လီလီနိုင်ကျော်ဖြစ်စဥ်နောက်ပိုင်း စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းအကြား တုန်လှုပ်

ဓာတ်ပုံ ရင်းမြစ်, LILY NAING KYAW/FACEBOOK
စစ်ကောင်စီ ထောက်ခံသူလည်းဖြစ်၊ အစွန်းရောက်အမျိုးသားရေးဝါဒ ထောက်ခံသူ တယောက်လည်းဖြစ်တဲ့ အဆိုတော် လီလီနိုင်ကျော်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရသူရဲ့ မိသားစုဝင် ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်ဖြတ် တာခံခဲ့ရသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တယောက်ရဲ့ အကို ဖြစ်သူဟာ မေလ ၇ ရက်နေ့ ညပိုင်းမှာ သတ်ဖြတ်ခံရပါတယ်။
ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်သူဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူလို့ ယူဆ သတ်မှတ်ထားကြသလို စစ်ကောင်စီကို ဆန့်ကျင်သူတွေရဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံရမှုတွေမှာ အမည်မသိ လူတစုကလို့ ဖော်ပြကြပေမဲ့ စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီကို ထောက်ခံကြသူတွေ ပါဝင်ပတ်သက်မှု ရှိလိမ့် မယ်လို့ အများက ယူဆကြပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူသိများသူ တချို့ရဲ့ မိသားစုဝင် တွေနဲ့ ဆွေမျိုးတွေက ဘယ်သူ ဘယ်ဝါ ဆိုတာ သိရအောင် ဖော်ထုတ်ပေးပါ ဆိုပြီး စစ်ကောင်စီကို လိုလားတဲ့ တယ်လီဂရန်ချန်နယ် တွေက ဇွန်လ ၈ ရက်နေ့မှာပဲ ကာယကံရှင်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ ဖော်ပြကာ လှုံ့ဆော်နေပါတယ်။
ဒေါ်လီလီနိုင်ကျော် သတ်ဖြတ်ခံရမှု အပြီး စစ်ကောင်စီ ထောက်ခံသူတွေ အကြား သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်နေသလို သူ့တို့ကို စစ်တပ်က အကာအကွယ်ပေးပါဆိုတဲ့ တောင်းဆိုတာတွေလည်း ပေါ်ထွက် နေပါ တယ်။
သတ်ဖြတ်မှုနဲ့ ခြိမ်းခြောက်မှုတွေ
အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိခဲ့သူ ဒေါ်လီလီနိုင်ကျော် ဟာ ရန်ကင်းမြို့နယ်အတွင်း သူ့တိုက်ခန်းရှေ့နားမှာပဲ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ ရပါတယ်။ နောက် တပတ်အကြာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ သူသေဆုံးသွားပြီ ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီက သူ့ကို သတ်ဖြတ်သူတွေလို့ စွပ်စွဲထားတဲ့ လူ နှစ်ယောက် ရဲ့ အမည်ကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်အရ သူတို့ဟာ မြို့ပြပြောက်ကျားအဖွဲ့ တခုဖြစ်တဲ့ Special Task Force- STF က အဖွဲ့ဝင်တွေ ဖြစ်ပြီး ကိုကောင်းဇာနည်ဟိန်း (ခ) ကိုလပြည့်နဲ့ ကိုကျော်သူရ (ခ) အီးတီ တို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MILITARY INFORMATION COMMITTEE
ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံဖို့ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်း တယောက်ဖြစ်တဲ့ ကိုဒီငြိမ်းလင်းနဲ့ မဟေဇယ်တို့က ညွှန်ကြားတာလို့လည်း သူတို့က ဆိုပါ တယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သတ်ဖြတ်သူလို့ စွပ်စွဲခံရသူတွေ အဖမ်းခံရပြီး နာရီပိုင်းအတွင်း ဇွန်လ ၆ ရက်နေ့မှာပဲ စွပ်စွဲခံရသူထဲက တယောက်ဖြစ်တဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အမ တဝမ်းကွဲ တို့ နှစ်ယောက် (မိခင်ဖြစ်သူရဲ့) အိမ်ထဲမှာပဲ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရပါတယ်။
ဇွန်လ ၇ ရက် ညပိုင်းကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့် အရေးဆိုင်ရာ အကြံပေးဦးအောင်ကျော်မိုးရဲ့အစ်ကို ဖြစ်သူဟာ ရန်ကုန်က သူ့နေအိမ် အတွင်းမှာပဲ လုပ်ကြံ သတ်ဖြတ်တာ ခံလိုက်ရပါတယ်။
ဒေါ်လီလီနိုင်ကျော် သေနတ်ပစ်ခံရပြီး သေဆုံးပြီဆိုတဲ့ သတင်းပို့စ် တခုအောက်မှာ ကြိုက်နှစ်သက်တယ်ဆိုတဲ့ love react ပေးခဲ့တဲ့ ဒီမိုကရေစီရေးထောက်ခံသူ တေးရေးဆရာ အောင်နိုင်စန်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့အပြင် နောက်ထပ် လူ ၆ ယောက်လည်း ဒီသေနတ်ပစ်ခတ်မှု အပေါ် လူမှုမီဒီယာမှာ မှတ်ချက်ပေးခဲ့ကြလို့ စစ်တပ်ကို ဆန့်ကျင်အောင် လှုံ့ဆော်တဲ့ အမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်ပြီး ဖမ်းဆီးတာ ခံထားရပါတယ်။
ဒီဖြစ်စဥ်တွေတင်မကဘဲ စစ်ကောင်စီ လိုလားတဲ့ တယ်လီဂရန် ချန်နယ်တွေကနေ စစ်အာဏာသိမ်းဆန့်ကျင်သူ နာမယ်ကြီး ပုဂ္ဂိုလ်တချို့ နဲ့ ပတ်သက်လို့ သူတို့ မိသားစုဝင်တွေ ဘယ်သူလဲ ဖော်ထုတ်ပေးပါဆိုပြီး သွေးထိုး လှုံ့ဆော်တာတွေ ဆက်တိုက် ဆိုသလို ဖြစ်လာပါတယ်။
စစ်ကောင်စီ လိုလားတဲ့ တယ်လီဂရန် ချန်နယ်တွေက ဖော်ပြလာတဲ့အထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါ လရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုသုတေသနမှူးဟောင်း ဦးမျိုးရန်နောင်သိန်း၊ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ပံ့ရေး လုပ်ဆောင်နေသူ တချို့နဲ့ သတင်း မီဒီယာသမားတချို့လည်း ပါဝင် နေပါတယ်။
ဒီပုဂ္ဂိုလ်တွေရဲ့ 'မိသားစုဝင်တွေကို ဖော်ထုတ်ပေး'၊ ဒီပုဂ္ဂိုလ်တွေ ရဲ့လုပ်ရပ်တွေကို သူတို့က ထောက်ခံအားပေးသလား ဆိုတာကို မေးမြန်းပေး' စသဖြင့် အဲဒီ တယ်လီ ဂရန်ချန်နယ် တွေက ရေးသားဖော်ပြနေတာပါ။
အဲဒီလို ဖော်ပြခြင်းခံရတဲ့အထဲမှာ ပါဝင်တဲ့ ခေတ်သစ်သတင်းဌာန အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်က “ကျွန်တော်မှ မဟုတ်ဘူး၊ ကျွန်တော်တို့လိုပဲ စစ်တပ်က မကြိုက်တဲ့သူတွေ၊ သတင်းသမားတွေ၊ တော်လှန်ရေးသမားတွေ၊ အနုပညာရှင်တွေ၊ သူတို့ကို ဆန့်ကျင်တဲ့ သာမန်ပြည်သူတွေ အားလုံးကို ဓာတ်ပုံတွေဖော်ပြ၊ မဖမ်း ဖမ်းအောင် လုပ်ပေါ့နော်၊ ခြိမ်းခြောက် တာပေါ့၊ ဒါတွေကတော့ သိပ်တော့ ထူးဆန်း တဲ့ ကိစ္စတွေမဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ဥပဒေလည်း မရှိဘူး။ လိုက်နာရမယ့် လူ့ကျင့်ဝတ်လည်း မရှိဘူး။ ဘာဆို ဘာမှ မရှိဘူး။ လက်နက် အားကိုး နဲ့ ခွန်အား အားကိုးနဲ့ပဲ သူတို့နဲ့ အမြင်မတူတဲ့ သူတွေကို နှိပ်ကွပ်မယ်ဆိုတဲ့ ဟာမျိုးက စစ်တပ်ရဲ့ လက်ရှိကိုင်စွဲပြီးတော့ ဖိနှိပ်သတ်ဖြတ်နေတဲ့ မူဝါဒ ပေါ့” လို့ ဘီဘီစီကို ပြောပါတယ်။
အခုဖြစ်ပေါ်လာတဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံရတာတွေ၊ ခြိမ်းခြောက်လှုံ့ဆော်မှု တွေနဲ့ ပတ်သက်ပြီး ရန်ကုန် မြေအောက် ပြောက်ကျား တော်လှန်ရေးအင်အားစု (YUA) ရဲ့ တာဝန်ခံကလည်း သူ့အမြင်ကို ပြောပြပါတယ်။
“အောက်တန်းကျစွာနဲ့ ပြုမူတဲ့ အပြုအမူ တွေပါပဲ။ လက်ရှိ တော်လှန်ရေး လုပ်နေတဲ့ လူတွေ အနေနဲ့ စိုးရိမ်သောက ရောက်ချင်လည်း ရောက်မယ်။ နောက်တစ်ခုက ဒီတော်လှန်ရေး အပေါ်မှာ စိတ်ပါ၀င်စားနေတဲ့လူတွေကို သူတို့ရဲ့ မိသားစု၀င်တွေ အနေနဲ့ သူတို့ကို တားဆီးမယ်ပေါ့ဗျာ။ မှန်တဲ့ဘက်က ရပ်တည် နေတဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် အကြောက်တရား ရိုက်သွင်း လိုက်တဲ့ သဘောပါပဲ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့သူတွေအပေါ် ပစ်မှတ်ထားတာကို စိုးရိမ်လားဆိုတော့ အတိုင်းအတာ တစ်ခုအထိတော့ စိုးရိမ်ပါတယ်၊ ဒါပေမဲ့ ဖြစ်လာ မယ့် အကျိုးဆက်တွေကို နဂိုကတည်းက ကြိုတွေးပြီးသား ဖြစ်တဲ့အတွက် ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိပါဘူး။”
တုန်လှုပ်စေတဲ့ ဒီ ဂယက်
စစ်တပ်မိသားစုကနေ မွေးဖွားခဲ့တဲ့ ဒေါ်လီလီနိုင်ကျော်ဟာ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိသလို စစ်ကောင်စီကြီးမှူးတဲ့ အခမ်းအနားတွေမှာလည်း မကြာမကြာတွေ့ရတတ်ပါတယ်။
စစ်အာဏာသိမ်းအစောပိုင်းကာလ အများပြည်သူတွေက အိုးတွေ၊ ခွက်တွေ တီးပြီး ဆန္ဒပြစဉ်မှာလည်း အဲဒီလို ဆန္ဒပြကြတဲ့ သူ့အိမ်နီးနားချင်းတွေရဲ့ ပုံတွေကို ရိုက်ပြီး စစ်တပ်ကို အကြောင်းကြားကာ ဖမ်းဆီးစေခဲ့သူလို့ စွပ်စွဲကြသူတွေရှိပြီး သူ့ကို စစ်တပ်သတင်းပေး တယောက် အဖြစ် သတ်မှတ်ထားကြပါတယ်။ သူဟာ တော်လှန် ရေးလုပ်တဲ့ လူငယ်တွေက ဘယ်သူ ဘယ်ဝါ ဆိုတာကို ဖော်ထုတ် သတင်းပေးတဲ့ သူလို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် CNN၊ Southeast Asia Globe စတဲ့ ဒေသ တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မြန်မာပြည်ကိုလာတဲ့အခါ အင်တာဗျူး ပေးဖို့ သူ လူရှေ့ထွက် လာခဲ့ပါတယ်။ သူ့ကို ဒလန်လို့ လူတွေက စွပ်စွဲကြတယ်၊ သူ့ကို သစ္စာ ဖောက်အဖြစ် ရှုတ်ချထားတဲ့ ပိုစတာတွေ သူ့အိမ်နားက ဓာတ်တိုင်တွေမှာ ကပ်ထား ကြတယ်၊ သူ့အိမ်ကို လူအုပ်က လာဖျက်ဆီးတယ် စသဖြင့် သတင်းထောက် တွေကို သူပြောခဲ့ပါတယ်။
“ကျွန်မက စစ်တပ်ကို ထောက်ခံတယ်၊ စစ်အာဏာသိမ်းတာကို လက်ခံတယ်။ ဒါပေမဲ့ ကျွန်မ အိမ်နီးနားချင်း အသိုင်းအဝိုင်းတွေက NLD ကိုထောက်ခံတယ်၊ သူတို့က ကျွန်မကို သတ်ချင်တယ်လို့လည်း ပြောကြတယ်”၊ “ဒီလူတွေက နိုင်ငံကို ဖျက်ဆီးချင် တဲ့သူတွေ” လို့ သတင်းထောက်တွေကို သူက သက်သေ အထောက်အထားခိုင်ခိုင် မာမာ မရှိဘဲ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LILY NAING KYAW/FACEBOOK
သူ့လိုပဲ စစ်တပ်ထောက်ခံသူ၊ အစွန်းရောက် အမျိုးသားရေး ထောက်ခံသူ နာမယ်ကြီး တယောက်ဖြစ်တဲ့ ဦးတင့်လွင် ဆိုသူလည်း သူပစ်ခတ် မခံရခင် ၄ ရက်က သေနတ်နဲ့ အပစ်ခံရပါတယ်။ ရန်ကုန်က လဘက်ရည်ဆိုင် တဆိုင်မှာ သူ ထိုင်နေတုန်း ခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလည်း သူ အပစ်ခံခဲ့ရဖူးပြီး အဲဒီတုန်းကတော့ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့က ဒေါ်လီလီနိုင်ကျော် သတ်ဖြတ် ခံရတဲ့အပေါ် ရှုတ်ချတဲ့ စာတွေ ထုတ်ပြန်နေချိန်မှာပဲ အဲဒီထဲက အထင်ကရ အဖွဲ့ကြီး တခုဖြစ်တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က “(သူတို့) လုံခြုံရေးကို (စစ်တပ်က) ပိုပြီး အကာအကွယ်ပေးပါ” လို့ ထုတ်ပြန် တောင်းဆို ထားပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရန်ချန်နယ်တွေကနေ ဒေါ်လီလီနိုင်ကျော် အသတ်ခံရတဲ့ အပေါ် “လက်စားချေကြဖို့” တိုက်တွန်း လှုံ့ဆော်တာတွေလည်း ထွက် ပေါ်နေပါတယ်။
စစ်ကောင်စီ ထောက်ခံတဲ့ ထင်ရှားသူတချို့ကလည်း “စစ်တပ် ထောက်ခံမှုတွေကို ပေါ်ပေါ်ထင်ထင် လူမှုမီဒီယာ တွေမှာ မတင်ကြဖို့” သတိပေးနေကြပါတယ်။
အကြမ်းဖက်တာတွေ ပိုတိုးပွားလာမယ်ဆိုတဲ့ ထိတ်လန့်စိုးရိမ်တာတွေ ပေါ်ထွက်နေတဲ့ ဒီကာလမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သက်ဆိုင်ရာ တဘက်ဘက်ကို လက်နက်မဲ့ ထောက်ခံနေကြသူတွေအပေါ် ပစ်ခတ်၊ သတ်ဖြတ်မှု တွေအတွက် နှစ်ဘက်စလုံးက ထိထိ ရောက်ရောက် ဟန့်တားနိုင်တာမျိုး မရှိကြ သေးဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ က ပြောကြပါတယ်။








