သေဆုံးသူတစ်သောင်းကျော်ရှိလာတဲ့အာဏာသိမ်းရက်တစ်ထောင်

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာအရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရက်တစ်ထောင် ပြည့်ခဲ့ပါပြီ။
စစ်တပ်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေဟာလည်း မူလကလမ်းပေါ်ဆန္ဒပြပွဲတွေကနေ နောက်ပိုင်း မှာတော့လက်နက်ကိုင်တော်လှန်ရေးတွေထိကျယ်ပြန့်လာခဲ့ပြီး အခုဆို မြန်မာနိုင်ငံတဝန်းတည်ငြိမ်နေတဲ့ဒေသဆိုလို့ တချို့လောက်သာရှိပါတော့တယ်။
အရင်ထက် လက်နက်ကိုင်အဖွဲ့အစည်းတွေပိုများလာပြီး ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ကာလအတန်ကြာ ပြတ်တောက်သွားခဲ့တဲ့ ဗမာတိုင်းရင်းသားတွေ စုဖွဲ့လှုပ်ရှားတဲ့ လက်နက်ကိုင် အင်အားစုတွေလည်း ဒီတစ်ကျော့ပြန် စစ်အာဏာသိမ်းမှုအောက်ကနေပေါ်ထွက်လာလို့ ဒီအခြအနေကို စစ်တပ်ဘက်က အနိုင်တိုက်နိုင်ဖို့ဆိုတာမလွယ်ကူတော့ဘူးလို့ ယူဆကြသူတွေရှိပါတယ်။
စစ်လက်နက်ပစ္စည်းနဲ့ လေကြောင်းတိုက်ခိုက်မှု အားသာတဲ့ စစ်တပ်ကို ခုခံတော်လှန်ဆန့်ကျင်နေကြသူတွေဘက်ကလည်း စစ်တပ်ကိုအနိုင်တိုက်ဖို့ဆိုတာ ခဲယဥ်းနေပြီးအချိန်ယူရဦးမယ်လို့ ခန့်မှန်းချက်တွေ ရှိထားပါတယ်။
သုံးနှစ်နီးပါးကြာလာချိန်မှာတော့ စစ်ပွဲတွေနဲ့သက်ဆိုင်မှုမရှိတဲ့ အရပ်သားသေဆုံးမှုတွေလည်း မြင့်တက်လာနေပြီး နှစ်ဖက်ထုတ်ပြန်ချက်တွေအရဆို ပြည်တွင်းစစ်ကြား သေဆုံးရတဲ့အရပ်သား တစ်သောင်းကျော်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သေဆုံးသူတစ်သောင်းကျော်
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ သတ်ဖြတ်လို့ သေဆုံးသူ ၆,၆၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအစကတည်းကသေဆုံးအရပ်သားတွေနဲ့ဖမ်းဆီးခံရသူတွေရဲ့စာရင်းကိုပြုစုနေတဲ့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရတော့ စစ်တပ်လက်ချက်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄,၁၅၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ AAPP တို့ရဲ့ ထုတ်ပြန်ချက် နှစ်ဖက်စုစုပေါင်းစာရင်းတွေအရ အရပ်သား သေဆုံးမှုဟာ တစ်သောင်းကျော်ရှိနေပါတယ်။
NUG ရဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကမြန်မာပြည်အခြေအနေနဲ့စပ်လျဥ်းတဲ့ထုတ်ပြန်ချက်ဆိုပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ်သြဂုတ်လအထိ အရပ်သားသေဆုံးသူ ၄,၅၅၂ ဦးရှိပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းဝန်းကျင်ရှိတယ်လို့ပါရှိပါတယ်။
လက်ရှိမှာ ပိုမိုကျယ်ပြန့်လာတဲ့စစ်ပွဲတွေနဲ့ ပဋိပက္ခနယ်မြေတွေမှာ စစ်ပွဲတွင်းမှာရော စစ်ပွဲနဲ့မသက်ဆိုင်တဲ့အခြေအနေမှာပါ နှစ်ဖက် သတ်ဖြတ်မှုတွေက ရပ်တန့်မသွားဘဲ ပိုတိုးလာနေပါတယ်။
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပဋိပက္ခတွေ အများဆုံးရှိတဲ့ ကချင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူးနဲ့ မကွေးတိုင်းတွေက အရပ်သားတွေ အများဆုံးသေဆုံးခဲ့ပြီး ရှမ်းပြည်နယ်၊ ရခိုင်၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်စတဲ့ ဒေသတွေမှာနေထိုင်တဲ့အရပ်သားပြည်သူတွေပါဝင်ပါတယ်။
ဘယ်လိုသတ်ဖြတ်ခံခဲ့ရသလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်အာဏာသိမ်းမှုအစောပိုင်းကာလတွေက အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းမှုကြောင့် သေဆုံးရတဲ့အရပ်သားတွေရှိခဲ့ပြီးစစ်တပ်ကဖမ်းသွားပြီးစစ်ကြောရေးမှာ ၂၄ နာရီမပြည့်ခင်အသက်ပျောက်ခဲ့ရသူတွေလည်းရှိခဲ့ပါတယ်။
အဲဒီထဲမှာ အထင်ရှားဆုံးဖြစ်စဥ်တစ်ခုကတော့ စုအသက်မွေးဝမ်းကျောင်းသင်တန်းတာဝန်ခံဦးဇော်မြတ်လင်း နဲ့ NLD ပါတီရဲ့ ပန်းဘဲတန်းမြို့နယ် ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်တို့ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကိုလက်နက်ကိုင်ဆန့်ကျင်မှုတွေပေါ်ပေါက်လာချိန်မှာတော့ အဲဒီ တိုက်ခိုက်မှုတွေကို စစ်တပ်က အပြင်းထန်ဆုံးဖိနှိပ်ခဲ့ပြီး အဲဒီထဲမှာ လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတာတွေနဲ့ ဓားစားခံအဖြစ်ဖမ်းဆီးခံရပြီး သေဆုံးတာတွေလည်းပါဝင်ပါတယ်။
တစ်ဖက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ ဝန်ထမ်းတွေ၊ ကလေးသူငယ်တွေ၊ သံဃာတော်တွေလည်း သေဆုံးစာရင်းမှာ ပါဝင်ပါတယ်။ တစ်ဖက်ဘက်ကို ရပ်တည်ထောက်ခံတယ်ဆိုတဲ့ယူဆချက်အပြင် သတင်းပေးဆိုတဲ့စွပ်စွဲချက်နဲ့သတ်ဖြတ်ခံရသူတွေကနှစ်ဖက်လုံးမှာ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ/BBC

ဓာတ်ပုံ ရင်းမြစ်, CJ/BBC
သတ်ဖြတ်ခံရမှုတွေကြားက ပါတီကြီးနှစ်ခု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဘက်မှာ မတရားဖမ်းဆီးခံရပြီးစစ်ကြောရေးနဲ့အကျဥ်းထောင်တွေမှာ သေဆုံးတဲ့သူ၊ အကြောင်းမဲ့သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၁၁ ဦးရှိတယ်လို့ NLD ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
နောက်ထပ် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ဟာ အကျဥ်းထောင်ထဲမှာပဲ ကြိုးပေးကွပ်မျက်အသတ်ခံရသူတစ်ဦးဖြစ်သလို မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ကလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာလည်း တိမ်းရှောင်နေစဥ်အတွင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ အတွင်းရေးမှူး အဖွဲ့ဝင်ဦးဥာဏ်ဝင်းနဲ့ ပဲခူးတိုင်း က ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးညွန့်ရွှေနဲ့ ဦးမောင်နီတို့ဟာ ထောင်ထဲမှာပဲသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုပြစ်မှုတွေကျူးလွန်တာဟာ စစ်ကောင်စီဖြစ်ပြီး စစ်ကောင်စီကို ဖြုတ်ချနိုင်၊အပြစ်ပေးအရေးယူနိုင်မှသာသတ်ဖြတ်မှုတွေ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မှာလို့လည်း NLD ဘက်ကဆိုပါတယ်။
တစ်ဖက်မှာလည်း နေပြည်တော်က ကြံ့ခိုင်ရေးပါတီရုံးချုပ်ထဲမှာဆိုရင် အသတ်ခံရတဲ့ ပါတီဝင်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင်တစ်ခု စိုက်ထူထားပြီး အနယ်နယ် အရပ်ရပ်က လုံခြုံရေးစိတ်မချရလို့ လာရောက်ခိုလှုံနေတဲ့ပါတီဝင်တွေလည်းရှိနေပါသေးတယ်။
သတ်ဖြတ်ခံရသူတွေထဲမှာ ကြံ့ခိုင်ရေးပါတီဝင် ၂၅၀၀ ကျော်ရှိတယ်လို့ ဖော်ပြတာတွေရှိပြီး ပါတီဘက်ကတော့ ဒီကိန်းဂဏန်းကိုအတည်မပြုပါဘူး။ ပါတီဝင်တွေသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့တော့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီးလုံးဝမဖြစ်သင့်ဘူးလို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။
အသတ်ခံရတဲ့သူတွေထဲမှာ အမျိုးသားနဲ့ အမျိုးသမီးပါတီဝင်တွေလည်း ပါဝင်သလိုကိုယ့်နိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှမဖြစ်သင့်တဲ့အရာလို့လည်းသူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Supplied/BBC
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ နိုင်ငံတဝန်းကပြည်သူအများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တိုက်ပွဲနဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ ဆန္ဒပြပွဲတွေကို အစောပိုင်းမှာငြိမ်းချမ်းစွာဖြေရှင်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အင်အားသုံးဖြိုခွင်းပြီးပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခဲ့ရာကနေ အရပ်သားသေဆုံးထိခိုက်သူတွေ ဆယ်နဲ့ချီရှိလာခဲ့ပါတယ်။
ဒီအထဲမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက်ဆန္ဒပြရင်းသပိတ်တိုက်ပွဲမှာ ပထမဦးဆုံးသေဆုံးခဲ့သူအဖြစ် နေပြည်တော်က မမြသွဲ့သွဲ့ခိုင်၊ မန္တလေးက မကြယ်စင်၊ ရန်ကုန်က ဆရာမဒေါ်တင်နွဲ့ရီနဲ့ ညီညီအောင်ထက်နိုင်စတဲ့ သူတွေဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
‘‘တော်လှန်ရေးကာလက ရက်တစ်ထောင်ပြည့်ခဲ့ပြီ။ မှတ်မှတ်ရရ အောက်တိုဘာ ၂၈ ရက်က ကျွန်တော့်ညီလေး သေဆုံးခဲ့တာ ၂ နှစ်နဲ့ ၈လ ရှိသွားပြီ။ အစ်ကိုတစ်ယောက်အနေနဲ့ ညီလေးနဲ့ ကျွန်တော်နဲ့ကြားမှာ နာကျင်ရတဲ့အတိတ်တွေကို ပြန်ပြီးတော့အစမဖော်တော့ပါဘူး။ ညီလေးနဲ့ပတ်သက်လို့ နာကျင်စရာတွေ ပြန်မတွေးဖြစ်အောင်နေတယ်။ ကျွန်တော်တို့ညီအစ်ကိုကြားက ကောင်းတဲ့အရာလေးတွေကိုပဲပြန်အမှတ်ရဖို့ ကြိုးစားနေပါတယ်’’ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က လှည်းတန်းက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင်ရဲ့ အစ်ကို ကိုကိုအောင်ထက်နိုင်က ဘီဘီစီကို ပြောပါတယ်။
‘‘တော်လှန်ရေးမှာ ကျွန်တော့်ညီလေးဖြစ်စေချင်တဲ့ ပုံစံအတိုင်းကျွန်တော်လျှောက်လှမ်းနေပါတယ်။ တချို့ကတော့ ကျွန်တော့်ကိုမေးတယ်။ တော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ ပါဝင်နေသလဲပေ့ါနော်။ ညီလေးအတွက် တရားမျှတမှုရရှိဖို့၊ ညီလေးကြောင့် တော်လှန်ရေးကို အဆုံးထိဆက်သွားမယ်။ ပြည်သူတွေအားလုံးအတွက် တစ်ထောင့်တစ်နေရာကနေ အောင်ပွဲရတဲ့အထိပါဝင်သွားမယ်”လို့ သူကဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ/BBC

ဓာတ်ပုံ ရင်းမြစ်, supplied/BBC

ဓာတ်ပုံ ရင်းမြစ်, Supplied/BBC

ဓာတ်ပုံ ရင်းမြစ်, Supplied/BBC

ဓာတ်ပုံ ရင်းမြစ်, Supplied/BBC
အရပ်သားတွေ မသေကျေအောင်ရှောင်လွှဲလို့ရတဲ့နည်းရှိနိုင်လား
အာဏာသိမ်းထားတဲ့စစ်ကောင်စီကတော့ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့သူတွေနဲ့ ပြောဆိုဆွေးနွေးဖို့မရှိဘူးလို့ အစဥ်တစိုက်ပြောထားသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း 'သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး' ဆိုပြီး စစ်တပ်နဲ့ စကားပြောဆိုဆွေးနွေးဖို့လမ်းစဥ်တွေကို ပယ်ချထားပါတယ်။
လက်ရှိလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရက်ပိုင်းအတွင်းစခန်းသိမ်းတိုက်ပွဲတွေအရှိန်နဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ စိတ်ဓာတ်အင်အားတက်ကြွလာတာတွေလည်းရှိနေပါတယ်။
NUG ကလည်း ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ ပြောထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်လအတွင်းမှာဆို တိုက်ပွဲတွေက ပိုပြီးပြင်းထန်ကျယ်ပြန့်လာတာတွေလည်း လက်တွေ့မြင်နေရတာပါ။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP က ထုတ်ပြန်ချက်အရတော့ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၁၁,၁၇၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ကိုးလကျော်ကာအတွင်းမှာတော့ နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၂,၈၆၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၄၈ ရာခိုင်နှုန်းကျော်က EAOs ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီထဲမှာ ၄၁ ရာခိုင်နှုန်းကျော်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဖြစ်ပါတယ်လို့ ISP ကဆိုပါတယ်။
နိုင်ငံတဝန်းပိုပြီးကျယ်ပြန့်လာတဲ့တိုက်ပွဲတွေကြားမှာ အရပ်သားတွေ သေဆုံးမှုတွေရှောင်လွှဲလို့ရနိုင်တဲ့နည်းရှိမလားဆိုတဲ့မေးခွန်းအတွက် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဦးလှသိန်းကတော့ နိုင်ငံရေးကို ကလဲ့စားချေတဲ့ပုံစံနဲ့ လုပ်လို့မရကြောင်းနဲ့ ပြည်သူတွေကလည်း အကြမ်းဖက်မှုကိုမလိုလားဘဲပူးပေါင်းပါဝင်ပေးကြဖို့ကိုပဲပြောသွားပြီး ရှောင်လွှဲစရာနည်းလမ်းကိုတော့မပြောနိုင်ခဲ့ပါဘူး။
NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ကိုကျော်ထွေးကတော့ ‘‘အခုထိတော့ ရှောင်လွှဲစရာနည်းလမ်းမတွေ့သေးဘူး’’ လို့ခပ်တိုတိုပဲပြောပါတယ်။











