါလို့ ရေးသားထားတဲ့ စာကို တရားရုံးရှေ့ မြက်ခင်းပြင်မှာမြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသားကောင်ဖြစ်ရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ကူညီဆောင်ကျဉ်းပေးပါလို့ ရေးသားထားတဲ့ စာကို တရားရုံးရှေ့ မြက်ခင်းပြင်မှာမြင်တွေ့ရ
    ဇန်နဝါရီ ၁၂ ရက် သယ်ဟိတ်မြို့ တရားခွင်အတွင်းပိုင်း မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၂ ရက် သယ်ဟိတ်မြို့ တရားခွင်အတွင်းပိုင်း မြင်ကွင်း
    ဇန်နဝါရီ ၁၂ ရက်မှာ ICJ မှာ ပြုလုပ်တဲ့ ဂမ်ဘီယာ- မြန်မာအမှုအတွက် ကြားနာမှုကို တက်ရောက်ကြတဲ့ တရားသူကြီးတွေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၂ ရက်မှာ ICJ မှာ ပြုလုပ်တဲ့ ဂမ်ဘီယာ- မြန်မာအမှုအတွက် ကြားနာမှုကို တက်ရောက်ကြတဲ့ တရားသူကြီးတွေ
    အမှုအတွက် ဂမ်ဘီယာဘက်က ကိုယ်စားပြုတဲ့ ရှေ့နေအဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အမှုအတွက် ဂမ်ဘီယာဘက်က ကိုယ်စားပြုတဲ့ ရှေ့နေအဖွဲ့
    မြန်မာအတွက် ကိုယ်စားပြုဖို့ နေပြည်တော်က ဦးကိုကိုလှိုင်နဲ့ ဒေါ် သီတာဦးတို့ကို ICJ ကို စေလွှတ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, မြန်မာအတွက် ကိုယ်စားပြုဖို့ နေပြည်တော်က ဦးကိုကိုလှိုင်နဲ့ ဒေါ် သီတာဦးတို့ကို ICJ ကို စေလွှတ်ခဲ့
  4. ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အိုင်စီဂျေ တရားရုံး - ရက်စွဲမှတ်တမ်း

    ICJ တရားရုံး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ၂၀၁၉ ခုနှစ်မှာ မြန်မာအပေါ် အာဖရိကတိုက်က နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ မှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်တဲ့ Genocide လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

    ဒီနေ့မှာပဲ နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ICJ တရားရုံးမှာ ဒီအမှုကို လူသိရှင်ကြား ကြားနာပွဲကို ICJ မှာ ဒီနေ့ စတင်နေပြီဖြစ်ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာပြုလုပ်တဲ့ အခုကြားနာပွဲကို နေပြည်တော်က စစ်ကော်မရှင် သမ္မတရုံးဝန်ကြီး ၂ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို စေလွှတ်ထားပါတယ်။

    ဒီနေ့ကြားနာမှုကိုတော့ ဂမ်ဘီယာဘက်က ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုအတွက် လူသိရှင်ကြား ကြားနာပွဲတွေ ပထမဆုံးပြုလုပ်တာဖြစ်ပါတယ်။

    ဒီအမှု ဘယ်လို စတင်ဖြစ်ပေါ်ပြီး ဘယ်လိုဆက်လက်ကြားနာစစ်ဆေးခဲ့ကြလဲဆိုတာ နေ့စွဲအလိုက် ဖော်ပြပေးလိုက်ပါတယ်။

    ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  5. ၂၀၂၆ ရွှေကမ္ဘာလုံးဆုပေးပွဲ မြင်ကွင်းတွေ

    ဒရာမာ အမျိုးသားဇာတ်ဆောင်ဆုရတဲ့ တင်မိုသီ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ဒရာမာ အမျိုးသားဇာတ်ဆောင်ဆုရတဲ့ တင်မိုသီ

    ဟောလီးဝုဒ်ရဲ့ အကောင်းတကာ့အကောင်းဆုံးတွေကို ဆုရွေးချယ်ပေးအပ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ဒီနှစ်အခမ်းအနားမှာတော့ တင်မိုသီ ချလမက်က အဓိကဆုရှင်တွေထဲ ပါဝင်လာခဲ့ပါပြီ။

    အသက် ၃၀ သာရှိသေးတဲ့ ချလမက်ဟာ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ဂျော့ ကလူနီတို့ကို ကျော်တက်ပြီး ဂီတ/ဟာသ ဇာတ်ကားဖြစ်တဲ့ Marty Supreme ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိသွားခဲ့ပါတယ်။

    လီယိုနာဒို ဒီကာပရီယိုက ဇာတ်ဆောင်ဆုနဲ့ လွဲခဲ့ပေမဲ့ One Battle after Another မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင် မင်းသမီးအပါအဝင် ဆုအချို့ ဆွတ်ခူးခဲ့

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, လီယိုနာဒို ဒီကာပရီယိုက ဇာတ်ဆောင်ဆုနဲ့ လွဲခဲ့ပေမဲ့ One Battle after Another မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင် မင်းသမီးအပါအဝင် ဆုအချို့ ဆွတ်ခူးခဲ့

    မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုက ဆုနဲ့လွဲချော်ခဲ့ပေမဲ့ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ One Battle After Another ကတော့ ဆုအများဆုံးရရှိခဲ့ပါတယ်။

    အကောင်းဆုံးဂီတ/ဟာသရုပ်ရှင်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုအပါအဝင် ဆု ၄ ဆုအထိ ရရှိသွားတာပါ။

    အိုင်းရစ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျက်ဆီ ဘာကလေ

    ဓာတ်ပုံ ရင်းမြစ်, EPA

    အိုင်းရစ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျက်ဆီ ဘာကလေကတော့ Hamnet ရုပ်ရှင်ကားနဲ့ အကောင်းဆုံး ဒရာမာအမျိုးသမီးသရုပ်ဆောင်ဆုကို လက်ခံရရှိခဲ့ပါတယ်။

    ဒီရုပ်ရှင်က မထင်မှတ်ဘဲ အကောင်းဆုံးဒရာမာရုပ်ရှင်ဆုကိုလည်း ရရှိလိုက်ပါသေးတယ်။

    Sinners ရုပ်ရှင်အတွက် အောင်မြင်ဆု ရယူအပြီးမှာမြင်ရတဲ့ ဒါရိုက်တာ ရိုင်ယန် ကူလ်ဂါနဲ့ အမေရိကန် ထုတ်လုပ်ရေးမှူးတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, Sinners ရုပ်ရှင်အတွက် အောင်မြင်ဆု ရယူအပြီးမှာမြင်ရတဲ့ ဒါရိုက်တာ ရိုင်ယန် ကူလ်ဂါနဲ့ အမေရိကန် ထုတ်လုပ်ရေးမှူးတွေ

    ဆုပေးပွဲမတိုင်ခင်ကတည်းက တစ်ပြေးနေခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ကား Sinners ကတော့ ဆုကြီးတွေမရခဲ့ပေမဲ့ ရုံတင်ချိန်မှာ ကြည့်ရှုသူအများဆုံးဆုနဲ့ တေးဂီတဆုတွေရခဲ့ပါတယ်။

    ရွှေကမ္ဘာလုံးဆုယူအပြီးမှာမြင်ရတဲ့ Kpop Demon Htunter အန်နီမေးရှင်းကာတွန်းရုပ်သံဇာတ်လမ်းတွဲ အသံ သရုပ်ဆောင်ရှင်တွေ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ရွှေကမ္ဘာလုံးဆုယူအပြီးမှာမြင်ရတဲ့ Kpop Demon Htunter အန်နီမေးရှင်းကာတွန်းရုပ်သံဇာတ်လမ်းတွဲ အသံ သရုပ်ဆောင်ရှင်တွေ

    အကယ်ဒမီတွေထဲမှာ ဂုဏ်သိက္ခာတဲ့ ရွှေကမ္ဘာလုံးဆုတွေဟာ အဓိကမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

    ဒီနှစ်ဆု‌ပေးပွဲမှာ တီရာနာ တေလာ၊ ရို့စ်ဘန်း၊ ဝက်ဂ်နာ မူရာနဲ့ စတယ်လန် စကာဂတ်ဒ် တို့လည်း ဆုရရှိခဲ့ ကြပါတယ်။

    အော်စကာဆုနဲ့မတူဘဲ ရွှေကမ္ဘာလုံးဆုဟာ ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆုချီးမြှင့်ပါတယ်။

    ဗြိတိသျှသရုပ်ဆောင်တွေဖြစ်တဲ့ စတက်ဖန် ဂရေဟမ်၊ အိုဝင် ကူးပါးနဲ့ အဲရင် ဒိုဟာတီတို့ကလည်း Netflix ဒရာမာအတွက် ဆုလက်ခံရရှိခဲ့ပါတယ်။

    KPop Demon Hunters ကားကတော့ အကောင်းဆုံးအန်နီးမေးရှင်းရုပ်ရှင်ဆုနဲ့ အကောင်းဆုံးအသံဆုတွေ ရခဲ့ပါတယ်။

  6. TNLA အတွက် AA၊ MNDAA နဲ့ MDY PDF ဘာပြောလဲ

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဝင်ခေါင်းဆောင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, 3 Brotherhood Alliance

    ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဝင်ခေါင်းဆောင်တွေ (ပုံဟောင်း)

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ် (TNLA) အနေနဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အားလုံးပြည့်စုံဖို့ ဆန္ဒပြုတယ်လို့ဆိုပြီး ညီနောင်မဟာမိတ်အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ ကိုးကန့်တပ် (MNDAA) တို့က ပြောလာပါတယ်။

    ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့တဲ့ တအာင်းအမျိုးသားတော်လှန်ရေးဟာ နှစ်ပေါင်း ၆၃ နှစ် အကြာမှာ တအာင်းအမျိုးသားအောင်ပွဲ နေ့ရက်မြတ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ AA နဲ့ MNDAA က ဆိုပါတယ်။

    အခုလိုအောင်မြင်မှုဟာ PSLF/TNLA နဲ့ တအာင်းလူမျိုးတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုအပြင် အပြောင်းအလဲမြန်တဲ့ မြန်မာ့နိုင်ငံရေးမှာ စစ်ရေးကို ညီနောင်မဟာမိတ်၊ မိတ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ကြီးမားတဲ့ဟန်ချက်ညီ စစ်ဆင်ရေးတစ်ရပ် အချိန်ကိုက် ပြုလုပ်နိုင်ခဲ့တာကြောင့်လို့လည်း ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးမှာ TNLA က နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာတဲ့ တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ TNLA နဲ့အတူ မန္တလေးစစ်ရေးခွင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ MDY PDF ကလည်း TNLA ရဲ့ကျေးဇူးတရားတွေကို အစဥ်အမှတ်ရနေမယ်လို့ ဒီနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။

    MDY PDF ရဲ့ အထူးလှုပ်ရှားတပ်မဟာက တအာင်းဒေသမှာ သန္ဓေတည်မွေးဖွားခဲ့တာကြောင့် အခုလို ကျေးဇူးတင်ကြောင်း ပြောလာတာဖြစ်ပါတယ်။

    တအာင်းအမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အိမ်မက်ဟာ တစ်နှစ်အတွင်း အရှိန်အဟုန်နဲ့အကောင်အထည်ဖော်နိုင်ခဲ့ပြီး TNLA ထိန်းချုပ်နယ်မြေထဲမှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်တဲ့အပိုင်းမှာ အောင်မြင်နေတာကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

    စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တအာင်းအမျိုးသားတွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း MDY PDF က သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

  7. ဂမ်ဘီယာက မြန်မာကို စွပ်စွဲတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကြားနာပွဲ ICJ မှာ စတင်

    မြန်မာကို ကိုယ်စားပြုပြီး ဦးကိုကိုလှိုင်တက်ရောက်နေပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မြန်မာကို ကိုယ်စားပြုပြီး ဦးကိုကိုလှိုင်တက်ရောက်နေပါတယ်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့စွပ်စွဲချက်အတွက် လူသိရှင်ကြား ကြားနာပွဲကို ICJ မှာ ဒီနေ့ စတင်နေပြီဖြစ်ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာပြုလုပ်တဲ့ အခုကြားနာပွဲကို နေပြည်တော်က စစ်ကော်မရှင် သမ္မတရုံးဝန်ကြီး ၂ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို စေလွှတ်ထားပါတယ်။

    ဦးကိုကိုလှိုင်ဟာ မြန်မာဘက်ကနေ ဦးဆောင်လျှောက်လဲမှာဖြစ်ပါတယ်။

    ဒီနေ့ကြားနာမှုကိုတော့ ဂမ်ဘီယာဘက်က ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုအတွက် လူသိရှင်ကြား ကြားနာပွဲတွေ ပထမဆုံးပြုလုပ်တာဖြစ်ပါတယ်။

    သီတင်းနှစ်ပတ်ကျော်ကြာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ အဲဒီကြားနာပွဲတွေမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်း ဆိုင်ရာ နှုတ်နဲ့ လျှောက်ထား ချေပ တာတွေ တလှည့်စီ ပြုလုပ်ကြမှာ ဖြစ်သလို၊ သက်သေတွေ၊ နှစ်ဖက် တင်သွင်းတဲ့ ကျွမ်းကျင်သူပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

    ပထမကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ ဂမ်ဘီယာဘက်က လျှောက်လဲရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ မြန်မာဘက်က လျှောက်လဲရမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၂၁ ရက် ကနေ ၂၃ ရက်အထိ သက်သေတွေကို တံခါးပိတ် စစ်ဆေးဖို့ရှိပါတယ်။

    ဒုတိယကြားနာမှုအဖြစ် ဇန်နဝါရီ ၂၆ ရက် နဲ့ ၂၇ ရက်မှာ ဂမ်ဘီယာက လျှောက်လဲပြီး မြန်မာက ဇန်နဝါရီ ၂၈ ရက် နဲ့ ၂၉ ရက် မှာ လျှောက်လဲရမှာဖြစ်ပါတယ်။

    အခုအဆင့်ဟာ ဒီအမှုအတွက် အရေးအကြီးဆုံး အဆင့်လို့ ဂမ်ဘီယာရဲ့ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ အာဆလန် ဆူလေမန်က ဘီဘီစီကို အစောပိုင်းမှာပြောထားပါတယ်။

    နှစ်ဖက် လျှောက်ထားကြတဲ့ အချက်အလက်တွေနဲ့ သက်သေ အထောက်အထားတွေဟာ ဘယ်လောက်ခိုင်မာပြီး၊ ဥပဒေကြောင်းအရ ဘယ်လောက် ဆီလျော် ညီညွတ်မှုရှိသလဲ ဆိုတာကို တရားရုံးက အဆုံးအဖြတ်ပေးရမယ့် အဆင့်လည်း ဖြစ်ပါတယ်။

    ဒါကြောင့် ICJ ရုံးတော်အနေနဲ့ နှစ်ဖက်ရဲ့လျှောက်ထားချက်တွေကို နားထောင်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)အတွက် မြန်မာဟာ တာဝန်ရှိသလား ဆိုတာကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

    အခုတကြိမ် ကြားနာပွဲဟာ အဲဒီပင်မအချက်အပေါ် မူတည်ပြီး တရားရုံးတော်က ကြားနာသွားမှာ ဖြစ်သလို၊ ကြားနာအပြီး ဆုံးဖြတ်ချက်ပါ တပါတည်း ချပေးမှာ ဖြစ်ပါတယ်။

  8. တရုတ်ကြောင့် အပစ်ရပ်ပြီးနောက် လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကနေ သက်သာခွင့်ရတယ်လို့ TNLA ပြော

    PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

    ဓာတ်ပုံ ပုံစာ, PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း(ပုံဟောင်း)

    တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးတဲ့နောက် တအာင်းဒေသအတွင်း လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ သက်သာခွင့်ရလာတယ်လို့ တအာင်းတပ်( PSLF/TNLA) က ဆိုပါတယ်။

    ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဘောထားထုတ်ပြန်ချက်မှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းပြီးတဲ့နောက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် မြောက်ပိုင်းဒေသအားလုံး တည်ငြိမ်အေးချမ်းဖို့ တရုတ်အစိုးရက ကြားဝင်ပြီး အပစ်ရပ်ဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ဆိုပါတယ်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့က ဟိုင်ဂင်ဟိုတယ်မှာ စစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ရေး၊ နိုင်ငံရေး လျင်လျင်မြန်မြန်ပြောင်းလဲမှုတွေရှိခဲ့တယ်လို့ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဂုဏ်ပြုမိန့်ခွန်းမှာ ပြောပါတယ်။

    “တိုက်ပွဲကာလအတွင်း ပျက်စီးသွားတဲ့ ဒေသခံလူထုတွေရဲ့ အိုးအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အများပြည်သူသုံးအဆောက်အအုံ၊ ဆေးရုံနဲ့ လမ်းတံတားတွေကို တတ်နိုင်သမျှ ပြုပြင်သွားရမှာဖြစ်တယ်” လို့ PSLF/TNLA ဥက္ကဋ္ဌက ဆိုပါတယ်။

    မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ ဆန္ဒပြုတယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

    တအာင်းအမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရှိအောင် လူထုနဲ့အတူ ကြိုးပမ်းဆောင် ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ TNLA က မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြို့ ၁၁ မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။

    ရှမ်းမြောက်က ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ၇ မြို့ကို ပထမပိုင်းမှာ ထိန်းချုပ်ခဲ့ပြီး ဒုတိယပိုင်းမှာ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

    လက်ရှိကာလမှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သိမ်းထားတဲ့ မြို့ ၅ မြို့ကို TNLA လက်လွှတ်ခဲ့ရပါတယ်။

  9. ၆၈ မြို့နယ်မှာ USDP နိုင်နေတယ်လို့ ဦးလှဆွေပြော

    ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်ခဲ့တဲ့ USDP ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း

    ဓာတ်ပုံ ရင်းမြစ်, USDP

    ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်ခဲ့တဲ့ USDP ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း

    မနေ့က ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ မြို့နယ် ၁၀၀ ထဲက ၆၈ မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိနေတယ်လို့ USDP ပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။

    USDP က ၁၂ မြို့နယ်မှာ ရှုံးပြီး မြို့နယ် ၂၀ ရဲ့မဲရလဒ်ကတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

    “ပဲခူး၊ ကယား၊ ကရင် အကုန်နိုင်တယ်။ မကွေးက ဆင်ဖြူကျွန်းမှာ နိုင်တယ်။ မွန်မှာ ၂ နေရာ ရှုံးတယ်။ ရန်ကုန်က ကြည့်မြင်တိုင်မှာ ရှုံးတယ်” လို့ ဦးလှဆွေက ပြောပါတယ်။

    သူအခုပြောသွားတဲ့ အနိုင်အရှုံး နေရာတွေဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။

    မနေ့က ရွေးကောက်ပွဲ အပိုင်း ၂ ကို ချင်းနဲ့ ရခိုင်က မြို့နယ်တွေမပါဘဲ ကျန်တဲ့ တိုင်းနဲ့ ဒေသကြီး ၁၂ ခုက မြို့နယ် ၁၀၀ မှာ ပြုလုပ်ခဲ့ပါတယ်။

    ဇန်နဝါရီ ၂၅ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၃ ကို မြို့နယ် ၆၃ ခုမှာ ဆက်လက်လုပ်သွားဖို့ စစ်တပ်က ပြင်ဆင်ထားပါတယ်။

    စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ် ၁၀၂ ခု၊ အပိုင်း ၂ ကို မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကို မြို့နယ် ၆၃ မြို့နယ်မှာ လုပ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာထားပါတယ်။

    ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၆၉ ခု ရှိနေပြီး ဒါဟာ မြန်မာ့ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့မြို့နယ်အများဆုံး စံချိန်ချိုးသွားတာ ဖြစ်ပါတယ်။

    ဒါအပြင် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ်တွေရဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၃ ထောင်နီးပါးမှာ လည်း မဲပုံးထောင်နိုင်တာ မရှိပါဘူး။

    UEC ကြေညာချက်အရ ရွေးကောက်ပွဲအပိုင်း ၁ မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁,၄၃၉ နဲ့ အပိုင်း ၂ မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၁,၄၉၂ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်ခြင်းမရှိတာ တွေ့ရပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ မနေ့က ကျင်းပခဲ့တဲ့မဲဆန္ဒနယ်တွေအတွက် မဲရလဒ်တွေကို တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

  10. ရွေးကောက်ပွဲနေ့မှာ ပဲခူးတိုင်းထဲ မြို့နယ် ၃ ခုကို PDF တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးတိုင်း စစ်ဌာန ထုတ်ပြန်လာတဲ့ တိုက်ခိုက်မှု ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, ပဲခူးတိုင်းစစ်ဌာန

    ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်းထဲမှာ မနေ့က တိုက်ခိုက်ခဲ့တဲ့အခြေအနေလို့ဆိုပြီး ပဲခူးတိုင်း စစ်ဌာန ထုတ်ပြန်လာတဲ့ ဓာတ်ပုံဖြစ်ပြီး ဘယ်နေရာက အခြေအနေလဲဆိုတာ မပြောထားပါဘူး

    ထန်းတပင်မြို့က ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ပဲခူးတိုင်းထဲက ရွေးကောက်ပွဲကျင်းပတဲ့ ထန်းတပင်၊ ဖြူးနဲ့ပေါင်းတည်မြို့နယ်တွေကို ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုတွေကို ပဲခူးတိုင်းစစ်ဌာနအောက်က PDF တပ်ရင်းတွေနဲ့ ပကဖအဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ထန်းတပင်မြို့နယ်ထွေအုပ်ရုံးကို တိုက်ခိုက်မှုမှာ ခရိုင်အဆင့် လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးပြီး ဌာနဆိုင်ရာ ဝန်ထမ်းအများအပြားထိခိုက်တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးတဲ့အကြောင်းကိုလည်း ဘီဘီစီက မနေ့ကတည်းက အတည်ပြုထားနိုင်ပါတယ်။ ဒါအပြင် ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခဲ့ပြီး စစ်တပ် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

    မြေပြင်အခြေအနေသိရှိတဲ့ ဘီဘီစီ သတင်းရင်းမြစ်ကတော့ မနေ့က ထန်းတပင်မြို့နယ်ထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ခန့်ဖြစ်ခဲ့တယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။ မြို့ခံ ၁ ဦးကလည်း မနေ့က မနက်အစောပိုင်းကနေ နေ့လယ် ၁၁ နာရီဝန်းကျင်အထိ မြို့တွင်းမှာ ပေါက်ကွဲသံတွေ နာရီဝက်ခြားတစ်ခါလောက်ကြားရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    “ရွေးကောက်ပွဲကို ဦးတည်တိုက်ခိုက်တာမဟုတ်ပါဘူး။ ဖိအားပေးတာဖြစ်ပါတယ်။ ပြည်သူထိ ခိုက်တာတမဖြစ်အောင်သတိထားပါတယ်” ပဲခူးတိုင်းစစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က ဖြူးမြို့နယ်လမ်းပိုင်းမှာရှိတဲ့ ဆာဂွန်းအထိုင်စခန်းတိုက်ခိုက်မှုမှာလည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ပေါင်းတည်ဘက်မှာတော့ ရွေးကောက်ပွဲလုံခြုံရေးယူနေတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို နေရာ ၃ ခုမှာ တိုက်ခိုက်ခဲ့သလို ပေါက်တောရွာက စစ်တပ်ခြေမြန်တပ်ရင်း ခမရ ၁၀ ကိုလည်း တိုက်ခိုက်ခဲ့ တယ် လို့ ဆိုပါတယ်။

    ပဲခူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် စစ်တပ်စခန်းအနီးကို မလိုအပ်ဘဲ သွားရောက်တာမလုပ်ဖို့ ပဲခူးတိုင်းစစ်ဌာနက သတိပေးထားပါတယ်။

    စစ်တပ်ရွေးကောက်ပွဲအပိုင်း ၂ ဟာ ပဲခူးတိုင်းထဲက မြို့နယ် ၁၂ မြို့နယ်မှာ ကျင်းပတယ်လို့ UEC က ကြေညာထားပေမဲ့ အချက်အလက်အရတော့ ရပ်ကွက်နဲ့ ကျေးရွာ ၁၄၈ ခုမှာ ပြုလုပ်နိုင်ခြင်းမရှိတာ တွေ့ရပါတယ်။

  11. အိန္ဒိယလယ်သမားတွေကို ချမ်းသာစေတဲ့ ‘ဂမ္ဘီရ’ အောင်မဲညိုပန်း

    ပြာလွင်လွင် ပန်းနှစ်ပွင့်နဲ့ အောင်မဲညိုပင်ကို အရွက်စိမ်စိမ်းတွေကြားမှာ မြင်ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ပြာလွင်လွင် ပန်းတွေပွင့်တဲ့ အောင်မဲညိုပင်ဟာ နွယ်ပင် ဖြစ်ပြီး အိန္ဒိယမှာ အပရာဇိတလို့ သိကြပါတယ်။

    ထိုင်းနဲ့ အင်ဒိုနီးရှားမှာ အောင်မဲညိုပန်းတွေ အဓိကစိုက်ပြီး သုံးစွဲသူလည်း များပါတယ်။ ကမ္ဘာအနှံ့ အောင်မဲညိုကို လိုချင်သူတွေ များလာလို့ အိန္ဒိယက စွန့်ဦးတီထွင် စီးပွားရေးသမားတွေကို ဆွဲဆောင်လာပါတယ်။

    " သဘာဝအရောင် ပါတဲ့ ဆိုးဆေးတွေကို ကမ္ဘာအနှံ့ ဝယ်လိုအားက တအား တက်လာတယ်" လို့ ဗာရှီကာ ရက်ဒီက ရှင်းပြပါတယ်။ သူက သဘာဝ ဆိုးဆေးတွေ ပြည်ပ တင်ပို့သူ ဖြစ်ပါတယ်။

    ဒီလို တောင်းဆိုမှု များလာတဲ့အကြောင်းကတော့ စားသုံးသူတွေက သဘာဝပစ္စည်းတွေကို ပိုသဘောကျလာတာနဲ့ သဘာဝနည်းက မဟုတ်တဲ့ အစားအသောက် ဆိုးဆေးတွေအပေါ် အမေရိကန်နဲ့ ဥရောပက ထိန်းချုပ်မှု ပိုတင်းကျပ်လာလို့ ဖြစ်ပါတယ်။

    ၂၀၂၁ မှာ အမေရိကန် အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့က အောင်မဲညိုပန်းကို အစားအသောက် ထပ်ဖြည့်ပစ္စည်းအဖြစ် အသိအမှတ်ပြုပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ICJ ကြားနာပွဲမှာ ဘာတွေဖြစ်လာနိုင်လဲ - ဂမ်ဘီယာရှေ့နေအဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းခန်း

    မစ္စတာ ဆူလေမန်နဲ့ ဘီဘီစီသတင်းထောက်တို့ အပြန်အလှန်စကားပြောဆိုမှု

    ဥရောပ စံတော်ချိန် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂအဖွဲ့ရဲ့ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ ဖြစ်တဲ့ သဟေ့ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဂမ်ဘီယာက မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်တယ်ဆိုပြီး စွပ်စွဲထားတဲ့အမှုကိစ္စအတွက် လူသိရှင်ကြား ကြားနာပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

    သီတင်းနှစ်ပတ်ကျော်ကြာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ အဲဒီကြားနာပွဲတွေမှာ ဂမ်ဘီယာနဲ့ မြန်မာက နှစ်ဖက် ကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်းဆိုင်ရာ နှုတ်နဲ့ လျှောက်ထား ချေပတာတွေ တလှည့်စီ ပြုလုပ်ကြမှာ ဖြစ်သလို၊ သက်သေတွေ၊ နှစ်ဖက်တင်သွင်းတဲ့ ကျွမ်းကျင်ပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာဖြစ်ပါတယ်။

    ဒီကြားနာပွဲဟာ အမှုကိစ္စကြီး တစ်ခုလုံးရဲ့ အဆုံးသတ်အဆင့်ကို ရောက်လာတာလား၊ ဘယ် အချက်အလက် အချင်းအရာတွေ အပေါ် အဓိကအာရုံစိုက်ကြမှာလဲ ... ကြားနာပွဲ အဆုံးသတ် ဘာတွေ ဆက်ပြီး ဖြစ်လာနိုင်လဲ ဆိုတာတွေကို ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ အာဆလန် ဆူလေမန်နဲ့ မေးမြန်းထားပါတယ်။

    မစ္စတာ ဆူလေမန်ဟာ အမေရိကန် ရှေ့နေအဖွဲ့ ဖိုလီ ဟော့ဂ် LLP မှာ နိုင်ငံတကာ အမှုကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်တဲ့ အကြီးတန်းရှေ့နေ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  13. အမေရိကန်က တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ်လို့ အီရန်ပြော

    အီရန်ကဆန္ဒပြပွဲအတွင်း ကားတွေကို မီးရှို့နေတဲ့ရုပ်သံလို့ဆိုပြီး ဇန်နဝါရီ ၉ ရက်မှာ တက်လာတဲ့ရုပ်သံ တစ်ခုတည်းက မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အီရန်ကဆန္ဒပြမှုတွေအတွင်း ကားတွေကို မီးရှို့နေတဲ့ရုပ်သံလို့ ဆိုပြီး ဇန်နဝါရီ ၉ ရက်မှာ တက်လာတဲ့ရုပ်သံ တစ်ခုတည်းက မြင်ကွင်း

    ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့အပြောအရ အီရန်နိုင်ငံထဲက ဆန္ဒပြမှုတွေအတွင်း အစိုးရက နှိမ်နင်းလို့ ဆန္ဒပြသူ ရာနဲ့ချီသေဆုံးတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ အမေရိကန်ဘက်က တိုက်ခိုက်တာလုပ်လာရင် ပြန်လည်လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။

    တီဟီရန်မြို့တော်က ဘီဘီစီသတင်းရင်းမြစ်ကတော့ ''အခြေအနေတွေ အတော်လေးကို ဆိုးရွားတယ်'' လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ''ကျွန်တော်တို့ မိတ်ဆွေအတော်များများ အသက်ဆုံးသွားကြပြီ။ သူတို့က ကျည်အစစ်တွေနဲ့ ပစ်နေတာ။ စစ်ဖြစ်နေတဲ့ နယ်ကြီးတစ်ခုလိုပဲ။ လမ်းပေါ်မှာ သွေးတွေအပြည့်ပဲ။ အလောင်းတွေကို ထရပ်ကားတွေပေါ် တင်သွားကြတယ်'' လို့လည်း သူက ပြောပါတယ်။

    မြို့တော် တီဟီရန်အနီးနားက အလောင်းတွေပုံထားပုံ ထွက်လာတဲ့ရုပ်သံကို ကြည့်ပြီး အလောင်းထည့်အိတ်တွေကို ဘီဘီစီက ရေတွက်ကြည့်ရာမှာတော့ အလောင်း ၁၈၀ အထိ ရှိနေတာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုသတင်းအေဂျင်စီရဲ့အပြောအရ အီရန်နိုင်ငံတလွှားမှာ ဆန္ဒပြသူ ၄၉၅ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးပြီးဖြစ်တယ်ဆိုတာကို အတည်ပြုထားနိုင်ပြီလို့ ဆိုပါတယ်။

    အီရန်နိုင်ငံထဲက ဆန္ဒပြမှုတွေအတွင်း နောက်ထပ်လူပေါင်း ၁၀,၆၀၀ လည်း ထိန်းသိမ်းခံထားရတယ်လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။

    ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အီရန်မှာ ကြားဝင်လုပ်ဆောင်ရလိမ့်မယ်လို့ အမေရိကန်က အစောပိုင်းတုန်းက ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်တွေနဲ့ သူ စကားပြောခဲ့ပြီး ''သူတို့ဘက်က ညှိနှိုင်းချင်ကြတယ်'' လို့ ပြောပါတယ်။

    ဒါပေမဲ့ တွေ့ဆုံဆွေးနွေးတာမျိုးမလုပ်ခင်မှာ အမေရိကန်ဘက်က တစ်ခုခုကို လုပ်ကောင်းလုပ်ဖို့ စဉ်းစားရမယ်လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

    အီ‌ရန်မှာ လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ဘယ်လို စဉ်းစားချက်ရှိတယ်ဆိုတာမျိုးကို သမ္မတ ထရမ့်က အကျယ်တဝံ့မပြောပေမဲ့ ''သိပ်ကို ခိုင်မာတဲ့ဖြေရှင်းချက်အချို့ကို ကျွန််တော်တို့ ကြည့်နေတယ်'' လို့ သူက ပြောထားပါတယ်။

    အီရန်ကို လေကြောင်းတိုက်ခိုက်တာလိုမျိုး အခြေအနေကို သမ္မတကို ရှင်းလင်းတင်ပြထားတဲ့အကြောင်း အမေရိကန်အရာရှိတစ်ဦးက ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန စီဘီအက်စ်ကို ပြောထားပါတယ်။

    ဒီအတောအတွင်းမှာပဲ အီရန်လွှတ်တော်ဥက္ကဋ္ဌကတော့ အမေရိကန်ဘက်က တိုက်ခိုက်မှုလုပ်လာမယ်ဆိုရင် အမေရိကန်နဲ့ အစ္စရေး စစ်တပ်အပြင် ဒေသတွင်းက ရေကြောင်းကုန်စည်ပို့ဆောင်ရေးနေရာတွေပါ ပစ်မှတ်ဖြစ်လာမယ်လို့ ပြောပါတယ်။

    အခုတစ်ခေါက် အီရန်နိုင်ငံထဲက ဆန္ဒပြမှုတွေဟာ အီရန်ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းမှုကြောင့် ဒီဇင်ဘာလ ၂၈ ရက်မှာ တီဟီရန်မြို့ သမိုင်းဝင်စျေးကြီးက ဆိုင်ရှင်တွေ သပိတ်မှောက်ရာကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အဲဒီနောက် တက္ကသိုလ်တွေလည်း ပါလာပြီး ဆန္ဒပြပါတယ်။ ရာသီဥတု အေးတာကို အကြောင်းပြပြီး ဒီကျောင်းတွေကို အာဏာပိုင်တွေက ပိတ်ခိုင်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေဟာ အီရန်နိုင်ငံအနောက်ပိုင်းက မြို့ငယ် မြို့ကြီးတွေကိုပါ ပျံ့နှံ့ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။

  14. ရွေးကောက်ပွဲအပိုင်း ၂ အလွဲတွေနဲ့ ပတ်သက်လို့ PPP နဲ့ ပြည်သူ့ပါတီ ဘာပြောလဲ

    ရွေးကောက်ပွဲ အပိုင်း ၂ အတွက် မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ပြည်သူ့ပါတီရဲ့ ပါတီဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ အပိုင်း ၂ အတွက် မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ပြည်သူ့ပါတီရဲ့ ပါတီဝင်တွေ

    ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)နဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီတို့က ရွေးကောက်ပွဲအပိုင်း ၂ နဲ့ ပတ်သက်တဲ့တွေ့ရှိချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ တင်ပြသွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ဘီဘီစီကို ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။

    မဲပေးစက်ကိစ္စကို တင်ပြသွားမယ်လို့ မနေ့က ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးက ပြောပါတယ်။

    “ကော့မှူးက မဲရုံတစ်ခုရဲ့ မဲပေးစက်က ၁၂ ခါနှိပ်ရင် ၆ ခါက ပါတီကြီး တစ်ခုတည်းပဲ ကျတယ်။ ကွမ်းခြံကုန်းမှာက ပြည်သူ့ပါတီရဲ့မဲပေးစက်ခလုတ်က ပျက်နေတယ်။ ဒါကို သတိထားမိတဲ့သူကပြောမှ စက်ချို့ယွင်းနေတာပါလို့ ပြောတယ်” လို့ ဦးကျော်ကျော်ထွေးက ပြောပါတယ်။

    မဲရလဒ်ရေတွက်ရာမှာလည်း မဲစာရွက်ကို ရေတွက်တာမဟုတ်ဘဲ စက်ကထွက်လာတဲ့ စလစ်ကို ရေတွက်ကာ လက်ရေးနဲ့ ဖောင်ဖြည့်သွင်းပြီး တွက်ချက်ပြီးမှ ကွန်ပြူတာထဲ ထည့်သွင်းတာကြောင့် အမှားအယွင်းပါနိုင်တယ်လို့ သူက ယူဆပါတယ်။

    “မဲပုံးထဲက မဲစာရွက်ကို ထုတ်ပြီး ရေတွက်ချင်တယ်” လို့ ဦးကျော်ကျော်ထွေးက ပြောပါတယ်။

    မဲဆန္ဒရှင်တွေမှာ မဲပေးစက်ရဲ့သဘောတရားကို ကောင်းစွာနားမလည်တာ၊ မဲစာရင်းရှာဖွေရာမှာ ခက်ခဲတာနဲ့ လက်မှတ် ၃ ခါထိုးပြီးမှ မဲပေးရတာကြောင့် စိတ်မရှည်တာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးကတော့ ''ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းတွေကို လက်တလုံးခြား ဆောင်ရွက်တာ များနေတဲ့အတွက် ပြုပြင်ထိန်းကြောင်း ကြပ်မတ်ရမှာတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

    မဲပေးမှု ဒုတိယအပိုင်းမှာ ဘယ်လိုပုံမှန်မဟုတ်တဲ့အခြေအနေတွေ မြင်ခဲ့ရတယ်ဆိုတာကိုတော့ သူက ပြောဆိုတာမရှိပါဘူး။

    ‌ရွေးကောက်ပွဲအပိုင်း ၁ မှာ ပါတီတွေဘက်က ထောက်ပြခဲ့တဲ့ ကြိုတင်မဲကောက်ယူရာမှာ ပါတီကိုယ်စားလှယ်တွေကို ကြိုတင်အကြောင်းကြားခေါ်ယူတာကိုတော့ အပိုင်း ၂ မှာ UEC က လုပ်ဆောင်တယ်လို့ PPP ပါတီနဲ့ ပြည်သူ့ပါတီက ပြောပါတယ်။

    “ခေါ်ယူပါတယ်။ ဒါပေမဲ့ အပိုင်မဲတွေ ဝယ်ထားပြီးတဲ့အတွက် သိပ်တော့မထူးခြားပါဘူး” လို့ ဦးစောဟန်အေးက သူ့ယူဆချက်ကို ပြောပါတယ်။

    PPP ပါတီကတော့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ လူထုက ရပ်ကွက်အုပ်ချုပ်သူတွေကို ကြောက်နေရတဲ့အနေအထား အများကြီးတွေ့ရတယ်လို့ ဆိုပါတယ်။

  15. ဆင်ဖြူကျွန်းက နွယ်တမယ်ရွာကို PDF လက်ထဲကနေ ပြန်သိမ်းလိုက်ပြီလို့ စစ်တပ်ပြော

    စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အထွက်မှာရှိတဲ့ နွယ်တမယ်ရွာက နေအိမ်နဲ့ ခြံဝန်းတစ်ခုအတွင်း တူးဖော်ထားတဲ့ ကတုတ်ကျင်းလို့ စစ်တပ်ထုတ်ပြန်လာတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အထွက်မှာရှိတဲ့ နွယ်တမယ်ရွာက နေအိမ်နဲ့ ခြံဝန်းတစ်ခုအတွင်း တူးဖော်ထားတဲ့ ကတုတ်ကျင်းလို့ စစ်တပ်ထုတ်ပြန်လာတဲ့ပုံ

    မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ NUG/PDF က ဒီဇင်ဘာလကုန်ပိုင်းမှာ ပိတ်ဆို့နေရာယူထားတဲ့ နွယ်တမယ်ရွာကို ပြန်လည်ရယူနိုင်တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

    ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ချက်အရ မနေ့တုန်းက နွယ်တမယ်ရွာထဲကို နယ်မြေရှင်းလင်းရေးလုပ်ပြီး လက်နက်ခဲယမ်းနဲ့ သေဆုံး PDF တစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိတယ်လို့ စစ်တပ်က ဆိုပါတယ်။

    စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်တယ်လို့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မြေပြင်အခြေအနေသိရအောင် NUGနဲ့ စလင်း PDF ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

    အဲဒီမတိုင်ခင် ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဆင်ဖြူကျွန်းမြို့ရဲ့ မြောက်ဘက်က စလင်းချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေကို စစ်တပ်က ဒရော့ဗုံးနဲ့ကြဲတာ၊ အသေခံဒရုန်း ကာမီကာဇေနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၂ ဦး ထိခိုက်တယ်လို့လည်း ဆိုပါတယ်။

    နွယ်တမယ်ရွာဟာ မနေ့က စစ်တပ်‌ရွေးကောက်ပွဲအပိုင်း ၂ လုပ်ခဲ့တဲ့ ဆင်ဖြူကျွန်းမြို့ရဲ့ အထွက်မှာရှိတဲ့ရွာ ဖြစ်ပါတယ်။

    စစ်တပ်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေအခြေစိုက်ရာ မကွေးတိုင်းထဲက စလင်းအပါအဝင် မြို့နယ် ၆ ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ဒီဇင်ဘာ ၂၃ရက်မှာ တပြိုင်နက်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂၈ ရက်မှာ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကို ပိတ်ဆို့ထားနိုင်ပြီး ဆင်ဖြူကျွန်းကိုလာတဲ့ အင်အား ၁၇၀ ပါစစ်ကြောင်းကို ဖြတ်တိုက်ခဲ့သလို ဆင်ဖြူကျွန်းမြို့ပေါ်က အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးအပါအဝင် စစ်တပ်ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၂၃ ရက် ထိုးစစ်ကြောင့် ဆင်ဖြူကျွန်းမြို့ပေါ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်လောက်တော့ဘူးလို့ ဒေသခံတွေက ခန့်မှန်းခဲ့ပေမဲ့ လုပ်ဖြစ်သွားခဲ့ပါတယ်။

    မြို့ခံအများစုကတော့ မနေ့ကအထိ မကွေးဘက်ကို စစ်ရှောင်နေကြဆဲ ဖြစ်ပါတယ်။

  16. မင်္ဂလာပါ ...

    ဇန်နဝါရီလ ၁၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။