မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရလို့သေဆုံးမှု တစ်နှစ်ပြည့်တဲ့နေ့

no tag

ဓာတ်ပုံ ရင်းမြစ်, Free Rangers Depeyin PDF

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လူသေဆုံးမှုတွေ စရှိလာခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အမြို့မြို့အနယ်နယ် မှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး နေပြည်တော်က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ က စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သူ့မတိုင်ခင် မန္တလေးမှာ ကိုနပွားဆိုသူတစ်ဦးဟာ ဖေဖော်ဝါရီ ၈ ရက် စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေက ဖော်ပြထားပါတယ်။

ဒါပေမဲ့ မမြသွဲ့သွဲ့ခိုင်ကတော့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာစစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ ပထမဆုံး သေဆုံးရသူအဖြစ် လူသိများပါတယ်။

စစ်ကောင်စီဘက်က မမြသွဲ့သွဲ့ခိုင် သေဆုံးမှုနဲ့ပတ်သတ်ပြီး ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ တက်လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ရဲအရာရှိတစ်ယောက်ရဲ့ သေချာ ချိန်ရွယ် ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း ပျံ့နှံ့ခဲ့ပါသေးတယ်။

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုမတိုင်မီ နာရီပိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုမတိုင်မီ နာရီပိုင်း

နေပြည်တော်က ဆေးရုံမှာပဲ မမြသွဲ့သွဲ့ခိုင် ၁၀ ရက်နီးပါးဆေးရုံ တက် ကုသခဲ့ရပြီး ဆေးရုံမှာပဲ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးပြီးချိန်မှာတော့ ဆရာဝန်တွေက မမြသွဲ့သွဲ့ခိုင်ဦးခေါင်းထဲက ကျည်ဟာ အစစ်ဖြစ်တယ်လို့ အတည်ပြုပြောဆိုခဲ့ကြတာလည်း ရှိပါတယ်။

မမြသွဲ့သွဲ့ခိုင် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မိသားစုဝင်တွေက ဆွမ်းဆက်ကပ်မှုတွေ ပြုလုပ်မယ်လို့ မီဒီယာတချို့ကို ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် မမြသွဲ့သွဲ့ခိုင် သေဆုံးတာ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ နေရာတချို့မှာ ဒေသကာကွယ်ရေးတပ်တွေအပါအဝင် ချီတက်ဆန္ဒပြတာတွေလည်း ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင် ကျဆုံးခြင်းတနှစ်ပြည့် Free Rangers Depeyin PDF သပိတ်

ဓာတ်ပုံ ရင်းမြစ်, Free Rangers Depeyin PDF

ဓာတ်ပုံ ပုံစာ, မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရလို့သေဆုံးမှု တစ်နှစ်ပြည့်တဲ့နေ့ Free Rangers Depeyin PDF သပိတ်

အဲဒီ ဖြစ်စဉ်ပြီးတဲ့နောက်မှာ ဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ခန့်ငြားဟိန်း ၊ မကြယ်စင် ၊ အမြွှာညီအစ်ကိုနှစ်ယောက်ထဲကမှ ညီအငယ်ဖြစ်သူ ညီညီအောင်ထက်နိုင်၊ မြောက်ဒဂုံက ကိုချစ်မင်းသူ၊ မြောက်ဥက္ကလာပစ်ခတ်ဖြိုခွင်းမှု ဖြစ်စဉ်က ကိုရာဇာမင်းစတဲ့ ဆယ်ကျော်သက်လူငယ်တွေအပါအဝင် လူငယ်တွေ ရက်ပိုင်းအတွင်း ဆက်တိုက် ပစ်သတ်ခံခဲ့ရပြီး သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

အခုဆို အဲဒီကာလသေဆုံးခဲ့ရသူတွေရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်ကာလတွေဟာလည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ပါပြီ။

ရန်ကုန်မြို့ မြောက်ဥက္ကလာဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ကိုရာဇာမင်းရဲ့ ဖခင်ဖြစ်သူကတော့ ကွယ်လွန်ခဲ့တာ တစ်နှစ်ပြည့်တော့မယ့် သားဖြစ်သူအတွက် အလှူဒါနတွေ ပြုလုပ်ပေးဖို့ရှိတယ်လို့ အခုလိုပြောပါတယ်။

" ကိုယ့်သားသမီးဆိုတော့ ကိုယ် သတိရတာပေါ့၊ လွမ်းတာပေါ့။ မတ်လ ၃ ရက်နေ့မှာ တစ်နှစ်ပြည့်မယ်။ ဆွမ်းကပ်မယ်။ ကုသိုလ်ကောင်းမှုလေးလုပ်ပေးမယ်။ ဆုတောင်းကတော့ တော်လှန်ရေးကြီးအောင်မြင်ပါစေ လို့ပဲ ပြောစရာရှိတယ်" လို့ သူ့ခံစားချက်ကို ပြောပါတယ်။

သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေဟာ အခု တစ်နှစ်ပြည့် နှစ်လည်အတွက် အလှူအတန်းလုပ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကိုဇွဲထက်စိုးအတွက် ရည်ရွယ်ပြီး ကျန်ရစ်သူ မိသားစုက ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေထဲက ဦးလေး တော်စပ်သူက ဘုန်းကြီးဝတ်နေပြီး သေဆုံးသွားခဲ့တဲ့တူ ဖြစ်သူ အတွက် အလှူဒါနတွေ ပြုလုပ်ပေးဖို့လည်း ရှိတယ် လို့ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

" သူ့အတွက်ပဲ ရည်ရွယ်ပြီး ဘုန်းကြီးဝတ်နေတာ။ သူဆုံးတာ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့ မတ်လ ၃ ရက်နေ့မှ လူပြန်ထွက်မယ်။ အဲဒီနေ့မှာလည်း ဆွမ်းကပ်တာတွေ၊ အလှူလေးတွေ လုပ်ပေးဖို့ရှိတယ်။ " လို့ သေဆုံးသွားသူ ဖြစ်တဲ့ ကိုဇွဲထက်စိုးရဲ့ ဦးလေးတော်စပ်သူက မိန့်ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သူတွေရဲ့ တစ်နှစ်ပြည့် အလှူအတန်းတွေ၊ လွမ်းဆွတ်မှုတွေ ပြုလုပ်ဖို့ ရှိနေပေမယ့်လည်း တစ်ဖက်မှာ တစ်ချို့တွေက နေအိမ်တွေကနေရှောင်နေကြရတာမျိုးလည်း ရှိနေပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရဲ့ အကြမ်းဖက်ဖြိုခွဲမှုတစ်ခုမှာ သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးရဲ့ အစ်ကိုဖြစ်သူက အခုလို ပြောပြပါတယ်။

" ကျွန်တော်တို့ကလည်း သူဆုံးပြီးကတည်းက တတ်နိုင်သမျှ တတ်နိုင်တာကို ရရင် ရသလို လုပ်နေတာဆိုတော့ အိမ်မှာ နေလို့မရဘူး။ အပြင်ကို ရှောင်နေရတယ်။ မဟုတ်ရင် လာလာရှာတာတွေလည်း ရှိတော့လေ။ ရှောင်ပဲ နေလိုက်တော့တယ်။ တစ်နှစ်ပြည့်ကိုတော့ ဘုန်းကြီးဆွမ်းကပ်တာ လုပ်ဖြစ်မယ်။ ဒီ ကိုဗစ်ကာလကြီးဖြစ်နေတော့ ဘာမှတော့ ထူးထူးခြားခြား မလုပ်တော့ပါဘူး။ စိတ်ထဲမကောင်းတာတော့ ရှိနေဆဲပဲ " လို့ သေဆုံးသွားခဲ့သူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေဟာ ဒီလ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သေဆုံးသူ ၁၅၂၉ ဦး ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ခံရရှိတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( AAPP ) ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းတာ တစ်နှစ်ကျော်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၉၃၀၄ ဦး ရှိနေပြီး အဲဒီထဲကမှ ၆၇၇ ဦးဟာ ထောင်ဒဏ်ချမှတ်တာကို ခံထားရပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီပြစ်ဒဏ်ကျခံရသူတွေထဲကမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၄၅ ဦးဟာ သေဒဏ်ကို ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

ပြစ်မှုနဲ့ မလိုက်တဲ့ အပြစ်ဒဏ်တွေ ချမှတ်တာနဲ့ပတ်သတ်ပြီး ရန်ကုန်မြို့က ရှေ့နေတစ်ဦးက အခုလို ဝေဖန်ပြောဆိုပါတယ်။

ဆန္ဒပြပွဲ တွေမှာ ပါလို့ ဖမ်းဆီးခံခဲ့ရတဲ့ သူတစ်ချို့ကို ရှေ့နေလိုက်ပေးခဲ့တဲ့ ရှေ့နေတစ်ဦးက " အဓိကက ဘာလုပ်သလဲဆိုတာကို ထင်သာမြင်သာမရှိဘူး။ စွဲချက်တွေကို အနည်းဆုံး ၆ လလောက် နေမှ အမိန့်ချရမှာကို ၂ လ ၃ လနဲ့ အပြီးသတ် အမိန့်တွေချပစ်တယ်။ ၆ လလောက်ဆိုရင် အနည်းဆုံး ခုခံ ချေပခွင့်လေး အချိန်ပိုရတာပေါ့။ မိသားစုနဲ့ ရုံးချိန်းတွေမှာ တွေ့ဖို့အချိန်လေး ရတာပေါ့။ အခုလို အမြန်တွေ အမိန့်ချတာမျိုးကတော့ မဖြစ်သင့်ဘူး။ ထင်သာမြင်သာမရှိဘူး။ ဥပမာ ပြစ်ဒဏ်က ၆ နှစ်နဲ့ နှစ် ၂၀ ကြား ချလို့ရတာဆိုရင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချပစ်တာတွေလည်း ရှိတယ်။" လို့ ပြောပါတယ်။

အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာပဲ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုတွေထဲက တစ်ချို့ကလည်း အခုချိန်မှာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက် သေဆုံးသွားသူတွေ ထပ် မတွေ့ရချင်ဘူးလို့ သူတို့ရဲ့ ခံစားချက်ကို ပြောပြကြပါတယ်။

" အကောင်းအတိုင်းလည်း ပြန်မရနိုင်တော့ဘူးလေ။ ဖြစ်တာက ဖြစ်ပြီးသွားပြီ။ နောက်ထပ် ကျဆုံးသူတွေ ထပ်မတွေ့ရဖို့ပဲ။ သူတို့လို ကျဆုံးတဲ့သူတွေ ထပ်မရှိလာဖို့ပဲ ဝိုင်းပြီးကြိုးစားကြရမှာ။ ပြီးတော့ သူတို့တွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားရမယ်။ " လို့ သေဆုံးသွားသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဆေးတက္ကသိုလ်က ပထမနှစ်ကျောင်းသား မောင်ခန့်ငြားဟိန်း ဆုံးပါးခဲ့တဲ့အတွက် အခု လာမယ့် မတ်လ ၁၄ ရက်နေ့ ဆိုရင် တစ်နှစ်ပြည့်ပါပြီ။ လတ်တလော ခံစားချက်တွေကို မောင်ခန့်ငြားဟိန်းရဲ့ ဖခင်က အခုလိုပြောပါတယ်။

" ပြောတောင် မပြတတ်ဘူး။ ဘာနဲ့မှ မတူဘူးလေ။ ခံစားရတဲ့ခံစားချက်က ဘယ်လိုခံစားချက်နဲ့မှ မတူဘူး။ ဒါက သားသမီး ဆုံးရှုံးသွားတဲ့မိဘတိုင်း ဒီလိုပဲ ခံစားရမှာပါ။ အဲဒီခံစားချက်ကြီးကို ကိုယ်တိုင်ကြုံဖူးမှပဲ နားလည်နိုင်တော့တယ်။ အခုတော့ သား ဆုံးတာ တစ်နှစ်ပြည့်အတွက် ဘုန်းကြီးဆွမ်းကပ်မယ်။ အလှူလေး နည်းနည်းပါးပါးလုပ်မယ်။ သားကတော့ သူ့လုပ်ဆောင်ချက်တွေအပေါ် လိပ်ပြာလုံမှာပါ။ စိတ်ထဲမှာလည်း အမြဲ ဆုတောင်းတယ်။ တစ်နှစ်ပြည့်မှ မဟုတ်ဘူး။ သားအတွက် အမြဲလည်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေပါတယ်။ သူမျှော်မှန်းတဲ့ အတိုင်းဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်" လို့ မောင်ခန့်ငြားဟိန်းရဲ့ ဖခင်ဖြစ်သူက သူ့ခံစားချက်ကို ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီလကတည်းကနေ သေဆုံး နဲ့ ဖမ်းဆီးခံရသူတွေဟာ တစ်နှစ်ကျော်လာတဲ့အထိ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေ ဆက် ရှိနေဆဲပါ။ သေဆုံးသူတွေရဲ့ မိသားစုဝင်တစ်ချို့ကတော့ အခုချိန် စိတ် ခံစားချက်က သေဆုံးသွားသူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို အမြန်ဆုံး အောင်မြင်စေဖို့ပဲ ဆုတောင်းစကားဆိုချင်တယ်လို့ ပြောပြကြပါတယ်။