ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ်အမိန့်ကို အကောင်အထည်ဖော်တော့မယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Getty/Nilar Thein
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင်အထည် ဖော်တော့မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
"၁၉၉၀၊ ၉၁ လောက်ကနေစပြီးတော့ သေဒဏ်အမိန့်ချပေမယ့် တကယ် သေဒဏ် မပေးတော့ဘူး၊ အခုတော့ ပလပ်လိုက်ပြီလို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သေဒဏ်အမိန့်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ တကယ် သေဒဏ်ချမှာပါ" လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်နက်ပစ္စည်းတွေနဲ့ အတူသိမ်းဆည်းရမိတယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)ပုဒ်မတွေနဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးတင်စစ်ဆေးပြီး ဇန်နဝါရီလ ၂၁ ရက်က သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နောက်ဆုံး သေဒဏ်ပေးခဲ့တဲ့ စီရင်မှုက ၁၉၈၈ ခုနှစ် မတ်လအတွင်း ရာဇဝတ်မှုကျူးလွန်သူ ၂ ယောက်ကို သေဒဏ်ပေးခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း သေဒဏ် ချမှတ်ပေမယ့် သေဒဏ်တကယ် စီရင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ ဥပဒေ ပညာရှင် တယောက်က ဆိုပါတယ်။
"နိုင်ငံတကာ တရားဥပဒေစနစ်တွေအရ အာဏာသိမ်း စစ်အစိုးရပင်ဖြစ်ပါစေ၊ သူတို့ တရားရုံးတွေ အနေနဲ့ သေဒဏ်ချမှတ်တာတွေရှိတယ်။ ဒါပေမယ့် သေဒဏ်ချမှတ်တဲ့ အမိန့်တွေကို အတည်ပြုလို့မရဘူး။ ရွေးကောက်ခံအစိုးရတရပ်ရဲ့ တရားစီရင်ရေး မဏ္ဍိုင် ဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ အယူခံကို ပယ်တာ၊ နောက်တဆင့် အသနားခံစာကို ပယ်တာ စတာတွေ ပြီးမှ သေဒဏ်ကို စီရင်ဖို့ အတည်ပြုနိုင်တာပါ။"
၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ သေဒဏ်ချမှတ်ခံရတဲ့သူတွေ ၃၀၀ ကျော်ရှိခဲ့ပြီး သေဒဏ်စီရင်မှု တခုမှ မရှိခဲ့ဖူးလို့လည်း သူက ပြောပြပါတယ်။
စစ်ကောင်စီက သေဒဏ်စီရင်မယ်လို့ သောကြာနေ့က ကြေညာတဲ့အထဲမှာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အမျိုးသမီးတယောက်ကို ဒလံအနေနဲ့ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ စွပ်စွဲခံရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၂ ယောက်လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ ဖမ်းဆီးခံရပြီးကတည်းက စစ်ခုံရုံးမှာ သူတို့ကိုယ်စား ဥပဒေကြောင်းအရ သူတို့ဘက်က လွတ်လပ်စွာ ခုခံချေပခွင့် မရှိခဲ့သလို၊ သူတို့ရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်လိုက်ပြီဆိုတဲ့ သတင်းကိုသာ အများပြည်သူက ကြားခဲ့ရတာဖြစ်ပြီး အခုနောက်ဆုံးတော့ သေဒဏ်ကို စီရင်တော့မယ် ဆိုတဲ့ သတင်းကို စစ်ကောင်စီက ထုတ်ပြန်လာတာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "သေဒဏ်အမိန့်ချမှတ်ခံရသူက ပြင်ဆင်ချက်ကို တင်ရတယ်၊ ပြင်ဆင်ချက်အပယ်ခံရရင်၊ အသနားခံစာ တင်ရတယ်၊ အသနားခံစာ တင်တာကို ပလပ်လိုက်ပြီဆိုရင် သေဒဏ်ကို အတည်ပြုလိုက်ပြီဖြစ်တယ်၊ သက်ဆိုင်ရာ အကျဉ်းထောင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်သွားမှာ"လို့ ဆိုပါတယ်။
အဲဒီလို သေဒဏ်ကို အတည်ပြုပြီး အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စီရင်ဖို့ လွှဲတယ်ဆိုရင် ကြားမှာ ကြာတဲ့ကာလက သူတို့အတွေ့အကြုံတွေအရ အချိန် ၁ လ ဒါမှမဟုတ် ၁ လခွဲ လောက် ကြာတတ်တယ်လို့ ဥပဒေ ပညာရှင်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ တပါတီ စနစ်ကျင့်သုံးပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ ခေတ်အတွင်း နိုင်ငံရေးအတိုက်အခံတယောက်ဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကို ၁၉၇၆ ခုနှစ် ဇွန်လ အတွင်းမှာ ကြိုးပေး သေဒဏ် စီရင်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်နှုန်းက စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြောသလို၊ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၁၀၀ ကျော်ရှိနေပြီလို့ စောင့်ကြည့်လေလာသူတွေက ပြောပါတယ်။








