စစ်ကောင်စီ သေဒဏ်စီရင်မှုနဲ့ အကျိုးဆက်များ

ဓာတ်ပုံ ရင်းမြစ်, GETTY/NILAR THEIN
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အမှန်တကယ် စီရင်တော့မယ်လို့ အာဏာသိမ်းစစ်တပ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက အဖမ်းခံခဲ့ရတဲ့ အထင်ကရ အတိုက်အခံ နိုင်ငံရေးသမားနှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပါအဝင် လှိုင်သာယာမြို့နယ်မှာ လူသတ်မှု ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ရဲ့ သေဒဏ်အမိန့်တွေကို စီရင်တော့မယ်လို့ ဇွန် ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့ လေးဦးကို ကွပ်မျက်ဖို့ စစ်တပ်ဘက်က အတည်ပြုလိုက်ပြီ ဖြစ်ပြီး သက်ဆိုင်ရာ အကျဥ်းထောင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကွပ်မျက်ခံရနိုင်ခြေ ရှိမရှိ
မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်လေ့ရှိပေမယ့် နိုင်ငံရေးနဲ့ ဆက်စပ်သူတွေ၊ အတိုက်အခံ ကျောင်းသားခေါင်းဆောင်တွေကို အမှန်တကယ် ကြိုးပေး ကွပ်မျက်မှုမရှိတာ နှစ်ပေါင်း ၄၀ ကျော် ရှိခဲ့ပါပြီ။
၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သေဒဏ်အမိန့်ကို ကွပ်မျက်ခဲ့တာ လုံး၀မရှိဘဲ နောက်ဆုံး သေဒဏ်ပေးခံခဲ့ရတာကတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းလက်ထက် ၁၉၇၆ ခုနှစ်က ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကို ကြိုးပေးသေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က သေဒဏ်အမိန့်ချမှတ်ခဲ့သူပေါင်း ၁၀၀ ကျော်အထိ ရှိလာနေပြီး သူတို့အားလုံးဟာ ဥပဒေကြောင်းအရ ခုခံချေပခွင့် လုံးဝ မရကြပါဘူး။
ဒါပေမဲ့ သေဒဏ်ချမှတ်ခံရသူတွေဟာ စစ်ခုံရုံးမှာ အပြစ်ပေးခံခဲ့ရရင်တောင် ဒီပြစ်ဒဏ်ကို အဆင့်ဆင့် ခုခံချေပခွင့် ရှိတယ်လို့ ဥပဒေ ပညာရှင် ဦးခင်မောင်မြင့်က ပြောပါတယ်။
"အရပ်ဘက်တရားရုံးက ဖြစ်စေ၊ စစ်ခုံရုံးက ဖြစ်စေ သေဒဏ်ချမှတ်ခဲ့ရင် ၇ ရက်အတွင်းမှာ အယူခံ တင်ပေးရတယ်။ အရပ်ဘက်တရားရုံးက ချမှတ်တဲ့ အမိန့်ဆိုရင် တိုင်းဒေသကြီးတရားလွှတ်တော်ကို တင်ရသလို စစ်ခုံရုံးက ချမှတ်တဲ့ အမိန့်ဆိုရင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးရဲ့ စစ်တိုင်းမှူးဆီကို တင်ရပါတယ်။ ဒီအယူခံကို ပယ်လိုက်ပြီဆိုရင် အရပ်ဘက် တရားစီရင်ရုံးအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ စုံညီခုံရုံး အယူခံ အဆင့်ဆင့်ကို အယူခံဝင်ခွင့် ရှိတယ်။ စစ်တိုင်းမှူးက အယူခံပယ်လိုက်ရင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အယူခံ ထပ်တက်ခွင့်ရှိတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖြစ်စေ၊ ကာကွယ်ရေး ဦးစီးချုပ်ဆီကို ဖြစ်စေ တင်ရမယ့် အယူခံ အခွင့်အရေးဟာ ဥပဒေအရ ရကို ရရမယ့် အခွင့်အရေးဖြစ်တယ်။ ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားပြီဆိုရင်တော့ လူမှုရေးဆိုင်ရာ အခွင့်အရေးအရ သမ္မတဆီကို အသနားခံစာ တင်ခွင့်ရှိပါတယ်။ နောက်ဆုံး သမ္မတ က ဒီပြစ်ဒဏ်ကို ပြင်ဆင်ပြောင်းလဲခွင့်ရှိတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ရတယ်" လို့လည်း ဦးခင်မောင်မြင့်က ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီအဆင့်တွေ အားလုံး ပြီးပြီလို့ ပြောပေမယ့် ကိုဂျင်မီကော ကိုဖြိုးဇေယျာသော်တို့နှစ်ဦးလုံး ဥပဒေကြောင်းအရ ခုခံချေပခွင့် လုံးဝမရခဲ့တာ ထင်ရှားပါတယ်။
ကိုဂျင်မီရဲ့ ဇနီး မနီလာသိန်းကလည်း ဒီအမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတရာ ဆက်သွယ်လာတာ မရှိသလို သူအနေနဲ့လည်း စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာ အသနားခံတာ လုံးဝမရှိဘူးလို့ RFA သတင်းဌာနကို ဖြေကြားထားပါတယ်။
"သက်သေခံဥပဒေပုဒ်မ ၁၃၈ အရ အမိန့်ချမှတ်ခံရသူဘက်က အပြန်အလှန် စစ်ဆေးခွင့် အပြည့်အဝမရခဲ့ဘူး။ ရာဇ၀တ်ကျင့်ထုံးဥပဒေအရ ပြန်ခေါ်သက်သေ စစ်ဆေးခွင့် မရခဲ့ဘူးဆိုရင် အဲဒီအမှုဟာ တရားမျှတမှု ကင်းမဲ့တဲ့အတွက် အမိန့်ချမှတ်စဥ်ကတည်းက အဲဒီအမိန့်ဟာ ပျက်ပြယ်တယ်လို့ စီရင်ဆုံးဖြတ်ခဲ့တဲ့ သာဓကတွေ ရှိတယ်" လို့လည်း ဦးခင်မောင်မြင့်က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, dsinfo.org
နိုင်ငံရေးအရ သက်ရောက်မှု
အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်နှစ်ဦးကို စစ်ကောင်စီက သေဒဏ်စီရင်တော့မယ်လို့ ထုတ်ပြန်လိုက်တာကြောင့် ပြည်တွင်း ပြည်ပ ဝေဖန်သံတွေ မြင့်တက်ခဲ့ပါတယ်။
ဒါဟာ ပြည်တွင်း ပြည်ပရဲ့ တုံ့ပြန်မှုကို နားထောင်ချင်တဲ့ သဘောဖြစ်သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသူတွေကိုလည်း စစ်ကောင်စီဘက်က ခြိမ်းခြောက်လိုက်တဲ့ သဘောဖြစ်တယ်လို့ ၁၉၉၀ ရွေးကောက်ခံ အမတ် ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ကိုကြည်စင်ကတော့ စစ်တပ်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေကို အလေးမထားဘူး၊ ပြစ်ဒဏ်ကြီးကြီးမားမားကို ချမှတ်ပြီး ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတယ်ဆိုတာ ပြသဖို့နဲ့ NLD ပါတီနဲ့ ဆက်စပ်နေသူတွေအပေါ် အာဃာတ အမုန်းတရားထားတယ်ဆိုတာ မြင်သာတယ်လို့ ယူဆပါတယ်။
"ပြည်တွင်းမှာ လက်နက်ကိုင်တုံ့ပြန်မှုတွေ ပိုပြင်းထန်လာနိုင်တယ်။ မြေအောက်လှုပ်ရှားသူတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့လည်း အဆုံးသတ်တဲ့အထိ ခုခံတိုက်ခိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။သူ့ကို တော်လှန်နေတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးသလို ဖြစ်သွားနိုင်တယ်" လို့လည်း ကိုကြည်စင်က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AKP
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအား
စစ်ကောင်စီဘက်က အတိုက်အခံ နိုင်ငံရေးသမားကို သေဒဏ်ချမှတ်ဖို့ စီစဥ်နေတဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အကြီးအကျယ် စိတ်ဒုက္ခရောက်ရတယ်။ လူသားတယောက်ရဲ့ ဘ၀၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrew နဲ့ တရားဥပဒေမဲ့ ကွပ်မျက်ခံရသူများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Morris Tidball-Binz တို့နှစ်ဦးကလည်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားမပေးဘူးဆိုရင် နောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှုတွေ အများကြီး ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီမိုကရေစီအရေးလိုလားပြီး အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ စစ်ကောင်စီဘက်က စီစဥ်နေတဲ့အပေါ် အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီဘက်က အလေးမထားတဲ့ သာဓက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။၊
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံရေးအတိုက်အခံ လေးဦးအပေါ် သေဒဏ်ပြစ်ဒဏ်တွေကို ပြန်လည် သုံးသပ်သင့်တယ်။ သူတို့ကို သေဒဏ်စီရင်တာ ကွပ်မျက်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်ဝေဖန်ရှုတ်ချမှုတွေ ခံရနိုင်သလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ ကြိုးပမ်းချက်တွေလည်း ရှုပ်ထွေးသွားနိုင်တယ်လို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇွန်လ ၁၂ ရက်နေ့မှာတော့ အတိုက်အခံအင်အားစုတွေကို ကွပ်မျက်ဖို့ စီစဥ်နေတာကို ပြန်လည်စဥ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ တိုက်တွန်းချက်ကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်ပါတယ်။
ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်စီရင်မိန့် ချခံထားရသူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ တကွ သေဒဏ်စီရင်ရတဲ့ဥပဒေအကြောင်းအရရှင်းပြချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံဘက်ကို ဇွန်လ ၁၁ ရက်မှာ ပြန်ပို့ထားတယ်လို့ စစ်ကောင်စီဘက်ကအတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က ဒီနိုင်ငံရေးသမားတွေအပေါ် သေဒဏ်စီရင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပေးဆပ်မှု ကြီးလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
"အဲဒီပေးဆပ်မှုဟာ သူတို့ရဲ့ ကျဆုံးမှုကို ဦးတည်လိမ့်မယ်ဆိုတာ သေချာတယ်။ စစ်တပ်တတပ်လုံး ပြုတ်ကျရေးကို အလေးသာသွားနိုင်တယ်လို့"လည်း ၁၉၉၀ ရွေးကောက်ခံ အမတ် ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။








