မြန်မာ သတင်းထောက် ၃ ဦးဖမ်းခံရပြီး ထိုင်းကိုထွက်ပြေးလာသူတွေ စိုးရိမ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းအစိုးရက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ သတင်းထောက် ၃ ဦး ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးလိုက်တဲ့နောက်မှာတော့ မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူတွေဟာ ထိုင်းအစိုးရရဲ့ ဖမ်းဆီးခံရမယ့် အရေးကို အထူးစိုးရိမ်မကင်းဖြစ်နေကြတယ်လို့ ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သူတို့လို မြန်မာနိုင်ငံထဲကနေ စစ်ကောင်စီတရားစွဲဖမ်းဆီးမှာကို ကြောက်လို့ ထိုင်းနိုင်ငံကို ထွက်ပြေးလာသူတွေ ရာနဲ့ချီပြီးရှိနေတယ်လို့လည်း သူကပြောပါတယ်။
ထိုင်းမှာအဖမ်းခံရသူအချို့ဟာ မြန်မာနိုင်ငံအတွင်းမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ ပြည်တွင်း အခြေစိုက်သတင်းထောက်တွေပါဝင်တယ်လို့ ရန်ကုန်က သတင်းထောက်တစ်ဦးကပြောပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သတင်းထောက် ၃ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ ချင်းမိုင်မြို့က တရားရုံးတစ်ရုံးမှာ မေလ ၁၀ ရက်နေ့က တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မေလ ၉ ရက် တနင်္ဂနွေနေ့တုန်းက ထိုင်းအာဏာပိုင်တွေ ပြုလုပ်တဲ့ ရှာဖွေမှုတစ်ခုအတွင်းမှာ သူတို့တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ သူတို့အတွက် လူသားချင်းစာနာမှုရှုထောင့်ကနေ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ညှိနှိုင်းအဖြေရှာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ နိုင်ငံတော် အကြည်ညိုပျက်မှု ၅၀၅-က နဲ့ တရားစွဲခံရတာကြောင့် ထွက်ပြေးလာသူတစ်ဦးကတော့ တရားဝင် လာရောက်ဖို့ အခက်အခဲရှိတာကြောင့် သူတို့ဟာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်အောက်လမ်းကနေ ဝင်ရောက်ခဲ့ရတာဖြစ်တယ်လို့ လည်း ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရသူတွေဟာ တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရဖို့လည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DVB
ဒီဗီဘီ သတင်းဌာနကတော့ ဒီသတင်းထောက်တွေဟာ မတ်လ ၈ ရက်မှာ စစ်ကောင်စီက ဌာနရဲ့ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ကို ပြန်မရုပ်သိမ်းခင်အထိ ဆန္ဒပြသတင်းတွေကို သတင်းရယူဖော်ပြခဲ့ကြသူတွေဖြစ်လို့ သူတို့ကို မြန်မာပြည်ထဲကို ပြန်ပို့မယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက် မြန်မာပြည်ထဲ ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို အလေးအနက်တိုက်တွန်းထားပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့လည်း သတင်းထောက်တွေ ဘေးကင်းရေးအတွက် ကူညီဆောင်ရွက်ပေးဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီသတင်းထောက်တွေ နေရပ်ပြန်ပို့မခံရရေး ထိုင်းအာဏာပိုင်တွေကို ကူညီတောင်းဆိုဖို့ ဌာနဘက်က တောင်းဆိုထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံက လိုင်စင်ရုပ်သိမ်းခံရတဲ့ သတင်းဌာန တချို့က သတင်းထောက်တွေလည်း ထိုင်းနိုင်ငံကို ရောက်နေကြတာရှိပြီး တချို့သတင်းဌာနတွေဟာ မြန်မာ-ထိုင်းနယ်စပ်ကို အခြေစိုက်ပြီး မြန်မာနိုင်ငံ သတင်းတွေကို တင်ဆက်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာသိမ်းအပြီး ထိုင်းနိုင်ငံထဲ ရောက်လာသူတွေထဲမှာ အစိုးရကို လူမှုကွန်ရက်မှာ ဆန့်ကျင်ရေးသားလို့ ၅၀၅- က နဲ့ အမှုဖွင့်ခံရသူတွေပါသလို နေအိမ်တွေကို စစ်ကောင်စီတပ်တွေ လာပြီးရှာဖွေတာကြောင့် ထွက်ပြေးလာရခဲ့သူတွေလည်း ပါတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို ရောက်ဖို့ အတွက် နယ်စပ်လက်နက်ကိုင်တွေနဲ့ ချိတ်ဆက်ခဲ့ရသလို ဘန်ကောက်အထိ တစ်ဦးကို ဘတ်နှစ်သောင်းတစ်ထောင် ပေးခဲ့ရတယ်လို့လည်း သူတို့က ပြောပါတယ်။
သူတို့ဟာ မြဝတီကနေ တစ်ဖက်ကမ်းကို မြစ်ကို ဖြတ်ကူးပြီးဝင်လာခဲ့တာဖြစ်ပြီး မဲဆောက် အကျော်မှာ ထိုင်း ရဲတွေ လိုက်လို့ တောထဲမှာ ၅ နာရီကျော်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဘန်ကောတ်အရောက် ကား ၅ စီးထက် မနည်းပြောင်းစီးခဲ့ရပြီး ဘန်ကောတ်မှာတော့ သူတို့ဟာ တတိယနိုင်ငံ ကူးပြောင်းဖို့ စောင့်နေကြတယ်လို့လည်း ပြောပါတယ်။
သူတို့နဲ့ အတူ မြန်မာနိုင်ငံသား ၂၀ ကျော်လည်း နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
တရားမဝင် ဝင်ရောက်ရတာဟာ မြန်မာနိုင်ငံကူးလက်မှက်ရုံးက ပိတ်ထားပြီး နိုင်ငံကူးလက်မှက် သက်တမ်းတိုးလိုမရလို့ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
တချို့ကတော့ မြန်မာ ထိုင်းနယ်စပ်မှာ ပိတ်မိနေဆဲဖြစ်ပြီးတော့ သူတို့ဟာ တရားမဝင် အခြေအနေနဲ့ရောက်နေတာဖြစ်လို့ အခုလို သတင်းသမားတွေကို ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့လည်း သူတို့က စိုးရိမ်နေတယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသား တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၃ လ အတွင်း သတင်းသမား၈၀ ကျော် တရားစွဲခံထားရပြီး တစ်ဝက်ကျော်က ဖမ်းဆီးထိန်းသိမ်းခံထားရသလို သတင်းဌာန ၇ ခုခန့်လည်း လိုင်စင်တွေပိတ်သိမ်းခံခဲ့ရပါတယ်၊ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းမီဒီယာတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီ လုပ်မယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကပ်ရောဂါရဲ့ လူမှုစီးပွား အကျပ်အတည်းကလည်း မီဒီယာတွေ ဘဏ္ဍာရေး အခက်အခဲကြောင့် သတင်းစာတွေ ရပ်ဆိုင်းခဲ့ရသလို သတင်းထောက်တွေ အများအပြား အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
ပြည်တွင်းမှာ အခက်အခဲတွေ အများကြီးရှိနေတဲ့ကြားမှာမှ လက်ရှိအခြေအနေအရ သတင်းထောက်တွေရဲ့ လုံခြုံရေးက အဓိကစိန်ခေါ်မှုဖြစ်လာလို့ ထိုင်းဘက်ကို ထွက်ပြေးကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းကနေတစ်ဆင့် တတိယနိုင်ငံတွေကို သွားဖို့ ပြင်နေသူတွေလည်း ဒီသတင်းကြောင့်စိုးရိမ်မှုတွေရှိနေကြပါတယ်။
ကိုယ့်အိမ်မှာလည်း စိတ်ချလက်ချ မအိပ်ရဲကြဘူး၊ လာရှာတယ်၊ လာမေးနေလို့ နယ်စပ်ကို ထွက်လာခဲ့ပြီး ထိုင်းဘက်ကို ရောက်လာခဲ့တာလို့ လိုင်စင်ပိတ်ခံရတဲ့ သတင်းဌာနက သတင်းထောက်တစ်ဦးက ပြောပါတယ်။








