မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဘယ်လောက် ဆိုးရွားနေလဲ

ဆန္ဒပြသူတွေကို ဆက်လက်ဖြိုခွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေကို ဆက်လက်ဖြိုခွင်း

အာဏာသိမ်း ရက် ၁၀၀ ကျော်လာတဲ့တိုင် ကြမ်းကြုတ်ရက်စက်စွာ ပြုမူနေတာတွေကို မြန်မာ စစ်တပ်ဘက်က ဖြေလျှော့ပေးမယ့် လက္ခဏာမျိုး မတွေ့ရဘူးလို့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ဖြစ်တဲ့ ယူအဲန်အိုချာ UN OHCHR က ထုတ်ပြန်ပါတယ်။

အာဏာကို ချုပ်ကိုင်နိုင်ဖို့ အတွက် ဆန္ဒပြသမားတွေ အပေါ် စစ်တပ်က ရက်ရက်စက်စက် ဆက်ပြီး ဖြိုခွဲနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖြစ်တဲ့ အိုချာရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

ဒါပေမယ့်လည်း စစ်တပ်ရဲ့ ရက်စက်မှုတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု အပါအ၀င် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး နည်းလမ်း အသွယ်သွယ်ကို ဖြေရှင်းနိုင်ခြင်း မရှိဘူးလို့လည်း အိုချာအဖွဲ့က ဆိုပါတယ်။

မလွှကုန်း မီးရထားအိမ်ရာ၀င်းထဲ ၀င်စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မလွှကုန်း မီးရထားအိမ်ရာ၀င်းထဲ ၀င်စီးနင်း

လူ့အခွင့်အရေးကို ပုံစံအမျိုးစုံနဲ့ ချိုးဖောက်နေ

အခုသီတင်းပတ် အစ၊ မေ ၁၀ ရက် တနင်္လာနေ့ ရရှိထားတဲ့ စာရင်းတွေအရ ပြည်သူတွေရဲ့ ဆန္ဒပြမှု အပါအ၀င် လူထုလှုပ်ရှားမှု ပုံစံအမျိုးမျိုးကို စစ်တပ်က သေစေလောက်ဖွယ် အင်အားအလွန်အကျွံသုံး ဖိနှိပ်မှုတွေကြောင့် အနည်းဆုံး လူ ၇၈၂ ယောက် သေဆုံးခဲ့ပြီဖြစ်ကြောင်း ယုံကြည်လောက်ဖွယ် သတင်းရင်းမြစ်တွေအရ သိရတယ်လို့ အိုချာက ပြောပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့ အတွက် ဆန္ဒပြပြည်သူတွေ၊ အနီး၀န်းကျင်မှာ ရှိနေသူတွေ သေနတ်ကျည် ထိမှန် သေဆုံးနေတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက် ပြောနေချိန်မှာ၊ အာဏာသိမ်း စစ်တပ်ဟာ တခြားစက်ဆုပ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုး မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတယ်လို့လည်း အိုချာအဖွဲ့က ထောက်ပြပါတယ်။

လူနေအိမ်တွေ၊ ရုံးခန်းတွေထဲ စီးနင်းဝင်ရောက်တာမျိုး၊ ဖမ်းဆီး ခေါ်ဆောင်တာမျိုးတွေ စစ်တပ်က နေ့စဥ်နဲ့အမျှ ကျူးလွန် နေတယ်လို့လည်း အိုချာက ဆိုပါတယ်။

ဗီဒီယို ပုံစာ, မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက် ၁၀၀

ဥပဒေကြောင်းအရ ရင်ဆိုင်နိုင်ဖို့ အခွင့်အရေးမရှိ

အခုဆိုရင် စစ်တပ်လက်ထဲ ဖမ်းခံထားရသူပေါင်း အယောက် သုံးထောင် ခုနှစ်ရာ့လေးဆယ်ကျော် ရှိနေပြီလို့ အိုချာရဲ့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

အဲဒီလို ဖမ်းခံထားရသူတွေထဲ ရာပေါင်းများစွာသော သူတွေဟာ ဘယ်မှာ ရှိလို့ရှိမှန်းမသိ၊ ဘယ်လို ကြမ္မာမျိုးတွေနဲ့ ရင်ဆိုင်နေရမှန်း မသိရ အင်မတန် စိုးရိမ်ရဖွယ် အနေအထားမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းခံထားရသူတွေထဲက တော်တော်များမှာ ဥပဒေကိုယ်စားပြုသူမရှိ၊ ရှေ့နေနဲ့ တိုင်ပင်ခွင့်မရ ဖြစ်နေရတယ်လို့လည်း အိုချာက ထောက်ပြနေတဲ့ အပြင်၊ လူအများ ကြားသိခွင့် ရှိတဲ့ တရားရုံးရှေ့မှောက်၊ တရားသူကြီး ရှေ့မှောက် ခေါ်ယူတာမျိုး မရှိဘဲ လျှို့ဝှက် ပြစ်ဒဏ်ပေး စီရင်ချက် ချတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း အိုချာက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးတွေ ထူထောင်ပြီး လူတွေကို ပြစ်ဒဏ်ချ စီရင်နေတယ်လို့ အိုချာက ပြောပါတယ်။

အိုချာအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေ အရ အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က တရားရုံးတွေကနေ သေဒဏ်ချမှတ်ထားသူ အနည်းဆုံး ၂၅ ယောက် ရှိနေပြီ ဖြစ်ပြီး၊ အယောက် ၂၀ ၀န်းကျင်ဟာ မျက်ကွယ် သေဒဏ် အပေးခံထားရတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, CDM ပညာရေးဝန်ထမ်းတွေ အခြေအနေ

CDM နဲ့ CDM ထောက်ခံသူတွေကို ပစ်မှတ်ထား

ပြီးခဲ့တဲ့ တစ်လလုံးကို ကြည့်လိုက်ရင် အာဏာသိမ်း စစ်ကောင်စီက ထုတ်ခဲ့တဲ့ ဖမ်းဝရမ်းပေါင်း တစ်ထောင့်ငါးရာ ခြောက်ဆယ့်တစ် (၁၅၆၁) စောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကသူတွေ၊ အလုပ်သမားသမဂ္ဂတွေက တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ၊ ဘာသာရပ်ဆိုင်ရာ အသီးသီးက ပညာရှင်တွေ၊ အွန်လိုင်းပေါ် အပါအ၀င် လူအသိများသူတွေ ပစ်မှတ်ထား ဖမ်းဝရမ်းထုတ် ခံရတာ ဖြစ်တယ်လို့ အိုချာရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အဲဒီလို ပစ်မှတ်ထားခံရတာကြောင့် အတော်များများ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ တိမ်းရှောင်နေသူတွေ ထွက်လာပြီး အဖမ်းခံဖို့ မိသားစုဝင်တွေကို ဓားစာခံသဖွယ် ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေလည်း စစ်တပ်က ကျူးလွန်နေကြောင်း အိုချာအဖွဲ့က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဝန်ထမ်းသပိတ် CDM လှုပ်ရှားမှုကိုလည်း ပစ်မှတ်ထား ဖြိုခွင်းနေတာမှာ ရုံးပြန်ဆင်းရေး၊ အလုပ်ခွင် ပြန်ဝင်ရေး အတွက် ပိုပြီး ဖိအားတွေ ပေးလာနေပြီး အရေးယူ ဆောင်ရွက်တာတွေလည်း ပိုမို ပြင်းထန် လာတယ်လို့ ဆိုပါတယ်။

အခု သီတင်းပတ်တွေ အတွင်း စစ်ကောင်စီက အရပ်ဘက် ဝန်ထမ်း သုံးထောင်ကျော်ကို အလုပ်ကနေ ထုတ်တာ၊ ဖယ်ရှားတာ၊ ဆိုင်းငံ့တာ ပုံစံ အမျိုးမျိုး ပြုလုပ်ခဲ့တာမှာ ပစ်မှတ်ထား ခံရသူ ဝန်ထမ်းဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

တက္ကသိုလ် အသီးသီးက ပါမောက္ခ ရာထူးကစလို့ ဝန်ထမ်း အမျိုးမျိုး တာဝန်က ဆိုင်းငံ့ခံရတာ အယောက် ၉၉၀ အနည်းဆုံးရှိပြီး၊ အခြေခံပညာရေးက ဝန်ထမ်းတွေနဲ့ပါဆိုရင် ပညာရေးကဏ္ဍမှာတင် စစ်ကောင်စီရဲ့ ပစ်မှတ်ထား အရေးယူတာ ခံရသူပေါင်း ဦးရေ တစ်သောင်းတစ်ထောင် ဝန်းကျင် ရှိတယ်လို့ အိုချာအဖွဲ့က ဆိုပါတယ်။

ဗီဒီယို ပုံစာ, မိုးမောက်မြို့နယ်ထဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်

လက်နက်ကိုင် ပဋိပက္ခနဲ့ ယှဥ်တွဲဖြစ်လာတဲ့ ဒုက္ခသည်ပြဿနာ

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ကချင်နဲ့ ကရင်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ကြား တိုက်ခိုက်မှုတွေ ပြင်းထန်လာနေတယ်တဲ့ အချက်ကိုလည်း အိုချာအဖွဲ့က ပြောပါတယ်။

အဲဒီလို တိုက်ပွဲတွေ ပြင်းထန်လာမှုကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ နေရာပြောင်း လုံခြုံရာ ရှာရတာမျိုးတင်မက၊ အကာအကွယ်ရနိုင်ဖို့ရာ တိုင်းပြည် ပြင်ပထိ ထွက်ပြေးဖို့ ကြိုးစား ကြတဲ့ အရေအတွက်လည်း တိုးမြင့်လာကြောင်း အိုချာအဖွဲ့က ဆိုပါတယ်။

အဲဒီလို မြန်မာပြည်ကနေ ထွက်ပြေးလာသူတွေကို အကာအကွယ် ပြုပေးပြီး ထောက်ပံ့ ကူညီတာတွေ လုပ်ဆောင်ဖို့ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေကိုလည်း အိုချာအဖွဲ့က တိုက်တွန်းပါတယ်။

မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ နိုင်ငံတကာရဲ့ ပတ်သက် ဆောက်ရွက်မှုတွေ အခုအတိုင်းအတာထက် ပိုပြီး ရှိမလာဘူး ဆိုရင် ပိုပြီး ဆိုးရွားသွားဖို့ပဲရှိတယ်လို့ အိုချာက သတိပေးပါတယ်။

စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဆီယံသဘောတူမှူတွေကို အာဆီယံအကြံပြုချက်တွေ ဆိုပြီး ပြည်တွင်းမှာ လေသံပြောင်းတဲ့ စစ်ခေါင်းဆောင်

သဘောတူမှုအတိုင်း မြန်မာစစ်ခေါင်းဆောင် မလိုက်နာရင် အာဆီယံ ဘာလုပ်မလဲ

ဧပြီလ ၂၄ ရက်၊ အာဆီယံ အစည်းအဝေးကနေ အချက် ၅ ချက် ပါ သဘောတူမှု ထွက်လာခဲ့တယ် ဆိုပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေဟာ အဲဒီအချက်တွေကို လိုက်နာ ဆောင်ရွက်မယ့် လက္ခဏာမျိုး မရှိဘူးလို့လည်း အိုချာက ဆိုပါတယ်။

ဒါ့ကြောင့် အာဆီယံ အနေနဲ့ ဆောင်ရွက်စရာ ရှိတာတွေကို အရှိန်မြှင့်ပြီး အမြန်ဆုံး ဆောင်ရွက်ဖို့လိုသလို၊ မြန်မာ စစ်ခေါင်းဆောင်တွေ အာဆီယံ သဘောတူမှုကို လိုက်နာဖို့၊ မလိုက်နာရင် အရေးယူဆောင်ရွက်မယ့် နည်းနာတွေ ထားရှိဖို့လည်း အိုချာက တိုက်တွန်းနေပါတယ်။

ရက် ၁၀၀ ကာလ မြန်မာ အာဏာသိမ်း စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အိုချာက တစ်ချက်ချင်းစီ အခုလို ထောက်ပြ ပြောဆိုချိန်မှာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်ရှ်ကလည်း မြန်မာ စစ်တပ်ရဲ့သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း အာဏာသိမ်း ရက် ၁၀၀ ပြည့် ကာလမှာ ထပ်မံ ပြောဆိုပါတယ်။

အများပြည်သူရဲ့ ဆန္ဒကို မြန်မာစစ်တပ် လေးစားပါ၊ တိုင်းပြည်ရဲ့ အေးချမ်းတည်ငြိမ်ရေးကို အလေးထားပါလို့ အတွင်းရေးမှူးချုပ် မစ္စတာ ဂူထားရက်ရှ်က တိုက်တွန်းပါတယ်။

အာဆီယံ အဖွဲကိုလည်း လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတာတွေကို အချိန်မဆိုင်းဘဲ လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး အာဆီယံက ကမကထလုပ် ဒေသတွင်းအဆင့် ကြိုးစားတာကို နိုင်ငံတကာ အနေနဲ့လည်း ပံ့ပိုးကူညီကြဖို့ ကုလ အတွင်းရေးမှူးချုပ်က ပန်ကြားပါတယ်။

လက်ရှိမှာလည်း မစ္စတာ ဂူထားရက်ရှ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာ အာဆီယံ ဒေသကို ရောက်ရှိနေပါတယ်။

မယ်ဟောင်ဆောင် ဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ လေကြောင်းတိုက်မှုကြောင့် ထိုင်း၊ မယ်ဟောင်ဆောင် ဆေးရုံပေါ် ရောက်လာတဲ့ ကရင်ဘက်ကဒုက္ခသည်တွေ

မြန်မာ့အကျပ်အတည်းဟာ ပိုမိုကျယ်ပြန့်တဲ့ ရိုက်ခတ် သက်ရောက်မှုတွေ ရှိနိုင်တာကြောင့် သက်ဆိုင်သူတွေ အားလုံးနဲ့ မစ္စ ရှရနာ ဘာဂနာ အားခွန်သွန်စိုက် ဆွေးနွေးနေတယ်လို့ ကုလ အတွင်းရေးမှူးချုပ်ကိုယ်စား ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ထုတ်ပြန်ပါတယ်။

မစ္စ ရှရနာ ဘာဂနာ အနေနဲ့ နိုင်ငံတကာ လုပ်ဆောင်နေမှုတွေ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ ဖြစ်စေရေး ဆက်လက် အားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက် ရပ်တည် သွားမယ်လို့လည်း မြန်မာ အာဏာသိမ်း ရက် ၁၀၀ ပြည့်ကာလ ထုတ်ပြန်ချက်ထဲ ထပ်လောင်း ကတိပြုထားပါတယ်။

ဗီဒီယို ပုံစာ, စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကလုပ်ငန်းတွေ မရေမရာဖြစ်လာ