၂၀၂၁ မှာ အစပျိုးလာပြန်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ဆန့်ကျင်မှု

နယ်စပ်ဒေသတွေမှာ စစ်သင်တန်းတက်ကြတဲ့ လူငယ်တွေ ထောင်ချီရှိတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်ဒေသတွေမှာ စစ်သင်တန်းတက်ကြတဲ့ လူငယ်တွေ ထောင်ချီရှိတယ်လို့ ဆို

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ခေတ်သစ်မြန်မာနိုင်ငံသမိုင်းမှာတင် အာဏာပိုင်တွေကို လက်နက်ကိုင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပေါ်လာတာက ဖြစ်လေ့ဖြစ်ထ မရှိတာမျိုး မဟုတ်ပါဘူး။

ဒါပေမဲ့ အခု ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ ပြည်သူအများအပြားက လက်နက်ကိုင်ဆန့်ကျင်တော်လှန်တာကို ထောက်ခံအားပေးတာ၊ ကိုယ်တိုင်ပါဝင်တာ စတာတွေက အရင်ဖြစ်ခဲ့ဖူးတာတွေထက် ထူးခြားတယ်လို့ မြင်ကြသူတွေ အများအပြားပါ။

“လူတွေက လက်နက်ကိုင် တိုက်မှရမယ်ဆိုတဲ့ အသိတွေ ဝင်သွားကြတယ်။ အဲဒါက သီအိုရီအရ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကနေ အာဘော်ဖန်တီးလို့ ဖြစ်ဖြစ် ဖြစ်လာတာ မဟုတ်ဘူး …… လက်တွေ့လည်း ပြန်ချကုန်ကြတယ်” လို့ စစ်ရေးလေ့လာသူတစ်ယောက်က အခြေအနေတွေအပေါ် သုံးသပ်ပြောပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG) ဖွဲ့စည်းလာနိုင်ကာ၊ သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ ကာကွယ်ရေး တပ်မတော် (People’s Defence Force - PDF) ကို မေလဆန်းက ဖွဲ့စည်းလာတာကိုလည်း လူအများက ကြိုဆိုကြတာတွေ၊ အားပေးကြတာတွေက အားကောင်းကောင်းနဲ့ပါ။ သို့သော်လည်း အဲဒီ PDF တပ်မတော် ရဲ့လှုပ်ရှား ဆောင်ရွက်မှုတွေ အခုအချိန်အထိ တစုံတရာ မတွေ့ရသေးသလို၊ ဒေသအလိုက် အရပ်သားတွေက သူ့ဘာသာသူ စုဖွဲ့နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG အကြား ဆက်သွယ်ဆက်ဆံမှုတွေက အားမကောင်းဘူးလို့ ပြောဆိုသံတွေလည်း ထွက်လာနေပါတယ်။

“ဒီအဖွဲ့တွေနဲ့ PDF/NUG တို့အကြားဆက်စပ်မှုက ဖေ့ဘွတ်ကနေပဲ NUG ရဲ့ ကြေညာချက်ကို တွေ့ရတဲ့ပုံမျိုး ဖြစ်နေတာ”လို့ နယ်စပ်မှာ စစ်သင်တန်းတွေလာယူနေတဲ့ အဖွဲ့တွေကို သွားရောက် ကူညီလာခဲ့သူ တစ်ယောက်က ဆိုသလို မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့ကို ဦးဆောင်နေသူတယောက်ကလည်း PDF/NUG တို့နဲ့ သူတို့ ဆက်စပ်လိုတဲ့အကြောင်း ပြောပြပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်းက စတင်ထူထောင်ကာ ချင်းပြည်နယ်အတွင်းက မြို့တွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေကိုတိုက်ခိုက်နေကြတဲ့ Chinland Defense Force - CDF ကလည်း သူတို့ ချင်းလန်း ဒေသမှာ PDF တပ်တွေ ရှိလာမှာကို လက်မခံနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲဆင်နေကြသူတွေအားလုံးက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိစွာနဲ့ အောင်ပွဲရမယ်လို့ ပြောကြပေမယ့် စစ်တပ် အင်စတီကျူးရှင်းကို နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာတည်ဆောက်လာခဲ့တဲ့ စစ်ကောင်စီ စစ်တပ်ကို ဘက်ပြိုင်တိုက်ခိုက်ဖို့၊ အဲဒီ အင်စတီ ကျူးရှင်းကို ဖြိုချပြီး နောက်ထပ် အစားထိုးဖို့ ဆိုတဲ့ အလုပ်က သိပ်ကို ကြီးမားတယ်ဆိုတာ ဆင်ခြင်မိကြပါတယ်။

“ငါတို့နိုင်ရမယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပိုင်းဖြတ်လုပ်ကိုင်နေကြသူတွေအတွက် အခက်အခဲတွေ၊ အကန့်အသတ်တွေ၊ ကိုယ့်အလုပ်အပေါ် အရင်က ထောက်ခံခဲ့သူတွေက တုံ့ပြန်ဆန့်ကျင် လာနိုင်စရာတွေကို သတိထားကြဖို့လည်း ပြောနေကြပါတယ်။

NUG အစိုးရ တည်ထောင်လာတဲ့အပေါ် ထောက်ခံကြသူတွေ များစွာရှိ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, NUG အစိုးရ တည်ထောင်လာတဲ့အပေါ် ထောက်ခံကြသူတွေ များစွာရှိ

ဒီတခါ လက်နက်ကိုင်ဆန့်ကျင်မှုက ဘာထူးခြားလဲ

စစ်အာဏာသိမ်းတဲ့အပေါ် ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြကြတာတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ် သတ်ဖြတ် နှိပ်ကွပ်တာတွေ အများကြီးဖြစ်ခဲ့သလို၊ အွန်လိုင်းအင်တာနက် ဆက်သွယ်မှု တွေက တဆင့် ဒီအဖြစ်တွေကို မြန်မာပြည်က လူပေါင်းများစွာက မြင်တွေ့ခဲ့ကြရကာ ပြည်သူတွေကို ကာကွယ်ပေးမယ့် တပ်မတော် တခုကို လိုလားလာခဲ့ကြပါတယ်။

“ပြီးခဲ့တဲ့ ၁၀ နှစ်ကာလတုန်းကအခြေအနေကို ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတာ၊ ပြီးခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၀ ကာလအတွင်းမှာ တစ်ယောက်ယောက်ကနေပြီးတော့ စစ်တပ်ကို လက်နက်ကိုင်တိုက်မှရမယ်ပြောရင် ဒါကို ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ လက်ခံမှာ မဟုတ်တဲ့အပြင် အဆဲခံရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုရယ်၊ NLD ရယ် လွှတ်တော် လမ်းကြောင်းရယ်က မြန်မာပြည်အတွက် တစ်ခုတည်းသော (နိုင်ငံရေး)လမ်းကြောင်းဖြစ်တယ် ဆိုတာကို လက်ခံထားနေတဲ့အချိန်ဖြစ်နေတာကိုး” လို့ စစ်ရေးလေ့လာသူ တစ်ယောက်က ဘီဘီစီကို ပြောရင်း သူ့သုံးသပ် ချက်ကို ဆက်ပါတယ်။

“၂၀၂၁ ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းတဲ့အခါ အားလုံးက ပြောင်းပြန်လန်ထွက်သွားတယ်။ အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်မှုကို ဖိနှိပ်တာကလည်း ကြမ်းတာကိုတွေ့ကြရတော့ အာဏာသိမ်းပြီး ၃ လ၊ ၄ လ အတွင်း လူတွေက လက်နက်ကိုင်တိုက်မှ ရမယ် ဆိုတဲ့ အသိ ဝင်သွားတယ်။ အဲဒါက သီအိုရီအရ တစ်ယောက်ယောက်ကနေ အာဘော် ဖန်တီးလို့ ဖြစ်လာတာမဟုတ်ဘူး၊ မြေပြင်မှာ ဖြစ်နေတဲ့အနေအထားကိုက လူတွေက အဲဒီလို ဖြစ်ကုန်တာ၊ လက်တွေ့လည်း ပြန်ချကုန်ကြတယ်။”

မြန်မာပြည်နေရာအနှံ့အပြားမှာ ဗုံးပေါက်ကွဲတာတွေဖြစ်လာနေသလို၊ အရင်က လက်နက်ကိုင် တိုက်ပွဲတွေ မဖြစ်ခဲ့ဖူးတဲ့ ဒေသတွေ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ် အတွင်းက တချို့မြို့တွေ၊ နယ်တွေမှာ တိုက်ပွဲသံတွေ၊ တိုက်ပွဲသတင်းတွေကို ကြားလာကြ ရပါတယ်။

မြို့နယ်တွေအတော်များများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့လာကြသလို၊ ထောင်နဲ့ချီ တဲ့လူတွေဟာလည်း စစ်သင်တန်းယူဖို့၊ လက်နက်ကိုင်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက်ရာ နယ်စပ်ဒေသတွေကို ရောက်လာနေကြပါတယ်။

“နယ်စပ်မှာ တွေ့ခဲ့တဲ့ လူငယ်တွေ၊ တချို့လည်း ၃၀ ကျော်အရွယ် လူရွယ်တွေပေါ့၊ သူတို့က ဖောင်ဖျက်ပြီး အိမ်တွေ၊ ကားတွေရောင်းပြီး လက်နက်ကိုင်တိုက်ဖို့ ရောက်လာကြတာ၊ တက်ကြွမှုတွေကတော့ အပြည့်ပဲ” လို့ သူတို့ကို ကူညီဖို့ နယ်စပ်ဒေသတွေကို သွားခဲ့သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်တွင်းက ကလေး၊ တမူး၊ မင်းတပ်၊ ဟားခါး စတဲ့မြို့တွေမှာ တိုက်ပွဲတွေ အများအပြားလုပ်ခဲ့တဲ့ CDF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “အရင်တုန်းကတော့ (ဗမာမဟုတ်တဲ့) တိုင်းရင်းသား လူထုတွေကပဲ စစ်တပ်ကို မုန်းတယ်၊ ဗမာတွေက စစ်တပ်ကို ထောက်ခံကြတယ်၊ ဒီတခေါက်က ဗမာတွေအပါအဝင် လူထုအားလုံးက လက်နက်ကိုင် တိုက်ပွဲဝင်လာကြတာ”လို့ ဆိုပါတယ်။

တချိန်ဖြစ်ပေါ်လာဖို့ ရည်မှန်းထားတဲ့ ဖက်ဒရယ်တပ်မတော်ရဲ့ အမြုတေအဖြစ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ကိုဖွဲ့စည်းလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလပိုင်းအတွင်းက ကြေညာတဲ့အခါ မြန်မာပြည်တွင်း၊ ပြည်ပကမြို့တွေမှာ ထောက်ခံတဲ့ အကြောင်း ဆန္ဒထုတ်ဖော်ပြကြတဲ့ ပြည်သူတွေ အများအပြား ထွက်လာခဲ့ကြသလို၊ ရန်ပုံငွေ ထည့်ဝင်သူတွေကလည်း အမြောက်အမြားပါ။

မေလအတွင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဖမ်းဆီးနေစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, မေလအတွင်း ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဖမ်းဆီးနေစဉ်

တပ်ဆိုတာ ထောင်လိုက်တာနဲ့ ဖြစ်လာတာလား

ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီက လက်နက်ကိုင်ပြီး စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်မယ်လို့ ကိုယ့်ကိုကိုယ် မတွေးထားသူတွေ အခုလက်နက်ကိုင်ကြတယ်ဆိုတဲ့အထဲမှာ အများအပြား ပါဝင်မယ်ဆိုတာက သိသာလှတဲ့ အချက်ပါ။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ထဲပါဝင်နေစဉ်က တချိန် သူ လက်နက်ကိုင်ရမယ် ဆိုတာ ကြိုမသိထားခဲ့ပဲ ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင် စုဖွဲ့လိုက်တဲ့ လူငယ်တစ်ယောက်က “ဧပြီလ ၇ ရက်နေ့က တိုက်တဲ့အခါ တုန်းက အမိန့်က ဘယ်သူပေးမှာလဲ၊ စုဖွဲ့မှုက ဘယ်လိုလုပ်မှာလဲဆိုတာတွေ အားနည်းခဲ့လို့ လူအင်အား၊ လက်နက် အင်အားသာခဲ့ပေမယ့် အထိအခိုက်များခဲ့ရတာ” လို့ ပြောပြီး ဒါကြောင့်မို့ အခုလိုတပ်ပုံစံ စုဖွဲ့ရတာလို့ ဆိုပါတယ်။

ရေဦးဘက်ကနေ တန့်ဆည်မြို့ထဲကိုလာမယ့် စစ်ကားတွေကို မြို့အဝင်နားမှာ ဧပြီလ ၇ ရက်နေ့က တန့်ဆည်သားတွေ တူမီးတွေနဲ့ စောင့်ပစ် ခုခံတာက စစ်တပ်ရဲ့ တိုက်ခိုက်မှုကို အချိန်ကြာကြာသူတို့ မခံနိုင်ခဲ့ပါဘူး၊ အဲဒီနေ့က လူပေါင်း ၁၂ ယောက် သေဆုံးခဲ့ရတဲ့ အထိ သူတို့ အဆုံးအရှုံးဖြစ်ခဲ့ပါတယ်။

မေလဆန်းမှာ သူတို့ တပ်ဖွဲ့အဖြစ်စဖွဲ့လိုက်တဲ့နောက် မေလ ၁၀ ရက်နေ့မှာတော့ အဲဒီ ကာကွယ်ရေး တပ်ဖွဲ့ဟာ စစ်တပ်က အင်အား ရာကျော်ပါတဲ့ ကားတန်းတခုကို ပြောက်ကျားဗျူဟာနဲ့ မဟာမြိုင် တောတန်းနားမှာ မိုင်းခွဲ တိုက်ခိုက်နိုင်ခဲ့ ကြပါတယ်။

“စစ်ကောင်စီက တွန်းပို့လိုက်လို့ လက်နက်ကိုင်ကြတဲ့ အခြေအနေမျိုးဖြစ်တဲ့အခါကျတော့ လက်နက်ကိုင်ဖို့အတွက် ဘာမှ ပြင်ဆင်ထားတာ မရှိကြဘူး။ အဲဒီတော့ မခံချင်စိတ်နဲ့ မဖြစ်မနေလုပ်မှ ဖြစ်တော့မယ်ဆိုပြီး ပေါက်ကွဲပြီး လုပ်ကြတဲ့အခါကျတော့ အားနည်းချက်တွေကတော့ အများကြီးရှိတာပဲ။ ဒီလို ဖရိုဖရဲဖြစ်စဉ်တွေကတော့ အစပိုင်းမှာ ရှိနေကြမှာပဲ” လို့ စစ်ရေးလေ့လာသူက ပြောပါတယ်။

ချင်းပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အောင်မြင်မှုရခဲ့တာတွေအပေါ် ဂုဏ်ယူသလို မင်းတပ်က ဆုတ်ခွာရတဲ့ အရေးအပေါ် CDF က သင်ခန်းစာယူထားတာကတော့ “သူတို့ စစ်ကောင်စီတပ်တွေအနေနဲ့ IDP စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာအောင် လုပ်ခဲ့ကြတာရှိတယ်၊ ဥပမာ၊ ကရင်ပြည်နယ်တို့ နယ်စပ်ဒေသမှာတွေပေါ့၊ ဒီလို လူထုနဲ့ အဆက်ဖြတ်တဲ့နည်းနဲ့ သူတို့က တိုင်းရင်းသားတပ်တွေအပေါ် အနိုင်ရအောင် လုပ်ခဲ့ကြတယ်၊ ကျွန်တော်တို့က မြို့ပေါ်မှာတော့ ဒီလောက်အထိ သူတို့ မလုပ်လောက်ဘူးလို့ ထင်ခဲ့ကြတယ်၊ ဒါပေမဲ့ IDP တွေ ဖြစ်လာအောင် သူတို့လုပ်ခဲ့ကြတယ်၊ ဒါ သင်ခန်းစာယူစရာပေါ့၊ PDF အနေနဲ့လည်း သင်ခန်းစာယူသင့်တယ်” လို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက မေလ ၅ ရက်နေ့က ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ဖွဲ့တယ်၊ နောက် သီတင်းပတ် နှစ်ပတ်နီးပါး အကြာမှာတော့ စစ်တိုင်း ၅ တိုင်းဖွဲ့တာ၊ သူတို့ဝန်ကြီးဌာနက အသိအမှတ်ပြုထားပြီး နယ်မြေအလိုက်ဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာတွေကို ကြေညာခဲ့ ပါတယ်။

ဒီလိုကြေညာချက်တွေ တွေ့ရတာကလွဲလို့ PDF အကြောင်း လူအများက များများစားစား သိပ်မသိ ကြရပါဘူး။

နယ်စပ်ကိုသွားခဲ့တဲ့ ပုဂ္ဂိုလ်က အထဲက ကိုယ့်အစုနဲ့ကိုယ် ကာကွယ်ရေးတပ်ဖွဲ့စုဖွဲ့သူတချို့နဲ့လည်း အဆက်အသွယ်ရှိပြီး “အားလုံးက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြတယ်၊ ဆက်စပ် လုပ်ကိုင်လိုကြတယ်၊ ဒါပေမဲ့ ဆက်သွယ်ဆက်ဆံရေး လမ်းကြောင်းအနေအထားက အတော်လေး အားနည်းတယ်၊ ဖေ့ဘွတ်မှာပဲ NUG ရဲ့ ကြေညာချက်ကို တွေ့ရတဲ့ ပုံမျိုးဖြစ်နေတယ်၊ အထဲက အထူးသဖြင့် NLD နဲ့ အဆက်အစပ်မရှိတဲ့ အတော်များများက အဆက်အသွယ် မရကြဘူး” လို့ ပြောပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ခံကလည်း “NUG နဲ့ အဆက် အသွယ်ရချင်တယ်၊ သူတို့က ချပေးတဲ့ နည်းဗျူဟာဆိုင်ရာ လမ်းညွှန်ချက်တွေ၊ စည်းမျဉ်းတွေ၊ စည်းကမ်းတွေ ဘယ်လိုချရမယ်ဆိုတာတွေကို လိုချင်တယ်၊ နောက်ပြီး လက်နက်ခဲယမ်း အထောက်အပံ့ကိုလည်း လိုချင်တယ်” လို့ ပြောပါတယ်။

ဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး NUG ရဲ့ တုံ့ပြန်ချက်ကို ဘီဘီစီက ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရသလောက်ကတော့ NUG အနေနဲ့ အဲဒီ တပ်ဖွဲ့တွေကို ဖြစ်နိုင်သမျှ ဆက်စပ် ဆောင်ရွက်နေတယ် ဆိုတာပါ။

“လက်နက်ကိုင်တိုက်မယ် ဆိုရင်တော့ စနစ်တကျ ဦးစီးတဲ့အဖွဲ့ရယ် ကွပ်ကဲမှုရယ်တော့ လိုတာပေါ့၊ ဒါကလည်း ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး ၊ လက်နက်ကိုင်တပ် တတပ်ကို စုစည်းဖွဲ့စည်းဖို့ရယ်၊ လက်နက်ခဲယမ်း ပြဿနာ ဖြေရှင်းဖို့ ၊ ထောက်ပို့ ကိစ္စတွေ ဖြေရှင်းဖို့ ၆ လ ကနေ ၁ နှစ်လောက်က ကြာမှာပဲ၊ အဲဒီလောက် အချိန်မယူဘဲနဲ့ မရနိုင်ဘူး။ NUG က PDF တို့ ဘာတို့လုပ်နေတာတွေ တကယ်တမ်း အကောင်အထည်ပေါ်လာရင်တော့ စနစ်ကျတဲ့ စုစည်းမှု ဖြစ်လာနိုင်ပါတယ်။ သူတို့ ဘယ်လောက်လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကတော့ စောင့်ကြည့်ရမှာပါ” လို့ စစ်ရေး လေ့လာသူက ပြောပါတယ်။

ပြည်တွင်းမှာသာမက ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကပါ စစ်ကောင်စီကို ကန့်ကွက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းမှာသာမက ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကပါ စစ်ကောင်စီကို ကန့်ကွက်နေ

စိန်ခေါ်ချက်တွေ

စစ်ခေါင်းဆောင်တွေက နှစ်ပေါင်းများစွာ စစ်တပ်တည်ထောင်ခဲ့၊ နိုင်ငံကို အုပ်ချုပ်ခဲ့သလို၊ စစ်တပ် အင်စတီကျူးရှင်း တစ်ခုပဲ မြန်မာပြည်မှာ ခိုင်ခိုင်မာမာရှိတာလို့ ဆိုကြတဲ့အထိ နိုင်ငံမှာ စစ်တပ်က အခန်းကဏ္ဍ ရှိနေတာပါ။

အခုလည်း တပ်ကနေထွက်ပြေးလာတဲ့သူတချို့ ရှိပေမယ့် စစ်ကောင်စီ အတွက် ရပ်တည်နေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အခိုင်အမာရှိနေဆဲ၊ စစ်ကောင်စီတပ်တွေ အတွက် ဘဏ္ဍာရေး လမ်းကြောင်း တွေကို ဖြတ်တောက်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ ထောက်ခံသူတွေ ကြိုးစားနေကြပေမယ့် စစ်တပ်ယန္တရားက ကောင်းကောင်းမွန်မွန် လည်ပတ်နေဆဲပါ။

“စစ်တပ်ဆိုတာက လွတ်လပ်ရေး ရကတည်းက တိုင်းပြည်ဘဏ္ဍာကို ကြိုက်သလိုသုံးပြီး တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းဖြစ်တယ်။ သူ့မှာ တစုံတရာ ခိုင်ခံ့မှုရှိတယ်၊ အဲဒီဟာကို ဖြိုချင်တယ်ဆိုရင် စနစ်တကျပြင်ဆင်၊ တည်ဆောက်ဖို့လိုတယ်။ လူထုကို စိတ်ရှည်ဖို့၊ ဇွဲရှိဖို့ လှုံ့ဆော်ဖို့လိုတယ်”လို့ ဆိုသလို “ကိုယ့်အင်အားကိုလည်း စနစ်တကျ တည်ဆောက်ဖို့လိုတယ် ဆိုတာကို သိဖို့လိုပြီး၊ အင်အားအကုန် မစုနိုင်သေးတဲ့ အချိန်မှာ ကိုယ့်အင်အားကို ထိန်းသိမ်းနိုင်ဖို့လည်း လိုတယ်” လို့ စစ်ရေးလေ့လာသူက ပြောပါတယ်။

လက်နက်ကိုင်တိုက်လိုသူတွေထဲ မြေပြန့်က ဗမာတိုင်းရင်းသားတွေလည်း ပါဝင်လာကြကာ၊ ရှိနှင့်နေပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ပေါင်းစပ်တိုက်ပွဲဝင်ကြရင် အရင်က မရခဲ့ဖူးတဲ့ အောင်မြင်မှုမျိုး ရနိုင်လိမ့်မယ်လို့လည်း အခုတိုက်ပွဲဝင်နေကြသူတွေက ယုံကြည်ကြပါတယ်။

ဒါပေမဲ့ စုဖွဲ့စုစည်းမှုတွေ၊ ချိတ်ဆက်လုပ်ကိုင်မှုတွေ၊ မဟာဗျူဟာချပြီး တိုက်ပွဲဝင်နိုင်ဖို့ကလည်း အရေးပါသလို၊ လိုအပ်မယ့် ဘဏ္ဍာရေးဆိုင်ရာ၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေကလည်း ထောက်ချင့်စရာ တွေပါ။

CDF ပြောခွင့်ရသူကတော့ သူတို့အနေနဲ့ NUG ကိုထောက်ခံကြောင်း ပြောသလို “Chinland မှာ မြို့နယ် ၉ မြို့နယ်စလုံး သူတို့ စုဖွဲ့ထားပြီးဖြစ်တယ်၊ ကချင်ဘက်မှာလိုပဲ အဲဒီမှာ KIA (Kachin Independence Army)ပဲ ရှိသလို၊ သူတို့ဆီမှာလည်း CDF ပဲ ရှိမယ်၊ PDF နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်”လို့ ဘီဘီစီကို ပြောပါတယ်။

နယ်စပ်ကိုသွားကာ အကူအညီပေးနေတဲ့ သူက “အောက်ခြေမှာ လုပ်နေကြတဲ့သူတွေက ဖောင်ဖျက် လုပ်နေကြတာ၊ NUG က Strategy နဲ့ ဆုံးဖြတ်ချက်တွေ အားနည်းတယ်ဆိုရင်တော့ (အောင်ပွဲရ တာက) ကြာသွားနိုင်တယ်” လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့

ဗုံးပေါက်ကွဲမှုတွေက စစ်ရေးပစ်မှတ်သာမက တခြားနေရာတွေမှာပါ ဖြစ်လာနေတဲ့ ကိစ္စကလည်း အချိန်ကာလ တခု၊ အရပ်သားပြည်သူ အထိအခိုက် အနေအထား စတဲ့အချက်တွေနဲ့ အတူ ဒီဖြစ်ရပ်တွေအပေါ် ပြည်သူ အများရဲ့ ရှုမြင်ချက်တွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

အခုအချိန်အထိ ဘယ်သူကလုပ်တယ်ဆိုတာတွေကို ထုတ်မပြောကြသလို၊ ဘယ်လိုရည်ရွယ်ချက် တွေနဲ့ ဗုံးတွေ ခွဲနေကြသလဲဆိုတာက ရှင်းရှင်းလင်းလင်း မရှိပါဘူး။

“(စစ်ကောင်စီတပ်ဖွဲ့ဘက်၊ ပြည်သူ့တပ်ဖွဲ့ဘက်) ၂ ဘက်စလုံးက ခွဲနေတာ ထင်တယ်” လို့ စစ်ရေးလေ့လာသူက ဆိုရင်း “စာသင်ကျောင်းနဲ့ ဆေးရုံလို နေရာမျိုးတွေမှာ ဗုံးခွဲတာတွေက မဖြစ်သင့်ဘူး၊ လက်နက်ကိုင် တိုက်ပွဲဝင်တာလား၊ စစ်ရေး ပစ်မှတ်ကို ဦးတည်တိုက်ခိုက်တာလား သေချာစဉ်းစား သတိမူသင့်တယ်” လို့ ပြောပါတယ်။