အာဏာဖီဆန်ရေး အောင်စာရင်း

ကျောင်းသားတွေရဲ့ CDM ကြောင့် ကျောင်းတက်သူ နည်းပါးလွန်းတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ရက်

ဓာတ်ပုံ ရင်းမြစ်, DUSU

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေရဲ့ CDM ကြောင့် ကျောင်းတက်သူ နည်းပါးလွန်းတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ရက်

"ဒီလိုဖြစ်လာမှာကို မျှော်လင့်ထားပြီးသားပါ။ စိတ်ထဲတမျိုးကြီးဖြစ်ပေမယ့် ဝမ်းသာတယ်လို့ပြောရမှာပဲ။" ယာယီတာဝန်ရပ်ဆိုင်းခံရတာ သိသိချင်းခံစားချက်ဘယ်လိုရှိလဲလို့ ဘီဘီစီရဲ့မေးမြန်းချက်ကို နယ်မြို့တခုက တက္ကသိုလ်ကထိကတဦးက အခုလိုပြောပြထားတာပါ။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို နိုင်ငံဝန်ထမ်းဥပဒေနဲ့ အညီဆောင်ရွက်ဖို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ မေလ (၃)ရက်က ထုတ်ပြန်ချက်ထွက်လာပါတယ်။

အဲ့လိုထုတ်ပြန်ပြီးနောက် မေလ (၅)ရက်ကစပြီး တနိုင်ငံလုံးက တက္ကသိုလ်အသီးသီးမှာ CDM ပါဝင်သူ ပညာရေးဝန်ထမ်းတွေကို ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာယီတာဝန်ရပ်ဆိုင်းလိုက်ပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က)နဲ့ နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ ယာယီတာဝန်ရပ်ဆိုင်းတယ်ဆိုပြီး တက္ကသိုလ်အသီး သီးက CDM မပါဝင်တဲ့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တွေ အပြင် ခေတ္တကျောင်းအုပ်ကြီး ဆိုသူတွေက လက်မှတ်ထိုး စာရင်းထုတ်ပြန်တာပါ။

ဒီလိုထုတ်ပြန်ပြီး နောက်တဆင့်အနေနဲ့ ယာယီတာဝန်ရပ်ဆိုင်းသူတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးဦးမှာပါ။ အဲ့ဒီလို စစ်ဆေးရာမှာ ကိုယ့်တက္ကသိုလ်အလိုက် ပါမောက္ခချုပ် ဒါမှမဟုတ် ဒုတိယပါမောက္ခချုပ်တွေအပါအဝင် CDM လုပ်တဲ့ ဆရာဆရာမတွေရှိတဲ့ ဌာနက တာဝန်ခံပါမောက္ခဌာနမှူး တွေကနေ အကြောင်းမဲ့ခွင့်မဲ့ပျက်ကွက်တာကို ကျောင်းအလိုက် ခုံရုံးဖွဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။

"ဌာနမှူးက ဖုန်းဆက်လာတယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ထားတယ် တနင်္လာနေ့ လာနိုင်မလားမေးတယ်၊ ကျွန်မကတော့ မလာနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် သူတို့က (၃)ကြိမ် (၃)ခါ ခေါ်ယူတယ် လို့ သိရတယ်။ အခုတော့ ဘယ်လိုလာမလဲ မသိဘူး" လို့ ဖေဖော်ဝါရီ (၅)ရက်ထဲက CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ကထိက တဦးကပြောပါတယ်။

ဥပဒေအရ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရသူတွေဟာ လစာရပိုင်ခွင့်ရှိပါတယ်။ ယာယီရပ်ဆိုင်းခံရတဲ့ ပထမ တစ်နှစ်မှာ လစာ (၂)ပုံမှာ (၁)ပုံရခွင့်ရှိသလို တစ်နှစ်ပြည့်ပြီးနောက်ပိုင်းကာလတွေမှာ (၈)ပုံမှာ (၃)ပုံရခွင့်ရှိတယ် လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေအထောက်အကူပြုစင်တာ၊ တည်ထောင်သူကျောင်းသား တဦးက ရှင်းပြပါတယ်။

CDM

ဓာတ်ပုံ ရင်းမြစ်, Getty Images

"အခုကာလအနေအထားအရ တာဝန်က ယာယီရပ်ဆိုင်းတာကို စုံခုံဖွဲ့စစ်ဆေးတာကလည်း တစ်နှစ်တောင် မဟုတ်ဘူး။ မေ (၁၁)ရက် အပြီးစစ်ရမယ်ဆိုတော့ ဒီ (၅)ရက်နဲ့ အပြီးစစ်ရမယ့်သဘောမှာ ရှိနေတယ်။ အဲ့တော့ ဥပဒေနဲ့မညီဘူး၊ လုပ်ချင်တာလုပ်နေကြတယ်" လို့ နောက်ဆုံးနှစ် ဥပဒေကျောင်းသား တဖြစ်လဲ သူက ဆက်ရှင်းပြပါသေးတယ်။

ရုံးတက်ဖို့ အကြောင်းမဲ့ပျက်ကွက်နေသူတွေကိစ္စဆိုပြီး အဆင့်မြင့်ပညာဦးစီးဌာနက မေ (၃)ရက် ထွက်ရှိတဲ့ ထုတ်ပြန်စာအရ လာမယ့် မေလ(၁၁)ရက်နောက်ဆုံးထားပြီး ဌာနဆိုင်ရာတွေကို စုံစမ်းစစ်ဆေးရမှာပါ။

မေလ (၁၂)ရက်မှာတော့ စာရင်းပြုစုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ လက်မှတ်ရေးထိုး ပြန်ဖွင့်ဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ မေလ (၅)ရက်နဲ့ (၆)ရက်တွေမှာ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေကအစ နည်းပြတွေအလယ် ရုံးဝန်ထမ်းတွေပါအပါ လူဦးရေထောင်ချီကို ယာယီတာဝန်ရပ်ဆိုင်းစာတွေထုတ်ပြန်လာတာ ကို ပညာရေးအသိုင်းအဝိုင်းမှာ "အောင်စာရင်းထွက်တယ်"လို့ ခေါ်ဝေါ်နေကြတာပါ။

ဒီလို အောင်စာရင်းထဲမှာပါဝင်လာသူ ပညာရေးဝန်ထမ်းတွေထဲက တချို့ကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ သိလာရမယ့်အဖြေကို စောင့်ဆိုင်းနေကြတာရှိသလို အဆုံးထိ အာဏာဖီဆန်ရေး CDM မှာ တောင့်ခံသွားမယ်လို့ ဆိုပါတယ်။

"အခုဟာက တနိုင်ငံလုံး တက္ကသိုလ်ပေါင်းစုံကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ၊ဆရာမတွေက အရမ်းများနေတော့ သူတို့ဘယ်လိုစဉ်းစား မလဲမသိဘူး။ နောက်တဆင့်အနေနဲ့က ရာထူးထုတ်ပယ်ခံရနိုင်သလို နာမည်ကြီးတဲ့သူတွေ ဆန္ဒပြပွဲဦးဆောင်ခဲ့သူတွေ၊ CDM လှုပ်ရှားဖို့ ဦးဆောင်သူတွေကို ၅၀၅-က ထုတ်လာမလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ"လို့ ကထိက ဆရာမတဦးက ဘီဘီစီကို ပြောပြပါတယ်။

CDM

ဓာတ်ပုံ ရင်းမြစ်, MPA

တဖန် တက္ကသိုလ်ကျောင်းသားတွေဘက်ကို ကြည့်ကြရအောင်ပါ။

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါ ပါတယ်။

"ရုံးမတက်နဲ့ ရုန်းထွက်"ဆိုတဲ့ CDM လှုပ်ရှားမှုပါဝင်ဖို့ ဆော်သြခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေက အခုလို တက္ကသိုလ်ကျောင်းပြန်ဖွင့်တာဟာ သူတို့ကိုယ်တိုင် CDM ပါဝင်ရမယ့်အချိန်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

လက်တွေ့မှာလည်း ကျောင်းတွေပြန်ဖွင့်လာတဲ့ မေလ (၅)ရက်မှာ ကျောင်းပြန်တက်သူ အင်မတန် နည်းပါးခဲ့ပါတယ်။

"နယ်က ကျောင်းသားတချို့ကတော့ ပြန်ရောက်နေကြတာတော့ရှိတယ်။ တချို့ တချို့သောသူတွေကတော့ ကျောင်းမတက်ဘူး။ ဆရာမတွေလည်း ထိုနည်းလည်းကောင်းပဲ၊ ကျောင်းကတော့ ပိတ်ထားသလိုပဲဗျ၊ အရမ်းမတက်ကြဘူး။ တက်နေတယ်လို့ကို မထင်ရဘူးပေါ့ဗျာ။ ဖွင့်လို့သာ ဖွင့်ကြောင်းသိရတာ၊ တကယ်တမ်းကျ အထဲထဲမှာ လူမရှိဘူး"လို့ ပြည်မြို့ဒေသခံတဦးက ကျောင်းဖွင့်စရက်မြင်ကွင်းကို ပြောပြပါတယ်။

ကျောင်းသားတွေမရှိတဲ့ ကျောင်းပရဝဏ်တွေထဲမှာတော့ ကျောင်းသားတွေအစား စစ်သားတွေသာ ရှိနေခဲ့တာပါ။

အကြီးဆုံးဝိဇ္ဇာ၊သိပ္ပံကျောင်းတခုဖြစ်တဲ့ ဒဂုံတက္ကသိုလ်မှာတော့ စာသင်ခန်းဝအထိ မိဘတွေကျောင်းလိုက်ပို့ပြီး ကျောင်းတက်တဲ့ ကျောင်းသားတွေရှိသလို စစ်ကား (၂)စီးနဲ့ စစ်သားတွေက တက္ကသိုလ်အနှံ့ လျှောက်ပတ် နေတယ်လို့ မေလ (၅)ရက် အခြေအနေကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး ဖေဖော်ဝါရီလကုန် မတ်လဆန်းလောက်ကစပြီး တနိုင်ငံလုံးက တက္ကသိုလ် တော်တော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေရာယူခဲ့ပြီး ကျောင်းပြန်ဖွင့်ချိန်မှာတော့ တချို့ကျောင်းတွေ ထဲမှာ တပ်စွဲထားဆဲပါ။

"ကျောင်းတက်တဲ့ ကျောင်းသားက တဦးမှ မရှိဘူး။ စစ်သားအင်အား ၂၀ ကျော်ဖြန့်ပြီး တပ်စွဲထားတယ်၊ Main Building မှာရှိတဲ့ လှေကားအတက်အဆင်းတွေမှာလည်း လက်နက်ကိုင်စစ်သားတွေ တပ်စွဲထားတာမျိုးရှိတယ်" လို့ ကျောင်းအနီးမှာရှိတဲ့ တပ်မ (၉၉)နဲ့ လေတပ်ကတပ်သားတွေ နေရာယူထားတဲ့အကြောင်းကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုင်ငံအနှံ့ တက္ကသိုလ်အသီးသီးက နောက်ဆုံးနှစ်နဲ့ မဟာတန်းကျောင်းသားအများစု ကျောင်းမတက်ကြဘဲ CDM လှုပ်ရှားမှု ပါဝင်လာကြပါတယ်။

တက္ကသိုလ်တွေ ပထမဆုံး ပြန်ဖွင့်တဲ့ရက် ရှားရှားပါးပါး ကျောင်းပြန်တက်သူတချို့

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, တက္ကသိုလ်တွေ ပထမဆုံး ပြန်ဖွင့်တဲ့ရက် ရှားရှားပါးပါး ကျောင်းပြန်တက်သူတချို့

တဖက်မှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ် (၁)ကျောင်းနဲ့ ဒီဂရီကောလိပ် (၂)ခုမှာတော့ ကျောင်းတက်သူများပြီး ကျောင်းမတက်သူနည်းပါတယ်။

စစ်ဘက်ဆိုင်ရာအသိုင်းအဝိုင်းက ကျောင်းတက်ရောက်သူတွေဖြစ်တာကြောင့် ကျောင်းတက်တဲ့ ဦးရေက ၈၈.၇၄ရာခိုင်နှုန်းရှိပြီး ကျောင်းမတက်သူဦးရေက ၁၁.၂၆ရာခိုင်နှုန်းရှိနေတာပါ။ ကျောင်းဆက်မတက်ရင် လျော်ကြေးပေးရမယ်ဆိုတဲ့ စာချုပ်ရှိတာအပြင် မိသားစုဝင်တွေရဲ့ဖိအားတွေကြောင့် အခက်အခဲကြုံတွေ့နေရ တယ်လို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ နောက်ဆုံးနှစ်ကျောင်းသူတဦးက ဆိုပါတယ်။

ပုံမှန်အားဖြင့် ပညာသင်နှစ်တဝက်မှာ လေးလတက်ရပေမယ့် အခုအခါမှာတော့ (၂)လတက်ရုံနဲ့ ဘွဲ့ပေးမယ်ဆိုပြီး ဘွဲ့နဲ့ ကိုင်ပေါက်တာကြောင့် ကျောင်းတက်ရသူအများကြီးရှိတယ်လို့ အဲ့ဒီကျောင်းသူက ဆက်ပြောပါသေးတယ်။

"NUG ပညာရေးဝန်ကြီးဌာနကပြောထားတာကျ သူတို့ ကုစားပညာရေးကို ဆောင်ရွက်ပေးမယ်လို့ ပြောကြားထားတယ်။ ကုစားပညာရေးကို ဆောင်ရွက်ပြီးတဲ့အခါ ညီမတို့ကျောင်း UDNR ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးစေချင်တယ်၊ ကျောင်းမတက်တဲ့သူအရမ်းနည်းတာကြောင့် လူတွေထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်"လို့ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်က တက္ကသိုလ်နောက်ဆုံးနှစ် တက်နေရသူတဦးရဲ့ ရင်တွင်းစကားဖြစ်ပါတယ်။

ကျောင်းမတက်သူဦးရေများတဲ့ အနောက်ပိုင်းနည်းပညာတက္ကသိုလ် (WYTU) မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)နဲ့ ကျောင်းပေါင်းသင်ဖို့ စီစဉ်နေကြတယ်လို့ WYTU ကျောင်းသားသမဂ္ဂ အမှုဆောင်ကနေသိရပါတယ်။

ဒါ့အပြင် ကျောင်း (၆)ရက်တက်ပြီးတာနဲ့ ဘွဲ့ကျမ်းတင်ပြီး ဘွဲ့ပေးဖို့လည်း စီစဉ်နေပြန်တယ်လို့ ဆိုပါတယ်။

ဒဂုံတက္ကသိုလ်မှာဆိုရင်လည်း ၂၀၂၀ခုနှစ်၊ မတ်လမှာ ဖြေဆိုဖို့ကျန်သေးတဲ့ (၂)ဘာသာကို ပြန်လည်ဖြေဆိုဖို့ မလိုဘဲ မေလ (၅)ရက်ကနေ ဇွန် (၁၉)အထိ ကျောင်းတက်ရမှာဖြစ်ပြီး ဇွန် (၂၂)ရက်မှာ စာမေးပွဲဖြေဆိုရမှာဖြစ်ကြောင်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။

တက္ကသိုလ်ဆရာ၊ဆရာမတွေကို ရာချီ၊ထောင်ချီ ယာယီတာဝန်ရပ်ဆိုင်းနေရင်း တဖက်က ကျောင်းပြန်ဖွင့်နေတာဟာ ပညာရေးဘယ်လိုဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ ဘီဘီစီရဲ့ မေးခွန်းကို ကထိကတဦးက အခုလို ပြောပါတယ်။

CDM

ဓာတ်ပုံ ရင်းမြစ်, MPA

"၃၉ ရက်ပဲ စာသင်ဖို့ရှိတယ်၊ ၃၉ရက်ထဲနဲ့ Second Semester ကို သင်ဖို့က ဘယ်လိုမှအဆင်မပြေဘူး။ စာမေးပွဲမှာ မေးမယ့်မေးခွန်း၊ အရေးကြီးတာလောက်ပဲ သူကသင်နိုင်မှာပေါ့။ အဲ့အတွက်တော့ ဘယ်လိုမှထိရောက်မှုမရှိဘူး လို့ ထင်ပါတယ်။ စာမေးပွဲကို အောင်ရင် အောင်သွားမယ်၊ ကျောင်းသားက ဘာမှသိလာတတ်လာမှာ မဟုတ်ဘူး။ ဒါက အရည်အတွက်ပဲရမယ်၊ အရည်အချင်းတော့ မရတော့ဘူး။"

အခုလို အဆင့်မြင့်ပညာကျောင်းတွေ အလောတကြီး ပြန်ဖွင့်တာဟာ အာဏာသိမ်းစစ်ကောင်စီဘက်ကနေ ပုံမှန်အတိုင်း လည်ပတ်နိုင်တာကို ပြသဖို့အတွက်ပဲ ရည်ရွယ်နေပြီး ကပ်ရောဂါကာလကြိုတင်ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီးလည်း ပညာရေးအသိုင်းအဝိုင်းမှာ ဝေဖန်မှုမြင့်တက်နေတာပါ။

စစ်ကောင်စီဘက်ကတော့ ပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေသာမက GTI၊ GTC နဲ့ဆရာအတတ်သင်ကျောင်းတွေက တတိယနှစ်တွေကိုပါ တပတ် (၆)ရက်နဲ့ ကျောင်းဖွင့်နေတာပါ။

ဒါ့အပြင် ၂၀၂၀ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေကိုလည်း လျှောက်လွှာတင်ဖို့ လုပ်နေကြပါသေးတယ်။

"ပါရဂူတန်းနဲ့ မဟာတန်းတွေကို ရုတ်ချည်းဘွဲ့ပေးလိုက်ပြီးတော့ နောက်တတန်းဖွင့်လို့ရတဲ့အတွက် ငွေအဝင်အထွက်ရှိမယ်၊ နောက်ဆုံးနှစ်တွေကလည်း ဘွဲ့တင်ရတဲ့ စရိတ်စကနဲ့ အငယ်တန်းတွေကို တနှစ်တတန်း တင်ပေးလိုက်တဲ့အခါ ငွေကြေးစီးဆင်းမှုရှိမယ်။ သူတို့အနေနဲ့ အဆင်ပြေသလို တက္ကသိုလ်ကို ဖွင့်လိုက်၊ လူတွေကို ရှင်းထုတ်လိုက် နောက်ထပ်အသစ်တတန်းထပ်ခေါ်မယ်ပေါ့။ အခု တက္ကသိုလ်ဝင်တန်းအောင်ကလေးတွေကို ခေါ်တဲ့အတွက် ငွေကြေးစီးဆင်းမှုရှိမယ်" တက္ကသိုလ်ပြန်ဖွင့်တာဟာ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တဦးက ထောက်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ အစိုးရဌာနတွေထဲကမှ အင်အားကောင်းကောင်းနဲ့ ပါဝင်နေတဲ့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာနဘက်မှာတော့ တာဝန်ယာယီရပ်ဆိုင်းမှုတွေ စစ်ကောင်စီဘက်က လုပ်နေသလို ကျောင်းသားတွေရဲ့ ကျောင်းမတက်ရေး CDM လှုပ်ရှားမှုလည်း အားကောင်းနေပါတယ်။ ဆက်ပြီး ယာယီတာဝန်ရပ်ဆိုင်းထားတဲ့ ပညာရေးဝန်ထမ်းထောင်ချီနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘယ်လိုလှုပ်ရှားလာမလဲ၊ CDM ပါဝင်သူ ပညာရေးလုပ်သားတွေကရော ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာကို ဆက်စောင့်ကြည့်ရဦးမှာပါ။